ရေဝတီပေတဝတ္ထု(အလှူခံတို့ကို လှည့်ပတ်ခဲ့သူ)

ရေဝတီပေတဝတ္ထု(အလှူခံတို့ကို လှည့်ပတ်ခဲ့သူ)

လင်ဖြစ်သူ နန္ဒိယက သဒ္ဓါတရားနှင့်ပြည့်စုံသော ကျောင်းဒကာ၊ မယားရေဝတီက ဝန်တိုမစ္ဆရိယဖြင့် အလှူခံတို့ကို လှည့်ပတ်ခဲ့၏၊ ဤအကုသိုလ်ကြောင့် သေသောအခါ လင်နှင့် အတူမစံရပဲ အညစ်အကြေး ထူပြောသော သံသဝကငရဲ၌ ဒုက္ခခံရသော ရေဝတီဝတ္ထု

အလွန်ယုတ်မာသော အကျင့်ရှိသော, တစ်စုံတစ်ယောက်အား တစ်စုံတစ်ခုကို မျှ ပေးလှူလေ့မရှိသောကြောင့် အပါယ်တံခါးပွင့်နေသော ရေဝတီ ထလော့၊ အကြင်ငရဲ၌ မကောင်းသော အလားရှိကုန်သော ငရဲသတ္တဝါတို့သည် ဆင်းရဲနှိပ်စက်အပ်ကုန်သည်ဖြစ်၍ ညည်းတွား ကြရကုန်၏၊ ထိုငရဲသို့ သင့်ကို ငါတို့ ပို့ဆောင်ကြကုန်အံ့။

ဤသို့လျှင် ပြောဆိုကြကုန်၍ ယမမင်း၏ တမန်နှင့် တူကုန်သော ချင်းချင်းနီသော မျက်စိရှိကုန်သော ကြီးသော ကိုယ်ရှိကုန်သော ထိုဘီလူးနှစ်ယောက်တို့သည် ရေဝတီ၏ လက်မောင်းတို့ကို တစ်ယောက် တစ်ဖက်စီ ကိုင်ဆွဲကြ၍ တာဝတိံသာနတ်အပေါင်း၏ အထံသို့ ဆောင်ယူသွားကြကုန်၏။

နေ၏ အရောင်ကဲ့သို့ ပြောင်ပြောင်ထွန်းပသော အဆင်းရှိသော, နှလုံးမွေ့လျော်ဖွယ် ရှိသော, ပြိုးပြိုးပြက်သော, တင့်တယ်လျောက်ပတ်သော, ရွှေကွန်ရက်ဖြင့် ဖုံးလွှမ်းအပ်သော နတ်သား နတ်သမီးတို့ဖြင့် ပြွမ်းသော, နေရောင်ကဲ့သို့ တပြောင်ပြောင်ထွန်းပသော, ကျယ် ပြန့်သော ဤဗိမာန်သည် အဘယ်သူ၏ ဗိမာန်ပေနည်း။

စန္ဒကူးနှစ်နံ့သာဖြင့် လိမ်းကျံအပ်သော နတ်သမီးအပေါင်းတို့သည် ဗိမာန်ကို (အတွင်း အပြင်) နှစ်ဖက်လုံး တင့်တယ်စေပါကုန်၏၊ ထိုဗိမာန်သည် နေ၏ အရောင်အဆင်း ကဲ့သို့ တပြောင်ပြောင်ထွန်းပသော အဆင်းရှိသည်ဖြစ်၍ ထင်၏၊ နတ်ပြည်သို့ ရောက်သည် ဖြစ်၍ ဗိမာန်၌ မွေ့လျော်နေသူကား အဘယ်သူပါနည်းဟု (ရေဝတီက မေး၏)။

ဗာရာဏသီပြည်၌ ဝန်တိုမှု ‘မစ္ဆရိယ’ မရှိသော အလှူရှင်ဖြစ်သော အလှူခံတို့၏ အခြင်း အရာကို သိတတ်သော နန္ဒိယမည်သော ဥပါသကာသည် ရှိခဲ့၏၊ နတ်သားနတ်သမီး တို့ဖြင့် ပြွမ်းသော နေရောင်ကဲ့သို့ တပြောင်ပြောင်ထွန်းပသော ကျယ်ပြန့်သော ဤဗိမာန်သည် ထိုနန္ဒိယဥပါသကာ၏ ဗိမာန်ပေတည်း။

၇၁၉။ စန္ဒကူးနှစ်နံ့သာဖြင့် လိမ်းကျံအပ်သော နတ်သမီးအပေါင်းတို့သည် ဗိမာန်ကို (အတွင်းအပြင်) နှစ်ဖက်လုံး တင့်တယ်စေကြကုန်၏၊ ထိုဗိမာန်သည် နေ၏ အရောင်အဆင်း ကဲ့သို့ တပြောင်ပြောင်ထွန်းပသော အဆင်းရှိသည်ဖြစ်၍ ထင်၏၊ တာဝတိံသာနတ်ပြည်သို့ ရောက်သည်ဖြစ်၍ ဗိမာန်၌မွေ့လျော်နေသူကား ထိုနန္ဒိယဥပါသကာပင်တည်းဟု (ဘီလူးတို့က ဆို၏)။

