အမ္ဗဝနပေတဝတ္ထု(အမျှရသော ပြိတ္တာ)

အမ္ဗဝနပေတဝတ္ထု(အမျှရသော ပြိတ္တာ)

လူ့ဘဝ၌ ကျန်ရစ်သူသမီးက သရက်သီးမှည့် ရေချမ်းနှင့် ယာဂုကို ပေးလှူ၍ အမျှဝေ သောကြောင့် ရေကန် သရက်ဥယျာဉ်တို့ဖြင့် ချမ်းသာခွင့်ရသော ပြိတ္တာ။

သင်၏ ဤရေကန်သည် အလွန်နှလုံးမွေ့လျော်ဖွယ်ရှိ၍ ညီညွတ်သော အပြင်လည်း ရှိပေ၏၊ ကောင်းသော ဆိပ်ကမ်းလည်း ရှိ၏၊ များသော ရေလည်း ရှိ၏၊ ကောင်းစွာ ပွင့်သော ပန်းလည်း ရှိ၏၊ ပျားပိတုန်းအပေါင်းတို့ဖြင့် ပြွမ်း၏၊ သင်သည် နှစ်သက်ဖွယ်သော ဤရေကန်ကို အဘယ်အကြောင်းကြောင့် ရအပ်သနည်း။

နတ်သား သင်၏ ဤသရက်ဥယျာဉ်သည် အလွန်နှလုံးမွေ့လျော်ဖွယ် ရှိ၏၊ ဥတု သုံးပါးလုံး ချမ်းသာကို ရွက်ဆောင်လျက် အသီးတို့ကို ဆောင်၏၊ အခါခပ်သိမ်း ပွင့်၏၊ ပျား ပိတုန်းအပေါင်းတို့ဖြင့် ပြွမ်း၏၊ ဤဗိမာန်ကို သင်သည် အဘယ်အကြောင်းကြောင့် ရအပ်သနည်း (ဟု ကုန်သည်များကမေး၏)။

ကုန်သည်တို့ အကျွန်ုပ်၏ သမီးသည် အကျွန်ုပ်ကို ရည်၍ သရက်သီးမှည့်ကို လည်းကောင်း၊ ရေကိုလည်းကောင်း၊ ယာဂုကိုလည်းကောင်း ပေးလှူ၏၊ သမီး၏ ထိုပေးလှူသော အလှူကြောင့် ဤသရက်ဥယျာဉ်၌ သရက်သီးမှည့်ကိုလည်းကောင်း၊ ဤရေကန်၌ ရေကိုလည်းကောင်း ဤဗိမာန် ပဒေသာပင် စသည်တို့၌ နှလုံးမွေ့လျော်ဖွယ်ရှိ၍ ချမ်းအေးသော အရိပ်ကို အကျွန်ုပ် ရပါ၏ဟု (ပြိတ္တာက ပြောဆို၏)။

အလှူပေးခြင်း၏လည်းကောင်း၊ ဣန္ဒြေကို ဆုံးမခြင်း၏လည်းကောင်း၊ သီလစောင့်ထိန်းခြင်း၏လည်းကောင်း အကျိုးကို (ကုသိုလ်ကံသည် ဤသို့ပင် မျက်မှောက်ဘဝ၌ ခံစားအပ်သော အကျိုးရှိ၏ဟု) ကြည့်ရှုကြကုန်လော့၊ အကျွန်ုပ်သည် ရှေးက အရှင်သခင်တို့ အိမ်၌ ကျွန်မဖြစ်ပြီး၍ ယခုအခါ အိမ်ကို အစိုးရသော ချွေးမ ဖြစ်ပါ၏ဟု (ပြိတ္တာ၏ သမီးက ရွတ်ဆို၏)။