ဂူထခါဒကပေတဝတ္ထု(ရဟန်းကောင်းတို့ကို ဆဲရေးမိသူ)

ဂူထခါဒကပေတဝတ္ထု(ရဟန်းကောင်းတို့ကို ဆဲရေးမိသူ)

ရှေးဘဝလူဖြစ်စဉ် ကျောင်းဒကာဘဝ၌ မစ္ဆရိယအားကြီးသော ကျောင်းထိုင်ရဟန်း၏ စကားကို နားယောင်၍ ရဟန်းကောင်းတို့ကို ဆဲရေးမိသောကြောင့် သေသောအခါ ဆရာ ရဟန်းကအောက် ကျောင်းဒကာကအထက် မစင်တွင်း၌ ပြိတ္တာဖြစ်ရ၍ အထက်အောက် မစင် အဆင့်ဆင့် စားနေရသော ပြိတ္တာစုံတွဲ

(ယောက်ျား) ကျင်ကြီးတွင်းမှ တက်၍ အထီးကျန် ဆင်းရဲသူဖြစ်လျက် ရပ်တည်နေသော သင်သည် အဘယ်သူ ဖြစ်သနည်း၊ သင်သည် ယုံမှားမရှိလောက်အောင်ပင် ယုတ်ညံ့သော အသက်မွေးမှုရှိလျက် အဘယ်ကြောင့် မြည်တမ်းဘိသနည်းဟု (အသျှင်မဟာမောဂ္ဂလ္လာန်က မေး၏)။

အရှင်ဘုရား အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော မကောင်းသော လားရောက်ရာ ‘ဒုဂ္ဂတိဘုံ’သို့ ရောက်နေရသော ပြိတ္တာ ဖြစ်ပါ၏၊ အကျွန်ုပ်သည် မကောင်းမှုကို ပြုမိခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်ရပါ၏ဟု (ပြိတ္တာက လျှောက်၏)။

(ယောက်ျား) သင်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကို ပြုခဲ့ပါသနည်း၊ အဘယ်မကောင်းမှုကံ၏ အကျိုးအားဖြင့် ဤဆင်းရဲသို့ရောက်ရပါသနည်းဟု (အသျှင်မဟာမောဂ္ဂလ္လာန်က မေး၏)။

အရှင်ဘုရား အကျွန်ုပ်၏ ကျောင်း၌ နေသော (ကျောင်းထိုင်) ရဟန်းသည် ငြူစူ တတ်သူ, ဒါယကာ၌ ဝန်တိုတတ်သူ, သူတစ်ပါးပေးလှူသည်ကို တားမြစ်သောအားဖြင့် ကြမ်း တမ်းသော မစ္ဆရိယရှိသူ, သမဏဗြာဟ္မဏတို့ကို ဆဲရေးတတ်သူ ဖြစ်၍ အကျွန်ုပ်အိမ်၌ ပစ္စည်းတပ်မက်မောသောစိတ်ဖြင့် မပြတ်ဝင်ထွက်နေပါ၏။

အကျွန်ုပ်သည် ထိုရဟန်း၏ စကားကို ကြားရသောကြောင့် ရဟန်းတို့ကို ဆဲရေးခဲ့ဖူးပါ၏၊ ထိုကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်ရပါ၏ဟု (ပြိတ္တာက လျှောက်၏)။

(ယောက်ျား) သင်သည် အဆွေခင်ပွန်းမဟုတ်ဘဲ အဆွေခင်ပွန်းအသွင်ဖြင့် ဖြစ်၍ သင်၏ အိမ်သို့ မပြတ်ကပ်ရောက်တတ်သော ပညာမဲ့သော ရဟန်းသည် ကိုယ်ခန္ဓာပျက်စီး သည့်နောက် တမလွန်ဘဝ၌ အဘယ်ဂတိသို့ ရောက်ရပါသနည်းဟု (အသျှင်မဟာမောဂ္ဂလ္လာန်က မေး၏)။

အရှင်ဘုရား အကျွန်ုပ်သည် ယုတ်မာသော မကောင်းမှုရှိသော ထိုရဟန်း၏ ဦးခေါင်းထက်၌သာလျှင် တည်နေပါ၏၊ ပြိတ္တာဘုံသို့ ရောက်သော ထိုရဟန်းပြိတ္တာသည် အကျွန်ုပ်၏ အလုပ်အကျွေးသာလျှင် ဖြစ်ပါ၏။

အရှင်ဘုရား သူတစ်ပါးတို့ စွန့်အပ်သော ကျင်ကြီးသည် အကျွန်ုပ်၏ အစာဘောဇဉ် ဖြစ်ပါ၏၊ ထိုရဟန်းပြိတ္တာသည်ကား အကျွန်ုပ်စွန့်အပ်သော ကျင်ကြီးကို စားသောက်မှီခိုလျက် အသက်မွေးရပါ၏ဟု (ပြိတ္တာက လျှောက်၏)။