ကုမာရပေတဝတ္ထု(ကြမ်းတမ်းသော စကားဆိုသူ)

ကုမာရပေတဝတ္ထု(ကြမ်းတမ်းသော စကားဆိုသူ)

ရှေးအကုသိုလ်ကံကြောင့် ပြည့်တန်ဆာမဝမ်း၌ ဖြစ်၍ ဖွားသောအခါ သင်းချိုင်း၌ စွန့်ပစ်ခံရသော်လည်း ကုသိုလ်ကံကြောင့် နတ်နှင့် ဘီလူးတို့က နို့တိုက်စောင့်ရှောက် မပျောက်မပျက် အသက်ရှည်ကာ သူဋ္ဌေးကြီး ဖြစ်လတ္တံ့ဟု မြတ်စွာဘုရား၏ ဗျာဒိတ်ကြားခြင်း ခံရသူ သူငယ်

မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်သည် အံ့ဖွယ်သဘော ရှိ၏၊ မြတ်စွာဘုရား သည်ပုဂ္ဂိုလ်အားလျော်စွာ ဗျာဒိတ်စကား ဟောကြားတော်မူ၏၊ ပုဂ္ဂိုလ်အချို့တို့သည် ပြန့် ပြောသော ကုသိုလ်ရှိသူများ ဖြစ်ကြပါကုန်လျက် (ယုတ်ညံ့နိမ့်ကျသူများ ဖြစ်ကြကုန်၏)။ ပုဂ္ဂိုလ်အချို့တို့သည် နည်းသော ကုသိုလ်ရှိသူများ ဖြစ်ကြပါကုန်လျက် (မြင့်မြတ်သူများ ဖြစ် ကြကုန်၏)။

ဤသတို့သားသည်ကား သင်္ချိုင်း၌ စွန့်ပစ်ခံရလျက် ညဉ့်အခါဝယ် (နတ်၏) လက်မမှ ယိုကျသော နို့ရည်ဖြင့် မျှတရ၏၊ ဘီလူးတို့သည်လည်းကောင်း၊ ဖုတ်ပြိတ္တာတို့သည်လည်း ကောင်း၊ ကင်းသန်းတို့သည်လည်းကောင်း ပြုအပ်သော ကောင်းမှုရှိသော သတို့သားကို မညှဉ်းဆဲကြကုန်။

ခွေးတို့သည် ဤသူ၏ ခြေတို့ကို လျှာဖြင့် လျက် ကြကုန်၏၊ ကျီးတို့သည် လည်းကောင်း မြေခွေးတို့သည်လည်းကောင်း လူးလာတုံ့ခေါက် စောင့်ရှောက်ကြကုန်၏၊ ငှက်အပေါင်း တို့သည် ကိုယ်ဝန်အညစ်အကြေးကို သယ်ဆောင်ပစ်ကြကုန်၏၊ ကျီးတို့သည် ကား မျက်ဝတ် အညစ်အကြေးကို ဆောင်ယူပစ်ကြကုန်၏။

တစ်စုံတစ်ယောက်သော လူတို့ကမျှ ဤ (ဖွားသော) ကလေးအား အစောင့်အရှောက် ကို မစီရင်ကြကုန်၊ ဆေးကိုလည်း မစီရင်ကြကုန်၊ မုန်ညင်းစေ့ဖြင့် အခိုးထုံခြင်းကိုလည်း မစီ ရင်ကြကုန်၊ နက္ခတ်နှင့်ယှဉ်ခြင်း (ဇာတာဖွဲ့ခြင်း) ကိုလည်း မပြုကြကုန်၊ အလုံးစုံသော စပါး တို့ကိုလည်း မကြဲဖြန့်ကြကုန်။

