ဂဏပေတဝတ္ထု(မလှူဒါန်းခဲ့သူများ)

ဂဏပေတဝတ္ထု(မလှူဒါန်းခဲ့သူများ)

ရှေးလူဖြစ်စဉ် လိုချင်မျက်စိဖြင့် ရေချိုးဆိပ်တို့တွင် သူတပါးမေ့ကျန်ရစ်သော ဥစ္စာတို့ကို ရှာမှီးလျက် ပစ္စည်းရှိစေကာမူ မလှူဒါန်းခဲ့ကြ၊ သေသောအခါ ပြိတ္တာများဖြစ်ကာ ရေဆာ၍ ရေရှိသော မြစ်သို့သွားသော်လည်း ရေမတွေ့၊ ယူဇနာများစွာ သွား၍ ရှာသော်လည်း အစာ မရ, သစ်ပင်အောက်သို့ ချဉ်းကပ်သော်လည်း အရိပ်မရှိ, လေအေးမတိုက် မြေ၌လဲကျ ဒုက္ခအမျိုးမျိုး ခံနေကြရသော ပြိတ္တာများ

အလွန်ကြုံလှီ၍ နံရိုးပြိုင်းပြိုင်းထွက်သော အချင်းပြိတ္တာတို့ သင်တို့သည် အဝတ်လည်း မပါ၊ စက်ဆုပ်ရွံ့ရှာဖွယ် အဆင်းသဏ္ဌာန်လည်း ရှိကုန်၏၊ ကြုံလှီ၍ အကြော ပြိုင်းပြိုင်းထသော ကိုယ်ရှိကုန်လျက် ဤအရပ်၌ တည်နေရသော သင်တို့ကား အဘယ်သူတို့ ဖြစ်ကုန်သနည်းဟု (အသျှင်မဟာမောဂ္ဂလ္လာန်က မေး၏)။

အရှင်ဘုရား အကျွန်ုပ်တို့သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော မကောင်းသော လားရာရှိသော ပြိတ္တာတို့ ဖြစ်ပါကုန်၏၊ အကျွန်ုပ်တို့သည် မကောင်းမှုကံကို ပြုခဲ့မိကုန်သောကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်ကြရပါကုန်၏ဟု (ပြိတ္တာများက ဖြေ၏)။

အချင်းတို့ သင်တို့သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကံကို ပြုခဲ့ကြကုန်သနည်း၊ အဘယ်မကောင်းမှုကံ၏ အကျိုးအားဖြင့် ဤလူ့ပြည်မှပြိတ္တာဘုံသို့ ရောက်ကြရကုန်သနည်းဟု (အသျှင်မဟာမောဂ္ဂလ္လာန် က မေး၏)။

(အရှင်ဘုရား) အကျွန်ုပ်တို့သည် မည်သူကမျှ အပိတ်အပင်မရှိသော ရေချိုးဆိပ်တို့၌ လူတို့ မေ့လျော့ကျန်ရစ်ခဲ့သော ပဲဝက်မျှ ဥစ္စာကိုလည်း (ရလိုရငြား) ရှာမှီးခဲ့ပါကုန်၏၊ အကျွန်ုပ်တို့သည် လှူဖွယ်ဝတ္ထုတို့ ရှိပါကုန်သော်လည်း မိမိ၏ မှီခိုရာ ကိုင်းကျွန်းသဖွယ်ဖြစ်သော ဒါနကို မပြုလုပ်ခဲ့ပါကုန်။

အရှင်ဘုရား အကျွန်ုပ်တို့သည် ရေမွတ်သိပ်လှကုန်သည်ဖြစ်၍ မြစ်သို့ ကပ်ရောက်ပါ ကုန်၏၊ ယင်းသို့ ကပ်ရောက်မိကြကုန်သော် စီးနေသော မြစ်သည် ရေမရှိဘဲ အချည်းနှီး ဖြစ် သွားပါ၏၊ ပူသော အချိန်ကာလတို့၌ အရိပ်ရှိရာသို့ ချဉ်းကပ်ကြပါကုန်၏၊ ယင်းသို့ ချဉ်းကပ် မိကြကုန်သည်ရှိသော် အရိပ်တည်ရာအရပ်သည် နေပူ ဖြစ်သွားပါ၏။

