ရာဇပုတ္တပေတဝတ္ထု(သပိတ်ကို ဖျက်ဆီးခဲ့သူ)

ရာဇပုတ္တပေတဝတ္ထု(သပိတ်ကို ဖျက်ဆီးခဲ့သူ)

မင်းသားဖြစ်ရစဉ် စည်းစိမ်ယစ်လျက် သုနေတ္တပစ္စေကဗုဒ္ဓါ ဆွမ်းခံကြွအလာ သပိတ်ကို အတင်းယူ ပစ်ခွဲဖျက်ဆီးခဲ့သော အကုသိုလ်ကံကြောင့် အဝီစိငရဲတိုင်အောင် ကျရောက်ခံစား ရသော ပြိတ္တာ

ရှေးဘဝကပြုခဲ့သော ကံတို့၏ အကျိုးသည် နှလုံးမွေ့လျော်ဖွယ်ရှိသော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူသော အကြောင်းကြောင့် (ပစ္စုပ္ပန်) ကောင်းကျိုးကို မမြင်နိုင်သော လူမိုက်တို့၏ စိတ်ကို နှိပ်စက်ရာ၏။

(ကိတဝမင်း၏သားသည်) ကခြင်းကိုလည်းကောင်း၊ သီဆိုခြင်းကိုလည်းကောင်း၊ ကာမဂုဏ်ဖြင့်မွေ့လျော်ခြင်းကိုလည်းကောင်း၊ အပေါင်းအဖော် စသည်တို့နှင့် ရွှင်မြူးခြင်းကို လည်းကောင်း ဤသို့များစွာသော စည်းစိမ်ချမ်းသာကို ခံစား၍ ဥယျာဉ်၌ စံပယ်ပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ ဝင်လာသည်ရှိသော်-

မိမိစိတ်ကို ဆုံးမပြီးသော အရဟတ္တဖိုလ်သမာဓိဖြင့် တည်ကြည်သော အလိုနည်း၍ ရှက်ခြင်းနှင့် ပြည့်စုံသော ဆွမ်းခံသဖြင့် ရအပ်သော သပိတ်အတွင်းသို့ ရောက်သော ဆွမ်း၌သာ နှစ်သိမ့်ရောင့်ရဲသော သုနေတ္တပစ္စေကဗုဒ္ဓါကို မြင်လေပြီ။

(ထိုအခါ) ထိုမင်းသားသည် ဆင်၏ ကျောက်ကုန်းမှ သက်ဆင်း၍ အရှင်ဘုရား ဆွမ်းရခဲ့ပါပြီလောဟု ပြောဆိုမေးမြန်းပြီးလျှင် ထိုပစ္စေကဗုဒ္ဓါ၏ သပိတ်ကို ယူလျက် အလွန် မြင့်စွာ မြှောက်၍

မာကျော ကြမ်းတမ်းသော အရပ်၌ သပိတ်ကို ပစ်ခွဲ၍ ရယ်မောကာ ဖဲသွားပြီးလျှင် ငါသည် ကိတဝမင်း၏သားတည်း၊ သင်သည် ငါ့ကို ကြည့်သော်လည်း အဘယ်သို့ ပြုနိုင်လတ္တံ့နည်းဟု ဆို၏။

ကြမ်းကြုတ်သော ထိုအကုသိုလ်ကံ၏ အကြင်အကျိုးကို မင်းသားသည် အဝီစိငရဲ၌ ကျရောက်သက်ဝင်လျက် ခံစားရ၏၊ ထိုအကျိုးသည် အလွန် စပ်ရှား ဆင်းရဲလှ၏။

ပြုအပ်ပြီးသော မကောင်းမှုရှိသော ထိုမင်းသားသည် အနှစ်ရှစ်သောင်းလေးထောင် တို့ပတ်လုံး ခြောက်ကြိမ်တို့တိုင်တိုင်ဖြစ်၍ နှစ်ပေါင်းများစွာတို့ပတ်လုံးပင် အဝီစိငရဲ၌ ပြင်းထန်သော ဆင်းရဲသို့ရောက်ရလေပြီ။

ပက်လက်လည်း ကျက်ခဲ့ရ၏၊ မှောက်ခုံလည်း ကျက်ခဲ့ရ၏၊ လက်ဝဲ လကျ်ာ ပြန်လျက်လည်းကျက်ခဲ့ရ၏၊ ခြေမိုးမျှော် (ဦးခေါင်းစောက်ထိုး) လည်း ကျက်ခဲ့ရ၏၊ မတ်တပ်ရပ် လျက်လည်း ကျက်ခဲ့ရ၏၊ ဤသို့ မိုက်လှစွာသော ထိုမင်းသားသည် ကြာမြင့်စွာ ကျက်ခဲ့ရ၏။

ပြုအပ်ပြီးသော မကောင်းမှုရှိသော ထိုမင်းသားသည် များစွာသော နှစ်အထောင်တို့ပတ်လုံးလည်းကောင်း၊ များစွာသော နှစ်တို့၏ အပေါင်းဖြစ်သော နှစ်အသောင်းတို့ပတ်လုံးလည်းကောင်း အဝီစိငရဲ၌ ပြင်းထန်သော ဆင်းရဲဒုက္ခသို့ ရောက်ရလေပြီ။

မပြစ်မှားထိုက်သော အပြစ်မရှိသည်ဖြစ်၍ ကောင်းသော အကျင့်ရှိသော ပစ္စေကဗုဒ္ဓါကို ထိခိုက်ပြစ်မှား၍ မကောင်းမှုပြုသူတို့သည် ဤသို့ သဘောရှိသော လွန်ကဲသော ဆင်းရဲကို ခံစားရကုန်၏။

ထိုမင်းသားသည် ထိုအဝီစိငရဲ၌ များစွာသော နှစ်လတို့ပတ်လုံး များစွာသော ဆင်းရဲကို ခံစားပြီး၍ ထိုအဝီစိငရဲမှ စုတေခဲ့သော် ဆာလောင်မွတ်သိပ်ခြင်း ပြင်းစွာ နှိပ်စက် အပ်သောကြောင့် ခုပ္ပိပါသဟတအမည်ရသော ပြိတ္တာ ဖြစ်ရပါ၏။

(ပညာရှိသည်) အစိုးရခြင်းကို မှီ၍ မာန်ယစ်ခြင်းကြောင့်ဖြစ်သော ဤအပြစ်ကို သိ၍ အစိုးရခြင်းကို မှီ၍ မာန်ယစ်ခြင်းကို ပယ်စွန့်ပြီးလျှင် နှိမ်ချခြင်းပြုကာ လျောက်ပတ်စွာ ကျင့်ရာ၏။

မြတ်စွာဘုရားတို့၌ ရိုသေသော ပညာရှိသောသူသည် မျက်မှောက်သော ကိုယ်၏ အဖြစ်၌ပင် ချီးမွမ်းထိုက်၏၊ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည့်နောက်၌ နတ်ပြည်၌ ဖြစ်ရ၏။