နန္ဒကပေတဝတ္ထု(မိစ္ဆာဝါဒကို ယူမိသူ)

နန္ဒကပေတဝတ္ထု(မိစ္ဆာဝါဒကို ယူမိသူ)

ရှေးဘဝက မိစ္ဆာဝါဒကို ယူမိသဖြင့် တောနက်အတွင်း ပညောင်ပင်၌ ပြိတ္တာဖြစ်နေရာပိင်္ဂလမင်းနှင့်အတွေ့တွင် အဖြစ်အပျက်အလုံးစုံကို ပြန်ကြား မကြာမီငရဲသို့ လားရဦးမည့် အရေးတွေးတောစိုးရိမ်နေဆဲ သမီးဖြစ်သူက လှူဒါန်းအမျှဝေသဖြင့် ဝေဿဝဏ်နတ်မင်း ကြီးအလားချမ်းသာခံစားရသော ရုက္ခဇိုးပြိတ္တာ

သုရဋ္ဌတိုင်း၏ အရှင်ဖြစ်သော ပိင်္ဂလကမည်သော မင်းသည် မောရိယမင်းတို့အား ခစားရန်သွားပြီးလျှင် သုရဋ္ဌတိုင်းသို့ တစ်ဖန် ပြန်လာခဲ့ပြီ။

ပိင်္ဂလကမင်းသည် မွန်းတည့်ချိန် နေပူပြင်းသောအခါဝယ် နူးညံ့သော မြေအပြင်သို့ချဉ်းကပ်မိလေသော် ပြိတ္တာတို့ ဖန်ဆင်းအပ်သော မွေ့လျော်ဖွယ်ရာ သဲမြေလမ်းခရီးကို မြင်လေပြီ။

ထိုအခါ ပိင်္ဂလကမင်းသည် ရထားထိန်းကို ”ဤလမ်းခရီးသည် မွေ့လျော်ဖွယ် ရှိ၏၊ ဘေးမရှိမူ၍ ချမ်းသာသည်၏အဖြစ်ကို ရွက်ဆောင်တတ်၏၊ ဥပဒ္ဒဝေါ မရှိ၊ ရထားထိန်း ဤလမ်းခရီးဖြင့် ဤအရပ်မှသုရဋ္ဌတိုင်းသို့ သွားကြကုန်အံ့”ဟု မိန့်ဆို၏။

သုရဋ္ဌတိုင်းရှင် ပိင်္ဂလကမင်းသည် အင်္ဂါလေးပါးရှိသော စစ်သည်နှင့်တကွ (ပြိတ္တာ ဖန်ဆင်းသော) ခရီးဖြင့် သွားလေ၏၊ (ထိုအခါ) နောက်ပါ ယောက်ျားတစ်ယောက်သည် ထိတ် လန့်သော သဘောရှိသည်ဖြစ်၍ သုရဋ္ဌတိုင်းရှင် ပိင်္ဂလကမင်းအား ဤစကားကို လျှောက်၏။

”အရှင်မင်းမြတ် အကျွန်ုပ်တို့သည် ကြောက်မက်ဖွယ် ဘေးကို ဖြစ်စေတတ်သော ကြက်သီးမွေးညင်း ထစေနိုင်လောက်သော ခရီးမှားကို သွားနေကြပါကုန်၏၊ ရှေ့ (သွားရမည့်) ခရီးကို သာတွေ့မြင်ရပါ၏၊ နောက် (သွားပြီး) ခရီးကို မူကား မတွေ့မြင်ရပါ။

အကျွန်ုပ်တို့သည် ပြိတ္တာတို့၏ အနီးအပါးဝယ် ခရီးမှားကို သွားနေကြပါကုန်၏၊ ပြိတ္တာတို့၏ကိုယ်နံ့သည် လှိုင်ပါ၏၊ ကြမ်းတမ်းသော ကြွေးကြော်သံကို ကြားရပါကုန်၏”ဟု (လျှောက်၏)။

သုရဋ္ဌတိုင်းရှင် ပိင်္ဂလကမင်းသည် ထိတ်လန့်ရကား ရထားထိန်းအား ဤစကားကို ဆို၏၊ ”ရထားထိန်း ငါတို့သည် ကြောက်မက်ဖွယ် ဘေးကို ဖြစ်စေတတ်သော ကြက်သီးမွေးညင်းထစေနိုင်လောက်သော ခရီးမှားကို သွားနေကြကုန်၏၊ ရှေ့ (သွားရမည့်) ခရီးကို သာ တွေ့မြင်ရ၏၊ နောက် (သွားပြီး) ခရီးကို မူကား မတွေ့မြင်ရပေ။

