အဘိဇ္ဇမာနပေတဝတ္ထု(ကောင်းမှုမပြုခဲ့ကြသူများ)

အဘိဇ္ဇမာနပေတဝတ္ထု(ကောင်းမှုမပြုခဲ့ကြသူများ)

ရှေးဘဝလူဖြစ်စဉ် အလှူဝတ္တုရှိကုန်လျက် ကောင်းမှုမပြုခဲ့ကြ၊ လှူမည့်အစား စွန့်ပစ် လိုက်ကြသေး၏။ ဝန်တိုခြင်းများ၍ အလှူခံတို့ကို ဆဲရေးခဲ့သော ကြောင့် သေလွန်သောအခါ ပြိတ္တာတပိုင်း လူတပိုင်းဖြင့် အဝတ်မပါ ဗလာကျင်းနေရသည့် အဖြစ်ဆိုး၌ ဖြစ်ကြရသော ပြိတ္တာများဝတ္ထု

ပြိတ္တာကြီး (ခြေချလိုက်ခြင်းကြောင့်) မပျက်စီး မပြိုကွဲသော ဤဂင်္ဂါမြစ်ရေ၌ အဝတ် မပါဘဲကိုယ်ချည်းသာလျှင် ရှေ့ထက်ဝက်က ပြိတ္တာမဟုတ်သကဲ့သို့ ပန်းတို့ကို ပန်ဆင်ကာ အဆင်တန်ဆာတို့ကို ဆင်မြန်းလျက် သွားဘိ၏၊ သင်သည် အဘယ်အရပ်သို့ သွားမည်နည်း၊ သင်သည် အဘယ်အရပ်၌နေရမည်နည်းဟု (ကောလိယအမတ်က မေး၏)။

ငါသည်ကား ဝါသဘရွာနှင့် ဗာရာဏသီပြည်၏အကြား ဗာရာဏသီ၏ အနီး၌ တည်သော စုန္ဒဋ္ဌိလရွာသို့ သွားပါအံ့ဟု ထိုပြိတ္တာက ပြောဆို၏။

ကောလိယဟု ကျော်ကြားသော အမတ်ကြီးသည် ထိုပြိတ္တာကို မြင်၍ ပြိတ္တာအား မုန့်ကိုလည်းကောင်း ထမင်းကိုလည်းကောင်း ရွှေသော အဆင်းရှိသော အဝတ်ပုဆိုး အစုံကိုလည်းကောင်း ပေး၏။

လှေကို ရပ်တည်စေပြီးလျှင် ထိုလှေရှိ တစ်ယောက်သော ဆတ္တာသည်အား အဝတ် ပုဆိုးအစုံကို ပေးလှူစေ၏၊ ဆတ္တာသည်အား ပေးလှူလိုက်သည်ရှိသော် တစ်ခဏချင်း ပြိတ္တာ၏ ကိုယ်၌ ပုဆိုးအစုံကို တွေ့မြင်ရလေတော့၏။

ထို့နောက် ထိုပြိတ္တာသည် ကောင်းသော အဝတ်ကို ဝတ်ရုံပြီးလျှင် ပန်းတို့ကို ပန်ဆင်ကာအဆင်တန်ဆာကို ဆင်မြန်းလျက် တည်နေ၏၊ (ဝမ်းမြောက်နိုင်လောက်အောင် နီးကပ်ရာအရပ်၌) တည်နေသော ပြိတ္တာအား မြတ်သော အလှူ၏အကျိုးသည် ကပ်ရောက် ဖြစ်ပေါ်လာ၏၊ ထို့ကြောင့်ပြိတ္တာတို့အား အစဉ်သနားသဖြင့် (ပြိတ္တာတို့ကို ရည်ညွှန်း၍) အဖန်ဖန် အထပ်ထပ် မြတ်သော အလှူကို ပေးလှူရာ၏။

ပြိတ္တာအချို့တို့သည် စုတ်ပြတ်သော အဝတ်ကို ဝတ်ကြရကုန်၏၊ အချို့ပြိတ္တာတို့သည် ကားဆံပင်ဖြင့် ကိုယ်ကို ဖုံးလွှမ်းကုန်လျက် အစားအစာအလို့ငှါ သွားကြရကုန်၏၊ တစ် ရပ်မှ တစ်ရပ်သို့ရွှေ့ပြောင်းသွားလာ ကြရကုန်၏။

