သဋ္ဌိကူဋပေတဝတ္ထု(ပစ္စေကဗုဒ္ဓါ၏ ဦးခေါင်းကို ခွဲသူ)

သဋ္ဌိကူဋပေတဝတ္ထု(ပစ္စေကဗုဒ္ဓါ၏ ဦးခေါင်းကို ခွဲသူ)

လူဖြစ်စဉ်အခါက သုနေတ္တပစ္စေကဗုဒ္ဓါ၏ ဦးခေါင်းကို ကျောက်စရစ်ဖြင့် ပစ်ခတ်ပေါက်ခွဲ ခဲ့ဖူးသောကြောင့် သေသောအခါ ကြောက်လန့်ပြေးသွား သံတူခြောက်သောင်းတို့သည် ဦးခေါင်းကို အစဉ်ရိုက်ခွဲကြသဖြင့် ဆင်းရဲကြီးစွာ ခံနေရသော ပြိတ္တာဖြစ်ရပုံဝတ္တု။

ယောက်ျား အဘယ်အကြောင်းကြောင့် သင်သည် ရူးသောသူကဲ့သို့လည်းကောင်း၊ ကြောက်လန့်သဖြင့် တုန်လှုပ်သော သားသမင်ကဲ့သို့လည်းကောင်း ထိုမှဤမှ ပြေးသွားသနည်း၊ ယောက်ျား သင်သည် ယုံမှားမရှိလောက်အောင်ပင် ယုတ်ညံ့သော အသက်မွေးမှု ရှိလျက် အဘယ်အကြောင်းကြောင့် မြည်တမ်းနေဘိသနည်းဟု (အသျှင်မဟာမောဂ္ဂလ္လာန်က မေး၏)။

အရှင်ဘုရား အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော မကောင်းသော လားရာ ‘ဒုဂ္ဂတိ’ဘုံသို့ လားရောက်ရသော ပြိတ္တာ ဖြစ်ပါ၏၊ အရှင်ဘုရား အကျွန်ုပ်သည် မကောင်းမှုကံကို ပြုခဲ့မိခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်ရပါ၏။

အရှင်ဘုရား အယုတ်အလွန်မရှိမူ၍ ခြောက်သောင်းတိတိပြည့်သော သံတူတို့သည် အကျွန်ုပ်၏ဦးခေါင်း၌ အချင်းခပ်သိမ်း ကျပါကုန်၏၊ ထိုခြောက်သောင်းကုန်သော သံတူ တို့သည် အကျွန်ုပ်၏ဦးခေါင်းကို ခွဲလည်း ခွဲကြပါကုန်၏ဟု (ပြိတ္တာက လျှောက်၏)။

ယောက်ျား သင်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကံကို ပြုခဲ့ပါသနည်း၊ အဘယ်မကောင်းမှုကံ၏ အကျိုး ကြောင့် ဤဆင်းရဲကို ခံရဘိသနည်း။

အယုတ်အလွန် မရှိမူ၍ ခြောက်သောင်းတိတိပြည့်သော သံတူတို့သည် သင်၏ ဦးခေါင်း၌အချင်းခပ်သိမ်း အဘယ်ကြောင့် ကျကုန်သနည်း၊ ထိုခြောက်သောင်းသော သံတူ တို့သည် သင့်ဦးခေါင်းကို အဘယ့်ကြောင့် ခွဲလည်း ခွဲကြကုန်သနည်းဟု (အသျှင်မဟာ မောဂ္ဂလ္လာန် က ထပ်မေး၏)။

အရှင်ဘုရား အကျွန်ုပ်သည် သစ်ပင်ရင်း၌ ထိုင်နေတော်မူသော အရိယာမဂ်ဖြင့် ပွါးစေအပ်ပြီးသည့်ဣန္ဒြေရှိသော အရဟတ္တဖိုလ်ဈာန်လည်းရှိသော ကိလေသာကြောင့်ဖြစ်သည့် ဘေးလည်း မရှိသော သုနေတ္တအမည်ရှိသော ပစ္စေကဗုဒ္ဓါကို မြင်ခဲ့ပါ၏။

(ထိုအခါ) ထိုပစ္စေကဗုဒ္ဓါ၏ ဦးခေါင်းကို ကျောက်စရစ်တို့ဖြင့် ပစ်ခတ်သောအားဖြင့် ခွဲခဲ့ဖူးပါ၏၊ အရှင်ဘုရား ထိုကံ၏ အကျိုးကြောင့် ဤသို့သော ဆင်းရဲကို ခံရပါ၏။

အယုတ်အလွန် မရှိမူ၍ ခြောက်သောင်းတိတိပြည့်သော သံတူတို့သည် အကျွန်ုပ်၏ ဦးခေါင်း၌အချင်းခပ်သိမ်း ကျပါကုန်၏၊ ထိုခြောက်သောင်းသော သံတူတို့သည် အကျွန်ုပ်၏ ဦးခေါင်းကို ခွဲလည်းခွဲကြပါကုန်၏ဟု (ပြိတ္တာက ထပ်လျှောက်၏)။

ယုတ်မာသော ယောက်ျား သင်ပြုသော အကြောင်းအားလျော်စွာ အယုတ်အလွန် မရှိမူ၍ ထိုခြောက်သောင်းတိတိပြည့်သော သံတူတို့သည် သင့်ဦးခေါင်း၌ အချင်းခပ်သိမ်း ကျ ကုန်၏၊ ထိုခြောက်သောင်းသော သံတူတို့သည် သင့်ဦးခေါင်းကို ခွဲလည်း ခွဲကြကုန်၏။