အကျွန်ုပ်သည် နန္ဒိယ၏ မယားပါတည်း၊ စည်းစိမ်ဥစ္စာအားလုံးကို အစိုးရသော အိမ်ရှင်မ ဖြစ်ခဲ့ပါ၏၊ ယခုအခါ၌ အကျွန်ုပ်သည် လင်၏ ဗိမာန်၌ မွေ့လျော်ပါအံ့၊ ငရဲသို့ ကြည့်ရှုရန်ပင် အလိုမရှိတော့ပါဟု (ရေဝတီက ဆို၏)။

အလွန်ယုတ်မာသော အကျင့်ရှိသော ရေဝတီ ဤငရဲသည် သင်၏ ငရဲတည်း၊ သက်ရှိလောက လူ့ဘဝက သင်သည် ကောင်းမှုကို မပြုခဲ့၊ ဝန်တိုသော ခြုတ်ခြယ်တတ်သော ယုတ်မာသော သဘောရှိသောသူသည် နတ်ပြည်သို့ လားကုန်သော နတ်တို့၏ အပေါင်း အဖော်အဖြစ်ကို မရနိုင်သည်သာတည်းဟု (ဘီလူးတို့က ဆို၏)။

အသို့နည်း၊ မစင်မကြယ် စက်ဆုပ်ဖွယ်ဖြစ်သော ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း တွေ့မြင်ရ၏၊ အဘယ့်ကြောင့် ဤငရဲသည် မကောင်းသော အနံ့ရှိသော ကျင်ကြီးရှိလေသနည်း၊ အဘယ့်ကြောင့် ဤငရဲသည် မကောင်းသော အနံ့ဖြင့် နံ့စော် လေသနည်းဟု (ရေဝတီက မေး၏)။

ရေဝတီ အသူတစ်ရာနက်လှစွာသော ဤငရဲသည် မစင်ကြယ်သော ကျင်ကြီးကျင်ငယ် စသည်ကို ယိုစီးတတ်သောကြောင့် သံသဝက ငရဲမည်၏၊ သင်သည် ယင်းငရဲ၌ အနှစ်အထောင်မက ကျက်ရလတ္တံ့ဟု (ဘီလူးတို့က ဆို၏)။

အသို့နည်း၊ အကျွန်ုပ်သည် ကိုယ်နှုတ်စိတ်ဖြင့် အဘယ်မကောင်းမှုကို ပြုခဲ့မိပါသနည်း၊ အဘယ်မကောင်းမှုကြောင့် အကျွန်ုပ်သည် အသူတစ်ရာနက်လှစွာသော မစင်ကြယ်သော ကျင်ကြီး ကျင်ငယ် စသည်ကို ယိုစီးစေတတ်သော သံသဝကမည်သော ငရဲကို ရအပ်ပါသနည်းဟု (ရေဝတီမေး၏)။

သင်သည် သမဏဗြာဟ္မဏတို့ကိုလည်းကောင်း, အခြားသော ဖုန်းတောင်းယာစကာ တို့ကိုလည်းကောင်း မဟုတ်မမှန်သော စကားဖြင့် လှည့်ပတ်တတ်၏၊ ထိုမကောင်းမှု အကုသိုလ်ကံကို သင်သည် ပြုခဲ့၏။

၇၂၆။ ရေဝတီ ထိုမကောင်းမှု အကုသိုလ်ကြောင့် သင်သည် အသူတစ်ရာနက်လှစွာသော သံသဝကမည်သော ငရဲကို ရအပ်၏၊ ယင်းငရဲ၌ သင်သည် အနှစ်အထောင်မက ကျက်ရလတ္တံ့။

လက်တို့ကိုလည်း ဖြတ်ကုန်လတ္တံ့၊ ခြေတို့ကိုလည်း ဖြတ်ကုန်လတ္တံ့၊ နားတို့ကိုလည်း ဖြတ်ကုန်လတ္တံ့၊ နှာခေါင်းတို့ကိုလည်း ဖြတ်ကုန်လတ္တံ့၊ ထိုမှတစ်ပါးလည်း ကျီးငှက် အပေါင်းတို့သည် စုရုံးချဉ်းကပ်ကြကုန်လျက် တုန်လှုပ်နေသော သင့်ကို ခဲစားကြကုန်လတ္တံ့ဟု (ဘီလူးတို့က ဆို၏)။

တောင်းပန်ပါ၏၊ အကျွန်ုပ်ကို (လူ့ပြည်သို့) ပြန်ပို့ကြပါကုန်လော့၊ အကြင် ကုသိုလ်ကို ပြုကုန်၍ ချမ်းသာခြင်းသို့ ရောက်ကုန်၏၊ နောင်အခါ၌ အဖန်တလဲလဲ ပူပန်မှု (နောင်တ) လည်း မရှိကုန်၊ အကျွန်ုပ်သည် အလှူပေးခြင်းဖြင့်လည်းကောင်း၊ ကောင်စွာ ကျင့်ခြင်းဖြင့်လည်းကောင်း၊ စောင့်စည်းခြင်းဖြင့်လည်းကောင်း၊ ဣန္ဒြေကို ဆုံးမခြင်းဖြင့်လည်းကောင်း များစွာသော ထိုကုသိုလ်ကို ပြုပါတော့အံ့ဟု (ရေဝတီက ဆို၏)။

