သေရိဏီပေတိဝတ္ထု(မပေးလှူခဲ့သူ)

သေရိဏီပေတိဝတ္ထု(မပေးလှူခဲ့သူ)

ရှေးလူဘဝ၌ ပဲဝက်မျှသော ဥစ္စာကို ရေချိုးဆိပ်၌ ရှာမှီးခဲ့ရ၍ အလှူဝတ္ထုရှိလျက် မပေးလှူခဲ့သေလွန်သောအခါ နံရိုးပြိုင်းပြိုင်းထသော ကိုယ်ရှိလျက် မြစ်ကို တွေ့သော်လည်းရေမရှိ၊ လေတိုက်သော်လည်း မီးသို့ပူ ဤဒုက္ခမှ လွတ်စေရန် အမိထံသွား၍ မြှုပ်ထားခဲ့သော ဥစ္စာဖြင့်သုံးစား လှူဒါန်း အမျှအတန်းဝေပါဟု ဥပါသကာတဦးကို မှာထားသည့်အတိုင်း ပြောကြား၍ အမိကကုသိုလ်ပြု အမျှအတန်းဝေသောကြောင့် ချမ်းသာခွင့်ရသော ပြိတ္တာမ

အလွန်ကြုံလှီ၍ နံရိုးပြိုင်းပြိုင်းထွက်သော မိန်းမ သင်သည် အဝတ်လည်း မပါ၊ စက်ဆုပ် ရွံ့ရှာဖွယ် အဆင်းသဏ္ဌာန်လည်း ရှိ၏၊ ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိ လျက် ဤအရပ်၌တည်နေရသော သင်သည်ကား အဘယ်သူနည်းဟု (ဥပါသကာက မေး၏)။

အရှင် အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော မကောင်းသော လားရာရှိသော ပြိတ္တာမ ဖြစ်ပါ၏၊ မကောင်းမှု အကုသိုလ်ကံကို ပြုခဲ့မိခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့လားရောက်ရပါ၏ဟု (ပြိတ္တာမ က ဖြေ၏)။

သင်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ရောက်ရသနည်းဟု (ဥပါသကာက မေး၏)။

မည်သူကမျှ အပိတ်အပင်မရှိသော ရေချိုးဆိပ်တို့၌ (လူတို့ မေ့လျော့ကျန်ရစ်ခဲ့သော) ပဲဝက်မျှဥစ္စာကိုလည်း (ရလိုရငြား) ရှာမှီးခဲ့ပါ၏၊ အကျွန်ုပ်သည် လှူဖွယ်ဝတ္ထုတို့ ရှိပါကုန်သော်လည်း မိမိ၏မှီခိုရာ ကိုင်းကျွန်း သဖွယ်ဖြစ်သော ဒါနကို မပြုလုပ်ခဲ့ပါ။

အကျွန်ုပ်သည် ရေမွတ်သိပ်လှသည်ဖြစ်၍ မြစ်သို့ ကပ်ရောက်ပါ၏၊ ယင်းသို့ ကပ်ရောက်မိသော်စီးနေသော မြစ်သည် ရေမရှိဘဲ အချည်းနှီး ဖြစ်သွားပါ၏၊ ပူသော အချိန်ကာလတို့၌ အရိပ်ရှိရာအရပ်သို့ ချဉ်းကပ်ပါ၏၊ ယင်းသို့ချဉ်းကပ်မိသော် အရိပ်တည်ရာ အရပ်သည် နေပူ ဖြစ်သွားပါ၏။

အကျွန်ုပ်အား လေသည် အတွေ့အားဖြင့် မီးကဲ့သို့ ပူလောင်သည်ဖြစ်၍ တိုက် ခတ်ပါ၏၊ အရှင်ဤဆိုအပ်ပြီးသော ဆင်းရဲကိုလည်းကောင်း၊ ထိုဆင်းရဲထက် ရုန့်ရင်း ကြမ်း တမ်းသော အခြားဆင်းရဲကိုလည်းကောင်း (မကောင်းမှုပြုခဲ့သော အကျွန်ုပ်သည် ) ခံစားထိုက် ပါ၏။

အရှင် ဟတ္ထိနိမြို့သို့ သွား၍ အကျွန်ုပ်၏ အမိအား ”ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ ကျုံးဝင်သော ဒုဂ္ဂတိဘုံသို့ ရောက်နေသော သင်၏ သမီးကိုလည်း ငါကိုယ်တိုင် တွေ့မြင်ခဲ့ရ၏၊ ထိုသင်၏ သမီးသည်မကောင်းမှုကံကို ပြုခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်နေ၏”ဟု ပြောဆိုပါလော့။

