ဥစ္ဆုပေတဝတ္ထု(မကြည်မသာ၊ မရိုမသေ ပေးသူ)

ဥစ္ဆုပေတဝတ္ထု(မကြည်မသာ၊ မရိုမသေ ပေးသူ)

ဤရှေးဘဝလူဖြစ်စဉ် ကြံခင်းရှင်ဖြစ်သောအခါ ကြံကို သုံးဆောင်နေဆဲ အခြားတဦးက ကြံကိုတောင်းသည်တွင် မကြည်မသာ မျက်နှာမလှည့် ကြံကို နောက်ပြန်ပစ်ပေးခဲ့သောကြောင့် သေသောအခါ ကြံတောကို တွေ့ပါလျှက် မျက်နှာမူမရ ဒုက္ခကြီးစွာ ဖြစ်နေရသော ကြံနောက်ပြန်စား ပြိတ္တာ။

အရှင်ဘုရား အကျွန်ုပ်၏ များပြားကြီးကျယ်သော ဤကြံတောသည် များပြား ကြီးကျယ်လှစွာသော ကောင်းမှုအကျိုး ဖြစ်ပါ၏၊ ထိုကြံတောသည် ယခုအခါ အကျွန်ုပ် သုံးဆောင်ရခြင်းသို့မရောက်နိုင်သေးပါ၊ အရှင်ဘုရား ဖြေကြားတော်မူပါလော့၊ ဤအကျိုးသည် အဘယ်ကံ၏ အကျိုးပါနည်း။

အရှင်ဘုရား အကြင်အခါ ထိုအကျွန်ုပ်သည် တစ်စုံတစ်ခုသော ကြံကို သုံးဆောင် ခြင်းငှါ လုံ့လကိုလည်း ပြုပါ၏၊ အားထုတ်ခြင်းကိုလည်း ပြုပါ၏၊ ထိုအခါ ထိုကြံတောသည် အကျွန်ုပ်ကို နှိပ်စက်လည်း နှိပ်စက်အပ်ပါ၏၊ (သံလျက်သွားနှင့်တူသော ကြံရွက်တို့သည်) အကျွန်ုပ်ကို ဖြတ်လည်းဖြတ်အပ်ပါ၏၊ ထို့ကြောင့် အကျွန်ုပ်သည် အင်အားပြတ်သည် ဖြစ်၍ ပြင်းစွာ ဆင်းရဲခြင်းသို့ရောက်လျက် မြည်တမ်းနေရပါ၏၊ ဤအကျိုးသည် အဘယ်ကံ၏ အကျိုးပါနည်း။

အရှင်ဘုရား အကျွန်ုပ်သည် ပင်ပန်းသည်ဖြစ်၍သာလျှင် မြေ၌ လဲကျပါ၏၊ ပူပြင်းသော ကြည်းကုန်းထက်ဝယ် ရေ၌ ကျက်စားသော ငါးကဲ့သို့ ချာချာလည်နေပါ၏၊ ငိုကြွေး ရသော အကျွန်ုပ်၏မျက်ရည်တို့သည် ယိုစီးထွက်ကျပါကုန်၏၊ အရှင်ဘုရား ဖြေကြားတော်မူပါ၊ အဘယ်ကံ၏အကျိုးပါနည်း။

အရှင်ဘုရား အကျွန်ုပ်သည် ဆာလောင်သည်ဖြစ်၍ ပင်ပန်းလည်း ပင်ပန်းလှပါ၏၊ ရေလည်း မွတ်သိပ်လှပါ၏၊ လွန်စွာ မွတ်သိပ်လှသောကြောင့် သာယာဖွယ် ချမ်းသာကို မရပါ၊ အရှင်ဘုရား ဤအကြောင်းကို အရှင်ဘုရားအား မေးပါ၏၊ အဘယ်သို့သော အကြောင်းဖြင့် အကျွန်ုပ်သည် ကြံသုံးဆောင်ခြင်းကို ရပါအံ့နည်းဟု (ပြိတ္တာက လျှောက်၏)။

ရှေးဘဝက လူသားဖြစ်သော သင်သည် ကိုယ်တိုင် အကုသိုလ်ကံကို ပြုခဲ့ပြီ၊ ငါသည် သင့်အား ဤအကြောင်းကို ဟောကြားအံ့၊ သင်သည် ကြားနာရ၍ ဤအကြောင်းကို သိလော့။

(ရှေးဘဝက) သင်သည် ကြံကို ခဲစားလျက် သွား၏၊ ယောက်ျားတစ်ယောက် သည်လည်း သင်၏နောက်က အစဉ်လိုက်၏၊ ထိုယောက်ျားသည်လည်း ကြံအနည်းငယ်ကို တောင့်တလျက် သင့်အားပြောဆို၏၊ သင်သည် ထိုယောက်ျားအား စကားတစ်စုံတစ်ရာကို မျှ မပြောဆို။

ထိုယောက်ျားသည်လည်း စကားမပြောသော သင့်ကို တောင်း၏၊ အရှင် ကြံအနည်း ငယ်မျှပေးပါဟုလည်း သင့်ကို ပြော၏၊ သင်သည် ထိုသူအား ကြံကို နောက်ပြန်ပေး၏၊ ဤအကျိုးသည် ထိုကြံကို နောက်ပြန်ပေးသော ကံ၏ အကျိုးတည်း။

သင့်ကို တိုက်တွန်းပါ၏၊ သင်သည် သွား၍ ကြံကို နောက်ပြန်ယူလာလေလော့၊ ယူပြီး၍ အလိုရှိတိုင်း ထိုကြံကို ခဲစားလေလော့၊ ယင်းသို့ ခဲစားသဖြင့်သာလျှင် သင်သည် နှစ်လိုရွှင်လန်းတက်ကြွသော စိတ်ရှိသည်ဖြစ်၍ ဝမ်းမြောက်ရလတ္တံ့ဟု (မထေရ်က မိန့်ဆို၏)။

ထိုပြိတ္တာသည် ကြံတောသို့ သွား၍ ကြံကို နောက်ပြန်ယူပြီးလျှင် ထိုကြံကို အလိုရှိတိုင်း ခဲစား၏၊ ယင်းသို့ ခဲစားရသဖြင့်သာလျှင် ထိုပြိတ္တာသည် နှစ်လိုရွှန်လန်း တက် ကြွသော စိတ်ရှိသည် ဖြစ်၍ ဝမ်းမြောက်ရလေ၏။