ငါတို့သည် ပြိတ္တာတို့၏ အနီးအပါးဝယ် ခရီးမှားကို သွားနေကြကုန်၏၊ ပြိတ္တာတို့၏ ကိုယ်နံ့သည်လှိုင်၏၊ ကြမ်းတမ်းသော ကြွေးကြော်သံကို ကြားရကုန်၏”ဟု (ဆို၏)။

ထိုပိင်္ဂလကမင်းသည် ဆင်၏ ကျောက်ကုန်းသို့ တက်၍ အရပ်လေးမျက်နှာကို ကြည့်သော်မွေ့လျော်ဖွယ်ရှိ၍ အရိပ်နှင့် ပြည့်စုံသော တိမ်ညိုရောင်အဆင်းရှိသော မိုးတိမ် အဆင်းသဏ္ဌာန်ထင်ရသော ပညောင်ပင်ကို မြင်ရလေပြီ။

ထိုအခါ ပိင်္ဂလကမင်းသည် ရထားထိန်းကို ”တိမ်ညိုရောင်အဆင်းရှိသော မိုးတိမ် အဆင်းသဏ္ဌာန်ထင်ရသော ကျယ်ပြန့်သော ဤသစ်ပင်သည် အဘယ်သစ်ပင်နည်း”ဟု မိန့် ဆို၏။

မြတ်သော မင်းကြီး အရိပ်နှင့်ပြည့်စုံ၍ တိမ်ညိုရောင်အဆင်းရှိသော မိုးတိမ်အဆင်း သဏ္ဌာန်ထင်ရသော ထိုသစ်ပင်သည် ပညောင်ပင်ပါတည်း (ဟု ရထားထိန်းက လျှောက်၏)။

သုရဋ္ဌတိုင်းရှင် ပိင်္ဂလကမင်းသည် တိမ်ညိုရောင်အဆင်းရှိသော မိုးတိမ်အဆင်း သဏ္ဌာန်ထင်ရသော ကျယ်ပြန့်သော ထိုပညောင်ပင်ရှိရာ အရပ်သို့ သွားလေပြီ။

ပိင်္ဂလကမင်းသည် ဆင်ကျောက်ကုန်းမှ ဆင်းသက်၍ ပညောင်ပင်အနီးသို့ ချဉ်းကပ် ပြီးလျှင် မှူးမတ်ခြွေရံပရိသတ်နှင့်တကွ ပညောင်ပင်အနီး၌ ထိုင်သည်ရှိသော် ရေဖြင့်ပြည့်သော သောက်ရေခွက်ကိုလည်းကောင်း, နှစ်သက်ဖွယ်သော မုန့်တို့ကိုလည်းကောင်း တွေ့မြင်ရလေပြီ။

နတ်၏ အဆင်းသဏ္ဌာန်နှင့်တူသော သဏ္ဌာန်ရှိသော ခပ်သိမ်းသော အဆင်တန်ဆာ တို့ဖြင့်တန်ဆာဆင်အပ်သော ယောက်ျားသည်လည်း သုရဋ္ဌတိုင်းရှင် ပိင်္ဂလကမင်းသို့ ချဉ်းကပ်၍ –

”မြတ်သော မင်းကြီး သင်၏လာခြင်းသည် ကောင်းသော လာခြင်း ဖြစ်ပါ၏၊ သင်၏လာခြင်းသည် မကောင်းသဖြင့် လာခြင်း မဟုတ်ပါ၊ ရန်သူကို ဆုံးမတတ်သော မင်းမြတ် မင်းမြတ်သည် သောက်ရေကို သောက်တော်မူပါ၊ မုန့်ကိုလည်း ခဲစားတော်မူပါ”ဟူသော ဤ စကားကို လျှောက်၏။

သုရဋ္ဌတိုင်းကို အစိုးရသော ပိင်္ဂလကမင်းသည် မှူးမတ်ခြွေရံပရိသတ်နှင့်တကွ သောက်ရေကိုသောက်၍ လည်းကောင်း, မုန့်တို့ကို စား၍ လည်းကောင်း ပြီးဆုံးပြီးနောက်-

