စေတသိက် – စိတ်၌မှီတွယ်သော သဘောတရား
စိတ်မှာ မှီ၍ စိတ်အမျိုးမျိုး အဖုံဖုံဖြစ်အောင် ချယ်လှယ်တတ်သော သဘောများကို စေတသိက်ဟု ခေါ်ပါသည်။ စေတသိက်၏ သဘောလက္ခဏာမှာ “ဖြစ်တူ,ချုပ်တူ၊ အာရုံတူ၊ စိတ်နှင့်မှီရာတူ” လို့ တူမှုလေးမျိုးနှင့် ပြည့်စုံမှု ရှိပါသည်။
စိတ်တစ်ခု ဖြစ်သောအခါ ယှဥ်ဖက် စေတသိက်များသည် တပြိုင်နက် လိုက်ဖြစ်ကြပါသည်။ စိတ်က ခေါင်းဆောင်ရှေ့သွား ဖြစ်သောကြောင့် စိတ်ဖြစ်တယ်၊ စိတ်နှင့် လုပ်သည်ဟု ပြောဆိုကြတာ ဖြစ်ပါသည်။
- မနောပုဗ္ဗင်္ဂမာ ဓမ္မာ – သဘောတရားတိုင်း၌ စိတ်သာလျှင် ရှေ့သွားရှိ၏။
- မနောသေဋ္ဌာ – သဘောတရားတိုင်း၌ စိတ်သာလျှင် အကြီးအမှူးဖြစ်၏။
- မနောမယာ – အရာအားလုံးသည် စိတ်ကြောင့် ပြီးစီးကုန်၏။
စိတ်သည် တစ်ခုတည်း ဖြစ်သော်လည်း စေတသိက် (၇)ပါးမှ (၃၈)ပါးထိ ထိုက်သလို လိုက်ယှဥ်လေ့ ရှိကြပါသည်။
ဥပမာ – ဂင်္ဂါမြစ်ရေ၊ ယမုံနာမြစ်ရေ၊ အစိရဝတီမြစ်ရေ၊ ဧရာဝတီမြစ်ရေ စသည် အမျိုးမျိုးဖြစ်ကြသော်လည်း ရေက တစ်ရေတည်းသာ ဖြစ်သကဲ့သို့ မှတ်ယူရသည်။
စေတသိက် (၅၂) ပါး
- သဗ္ဗစိတ္တသာဓါရဏ (၇)ပါး
- ပကိဏ်း (၆)ပါး
- အကုသိုလ် (၁၄)ပါး
- သောဘန (၂၅)ပါး
စုစုပေါင်း စေတသိက် (၅၂)ပါး ရှိသည်။
၁။သဗ္ဗစိတ္တသာဓါရဏ စေတသိက် (၇)ပါး
စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက်၊ ဆားဥပမာ
- ဖဿ – အာရုံကို တွေ့ထိမှုသဘော (မင်းကျွမ်းဝင်သူ ဥပမာ)
- ဝေဒနာ – အာရုံအရသာကို ခံစားမှု သဘော (ရှင်ဘုရင် ပွဲတော်တည်)
- သညာ – အာရုံကို မှတ်သားမှု သဘော (ကလေးသိ ဥပမာ)
- စေတနာ – ယှဥ်ဖက်တရားတို့ကို စေ့ဆော်မှုသဘော (ဗိုလ်ချုပ် ဥပမာ)
- သမာဓိ-ဧကဂ္ဂတာ – တည်ကြည် ငြိမ်သက်မှု သဘော (လေငြိမ်ရာက မီးတိုင်)
- ဇီဝိတိန္ဒြေ – ယှဥ်ဖက်တရားတို့၏ အသက်ရှင်ကြောင်း (ကူးတို့သမား ဥပမာ)
- မနသိကာရ – စိတ်မှာ အာရုံကို ထားမှုသဘော (မြင်းမောင်းသမား)
၂။ ပကိဏ်း စေတသိက် (၆)ပါး
ကောင်း+မကောင်း ရောပြွမ်းယှဥ်သော စေတသိက်