အကျွန်ုပ်တို့အား လေသည် အတွေ့အားဖြင့် မီးကဲ့သို့ ပူလောင်သည်ဖြစ်၍ တိုက် ခတ်ပါ၏၊ အရှင်ဘုရား ဤဆိုအပ်ပြီးသော ဆင်းရဲကိုလည်းကောင်း၊ ထိုဆင်းရဲထက် ရုန့်ရင်း ကြမ်းတမ်းသော အခြားဆင်းရဲကိုလည်းကောင်း (မကောင်းမှုပြုခဲ့သော အကျွန်ုပ်တို့သည်) ခံစားထိုက်ပါကုန်၏။

အကျွန်ုပ်တို့သည် ဆာလောင်ကုန်သည်ဖြစ်၍ စားသောက်ဖွယ်အာဟာရ၌ မက်မော ကုန်လျက် ယူဇနာများစွာတိုင်အောင်လည်း သွားရောက်ကြပါကုန်၏၊ ဤသို့ သွားရောက်ကြ ပါကုန်သော်လည်း အာဟာရတစ်စုံတစ်ရာကို မရကြကုန်ဘဲသာလျှင် ပြန်ခဲ့ကြရပါကုန်၏၊ အကျွန်ုပ်တို့၏ဘုန်းကံနည်းသော အဖြစ်သည် အံ့ဩဖွယ်ရှိလှပါ၏။

အရှင်ဘုရား အကျွန်ုပ်တို့သည် ဆာလောင်ကုန်သည်ဖြစ်၍ ဆာလောင်ခြင်းဖြင့် မူးမှိုင်တွေဝေကုန်သည် ဖြစ်ရကား တုန်လှုပ်ကုန်လျက် မြေ၌ လဲကျကြရပါကုန်၏၊ တစ်ရံတစ်ခါ ပက်လက်လဲကျကုန်၍ တစ်ရံတစ်ခါ မှောက်ခုံ လဲကျရပါကုန်၏။

ထိုအကျွန်ုပ်တို့သည် ထိုရောက်ရာအရပ်ဝယ် မြေ၌ ပုတ်ခတ်အပ်ကုန်သကဲ့သို့ လဲကျ ကြရပါ၏၊ ရင်ဝကိုလည်းကောင်း ဦးခေါင်း (နဖူး) ကိုလည်းကောင်း ထိခိုက်ကြပါကုန်၏၊ အကျွန်ုပ်တို့၏ ဘုန်းကံနည်းသော အဖြစ်သည် အံ့ဩဖွယ်ရှိလှပါ၏။

အရှင်ဘုရား အကျွန်ုပ်တို့သည် ဤဆိုအပ်ပြီးသော ဆင်းရဲကိုလည်းကောင်း, ထို ဆင်းရဲထက် ရုန့်ရင်းကြမ်းတမ်းသော အခြားဆင်းရဲကိုလည်းကောင်း ခံစားထိုက်ကြပါကုန်၏၊ အကျွန်ုပ်တို့သည် လှူဖွယ်ဝတ္ထုတို့ ရှိပါကုန်လျက် မိမိ၏ မှီခိုရာ ကိုင်းကျွန်းသဖွယ်ဖြစ်သော ကောင်းမှုကို မပြုခဲ့မိကြပါကုန်။

ထိုအကျွန်ုပ်တို့သည် ဤပြိတ္တာဘဝမှ သွားရောက်၍ လူ့ဘဝကို ရကြပါကုန်သော် အလှူခံတို့စကားကို သိကုန်သည်ဖြစ်၍ သီလနှင့်ပြည့်စုံကာ များစွာသော ကုသိုလ်ကံကို ပြုကြပါကုန်အံ့ဟု (ပြိတ္တာများက လျှောက်၏)။