”သင်သည် စာတုမဟာရာဇ်နတ် ဖြစ်လေသလော၊ ဂန္ဓဗ္ဗနတ်မျိုး ဖြစ်လေသလော၊ သို့မဟုတ်ရှေး၌ အလှူကို ပေးတတ်သော သိကြား ဖြစ်လေသလော၊ မသိကုန်သည်ဖြစ်၍ သင့်ကို မေးကြကုန်၏၊ ငါတို့သည် သင့်ကို အဘယ်သို့ သိရကုန်အံ့နည်း”ဟူသော ဤ စကားကို ဆို၏။

မင်းမြတ် အကျွန်ုပ်သည် စာတုမဟာရာဇ်နတ်လည်း မဟုတ်ပါ၊ ဂန္ဓဗ္ဗနတ်မျိုးလည်း မဟုတ်ပါ၊ ရှေး၌ အလှူကို ပေးလှူတတ်သော သိကြားလည်း မဟုတ်ပါ၊ မင်းမြတ် အကျွန်ုပ် သည် သုရဋ္ဌတိုင်းမှ ဤပညောင်ပင်သို့ ပဋိသန္ဓေအားဖြင့် ရောက်လာသော ပြိတ္တာ ဖြစ်ပါ၏ဟု (ပြိတ္တာက ပြော၏)။

နတ်သား ရှေးဘဝက သုရဋ္ဌတိုင်း၌ နေသော သင်သည် အဘယ်သို့သော သီလရှိပါသနည်း၊ အဘယ်သို့သော ကောင်းသောအကျင့် ရှိသနည်း၊ သင်၏ အဘယ်သို့သော မြတ်သော အကျင့်ကြောင့် ဤအာနုဘော်သည် သင့်အား ဖြစ်သနည်းဟု (ပိင်္ဂလကမင်းက မေး၏)။

ရန်သူတို့ကို ဆုံးမ၍ တိုင်းပြည်ကို တိုးတက်စေတတ်သော မင်းမြတ် အကျွန်ုပ် ဆိုလတ္တံ့သော စကားကို နာတော်မူပါ၊ အမတ်တို့သည်လည်းကောင်း, အလုပ်အကျွေးတို့သည် လည်းကောင်း, ပုရောဟိတ်ပုဏ္ဏားသည်လည်းကောင်း နာတော်မူကြပါကုန်။

မင်းမြတ် အကျွန်ုပ်သည် သုရဋ္ဌတိုင်း၌ ယုတ်ညံ့သော စိတ်ရှိသူယောက်ျား ဖြစ် ခဲ့ပါ၏၊ မိစ္ဆာအယူရှိခဲ့ပါ၏၊ သီလ မရှိခဲ့ပါ၊ နှမြောဝန်တိုသောသူ ဖြစ်ခဲ့ပါ၏၊ (ရဟန်း သူတော်ကောင်းတို့ကို) ဆဲရေးတတ်သူ ဖြစ်ခဲ့ပါ၏။

အကျွန်ုပ်သည် အလှူဒါန ပေးလှူသောသူတို့ကိုလည်းကောင်း၊ ကုသိုလ်ကောင်းမှုပြုသောသူတို့ကိုလည်းကောင်း တားမြစ်ဖူးပါ၏၊ အလှူကို ပေးလှူကြမည့် တစ်ပါးသောသူတို့၏ အန္တရာယ်ကို ပြုသည်ဖြစ်၍ လူအများကို တားမြစ်ခဲ့ပါ၏။

အလှူဒါန၏ အကျိုးသည် မရှိ၊ စောင့်စည်းမှု ‘သီလ’၏အကျိုးသည် အဘယ်မှာ ရှိအံ့နည်း၊ ဆရာမည်သည် မရှိ၊ မယဉ်ကျေးသူကို အဘယ်သူသည် ဆုံးမလတ္တံ့နည်း။

သတ္တဝါတို့သည် အညီအညွတ် တူမျှကုန်၏၊ အမျိုး၌ ကြီးသူတို့အား လုပ်ကျွေးခြင်း ကုသိုလ်ကံသည် အဘယ်မှာ ရှိနိုင်ပါအံ့နည်း၊ အရဟတ္တဖိုလ်တိုင်အောင် ရောက်ကြောင်း ရကြောင်းဖြစ်သော ခွန်အားသည်လည်းကောင်း၊ လုံ့လသည်လည်းကောင်း မရှိ၊ ယောက်ျားတို့၏ ထကြွလုံ့လဖြင့် ရောက်အပ်သော အကျိုးကား အဘယ်မှာ ရှိအံ့နည်း။