- ဝိတက် – အာရုံသို့ ရောက်အောင် ကြံစည်ခြင်းသဘော (မင်းကျွမ်းဝင်သူ ဥပမာ)
- ဝိစာရ – အာရုံကို အဖန်ဖန် သုံးသပ်ခြင်း သဘော (ခေါင်းလောင်း၊ငှက်၊ ပိတုန်း)
- အဓိမောက္ခ – အာရုံကို ဆုံးဖြတ်ခြင်း သဘော (ကျောက်တိုင် ဥပမာ)
- ဝီရိယ – အာရုံကို ပြုလုပ်အားထုတ်မှု (ထောက်ကျားတိုင် ဥပမာ)
- ပီတိ – အာရုံကို နှစ်သက် သဘောကျမှု (ရေတွေ့သူ ခရီးသွား ဥပမာ)
- ဆန္ဒ – အာရုံကို ပြုလိုမှု၊ ရယူလိုမှု သဘော (လက်ဆန့်တန်းခြင်း ဥပမာ)
၃။ အကုသိုလ် စေတသိက် (၁၄)ပါး လင်္ကာ
မသိတတ်ဘိ-မောဟသိလော့၊ အဟိရိက-မရှက်စွတည့်၊ အနောတ္တပ္ပမူ-မလန့်ဟူ၏၊ မှတ်ယူပျံ့လျက်-မငြိမ်သက်ထ-ဥဒ္ဓစ္စနှင့်၊ လောဘသဘော-လိုချင်ဟော၍၊ မှားသောအမြင်-ဒိဋ္ဌိတွင်သား၊ မာနကားမူ-ထောင်လွှားကြွတက်၊ ဒေါသတွက်ကြောင့်-ခက်ခက်ထက်ထက်၊ ဣဿာလျှံမူ-လွန်ငြူစူ၏၊ ပြောထူ, မစ္ဆေ-ဝန်တိုလေသတဲ့။
တစ်ထွေမှတ်ကြ၊ ကုက္ကုစ္စကား-နောင်တစ်ဖန်၊ ပူပန်ထန်ပြင်း၊ ထိုင်းခြင်း-ထိန၊ မှိုင်း-မိဒ္ဓနှင့်၊ ဗုဒ္ဓစသည် ယုံမှားဘိမူ-ဝိစိကိစ္စာ-၊ ဆယ့်လေးဖြာသည်၊ မှန်စွာ အကုသိုလ်ချည်းတည်း။
၄။ သောဘန စေတသိက် (၂၅)ပါး
တင့်တယ် ကောင်းမြတ်သော စေတသိက်
- သဒ္ဓါ – ယုံကြည်မှု
- သတိ – ကောင်းမှုတို့၌ အောက်မေ့မှု
- ဟိရီ – မကောင်းမှု၌ ရှက်မှု
- သြတ္တပ္ပ – မကောင်းမှု၌ လန့်မှု
- အလောဘ – မလိုချင်မှု
- အဒေါသ – မေတ္တာထားမှု
- တတြမဇ္ဈတ္တတာ – လျစ်လျူရှုမှု
- ကာယပဿဒ္ဓိ – ကိုယ်ငြိမ်းအေးမှု
- စိတ္တလဟုတာ – စိတ်ပေါ့ပါးမှု
- ကာယမုဒုတာ – ကိုယ်နူးညံ့မှု
- စိတ္တမုဒုတာ – စိတ်နူးညံ့မှု
- ကာယကမ္မညတာ – ကိုယ်ခန့်ကျန်းမှု
- စိတ္တကမ္မညတာ – စိတ်ခန့်ကျန်းမှု
စသည်တို့အားဖြင့် (၁၉) ပါးရှိသည်။
- ဝိရတီစေတသိက် – ကိုယ်နှုတ်တို့ဖြင့် ရှောင်ခြင်း (၃) ပါး
- ပညာ – ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း (၁) ပါး
- မုဒိတာ – ဝမ်းသာမှု၊ ကရုဏာ – သနားမှု (၂) ပါး
အားလုံးပေါင်းသော် သောဘနစေတသိက် (၅၂)ပါး ဖြစ်သည်။