အရှင် ဤပလ္လင်နေရာ၌ အကျွန်ုပ်မြှုပ်ထားသော ဥစ္စာသည် ရှိပါ၏၊ ထိုဥစ္စာကို အကျွန်ုပ်သည် (ဤနေရာ၌ မြှုပ်နှံထား၏ဟု) ပြောလည်း မပြောကြားခဲ့ပါ၊ အကျွန်ုပ် အိပ်ရာ ပလ္လင်အောက်၌လေးသိန်းသော ဥစ္စာတို့သည် ရှိပါကုန်၏။

ထိုဥစ္စာမှ အကျွန်ုပ်အတွက် အလှူကို ပေးလှူပါစေ၊ ထိုအကျွန်ုပ်အမိအားလည်း အသက်မွေးမှုဖြစ်ပါစေ၊ အကျွန်ုပ်၏ အမိသည် အလှူကို ပေးလှူပြီးသော် အကျွန်ုပ်အား အလှူ၏အဖို့ကို ရည်ညွှန်းပေးဝေပါစေလော့၊ ထိုအခါဝယ် အကျွန်ုပ်သည် အလုံးစုံ အလိုရှိတိုင်း ပြည့်စုံသည်ဖြစ်၍ ချမ်းသာခြင်းရှိသူ ဖြစ်ရပါလိမ့်မည်ဟု ပြောကြားပါလော့ဟူ၍ (ပြိတ္တာမက မှာကြား၏)။

ထိုဥပါသကာသည် ကောင်းပြီဟု ဝန်ခံပြီးလျှင် ဟတ္ထိနိမြို့သို့ သွား၍ ထိုပြိတ္တာမ၏အမိအားယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော ဒုဂ္ဂတိဘုံသို့ ရောက်နေသော သင်၏ သမီးကိုလည်းငါကိုယ်တိုင် တွေ့မြင်ခဲ့ရ၏၊ သင်၏ သမီးသည် မကောင်းမှုကံကို ပြုမိသောကြောင့် ဤလူ့ဘုံမှပြိတ္တာဘုံသို့ ရောက်နေ၏။

ထိုသင်၏ သမီးသည် ထိုတွေ့မြင်ရာအရပ်၌ အကျွန်ုပ်အား သတင်းစကားကို ယူစေ ပါ၏၊ (ဟတ္ထိနိမြို့သို့ သွား၍) အကျွန်ုပ်အမိအား ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော ဒုဂ္ဂတိဘုံသို့ရောက်နေသော သင်၏ သမီးကို ငါကိုယ်တိုင် တွေ့မြင်ခဲ့ရ၏၊ ထိုသင်၏ သမီးသည် မကောင်းမှုကံကို ပြုမိသောကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်နေ၏။

ဤပလ္လင်နေရာ၌ အကျွန်ုပ်မြှုပ်ထားသော ဥစ္စာသည် ရှိပါ၏၊ ထိုဥစ္စာကို အကျွန်ုပ် သည် (ဤနေရာ၌ မြှုပ်နှံထား၏ဟု) ပြောလည်း မပြောကြားခဲ့ပါ၊ အကျွန်ုပ် အိပ်ရာပလ္လင် အောက်၌လေးသိန်းသော ဥစ္စာတို့သည် ရှိပါကုန်၏။

ထိုဥစ္စာမှ အကျွန်ုပ်အတွက် အလှူကို ပေးလှူပါစေ၊ ထိုအကျွန်ုပ်အမိအားလည်းအသက်မွေးမှုဖြစ်ပါစေ၊ ထိုအကျွန်ုပ်၏အမိသည် အလှူကို ပေးလှူပြီးသော် အကျွန်ုပ်အား အလှူ၏အဖို့ကို ရည်ညွှန်းပေးဝေပါစေလော့၊ ထိုအခါဝယ် အကျွန်ုပ်သည် (သင်၏ သမီးသည်) အလုံးစုံအလိုရှိတိုင်းပြည့်စုံသည်ဖြစ်၍ ချမ်းသာခြင်းရှိသူ ဖြစ်ရပါလိမ့်မည်ဟု ပြောကြားပါလော့ဟူ၍ မှာကြားလိုက်ပါ၏ (ဤသို့ ပြောကြား၏)။

ထိုဥပါသကာ ပြောကြားပြီးနောက် ထိုပြိတ္တာမ၏ အမိသည် အလှူကို ပေးလှူ၏၊ ထိုပြိတ္တာမအားအလှူ၏အဖို့ကို ရည်ညွှန်းပေးဝေ၏၊ ပြိတ္တာမသည်လည်း ချမ်းသာခြင်းသို့ ရောက်၏၊ ထိုအမိသည်လည်းကောင်းစွာ အသက်မွေးရ၏။