အလှူ၏ အကျိုးမည်သည် မရှိ၊ ပါဏာတိပါတစသော မကောင်းမှုရှိသော ပုဂ္ဂိုလ်ကို ဒါနသီလစသော အကျင့်က မစင်ကြယ်စေနိုင်၊ သတ္တဝါသည် (ရအပ်သော ချမ်းသာဆင်းရဲကို ရသည်ရှိသော်) ဖြစ်မြဲတိုင်း ဓမ္မတာ၏ အထူးထူး အပြားပြားအားဖြင့်ဖြစ်သော ရသင့်ရထိုက်သော ချမ်းသာဆင်းရဲကို ရ၏၊ (ကုသိုလ် အကုသိုလ်ကံကို ပြုခြင်းကြောင့် ရသည် မဟုတ်)။

အမိ, အဖ, အစ်ကိုတို့၌ ကောင်းစွာ လုပ်ကျွေးမှုနှင့် ကောင်းစွာ မလုပ်ကျွေးမှုတို့၏ အကျိုးအပြစ် မရှိ၊ ဤပစ္စုပ္ပန်လောကမှ တစ်ပါးသော တမလွန်လောက မရှိ၊ အလှူကြီး၏ အကျိုးသည်မရှိ၊ ပူဇော်သက္ကာရ၏ အကျိုးသည် မရှိ၊ သူတော်ကောင်းတို့အား ပေးလှူသည်၏ အစွမ်းဖြင့် သိုမှီးမြှုပ်နှံထားအပ်သော ကောင်းမှုသည် မရှိ။

အကြင်သူသည် သတ္တဝါကို သတ်စေကာမူ, တစ်ပါးသော သတ္တဝါ၏ ဦးခေါင်းကို ဖြတ်စေကာမူ (ပရမတ္ထအားဖြင့်) တစ်စုံတစ်ယောက်သောသူသည် တစ်စုံတစ်ယောက်သောသူကို သတ်သည် မမည်၊ ပထဝီကာယစသော ခုနစ်ပါးသော ကာယတို့၏ အပေါက်အကြား၌ (ဓားလက်နက်သည် ဝင်၏)။

အသက် ‘ဇီဝအတ္တ’ကို မဖြတ် မခွဲနိုင်သည်သာတည်း၊ အသက်ဇီဝသည် ရံခါရှစ်မြှောင့် ရှိ၏၊ ရံခါ အလုံးအခဲ အဝန်းအဝိုင်း ဖြစ်၏၊ ယူဇနာငါးရာ မြင့်၏၊ အဘယ်သူသည် အသက် ဇီဝကို ဖြတ်ခြင်းငှါ စွမ်းနိုင်ပါအံ့နည်း။

ချည်လုံးကို ပစ်အပ်သည်ရှိသော် (ချည်ရှိသရွေ့သာ) ပြေလျက် ပြေးသွားသကဲ့သို့ ဤအတူ ထိုအသက်ဇီဝသည် (အတ္တဘောတည်းဟူသော ချည်လုံးကို မဟာကပ်) ရှစ်သန်း လေးသိန်းပတ်လုံး ပြေစေလျက် ပြေးသွား၏။

တစ်စုံတစ်ယောက်သောသူသည် မိမိရွာမှ ထွက်၍ အခြားသော ရွာသို့ ဝင်သကဲ့သို့ ဤအတူပင်ထိုအသက်ဇီဝသည် အခြားသော ကိုယ်’အတ္တဘော’သို့ ဝင်၏။

တစ်စုံတစ်ယောက်သောသူသည် မိမိအိမ်မှ ထွက်၍ အခြားအိမ်သို့ ဝင်သကဲ့သို့ ဤအတူထိုအသက်ဇီဝသည် အခြားသော ကိုယ်’အတ္တဘော’သို့ ဝင်၏။

