ဥဗ္ဗရိပေတဝတ္ထု(မေတ္တာပွားခြင်း အကျိုး)

ဥဗ္ဗရိပေတဝတ္ထု(မေတ္တာပွားခြင်း အကျိုး)

လင်ဖြစ်သူ ရှင်ဘုရင်သေဆုံး၍ ယူကျုံးမရ ငိုကြွေးနေသော မိဖုရားကို ပညာရှိရသေ့က ဗြဟ္မဒတ်မင်းပေါင်း ရှစ်သောင်းလေးထောင်ရှိကြောင်း ဘဝဟောင်းဖြစ်ထွေကို အခြေကျကျရှင်းလင်းပြသဖြင့် သောက ကင်းစင်လျက် လူ့အသွင်ကို ပယ်ရှား ရသေ့အဝတ်အစားဖြင့် မေတ္တာပွားသော ဥဗ္ဗ္ဗ္ဗရီမိဖုရားဝတ္ထု

ပဉ္စာလတိုင်းသူတို့၏ ရထားစီးချင်း မင်းထက်မင်းဖြစ်သော ဗြဟ္မဒတ်မည်သော မင်း သည်ဖြစ်ခဲ့ဖူး၏၊ ထိုဗြဟ္မဒတ်မင်းသည် နေ့ညဉ့်ကာလ ရှည်လျားကုန်လွန်လတ်သော် နတ်ရွာ စံခဲ့လေ၏။

ထိုမင်း၏ ဥဗ္ဗရီမည်သော မိဖုရားသည် သုသာန်သို့ သွား၍ ဗြဟ္မဒတ်မင်းကို မမြင် ရသည်ဖြစ်ပါလျက် ”ဗြဟ္မဒတ်မင်းမြတ်”ဟု ငိုကြွေးမြည်တမ်း၏။

အကျင့်နှင့် ပြည့်စုံ၍ ပညာရှိသော ရသေ့သည် ထိုသုသာန်သို့ ရောက်လာခဲ့ပြီ၊ ထိုရသေ့သည်ထိုသုသာန်၌ အညီအညွတ် စုဝေးရောက်လာကြကုန်သောသူတို့ကို မေး၏။

အထူးထူးသော အနံ့တို့ဖြင့် ထုံအပ်သော ဤသင်္ချိုင်းသည် အဘယ်သူ၏ သင်္ချိုင်း နည်း၊ အကြင်မိန်းမသည် ဤလူ့ဘဝမှ တမလွန်ဘဝဟူသော အဝေးသို့ ပြောင်းသွားသော ဗြဟ္မဒတ်မည်သော လင်ကို မတွေ့မမြင်ရဘဲလျက် ဗြဟ္မဒတ်မင်းဟု ငိုယိုမြည်တမ်းနေဘိ၏၊ ယင်းသို့ ငိုယိုမြည်တမ်း နေသော ဤမိန်းမသည် အဘယ်သူ၏ မယားနည်း (ဟု မေး၏)။

(ထိုသို့မေးသည်ရှိသော်) ထိုသုသာန်၌ အညီအညွတ်စုဝေးရောက်လာကြကုန်သောသူတို့က (ဤသို့) ဖြေကြား ကြကုန်၏၊ ”အရှင်ရသေ့ ထိုသင်္ချိုင်းသည် ဗြဟ္မဒတ်မင်း၏ သင်္ချိုင်းပါတည်း၊ အရှင်ရသေ့ ထိုသင်္ချိုင်းသည် ဗြဟ္မဒတ်မင်း၏ သင်္ချိုင်းပါတည်း။

အထူးထူးသော အနံ့တို့ဖြင့်ထုံအပ်သော ဤသင်္ချိုင်းသည် ထိုဗြဟ္မဒတ်မင်း၏ သင်္ချိုင်းပါတည်း၊ ဤလူ့ဘဝမှ တမလွန်ဘဝဟူသော အဝေးသို့ ပြောင်းသွားသော ဗြဟ္မဒတ် မည်သော လင်ကို မတွေ့မမြင်ရပါဘဲလျက် ဗြဟ္မဒတ်မင်းဟု ငိုယိုမြည်တမ်းသော ဤ မိန်းမသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုရားပါတည်း”ဟု (ဖြေကြားကုန်၏)။

ဤသင်္ချိုင်း၌ မီးရှို့အပ်ကုန်သော ဗြဟ္မဒတ်ဟုအမည်ရသူတို့သည် ရှစ်သောင်း ခြောက်ထောင်မျှရှိကုန်၏၊ ထိုရှစ်သောင်းခြောက်ထောင်သော ဗြဟ္မဒတ်မင်းတို့တွင် အဘယ် ဗြဟ္မဒတ်မင်းကို (စွဲမှီ၍) ပူဆွေးဘိသနည်းဟု (ရသေ့က မေး၏)။

အရှင်ဘုရား ပဉ္စာလတိုင်းသူတို့၏ ရထားစီးချင်း မင်းထက်မင်းဖြစ်သော အကြင်ဗြဟ္မဒတ်မင်းသည် စူဠနီမင်း၏ သားပါတည်း၊ အလုံးစုံသော အလိုကို ပေးတတ်သော ဗြဟ္မဒတ် မည်သော ထိုလင်ကို (စွဲမှီ၍) ပူဆွေးပါ၏ဟု (ဥဗ္ဗရီက ဖြေ၏)။