အချို့ပြိတ္တာတို့သည် ဝေးသော အရပ်သို့ ပြေးသွားကြကုန်သော်လည်း (တစ်စုံ တစ်ခုကို မျှ) မရကြကုန်သောကြောင့် ပြန်လာကြရကုန်၏၊ ဆာလောင်ခြင်းဖြင့် တွေဝေကုန်သည် ဖြစ်၍ တုန်လှုပ်ကုန်လျက် မြေ၌ လဲကျကြရကုန်၏။

ရှေးဘဝ၌ ကုသိုလ်ကောင်းမှုကံကို မပြုခဲ့ကြရကုန်သော ထိုပြိတ္တာတို့သည် နွေအခါ နေပူရာအရပ်၌မီးလောင်ခံကြရသကဲ့သို့ ထိုရောက်ရာအရပ်ဝယ် မြေ၌ ပုတ်ခတ်အပ်ကုန်သကဲ့သို့ လဲကျကြရကုန်၏။

ရှေးဘဝက ယုတ်မာသော သဘောရှိကုန်သော ငါတို့သည် အမျိုးသူငယ်တို့၏ အမိအိမ်ရှင်မတို့ပါတည်း၊ လှူဖွယ်ဝတ္ထုတို့ ရှိကုန်လျက် မိမိ၏ မှီခိုရာ ကျွန်းသဖွယ်ဖြစ်သော ကုသိုလ်ကောင်းမှုကို မပြုခဲ့မိကြကုန်။

ထမင်းအဖျော်သည် များပင်များသော်လည်း စင်စစ် စွန့်ပစ်လိုက်ပါ၏၊ ကောင်းစွာ ကျင့်သော အရှင်ရဟန်းတို့ ထင်စွာရှိကြပါကုန်လျက် ထိုရဟန်းတို့အား တစ်စုံတစ်ခုကို မျှ မပေးလှူခဲ့ ကြပါကုန်။

ငါတို့သည် သူတော်ကောင်းတို့ မပြုသင့်မပြုထိုက်သော အကုသိုလ်ကို သာ ပြုလိုကြ ကုန်၏၊ ကုသိုလ်ပြုမှု၌ နှောင့်နှေး ပျင်းရိကြကုန်၏၊ ချိုမြိန် ကောင်းမြတ်သောဝတ္ထုကို သာ မြတ်နိုးကြကုန်၏၊ အစားကြီးကြပါကုန်၏၊ တစ်လုတ်စာမျှသော ဘောဇဉ်ကို ပေးလှူသူတို့ကိုလည်းကောင်း၊ အလှူခံတို့ကိုလည်းကောင်း ဆဲရေးကြိမ်းမောင်းတတ်ကြကုန်၏။

(ငါတို့၏) ထိုအိမ်တို့သည်လည်းကောင်း၊ ထိုကျွန်မတို့သည်လည်းကောင်း၊ ထိုတန်ဆာတို့သည်လည်းကောင်း ငါတို့အား မကပ်ရောက်တော့ကုန်၊ အခြားသူတို့သည် သာထိုအိမ်စသည်တို့ကို သုံးဆောင်ကုန်၏၊ ငါတို့သည် ကား (ကုသိုလ်ပြုရမည်ကို မသိမူ၍ ယခု အခါ) ဆင်းရဲခြင်း၏အဖို့ ရှိကုန်၏။

(ထိုပြိတ္တာတို့သည် လူဖြစ်လာကြကုန်သော်) အယုတ်အားဖြင့် သိမှတ်အပ်ကုန်သော နှီးရွေထရံရက်သမားတို့သည်လည်းကောင်း၊ သားရေနယ်သမားတို့သည်လည်းကောင်း၊ အဆွေပြစ်မှား မိတ်ဖျက်သမားတို့သည်လည်းကောင်း၊ စဏ္ဍာလတို့သည်လည်းကောင်း၊ ဆင်းရဲနွမ်းပါးသူတောင်းစားတို့သည်လည်းကောင်း၊ ဆတ္တာသည်တို့သည်လည်းကောင်း အဖန်တလဲလဲ ဖြစ် ကြရကုန်၏။