မဟာကပ်ရှစ်သန်းလေးသိန်းတို့သည် (သံသရာ၏ အတိုင်းအရှည်တည်း)၊ လူမိုက်တို့သည်လည်းကောင်း၊ ပညာရှိတို့သည်လည်းကောင်း ဆိုခဲ့ပြီးအပိုင်းအခြားရှိသော သံသရာကို ကုန်စေ၍ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုကြကုန်လတ္တံ့။

(နှမ်းဆန်စသည်တို့ကို) စရွတ်တို့ဖြင့်လည်းကောင်း၊ တောင်းတို့ဖြင့်လည်းကောင်း (နှိုင်းယှဉ်အပ်ကုန်သကဲ့သို့) သတ္တဝါတို့၏ သုခဒုက္ခတို့ကို (ဆိုအပ်ပြီးသော ရှစ်သန်းလေးသိန်းအတိုင်းအရှည် ရှိသော ကာလဖြင့်) နှိုင်းယှဉ်အပ်ကုန်၏၊ ဇိနဘုံ၌တည်သော ပညာရှိသည် အလုံးစုံကို အပြားအားဖြင့် သိ၏၊ တစ်ပါးသော သတ္တဝါအပေါင်းသည် ပြင်းစွာ တွေဝေ၏။

မင်းမြတ် အကျွန်ုပ်သည် ရှေးက ဤသို့ မှားသောအယူ ရှိခဲ့ပါ၏၊ မောဟဖုံးလွှမ်းအပ်သည်ဖြစ်၍ ပြင်းစွာ တွေဝေခဲ့ပါ၏၊ မှားသောအယူလည်း ရှိခဲ့ပါ၏၊ သီလလည်း မရှိခဲ့ပါ၊ နှမြောဝန်တိုခဲ့ပါ၏၊ (ရဟန်း သူတော်ကောင်းတို့ကို) ဆဲရေးခဲ့ပါ၏။

မင်းမြတ် ခြောက်လမလွန်မီ အကျွန်ုပ်အား သေလွန်ခြင်း ဖြစ်ရပါလိမ့်မည်၊ အကျွန်ုပ်သည် စင်စစ် ဆင်းရဲ၍ ကြမ်းတမ်းသော လေးထောင့်ရှိသော တံခါးလေးပေါက်ရှိသော ပုံစံတူဖြစ်သော သံတံတိုင်း ကာရံ၍ သံပြားဖြင့် ပိတ်ဖုံးထားအပ်သော ငရဲသို့ ကျရောက်ရပါ လိမ့်မည်။

ထိုငရဲ၏ မြေကြီးသည်ကား သံဖြင့် ပြီး၏။ တောက်လောင်သည်ဖြစ်၍ အခိုးအလျှံ ရှိ၏၊ ပတ်ဝန်းကျင် ယူဇနာတစ်ရာတိုင်တိုင် အခါခပ်သိမ်း ပျံ့နှံ့၍ တည်၏။

မင်းမြတ် (ထိုအဝီစိငရဲကြီး၏ မီးလျှံသည် ထက်ဝန်းကျင်မှ ထွက်၍) အနှစ် တစ်သိန်းမျှလွန်သည်ရှိသော် ထိုခဏ၌ (အဝီစိ၌ ခံရသော သင်တို့အား အနှစ်တစ်သိန်း လွန်ပြီဟူသော) ကြွေးကြော်သံကို ကြားရ၏၊ အကြင်နှစ်တို့၏ ကုဋေတစ်သိန်း အတိုင်း အရှည်ရှိသော အဖို့တို့သည် ရှိကုန်၏၊ ဤအဖို့တို့သည် (ငရဲသူတို့၏) အသက်အပိုင်းအခြား တည်း။

မင်းမြတ် အကြင်သတ္တဝါတို့သည် မိစ္ဆာအယူ ရှိကုန်၏၊ သီလ မရှိကုန်၊ ဘုရား စသော အရိယာတို့ကို စွပ်စွဲတတ်ကုန်၏၊ ထိုသတ္တဝါတို့သည် အနှစ်ကုဋေတစ်သိန်းတို့ပတ်လုံး အဝီစိငရဲ၌ ကျက်ရကုန်၏။

အကျွန်ုပ်သည် ထိုငရဲ၌ ရှည်မြင့်စွာသော ကာလပတ်လုံး မကောင်းမှုကံ၏ အကျိုး ဖြစ်သော ဆင်းရဲဝေဒနာကို ခံစားရလတ္တံ့၊ ထို့ကြောင့် အကျွန်ုပ်သည် ပြင်းစွာ စိုးရိမ်မိပါ၏။