အလုံးစုံ ရှစ်သောင်းခြောက်ထောင်ကုန်သော မင်းတို့သည် ဗြဟ္မဒတ်မင်းဟူသော အမည်ရှိကုန်သည် ချည်းသာတည်း၊ အလုံးစုံရှစ်သောင်းခြောက်ထောင်ကုန်သော ဗြဟ္မဒတ်မင်း တို့သည် ပဉ္စာလတိုင်းသူတို့၏ ရထားစီးချင်း မင်းထက်မင်းဖြစ်သော စူဠနီမင်း၏ သားတော် တို့ချည်းသာတည်း။

သင်သည် အလုံးစုံသော ဗြဟ္မဒတ်မင်းတို့၏ အစဉ်အဆက် မြတ်သော မိဖုရားကြီး အဖြစ်ကို ပြုစေခဲ့၏၊ သို့ဖြစ်ပါလျက် အဘယ့်ကြောင့် ရှေးလင်ဟောင်းဖြစ်သော ဗြဟ္မဒတ်မင်း တို့ကို စွန့်လျက် နောက်ဖြစ်သော ဗြဟ္မဒတ်မင်းကို စွဲ၍ ပူဆွေးဘိသနည်းဟု (ရသေ့က မေး၏)။

အရှင်ရသေ့ များစွာသော သံသရာ၌ မိန်းမအဖြစ်သို့ ရောက်သော အကျွန်ုပ်၏့မိဖုရားကြီးအဖြစ်ကို သင်ရသေ့သည် ပြောဟောဘိ၏၊ မိန်းမဖြစ်သော အကျွန်ုပ်၏ ခန္ဓာကိုယ်အတ္တဘော၌ ရှည်မြင့်စွာသော ကာလပတ်လုံး မိန်းမသာ ဖြစ်ပါသလောဟု (ဥဗ္ဗရီက မေး၏)။

သင်သည် တစ်ရံတစ်ခါ မိန်းမ ဖြစ်ခဲ့ဖူး၏၊ တစ်ရံတစ်ခါ ယောက်ျား ဖြစ်ခဲ့ဖူး၏၊ တိရစ္ဆာန်အဖြစ်သို့လည်း ရောက်ခဲ့ဖူး၏၊ ဤသို့လျှင် မိန်းမအဖြစ် ယောက်ျားအဖြစ် တိရစ္ဆာန်စသော အဖြစ်သို့ ရောက်ခဲ့ရသော သင်၏ လွန်ပြီးသော ဘဝတို့ အပိုင်းအခြားသည် ပညာစက္ခု ဖြင့်ကြည့်ရှုသော်လည်း မတွေ့မမြင် မထင်နိုင်တော့ပေဟု (ရသေ့က ဖြေ၏)။

ထောပတ်ဖြင့် သွန်းလောင်းထားသည်ဖြစ်၍ ရဲရဲညီးညီး တောက်လောင်နေသော မီးကို ရေဖြင့် သွန်းလောင်းလိုက် ဘိသကဲ့သို့ ထို့အတူ သင်သည်သော ကမီးတောက်လောင်နေသော အကျွန်ုပ်၏ပူပန်မှုအားလုံးကို ငြိမ်းအေး စေလေပြီတကား။

အရှင်ရသေ့သည် ပူဆွေးမှု ‘သော က’ နှိပ်စက်နေသော အကျွန်ုပ်အား လင်ကြောင့် ဖြစ်သော ပူဆွေးမှု ‘သော က’ကို ပယ်ဖျောက်ပါပေ၏၊ အရှင်ရသေ့သည် အကျွန်ုပ်၏ နှလုံး၌ မှီသော ပူဆွေးမှု’သော က’တည်းဟူသော ငြောင့်ကို နုတ်ပေပြီတကား။

အရှင်ရသေ့ ထိုအကျွန်ုပ်သည် ပူဆွေးမှု ‘သော က’ဟူသော ငြောင့်ကို နုတ်ပယ်ပြီးသူငြိမ်းအေးပြီးသူ ငြိမ်းချမ်းပြီးသူ ဖြစ်ပေတော့၏၊ အရှင်ရသေ့ အရှင်၏ တရားစကားကို ကြားနာရသောကြောင့် အကျွန်ုပ်သည် မပူဆွေးတော့ပါ၊ မငိုကြွေးတော့ပါဟု (ဥဗ္ဗရီက ပြော၏)။

ဥဗ္ဗရီမိဖုရားကြီးသည် ထိုရသေ့၏ ကောင်းစွာ ဟောအပ်သော ထိုတရားစကားကို ကြားနာရသောကြောင့် သပိတ်သင်္ကန်းကို ယူလျက် ရသေ့ရဟန်းဘောင်သို့ ဝင်ခဲ့၏။

ထိုဥဗ္ဗရီမိဖုရားသည် အိမ်ရာတည်ထောင် လူတို့ဘောင်မှ အိမ်ရာမထောင် ရသေ့ ရဟန်းဘောင်သို့ ဝင်ရောက်ပြီးသော် ဗြဟ္မာ့ပြည်သို့ ရောက်ရန် မေတ္တာနှင့်တကွသော စိတ်ကို ပွါးများ၏။

တစ်ရွာမှ တစ်ရွာသို့လည်းကောင်း၊ နိဂုံးတို့သို့လည်းကောင်း၊ မင်းနေပြည်တို့သို့လည်းကောင်း လှည့်လည်လတ်သော် အကြင်ရွာ၌ သေ၏၊ ထိုရွာသည် ဥရုဝေဠမည်သော ရွာပင်တည်း။

ဗြဟ္မာ့ပြည်သို့ ရောက်ရန် မေတ္တာနှင့်တကွသော စိတ်ကို ပွါးများခြင်းကြောင့် မိန်းမ အဖြစ်၌တပ်စွဲသာယာသော စိတ်ကို ကင်းစေ၍ ဗြဟ္မာ့ပြည်သို့ ကပ်ရောက်လေ၏။