ဥတ္တရမာတုပေတိဝတ္ထု(အလှူကို ကန့်ကွက်သူ)

သားဖြစ်သူဥတ္တရက ဒါနပြုသည်ကို အမိဖြစ်သူ မနှစ်သက် ကန့်ကွက်ဆဲရေးခဲ့ မိသောကြောင့် ကွယ်လွန်သောအခါ ပြိတ္တာဘဝ၌ ငါးဆယ့်ငါးနှစ်ပါတ်လုံး အစာနှင့်ရေကို မသုံးစားရဂင်္ဂါမြစ်ကို တွေ့သော်လည်း သွေးအတိဖြစ်၍ မသောက်ရ ဒုက္ခကြီးစွာခံစားရသော ပြိတ္တာမ

ထိုပြိတ္တာမ၏ ဆံပင်တို့သည် အလွန်ရှည်လျားကုန်၏၊ မြေကြီးတိုင်အောင် တွဲရရွဲ ကျကုန်၏၊ စက်ဆုပ်ရွံ့ရှာဖွယ် အဆင်းသဏ္ဌာန်ရှိ၍ ကြောက်မက်ဖွယ် အမြင်ရှိသော ထို ပြိတ္တာမသည် ဆံပင်တို့ဖြင့်ကိုယ်ကို ဖုံးလွှမ်းလျက် ဂင်္ဂါမြစ်ကမ်းနား၌ နေသော နေ့သန့်စင်ရာ အရပ်သို့ သွားသော ထိုရဟန်းထံသို့ချဉ်းကပ်ပြီးလျှင် ရဟန်းအား ဤစကားကို လျှောက်၏၊

အရှင်ဘုရား အကျွန်ုပ်သည် သေလွန်သည်မှ အစပြု၍ ငါးဆယ့်ငါးနှစ်တို့ပတ်လုံးထမင်းစားရသည်ကိုလည်းကောင်း,သောက်ရေသောက်ရသည်ကိုလည်းကောင်း မသိစဖူးပါ၊ အကျွန်ုပ်သည် ရေမွတ်သိပ်လှပါ၏၊ အရှင်ဘုရားသည် အကျွန်ုပ်အား ရေကို ပေးတော်မူပါလော့ဟု (ပြောဆို လျှောက်ထား၏)။

ဤဂင်္ဂါမြစ်သည် အေးသော ရေ ရှိ၏၊ ဟိမဝန္တာမှသာလျှင် စီဆင်း၏၊ ဤဂင်္ဂါမြစ်မှ ယူလျက် သောက်ပါလော့၊ အဘယ့်ကြောင့် ငါအားသောက်ရေကို တောင်းဘိသနည်းဟု (မထေရ်က ပြော၏)။

အရှင်ဘုရား အကျွန်ုပ်သည် ဂင်္ဂါမြစ်၌ ရေကို အကျွန်ုပ်ကိုယ်တိုင် ယူခဲ့ပါမူ ရေသည့်အကျွန်ုပ်အတွက် သွေးအဖြစ်ဖြင့် ပြောင်းလဲသွားပါ၏၊ ထို့ကြောင့်သောက်ရေကို တောင်းပါ၏ဟု (လျှောက်၏)။

သင်သည် ကိုယ်ဖြင့်လည်းကောင်း, နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဂင်္ဂါမြစ်သည် သင့်အတွက် သွေးဖြစ်ရပါသနည်းဟု (မထေရ်က မေး၏)။

အရှင်ဘုရား ဥတ္တရမည်သော အကျွန်ုပ်၏ သားသည် ယုံကြည်မှု ‘သဒ္ဓါ’ ရှိသော ဥပါသကာဖြစ်ခဲ့ပါ၏၊ ထိုသားသည် အကျွန်ုပ် အလိုမရှိဘဲ ရဟန်းတို့အား-

သင်္ကန်းကိုလည်းကောင်း, ဆွမ်းကိုလည်းကောင်း, သူနာ၏ အထောက်အပံ့ ဆေးကိုလည်းကောင်း, အိပ်ရာနေရာကိုလည်းကောင်း ပေးလှူပါ၏၊ ထိုပေးလှူသော သားကို အကျွန်ုပ် သည်ဝန်တိုမှု ‘မစ္ဆရိယ’ နှိပ်စက်အပ်သည်ဖြစ်၍ ဆဲရေး ရေရွတ် ကြိမ်းမောင်းမိပါ၏။

ဥတ္တရ အကြင်သင်သည် ငါ အလိုမရှိဘဲ သင်္ကန်းကိုလည်းကောင်း, ဆွမ်းကိုလည်း ကောင်း,သူနာ၏ အထောက်အပံ့ဆေးကိုလည်းကောင်း, အိပ်ရာနေရာကိုလည်းကောင်း ရဟန်းတို့အားပေးလှူဘိ၏။

ဤအလှူဝတ္ထုသည် သင့်အတွက် တမလွန်ဘဝ၌ သွေး ဖြစ်စေသတည်း (ဟု ဆဲရေး ရေရွတ်ကြိမ်းမောင်းမိပါ၏)၊ ထိုမကောင်းမှုကံ၏ အကျိုးကြောင့် ဂင်္ဂါမြစ်ရေသည် အကျွန်ုပ်အတွက်သွေးဖြစ်နေပါတော့၏ (ဟု လျှောက်၏)။