ရထကာရပေတိဝတ္ထု(ကုသိုလ်တစ်ဝက် အကုသိုလ်တစ်ဝက် ပြုခဲ့သူများ)

ရထကာရပေတိဝတ္ထု(ကုသိုလ်တစ်ဝက် အကုသိုလ်တစ်ဝက် ပြုခဲ့သူများ)

ကုသိုလ်တစ်ဝက် အကုသိုလ်တစ်ဝက် ပြုခဲ့သောကြောင့် ကွယ်လွန်သောအခါ ဗိမ္မာန်ဘုံ နန်းကို ရသော်လည်း လင်မရှိ တစ်ကိုယ်တည်း ပျင်းရိဖွယ်ဖြစ်နေရသော ပြိတ္တာမ

အာနုဘော်ကြီးသော နတ်သမီး သင်သည် ကြောင်မျက်ရွဲဖြင့်ပြီးသော တိုင်ရှိသော နှစ်သက်စဖွယ် ပြိုးပြိုးပြက် အရောင်အဆင်းရှိသော အမျိုးမျိုး ဆန်းကြယ်သော ဗိမာန်ထက်သို့ တက်၍ ကောင်းကင်ခရီးဝယ် တစ်ဆယ့်ငါးရက် လပြည့်နေ့၌ ထွက်သော လမင်းကဲ့သို့ ထို ဗိမာန်ထက်၌ နေဘိ၏။

သင်၏ အဆင်းသည် ရွှေအဆင်းနှင့် တူသည်ဖြစ်၍ ဦးသစ်သော သိင်္ဂီရွှေကဲ့သို့ တင့်တယ်လျက် အလွန်လျှင် ရှုချင်ဖွယ် ရှိလှပါပေ၏၊ သင်သည် အတုမရှိ မြတ်သောသူတို့အားသာ ထိုက်တန်သော ပလ္လင်မြတ်၌ တစ်ယောက်တည်းဖြစ်လျက် နေဘိ၏၊ သင့်အား လင်ယောက်ျား မရှိခဲ့လေယောင်တကား၁။

နတ်သမီး သင်၏ ဤရေကန်တို့သည် ထက်ဝန်းကျင် များသော ပန်း ရှိကုန်၏၊ များသော ပဒုမ္မာကြာ ရှိကုန်၏၊ ရွှေသဲမှုန်တို့ဖြင့် ထက်ဝန်းကျင် ရောပြွမ်းကုန်၏၊ ထိုရေကန်တို့၌ ညွန်သည်လည်းကောင်း၊ မှော်သည်လည်းကောင်း မရှိပေ။

ရှုချင်ဖွယ်ရှိ၍ နှလုံးမွေ့လျော်ဖွယ်ဖြစ်ကုန်သော ဤဟင်္သာတို့သည် လည်း ဥတု အားလုံးတို့၌ ရေအပြင်ဝယ် လှည့်လည်ကုန်၏၊ အလုံးစုံသော ဟင်္သာတို့သည် ပေါင်းစပ်စုဝေး ကြကုန်၍ နတ်စည်သံကဲ့သို့ သာယာလုံးစည်းသော အသံကို တွန်ကျူးကြကုန်၏။

ကျော်စောသတင်း ပျံ့နှံ့ခြင်းရှိသော နတ်သမီး သင်သည် နတ်တန်ခိုးဖြင့် ထွန်းလင်း တောက်ပလျက် ရေ၏အလယ် တင့်တယ်သော လှေ၌ မှီ၍ တည်နေဘိ၏၊ ကော့၍ ရှည်လျားသော မျက်တောင်ရှိလျက် ပြုံးရွှင်၍ ချစ်ဖွယ်သော စကားကို ပြောဆိုတတ်သော အလုံးစုံအင်္ဂါကြီးငယ်တို့ဖြင့် ကောင်းမြတ်သော သင် နတ်သမီးသည် အလွန်နှစ်သက်စဖွယ် တင့်တယ်လှပါပေ၏။

ဤဗိမာန်သည် အပြစ်ကင်းလျက် ညီမျှသော မြေအဖို့၌ တည်၏၊ နန္ဒဝန်ဥယျာဉ်နှင့် တူသော ဤဥယျာဉ်သည် မွေ့လျော်ခြင်း နှစ်သက်ခြင်းကို တိုးပွါးစေပါ၏၊ အင်္ဂါကြီးငယ်နှင့် ပြည့်စုံ၍ ရှုမငြီးသော မိန်းမပျို ငါသည် သင်နှင့် အတူတကွ ဤနန္ဒဝန်ဥယျာဉ်၌ မွေ့လျော် လိုပါ၏ဟု (လုလင်က ဆို၏)။

ဤနတ်ဗိမာန်၌ ခံစားရခြင်း၏ အကြောင်းဖြစ်သော ကုသိုလ်ကံကို ပြုပါလော့၊ ဤနတ်ဗိမာန်၌ သင်၏ စိတ်ကိုလည်း ညွတ်ပါလော့၊ ဤနတ်ဗိမာန်၌ ခံစားရခြင်း၏ အကြောင်း ဖြစ်သော ကုသိုလ်ကံကို ပြုသည်ရှိသော် ဤသို့ ပြုခြင်းအားဖြင့် အလိုရှိတိုင်း ခံစားရသော ငါ့ကို သင်သည် ရလတ္တံ့ဟု (ပြိတ္တာမက ပြော၏)။

ထိုလုလင်သည် ထိုဝိမာနပြိတ္တာမ၏ စကားကို ကောင်းပြီဟု ဝန်ခံ၍ ထိုဗိမာန်၌ ခံစားရခြင်း၏အကြောင်းဖြစ်သော ကုသိုလ်ကံကို ပြု၏၊ ထိုဗိမာန်၌ ခံစားရခြင်း၏ အကြောင်း ဖြစ်သော ကုသိုလ်ကံကို ပြုခြင်းကြောင့် ထိုလုလင်သည် ထိုပြိတ္တာမ၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏။