သာဏဝါသီထေရပေတဝတ္ထု(အကုသိုလ်ပြုသူများ)

သာဏဝါသီထေရပေတဝတ္ထု(အကုသိုလ်ပြုသူများ)

သာဏမထေရ်၏ မိဘဆွေမျိုးများသည် အကုသိုလ်ကို ပြုခဲ့ကြသော ကြောင့် သေလွန် ကြသောအခါပြိတ္တာဘဝ၌ အဝတ်မပါ အစာမရ ဒုက္ခကြီးစွာ တွေ့နေကြရသည်ကို သာဏမထေရ် တွေ့မြင်၍ အလှူအတန်းပြုကာ အမျှဝေသဖြင့် ချမ်းသာသုခရရှိကြသော ပြိတ္တာများ

မကောင်းမှုမှ ငြိမ်းအေးစေပြီးသော ပွါးများပြီးသော ဣန္ဒြေရှိသော ကုဏ္ဍိမြို့သားပေါဋ္ဌပါဒမည်သော မထေရ်သည် သာဏတောင်၌ သီတင်းသုံးနေတော်မူ၏။

ထိုသာဏဝါသီမထေရ်၏ အမိ အဖ အစ်ကို တို့သည် မကောင်းမှုကံကို ပြုကြကုန်သောကြောင့် မကောင်းသော အလားရှိကာ ယမမင်းနိုင်ငံ ပြိတ္တာဘုံလျှင် လားရာရှိကုန်သည်ဖြစ်၍ ဤလူ့ပြည်မှပြိတ္တာဘုံသို့ လားရောက်ကြရကုန်၏။

ဒုဂ္ဂတိဘုံသို့ လားရောက်ကြရကုန်သော ထိုသူတို့သည် အပ်ဖြင့် ထိုးဆွသကဲ့သို့ ငတ်မွတ်ခြင်းဖြင့်အနှိပ်စက်ခံရသူ၊ ပင်ပန်းသော ကိုယ်စိတ်ရှိသူ၊ အဝတ်မရှိသူ၊ ပိန်ချုံးသူ၊ ထိတ်လန့်ကြောက်ရွံ့ကြသူ၊ များစွာ ကြောက်ခြင်းရှိသူတို့ ဖြစ်ကြကုန်လျက် ကြမ်းတမ်းသော မကောင်းမှုရှိကြကုန်ရကား မိမိကိုယ်ကို ထင်စွာ မပြဝံ့ကြကုန်။

ထိုသာဏဝါသီမထေရ်၏ အစ်ကို သည် အဝတ်မပါဘဲ ခြေတစ်ဖဝါး သွားသာရှိသော လမ်းကျဉ်း၌အဆောတလျင် တစ်ယောက်တည်း လေးဘက်ထောက်သွားလျက် မထေရ်အား ကိုယ်ထင်ပြ၏။

မထေရ်သည်ကား နှလုံးမသွင်းသောကြောင့် စကားမဆိုမူ၍ လွန်သွား၏၊ ထိုပြိတ္တာ သည်လည်း (ဤသို့) မထေရ်အား သိစေ၏၊ အကျွန်ုပ်သည် သင်၏ အစ်ကိုပါတည်း၊ ပြိတ္တာ ဘုံသို့ ရောက်နေရပါ၏။

အရှင်ဘုရား သင်၏ အမိသည်လည်းကောင်း၊ အဖသည်လည်းကောင်း မကောင်းမှု ကံကို ပြုကြကုန်သောကြောင့် မကောင်းသော အလားရှိကာ ယမမင်းနိုင်ငံ ပြိတ္တာဘုံလျှင် လား ရာရှိကုန်သည်ဖြစ်၍ ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်ကြရကုန်၏။

ဒုဂ္ဂတိဘုံသို့ လားရောက်ကြရကုန်သော ထိုအမိအဖတို့သည် အပ်ဖြင့် ထိုးဆွသကဲ့သို့ငတ်မွတ်ခြင်းဖြင့် အနှိပ်စက်ခံရသူ၊ ပင်ပန်းသော ကိုယ်စိတ်ရှိသူ၊ အဝတ်မရှိသူ၊ ပိန်ချုံးသူ၊ ထိတ်လန့်ကြောက်ရွံ့ကြသူ၊ များစွာကြောက်ခြင်းရှိသူတို့ ဖြစ်ကြကုန်လျက် ကြမ်း တမ်းသော မကောင်းမှုရှိကြကုန်ရကား မိမိကိုယ်ကို ထင်စွာ မပြဝံ့ကြကုန်။

အရှင်ဘုရား သနားခြင်းရှိတော်မူသော အရှင်ဘုရားသည် သနားစောင့်ရှောက် ချီးမြှောက်တော်မူပါလော့၊ အကျွန်ုပ်တို့အတွက် ပေးလှူ၍ ကုသိုလ်အဖို့ကို ရည်ညွှန်းပေးဝေပါ လော့၊ အရှင်ဘုရား ပေးလှူအပ်သော အလှူဒါနဖြင့် ကြမ်းတမ်းသော မကောင်းမှုရှိသော မိဖ တို့သည် မျှတကြပါကုန်လတ္တံ့ဟု (အစ်ကို ပြိတ္တာက ပြော၏)။

သာဏဝါသီမထေရ်သည်လည်းကောင်း၊ အခြားရဟန်းတစ်ဆယ့်နှစ်ပါးတို့သည် လည်း ကောင်း ဆွမ်းခံလှည့်လည် ကြကုန်၍ ဆွမ်းကိစ္စဟူသော အကြောင်းကြောင့် တစ်ပေါင်းတည်း စုဝေးကြကုန်၏။

သာဏဝါသီမထေရ်သည် အလုံးစုံသော ရဟန်းတို့အား ”အရှင်တို့ အရှင်တို့သည် ရသမျှသော ဆွမ်းကို အကျွန်ုပ်အား ပေးကြပါကုန်လော့၊ ဆွေမျိုးတို့ကို ချီးမြှောက်ရန် သံဃာ အားဆွမ်းလုပ်ကျွေးခြင်းကို အကျွန်ုပ် ပြုလိုပါ၏”ဟု ပြောဆို၏။

တစ်ကျိပ်နှစ်ပါးသော ရဟန်းတို့သည် သာဏဝါသီမထေရ်အား ရသမျှဆွမ်းကို လှူဒါန်းဆောင်နှင်းကြကုန်၏၊ သာဏဝါသီမထေရ်သည် သံဃာကို ပင့်ဖိတ်၏၊ သာဏဝါသီ မထေရ်သည်ပေးလှူပြီးလတ်သော် ”ငါ၏ ဤအလှူသည် ဆွေမျိုးတို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ”ဟု အမိအားလည်းကောင်း၊ အဖအားလည်းကောင်း၊ အစ်ကို အားလည်းကောင်းအလှူ၏အဖို့ကို ရည်ညွှန်းပေးဝေ၏။

ရည်ညွှန်းပေးဝေပြီးသည်၏ အခြားမဲ့၌ ပြိတ္တာတို့အား စင်ကြယ် မွန်မြတ်၍ အရသာ နှင့်ပြည့်စုံသော အထူးထူးသော အရသာရှိသည့် ဟင်းတို့နှင့်ယှဉ်သော ဘောဇဉ်သည် ဖြစ် ပေါ်လာတော့၏။

ထိုနောက် အစ်ကို သည် အဆင်းခွန်အားနှင့် ပြည့်စုံလျက် ချမ်းသာခြင်းရှိသည်ဖြစ်၍ ကိုယ်ထင်ပြ၏၊ အရှင်ဘုရား ဘောဇဉ်သည် များပြားလှပါ၏၊ (သို့သော်) ကြည့်တော်မူပါဦး လော့၊ အကျွန်ုပ်တို့သည် အဝတ်မဆီး အချည်းနှီးသာ ဖြစ်ကြပါကုန်သေး၏၊ အရှင်ဘုရား အကျွန်ုပ်တို့အဝတ်ရနိုင်လောက်သော အခြင်းအရာဖြင့် လုံ့လ ပြုတော်မူပါဦးလော့ (ဟု အစ်ကို ပြိတ္တာကသာဏဝါသီမထေရ်ကို လျှောက်ပြန်၏)။

သာဏဝါသီမထေရ်သည် အမှိုက်ပုံမှ အနားပြတ်သော ပုဆိုးအပိုင်းအစတို့ကို ရှာမှီး ကောက်ယူ၍ ပုဆိုးကြမ်း သင်္ကန်းပြုလျက် စာတုဒ္ဒိသာသံဃာအား ပေးလှူ၏။

သာဏဝါသီမထေရ်သည် သင်္ကန်းပေးလှူပြီး၍ ”ငါ၏ ဤအလှူသည် ဆွေမျိုး တို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ”ဟု အမိအားလည်းကောင်း၊ အဖအားလည်းကောင်း၊ အစ်ကို အားလည်းကောင်း အလှူ၏ အဖို့ကို ရည်ညွှန်းပေးဝေ၏။

ရည်ညွှန်းပေးဝေသည်၏ အခြားမဲ့၌ ပြိတ္တာတို့အား အဝတ်တို့သည် ဖြစ်ကုန်၏၊ ထို့နောက်အစ်ကို ပြိတ္တာသည် ကောင်းသော အဝတ်ကို ဝတ်လျက် မထေရ်အား မိမိကိုယ်ကို ကိုယ်ထင်ပြ၏။

နန္ဒမင်း၏ တိုင်းနိုင်ငံ၌ အကြင်မျှလောက် အဝတ်ပုဆိုးတို့သည် ရှိပါကုန်၏၊ အရှင် ဘုရားအကျွန်ုပ်တို့၏ အဝတ်ပုဆိုးတို့သည် ထိုအဝတ်တို့ထက် များပါကုန်၏။

ပိုးကမ္ဗလာထည်တို့သည်လည်းကောင်း၊ ခေါမထည် ဝါချည်ထည်တို့သည်လည်းကောင်း အလျား အနံအားဖြင့်လည်း ကျယ်ပြန့်ပါကုန်၏၊ အဖိုးများစွာလည်း ထိုက်ပါကုန်၏၊ ထိုအဝတ်တို့သည် လည်း ကောင်းကင်၌သာ တွဲရရွဲကျကုန်၏။

ထိုအကျွန်ုပ်တို့သည် စိတ်နှစ်သက်ရာရာ အဝတ်ကို ဝတ်ဆင်ရပါကုန်၏၊ အရှင် ဘုရားအကျွန်ုပ်တို့သည် အိမ်တို့ကို ရနိုင်လောက်သော အခြင်းအရာဖြင့် လုံ့လပြုတော်မူပါဦး လော့ဟု (လျှောက်ပြန်၏)။

သာဏဝါသီမထေရ်သည် သစ်ရွက်မိုးကျောင်းကို ဆောက်လုပ်၍ စာတုဒ္ဒိသာသံဃာ အားပေးလှူ၏၊ သာဏဝါသီမထေရ်သည် ပေးလှူပြီး၍ ”ငါ၏ ဤအလှူသည် ဆွေမျိုး တို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ”ဟု အမိအားလည်းကောင်း၊ အဖအားလည်းကောင်း၊ အစ်ကို အားလည်းကောင်း အလှူ၏အဖို့ကို ရည်ညွှန်းပေးဝေ၏။

ရည်ညွှန်းပေးဝေပြီးသည်၏ အခြားမဲ့၌ ထိုပြိတ္တာတို့အား ပုံစံတူဖြစ်သော စုလစ် မွန်းချွန်အထွတ်တပ်သော အိမ်တို့သည် ဖြစ်ပေါ်ကုန်၏။

ဤပြိတ္တာဘုံ၌ ငါတို့၏ အိမ်တို့သည် အကြင်သို့သော သဘောရှိ၏၊ ဤသို့သော သဘောရှိသော အိမ်တို့သည် လူ့ပြည်တို့၌ မရှိပါကုန်၊ နတ်ပြည်တို့၌ အိမ်တို့သည် အကြင်သို့သော သဘော ရှိကုန်၏၊ ဤပြိတ္တာဘုံ၌ ငါတို့၏ အိမ်တို့သည် ထိုသို့သော သဘောရှိပါ ကုန်၏။

အကျွန်ုပ်တို့၏ အိမ်တို့သည် အရောင်ဖြင့် ထွန်းပလျက် ထက်ဝန်းကျင် အရပ် လေးမျက်နှာတို့ကို တင့်တယ် စေပါကုန်၏၊ အရှင်ဘုရား အကျွန်ုပ်တို့သည် သောက်ရေကို ရနိုင် လောက်သော အခြင်းအရာအားဖြင့် လုံ့လပြုတော်မူပါဦးလော့ဟု (လျှောက်၏)။