သင်သည် ရှေးအခါက (ကုသိုလ်ကို) မေ့လျော့ခဲ့၍ ယခုမှ ငိုကြွေးမြည်တမ်းဘိ၏ သင်ကိုယ်တိုင်ပြုခဲ့သော ကံတို့၏ အကျိုးကို သင်သည်ပင် ခံစားရလတ္တံ့ဟု (ဘီလူးတို့က ဆို၏)။

(အကျွန်ုပ်) မေးအပ်သည်ရှိသော် နတ်ပြည်မှ လူ့ပြည်သို့ လာပြီးလျှင် လက်နက်ကို ပယ်ချထားပြီးဖြစ်ကုန်သော သမဏဗြာဟ္မဏတို့အား အလှူကို ပေးလှူရာ၏၊ အဝတ်အရုံကို လည်းကောင်း၊ အိပ်ရာနေရာကိုလည်းကောင်း၊ ဆွမ်းအဖျော်ကိုလည်းကောင်း ပေးလှူရာ၏၊ မှန်၏၊ ဝန်တိုသော ခြုတ်ခြယ်တတ်သော ယုတ်မာသော သဘောရှိသူသည် နတ်ပြည်သို့ လား ရကုန်သော နတ်တို့၏ အပေါင်းအဖော်အဖြစ်ကို မရနိုင်သည်သာတည်းဟု အဘယ်မည်သော နတ်သည် အကျွန်ုပ်ကို ပြောဆိုပါမည်နည်း။

အကျွန်ုပ်သည် ဤငရဲမှ လွတ်မြောက်ပြီးလျှင် လူ့ဘဝကို ရသည်ရှိသော် အလှူခံတို့၏ အခြင်းအရာကို သိသည်ဖြစ်၍ သီလနှင့်လည်း ပြည့်စုံလျက် အလှူပေးခြင်းဖြင့်လည်းကောင်း၊ တရားမျှတစွာ ကျင့်ခြင်းဖြင့်လည်းကောင်း၊ စောင့်စည်းခြင်းဖြင့်လည်းကောင်း၊ ဣန္ဒြေကို ဆုံးမခြင်းဖြင့်လည်းကောင်း များစွာသော ကုသိုလ်ကို ပြုပါတော့အံ့။

အထူးကြည်လင်သော စိတ်ဖြင့် သစ်သီးအရံ ပန်းအရံတို့ကိုလည်း စိုက်ပျိုးပါတော့အံ့၊ ကူးသန်းသွားလာရန် ခက်သော အရပ်၌ တံတားတို့ကိုလည်း ဆောက်လုပ်ပါတော့အံ့၊ ရေအိုးစင်ကိုလည်းကောင်း၊ ရေတွင်း ရေကန်ကိုလည်းကောင်း ပြုပါတော့အံ့။

အကျွန်ုပ်သည် လဆန်းပက္ခ, လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက်သော နေ့၌လည်းကောင်း၊ တစ်ဆယ့်ငါးရက်မြောက်သော နေ့၌လည်းကောင်း၊ ရှစ်ရက်မြောက်သော နေ့၌လည်းကောင်း၊ ဥပုသ်နေ့တို့၏ အကြိုနေ့ (အပိုနေ့) ၌လည်းကောင်း အင်္ဂါရှစ်ပါးရှိသော ဥပုသ်ကို စောင့်ထိန်းပါတော့အံ့၊ အခါခပ်သိမ်း သီလတို့ကို စောင့်စည်းပါတော့အံ့၊ အလှူပေးခြင်း၌ မမေ့မလျော့သည်သာ ဖြစ်ပါတော့အံ့၊ အကျွန်ုပ်သည် ဤငရဲကို ကိုယ်တိုင် မြင်အပ်ပါပြီဟု (ရေဝတီကမြည်တမ်း၏)။

ဤသို့ မြည်တမ်း၍ တုန်လှုပ်နေသော ရေဝတီကို (ငရဲထိန်းတို့သည်) ကြောက် လန့်ဖွယ်ရှိသော ငရဲ၌ ထိုထိုအရပ်မှ ခြေထောက်မိုးမျှော် ဦးခေါင်းစောက်ထိုး ပစ်ချလိုက်ကြ ကုန်၏။

ငါသည် ရှေးအခါက ဝန်တိုခြင်း ရှိခဲ့ပါ၏၊ သမဏဗြာဟ္မဏတို့ကို ဆဲရေး ကြိမ်း မောင်းခဲ့ပါ၏၊ လင်ကိုလည်း မဟုတ်မမှန်သော စကားဖြင့် လှည့်ပတ်ခြင်းကြောင့် ကြောက်လန့် ဖွယ် သဘောရှိသော ငရဲ၌ ကျက်ရပါ၏ဟု (မြည်တမ်း၏)။