အကြင်အကြင် အမျိုးတို့သည် ယုတ်ညံ့ကုန်၏၊ ဆင်းရဲနွမ်းပါးကုန်၏၊ ထိုထိုအမျိုးတို့၌ သာလျှင်ဖြစ်ရကုန်၏၊ ဤသည်ကား ဝန်တိုမှု ‘မစ္ဆရိယ’ ရှိသူ၏ လားရာ’ဂတိ’ ပင်တည်း။

အကြင်သူတို့သည် ကား ရှေးဘဝ၌ ကုသိုလ်ကောင်းမှုကို ပြုကြဖူးကုန်၏၊ ပေးလှူ တတ်ကုန်၏၊ ဝန်တိုမှု ‘မစ္ဆရိယ’ ကင်းကုန်၏၊ ထိုသူတို့သည် နတ်ပြည်လောကကို ပြည့်စေ ကုန်၏၊ နန္ဒဝန်ဥယျာဉ်ကိုလည်း ထွန်းလင်းတောက်ပစေကုန်၏။

အလိုရှိအပ်သော ကာမဂုဏ်တို့၌ အလိုရှိတိုင်း သုံးဆောင်ခံစားကြကုန်သော ထိုသူ တို့သည် ဝေဇယန္တာပြာသာဒ်၌ ပျော်ပါးကြပြီး၍ ထိုနတ်ပြည်မှ စုတေသော် စည်းစိမ်ဥစ္စာ ရှိသော မြင့်မြတ်သော အမျိုးတို့၌ ဖြစ်ကြရကုန်၏။

စုလစ်မွန်းချွန်း အထွတ်တပ်သော ပြာသာဒ်ဆောင်၌လည်းကောင်း၊ မွေးရှည်ကော် ဇောခင်းထားအပ်သော ပလ္လင်၌လည်းကောင်း လက်၌ စွဲကိုင်သော ဥဒေါင်းမြီးစည်းယပ်တို့ဖြင့် ယပ်လေခတ်ကုန်လျက် အခြံအရံ များသည်ဖြစ်၍ မြတ်သော အမျိုး၌ ဖြစ်ကြရကုန်၏။

သူငယ်ဘဝ၌လည်း ရင်ခွင်တစ်ခုမှ ရင်ခွင်တစ်ခုသို့ ရောက်ကုန်၏၊ ပန်းပန်လျက် အဆင်တန်ဆာဆင်မြန်းကုန်သော အထိန်းအယတို့သည် ညနံနက်တိုင်း ချမ်းသာကို ရှာမှီးကြ ကုန်လျက် ပြုစုလုပ်ကျွေးကြကုန်၏။

ပူဆွေးမှု’သော က’မရှိသော နှစ်သက်ဖွယ်ရှိသော မွေ့လျော်ဖွယ်ကောင်းသောတာဝတိံသာနတ်တို့၏ဤဥယျာဉ်ကြီးသည် မကောင်းမှုပြုသူတို့အတွက် ဖြစ်သည်မဟုတ်၊ ကောင်းမှုပြုပြီးသူတို့အတွက်သာလျှင်ဖြစ်၏။

မကောင်းမှုကို ပြုပြီးသူတိုု့အား ချမ်းသာသုခသည် ဤလောက၌လည်းမရှိ၊ တမလွန်လောက၌လည်း မရှိ၊ ကောင်းမှုပြုပြီးသူတို့အားသာလျှင် ချမ်းသာသုခသည် ဤ လောက၌လည်းဖြစ်၏၊ တမလွန်လောက၌လည်း ဖြစ်၏။

ထိုနတ်တို့၏ အပေါင်းအဖော် အသင်းဝင်ဖြစ်လိုသူတို့သည် ကုသိုလ်ကောင်းမှုကို များစွာပြုအပ်၏၊ ကောင်းမှုပြုပြီးသူတို့သည် သာ နတ်ပြည်၌ စည်းစိမ်နှင့် ပြည့်စုံကုန်သည် ဖြစ်၍ ဝမ်းမြောက်ကြရကုန်၏။