သာဏဝါသီမထေရ်သည် ဓမကရိုဏ်ရေစစ်ကို (ရေဖြင့်) ပြည့်စေ၍ စာတုဒ္ဒိသာ သံဃာအားပေးလှူ၏၊ မထေရ်သည် ရေပေးလှူပြီး၍ ”ငါ၏ ဤအလှူသည် ဆွေမျိုးတို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ”ဟု အမိအားလည်းကောင်း၊ အဖအားလည်း ကောင်း၊ အစ်ကို အားလည်းကောင်း အလှူ၏အဖို့ကို ရည်ညွှန်းပေးဝေတော်မူ၏။

ရည်ညွှန်းပေးဝေပြီးသည်၏ အခြားမဲ့၌ ထိုပြိတ္တာတို့အားသောက်ရေသည် ဖြစ်၏၊ အေးမြသော ရေရှိကုန်သော၊ ကောင်းသော ဆိပ်ကမ်းရှိကုန်သော၊ အေးမြ၍ မွှေးပျံ့ ကြိုင်လှိုင်သော ရနံ့ရှိကုန်သော၊ ကောင်းစွာ ဖန်ဆင်း အပ်ကုန်သော နက်သော လေးထောင့် ရေကန်တို့သည် ပဒုမ္မာကြာ, ဥပ္ပလကြာတို့ဖြင့်ဖုံးလွှမ်းကုန်သည်ဖြစ်၍ ရေ၏ အထက်၌ ကြာ ဝတ်ဆံတို့ဖြင့် ဖုံးလွှမ်းလျက် ပြည့်ကုန်၏။

ထိုပြိတ္တာတို့သည် ထိုရေကန်၌ ချိုးသောက်ပြီးနောက် သာဏဝါသီမထေရ်အား ကိုယ်ထင်ပြကုန်၏၊ အရှင်ဘုရားသောက်ရေသည် များပြားလှပါပြီ၊ အကျွန်ုပ်တို့၏ ခြေတို့ သည်နာကျင်ပါကုန်၏၊ ပြတ်ကွဲပါကုန်၏၊ ကျောက်စရစ်, သမန်းမြက်, ဆူးငြောင့်ရှိသော အရပ်၌လှည့်လည်ကြရကုန်သော အကျွန်ုပ်တို့သည် ခြေခွင်လျက် သွားကြရပါကုန်၏၊ အရှင် ဘုရားအကျွန်ုပ်တို့သည် ယာဉ်ကို ရနိုင်လောက်သော အခြင်းအရာဖြင့် လုံ့လပြုတော်မူပါဦး လော့ဟု (လျှောက်ကြကုန်၏)။

သာဏဝါသီမထေရ်သည် တစ်လွှာတစ်ထပ်သာရှိသော ဖိနပ်ကို ရ၍ စာတုဒ္ဒိသာ သံဃာအားပေးလှူ၏၊ မထေရ်သည် ပေးလှူပြီး၍ ”ငါ၏ ဤအလှူသည် ဆွေမျိုးတို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ”ဟု အမိအားလည်းကောင်း၊ အဖအားလည်း ကောင်း၊ အစ်ကို အားလည်းကောင်း အလှူ၏အဖို့ကို ရည်ညွှန်းပေးဝေ၏။

ရည်ညွှန်းပေးဝေပြီးသည်၏ အခြားမဲ့၌ မထေရ်၏ အဆွေအမျိုးပြိတ္တာတို့သည် ရထားဖြင့်မထေရ်ထံသို့ လာကုန်၏၊ အရှင်ဘုရား ထမင်းကို လှူခြင်းဖြင့်လည်းကောင်း၊ အဝတ်ပုဆိုးကို ့လှူခြင်းဖြင့်လည်းကောင်း –

အိမ်ကို လှူခြင်းဖြင့်လည်းကောင်း၊ သောက်ရေကို လှူခြင်းဖြင့်လည်းကောင်း၊ ယာဉ် (ဖိနပ်) ကို လှူခြင်းဖြင့် လည်းကောင်း (ယာဉ်ကို ပေးလှူခြင်း, ထမင်းစသည့် ပစ္စည်းလေးပါးကို ပေးလှူခြင်း) နှစ်ပါးစုံဖြင့် အရှင်ဘုရားသည် အကျွန်ုပ်တို့ကို သနားချီးမြှောက်အပ်ပါကုန်၏၊ အရှင်ဘုရား လောက၌ သနားခြင်း ကရုဏာရှိသော ရဟန်းကို ရှိခိုးခြင်းငှါ လာရောက် ကြပါကုန်၏ဟု (လျှောက်ကုန်၏)။