ဤသို့ သဘောရှိသော အလွန်ပင်ပန်းဆင်းရဲခြင်းသို့ ရောက်သူ ညအခါ၌ ဆောင်ယူ၍ သင်္ချိုင်း၌ စွန့်ပစ်ထားသူ ဆီဦးထောပတ်စိုင်ကဲ့သို့ တုန်လှုပ်လျက် (အသက်ရှင်ပါ မည်လားမရှင်မည်လားဟု) ယုံမှားရသူ အသက်ငွေ့ငွေ့သာ ကြွင်းကျန်နေသူဖြစ်သော ထို သတို့သားကို နတ်လူတို့ပူဇော်အပ်သော ကြီးမြတ်သော ပညာရှိတော်မူသော မြတ်စွာဘုရား သည် မြင်တော်မူ၍ ဤသတို့သားသည် ဤမြို့၏ စည်းစိမ်ဥစ္စာအားဖြင့် ကြီးမြတ်သူ သူဌေး ကြီးဖြစ်လတ္တံ့ဟုမိန့်ကြားတော်မူ၏။

အရှင်ဘုရား အကြင်အကျင့် အကြင်ဗြဟ္မစရိယဖြင့် ဤသို့ ပြည့်တန်ဆာမ၏ ဝမ်း၌ ဖြစ်ရခြင်းစွန့်ပစ်ခံရခြင်း သဘောရှိသော အကျိုးမဲ့သို့ ရောက်ပြီး၍ ထိုသို့သဘောရှိသော ထိုနတ်တို့အစောင့်အရှောက် ခံရခြင်းစသော တန်ခိုးကို ခံစားရဘိ၏၊ ထိုသူ၏ ဆောက်တည်မှု အကျင့်ကားအဘယ်ပါနည်း၊ ထိုသူ၏ ထိုဗြဟ္မစရိယကား အဘယ်ပါနည်း၊ ဤအကျိုးသည် အဘယ်အလေ့အကျင့်၏အကျိုးပါနည်းဟု (မေးလျှောက်ကြကုန်၏)။

လူအပေါင်းသည် ဘုရားအမှူးရှိသော ရဟန်းသံဃာအား မြတ်သော ပူဇော်ခြင်းကို ပြုပြီ၊ ထိုပူဇော်ပွဲ၌ ထိုသူငယ်၏ စိတ်သည် ဖောက်ပြန်သော အခြင်းအရာအားဖြင့်ဖြစ်၍ သူတော်ကောင်းတို့၏နား၌ မကြားဝံ့ မနာသာအောင် ကြမ်းတမ်းသော စကားကို ပြောဆိုခဲ့၏။

ထိုသူငယ်သည် ထိုယုတ်မာသော အကြံအစည်ကို ပယ်ဖျောက်၍ နောက်ကာလ၌ နှစ်သက်မှု’ပီတိ’၊ ကြည်ညိုမှု’ပသာဒ’ကို ရပြီးလျှင် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော် မူသော မြတ်စွာဘုရားကို ယာဂုဖြင့် ခုနစ်ရက်ပတ်လုံး လုပ်ကျွေးခဲ့၏။

ဒါယကာတို့ အကြင်အကျင့် အကြင်ဗြဟ္မစရိယဖြင့် ဤသို့ ပြည့်တန်ဆာမ၏ ဝမ်း၌ ဖြစ်ရခြင်းစွန့်ပစ်ခံရခြင်း သဘောရှိသော အကျိုးမဲ့သို့ ရောက်ပြီး၍ ထိုသို့သဘောရှိသော နတ်တို့အစောင့်အရှောက် ခံရခြင်းစသော တန်ခိုးကို ခံစားရဘိ၏၊ ထိုဆိုခဲ့သမျှသည် ထို သူငယ်၏ဆောက်တည်မှုအကျင့်ပင်တည်း၊ ထိုသူငယ်၏ ထိုဗြဟ္မစရိယပင်တည်း၊ ဤအကျိုး သည်ထိုအလေ့အကျင့်၏ အကျိုးပေတည်း။

ထိုသူငယ်သည် ဤလူ့ပြည်၌ပင် အနှစ်တစ်ရာပတ်လုံးတည်၍ အလုံးစုံသော ကာမဂုဏ်တို့ဖြင့်ပြည့်စုံပြီးလျှင် ခန္ဓာကိုယ်ပျက်စီး၍ တစ်ဖန်ဖြစ်ရာ တမလွန်ဘဝ၌ သိကြား မင်း၏အသင်းအပင်းဝင်အဖြစ်သို့ ရောက်ရလတ္တံ့ဟု (ဟောတော်မူ၏)။