ရန်သူတို့ကို ဆုံးမ၍ တိုင်းပြည်ကို တိုးတက်စေတတ်သော မင်းမြတ် အကျွန်ုပ် ဆိုလတ္တံ့သော စကားကို နာတော်မူပါ၊ သင်မင်းမြတ်အား ကောင်းသော အကျိုးစီးပွါး ဖြစ်ပါစေ၊ မင်းမြတ်အကျွန်ုပ်၏သမီး ဥတ္တရာသည်-

ကောင်းမြတ်သော ကုသိုလ်ကံကို ပြုပါ၏၊ နိစ္စသီလ၌လည်းကောင်း, ဥပုသ်သီလ၌လည်းကောင်းမွေ့လျော်ပါ၏၊ မကောင်းမှုမှ စောင့်စည်းပါ၏၊ ပေးကမ်းလှူဒါန်းခြင်းလည်း ရှိပါ၏၊ တောင်းရမ်းပြောဆိုသော စကားကို သိတတ်ပါ၏၊ ဝန်တိုမှု ‘မစ္ဆရိယ’ ကင်းပါ၏။

သီလသိက္ခာ၌ မကျိုးမပေါက်အောင် ပြုလေ့ရှိပါ၏၊ သူတစ်ပါးအိမ်တို့၌ ချွေးမလည်း ဖြစ်ပါ၏၊ တရားအားလုံးကို အလိုလိုသိတော်မူသော ဘုန်းကျက်သရေရှိတော်မူသော မြတ်စွာ ဘုရား၏ ဥပါသိကာမလည်း ဖြစ်ပါ၏။

မင်းမြတ် ချထားသော မျက်လွှာရှိသည်ဖြစ်၍ (ရှေ့သို့တက်ခြင်းစသည်တို့၌) သတိနှင့် ပြည့်စုံလျက် ဣန္ဒြေတို့၌ စောင့်အပ်သော တံခါးရှိသည်ဖြစ်၍ စောင့်သုံးအပ်သော ကိုယ် နှုတ် နှလုံးရှိသော သီလနှင့်ပြည့်စုံသည့် ရဟန်းသည်လည်း ရွာတွင်းသို့ ဆွမ်းခံဝင်တော်မူပါ၏။

မင်းမြတ် အိမ်စဉ်အတိုင်း ဆွမ်းခံလှည့်လည်သော ထိုရဟန်းသည် အကျွန်ုပ်၏ သမီးဖြစ်သော ဥတ္တရာ၏ အိမ်သို့ ရောက်လာပါ၏၊ အကျွန်ုပ်၏သမီး ဥတ္တရာသည် ထိုရဟန်းကို မြင်လေ၏၊ အရှင်ဘုရား အရှင်ဘုရားအား ကောင်းခြင်းမင်္ဂလာသည် ဖြစ်ပါစေသတည်းဟု (ဆို၍) –

ထိုဥတ္တရာသည် ရေပြည့်သောသောက်ရေခွက်ကိုလည်းကောင်း, နှစ်သက်ဖွယ်သော မုန့်တို့ကိုလည်းကောင်း (ထိုရဟန်းအား) ပေးလှူ၏၊ အရှင်ဘုရား အကျွန်ုပ်၏ အဖသည် သေလွန်သည်ဖြစ်၍ ဤအလှူသည် ထိုသေလွန်သော အဖအား ကပ်ရောက်ပါစေသတည်းဟု အမျှဝေပါ၏)။

မင်းမြတ် အမျှဝေသည်၏ အခြားမဲ့၌ အကျိုးဖြစ်ပေါ်လာတော့၏၊ ဝေဿဝဏ်နတ် မင်းကြီးကဲ့သို့ အလိုရှိအပ်သော စည်းစိမ်တို့ကို အလိုရှိတိုင်း သုံးဆောင်ရ၏။

ရန်သူတို့ကို ဆုံးမ၍ တိုင်းပြည်ကို တိုးတက်စေနိုင်သော မင်းမြတ် အကျွန်ုပ် ဆို လတ္တံ့သော စကားကို နာတော်မူပါ၊ နတ်နှင့်တကွသော လောကထက် မြတ်စွာဘုရားကို အမြတ်ဆုံးဟူ၍ ဆိုအပ်ပါ၏၊ ရန်သူတို့ကို ဆုံးမတတ်သော မင်းမြတ် သားမယားနှင့်တကွ ထို မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါလေလော့။

