ဝန္ဒနာပဏာမ အာသီသ ဘုရားရှိခိုး

ယော ကပ္ပကောဋီဟိပိ အပ္ပမေယျံ၊
ကာလံ ကရောန္တော အတိဒုက္ကရာနိ၊
ခေဒံ ဂတော လောကဟိတာယ နာထော၊
နမော မဟာကရုဏိကဿ တဿ။

အနက် –

• ယောနာထော – ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား၊ အကြင်ရှင်တော်မြတ်ဘုရားသည်၊
• ကပ္ပကောဋီဟိပိ – ကုဋေကမ္ဘာ အရေအတွက် သင်္ချာတို့ဖြင့်သော်လည်း၊
• အပ္ပမေယျံ – ရေတွက်တိုင်းတာ ဖော်ပြခြင်းငှာ မစွမ်းနိုင်ပါသော၊
• ကာလံ – လေးသင်္ချေ သိန်းနေကမ္ဘာ ရှည်ကြာသော ကာလပတ်လုံး၊
• လောကဟိတာယ – သတ္တလောက၏ အကျိုးစီးပွား အလို့ငှာ၊
• အတိဒုက္ကရာနိ – ဥစ္စာ၊ အသက်၊ ခြေ၊ လက်၊ အင်္ဂါ မေတ္တာကြီးမား သမီး၊ သားနှင့် သက်ထားဇနီး စွန့်ခြင်းကြီးဟု ကြက်သီးထဖွယ် ငါးသွယ်အစု အလွန်ခဲယဥ်းသော အမှုတို့ကို၊
• ကရောန္တော – ဘုရားဖြစ်ရန် ရည်သန်ကြိုးကုတ် အားထုတ်တော် မူရသည်ဖြစ်၍၊
• ခေဒံ – လက်၊ ခြေ၊ မျက်လုံး အသက်ဆုံးလျက် နှလုံးစိတ်ဝမ်း ကိုယ်တော်၏ ပင်ပန်းခြင်းသို့၊
• ဂတော – ဘဝတန်တန် ကြိမ်ဖန်များစွာ ရောက်တော်မူခဲ့ ရရှာလေပြီ၊
• မဟာကရုဏိကဿ – သတ္တဝါများ ရင်ဝယ်သားကဲ့သို့ သနားချစ်ခင် မဟာကရုဏာအရှင် ဖြစ်တော်မူသော၊
• တဿနာထဿ – ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခဖြင့် နာထမည်ငြား ထိုရှင်တော်မြတ်ဘုရားအား၊
• နမော – ရိုသေပျောင်းပျော့ မာန်ကိုလျှော့၍ ကန်တော့ရိုကျိုး ရှိခိုးခြင်းသည်၊
• အတ္ထု ဘဝတု – စင်စစ်မသွေ ဖြစ်ပါစေသတည်း။