ဘုရားရှင်၏ တပည့်သားသာဝကတို့သည် အကြင်အင်္ဂါရှစ်ပါးရှိသော မဂ်ဖြင့် သေခြင်းကင်းသော နိဗ္ဗာန်သို့ ရောက်ကြရကုန်၏၊ ရန်သူတို့ကို ဆုံးမတတ်သော မင်းမြတ် သားမယားနှင့်တကွ ထိုတရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါလေလော့။

ကျင့်ဆဲဖြစ်သော ပုဂ္ဂိုလ် လေးယောက်တို့သည်လည်းကောင်း, ဖိုလ်၌တည်သော ပုဂ္ဂိုလ်လေးယောက်တို့သည်လည်းကောင်း ရှိကုန်၏၊ ဖြောင့်မတ်သော အဖြစ်သို့ရောက်သော ဤရှစ်ယောက်သော အရိယာသံဃာသည် သီလ သမာဓိ ပညာနှင့် ပြည့်စုံ၏၊ ရန်သူကို ဆုံးမတတ်သော မင်းမြတ် သားမယားနှင့်တကွ ထိုရှစ်ယောက်သော အရိယာသံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါလေလော့။

မင်းမြတ် သင်မင်းမြတ်သည် သူ့အသက်ကို သတ်ခြင်းမှ လျင်စွာ ရှောင်ကြဉ်ပါလေ လော့၊ လောက၌ မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါလေလော့၊ သေရည်သေရက်ကို မသောက်ပါနှင့်၊ မမှန်သော စကား မဆိုပါနှင့်၊ မိမိမယားဖြင့်သာ ရောင့်ရဲပါလော့ဟု (နတ် ပြိတ္တာက ပြော၏)။

နတ်သား (သင်သည်) ငါ၏ အကျိုးကို လိုလားပေ၏၊ နတ်သား (သင်သည်) အစီး အပွါးကို လိုလားပေ၏၊ သင်၏ စကားကို လိုက်နာပါအံ့၊ သင်သည် ငါ၏ ဆရာ ဖြစ်ပေ၏။

ငါသည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါအံ့၊ အတုမရှိသော တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါအံ့၊ လူတို့၏နတ် ဘုရားမြတ်၏ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါအံ့။

သူ့အသက်ကို သတ်ခြင်းမှ လျင်စွာ ရှောင်ကြဉ်ပါအံ့၊ လောက၌ မပေးသည်ကို ခိုးယူ ခြင်းမှရှောင်ကြဉ်ပါအံ့၊ သေရည်သေရက်ကို မသောက်တော့ပါ၊ မမှန်စကားကို မပြောဆို တော့ပါ၊ မိမိမယားဖြင့်သာ ရောင့်ရဲပါအံ့။

ပြင်းစွာသော လေ၌ (ဖွဲပြာကို) လွှင့်လိုက်သကဲ့သို့ ငါသည် ယုတ်မာသော မိစ္ဆာ အယူကို လွှင့်လိုက်ပါတော့အံ့၊ လျင်မြန်စွာ စီးသွားသော မြစ်၌ (မြက်သစ်ရွက်ကို) မျှောလိုက် သကဲ့သို့ ယုတ်မာသော မိစ္ဆာအယူကို မျှောလိုက်ပါတော့အံ့၊ ငါသည် မြတ်စွာဘုရား သာသနာ တော်၌ မွေ့လျော်သည် ဖြစ်၍ ယုတ်မာသော မိစ္ဆာအယူကို ထွေးအံပစ်လိုက်ပါတော့အံ့ဟု (ပိင်္ဂလကမင်းက ဆို၏)။

သုရဋ္ဌတိုင်းရှင် ပိင်္ဂလကမင်းသည် ဤစကားကို ဆို၍ မကောင်းသော မိစ္ဆာအမြင်မှ ရှောင်ကြဉ်ပြီးလျှင် မြတ်စွာဘုရားအား ရှိခိုးခြင်းကို ပြုလျက် အရှေ့အရပ်မျက်နှာသို့ ရှေးရှု ရထားကို တက်စီး (ထွက်ခွါသွား) လေ၏။