အကုင်္ရပေတဝတ္ထု(အလှူခံတို့အား မဲ့ရွဲ့ခဲ့သူ)

အသယှသူဌေးအလှူတွင် အလှူခံတို့အား လမ်းညွှန်ဘူး၍ တန်ခိုးကြီးသော နတ်သား ဖြစ်ရသူနှင့်ထိုအလှူတွင် ဝန်ဆောင်ပုဂ္ဂိုလ်ဖြစ်ခဲ့သော်လည်း အလှူခံတို့အား မဲ့ရွဲ့ခဲ့ဖူး၍ အရုပ်ဆိုးလျက် ငတ်မွတ်နေသည့် ပြိတ္တာဖြစ်ရသူတို့ အကြောင်းအရာ အစုံအလင်နှင့် သာသနာတွင်းကုသိုလ် သာသနာပကုသိုလ်တို့၏ အကျိုးပေးခြားနားပုံ အကုင်္ရနတ်သားနှင့် ဣန္ဒကနတ်သားတို့၏ စည်းစိမ်အခွင့်အရေး ကွာခြားပုံ တာဝတိံသာ နတ်ပြည် ပင်လယ်ကသစ်ပင်ရင်း၌ ဘုရားကိုယ်တော်တိုင် ဟောကြား တော်မူပုံ အစုံပါသောဝတ္ထု

အကြင်အကြောင်းကြောင့် (ဘဏ္ဍာကို ရောင်းသဖြင့် ရသော) ဥစ္စာကို ဆောင်ကုန်သော ငါတို့သည် ကမ္ဗောဇတိုင်းသို့ သွားကြရကုန်၏၊ ဤနတ်သားသည် အလိုရှိသည်ကို ပေး တတ်၏၊ ထိုအကြောင်းကြောင့် ဤနတ်သားကို ဆောင်ကုန်အံ့။

ဤနတ်သားကို တောင်းပန်၍ သော်လည်းကောင်း, အနိုင်အထက်ဆောင်၍ သော်လည်းကောင်းခေါ်ယူလျက် ယာဉ်ထက်သို့ တင်ပြီးလျှင် ဒွါရဝတီမြို့သို့ လျင်စွာ သွားကုန်အံ့ဟု (ပုဏ္ဏားကုန်သည် ကပြော၏)။

အကြင်သူသည် အကြင်သစ်ပင်၏ အရိပ်၌ ထိုင်မူလည်း ထိုင်ဖူး၏၊ အိပ်မူလည်း အိပ်ဖူး၏၊ ထိုသူသည် ထိုသစ်ပင်၏ အကိုင်းအခက်မျှကို သော်လည်း မချိုးမဖဲ့ရာ၊ မှန်၏၊ အဆွေခင်ပွန်းကို ဖျက်ဆီးခြင်းသည် ယုတ်မာလှ၏ဟု (အင်္ကုရက ပြောပြ၏)။

အကြင်သူသည် အကြင်သစ်ပင်၏ အရိပ်၌ ထိုင်မူလည်း ထိုင်ဖူး၏၊ အိပ်မူလည်း အိပ်ဖူး၏၊ ထိုသူသည် ထိုသို့သဘောရှိသော (သစ်ဖြင့် လိုအပ်သော) အကျိုးသည် အကယ်၍ ရှိခဲ့ပါမူ ထိုသစ်ပင်၏ပင်စည်ကို သော်လည်း ဖြတ်ရာ၏ဟု (ပုဏ္ဏားကုန်သည်က ထပ်ပြော၏)။

အကြင်သူသည် အကြင်သစ်ပင်၏ အရိပ်၌ ထိုင်မူလည်း ထိုင်ဖူး၏၊ အိပ်မူလည်း အိပ်ဖူး၏၊ ထိုသူသည် ထိုသစ်ပင်၏ အရွက်ကို မျှသော်လည်း မဖျက်ဆီးရာ၊ မှန်၏၊ အဆွေခင် ပွန်းကို ဖျက်ဆီးခြင်းသည် ယုတ်မာလှ၏ဟု (အင်္ကုရက ပြန်ပြော၏)။

အကြင်သူသည် အကြင်သစ်ပင်၏ အရိပ်၌ ထိုင်မူလည်း ထိုင်ဖူး၏၊ အိပ်မူလည်း အိပ်ဖူး၏၊ ထိုသူသည် ထိုသို့သဘောရှိသော (သစ်ဖြင့် လိုအပ်သော) အကျိုးသည် အကယ်၍ ရှိခဲ့ပါမူ ထိုသစ်ပင်၏အမြစ်နှင့်တကွသော်လည်း နုတ်ရာ၏ဟု (ပုဏ္ဏားကုန်သည်က ထပ်ပြော၏)။

အကြင်ယောက်ျားသည် အကြင်ပုဂ္ဂိုလ်၏ အိမ်၌ တစ်ညမျှလည်း နေဖူး၏၊ အကြင် သူထံ၌ထမင်းအဖျော်ကို ရရာ၏၊ ထိုယောက်ျားသည် ထိုသူအား မကောင်းသော အမှုကို စိတ်မျှဖြင့်သော်လည်းမကြံစည်ရာ၊ သူ့ကျေးဇူးကို သိသောသူ၏ အဖြစ်ကို သူတော်ကောင်း တို့ ချီးမွမ်းအပ်၏။

အကြင်ပုဂ္ဂိုလ်သည် အကြင်သူ၏ အိမ်၌ တစ်ညမျှလည်း နေဖူး၏၊ အကြင်သူသည်ထမင်းအဖျော်ဖြင့် ရှေးရှုတည်သည် ဖြစ်ရာ၏၊ ထိုပုဂ္ဂိုလ်သည် ထိုသူအား မကောင်းသော အမှုကို စိတ်မျှဖြင့်သော်လည်း မကြံစည်ရာ၊ မညှဉ်းဆဲသော လက်ရှိသူသည် အဆွေခင်ပွန်း ဖျက်သောသူကို ပျက်စီးစေတတ်၏။

အကြင်သူသည် ရှေး၌ (တစ်စုံတစ်ယောက်က) ပြုအပ်သော ကျေးဇူးဥပကာရ ရှိသူဖြစ်လျက် နောက်၌ ယင်းကျေးဇူးပြုသူကို အကျိုးမဲ့ပြုခြင်းဖြင့် ညှဉ်းဆဲ၏၊ စိုသော လက် ရှိသူဟုဆိုအပ်သော ကျေးဇူးရှင်ကြောင့် ပျက်စီးရသော ထိုသူသည် ကောင်းသော အရာတို့ကို မမြင်ရတော့ပေဟု (အင်္ကုရကဆို၏)။

ငါ့ကို နတ်ကသော်လည်းကောင်း, လူကသော်လည်းကောင်း မဖျက်ဆီးနိုင်၊ ငါ့ကို အစိုးရသောသူကသော်လည်း မဖျက်ဆီးနိုင်၊ ငါသည် မြတ်သော တန်ခိုးသို့ ရောက်သော နတ် ဖြစ်၏၊ ဝေးသော အရပ်သို့ ခဏချင်း သွားနိုင်၏၊ အဆင်းခွန်အားနှင့် ပြည့်စုံ၏ဟု (နတ်သား က ပြောဆို၏)။

သင်၏ (လက်ျာ) လက်သည် အလုံးစုံအားဖြင့် ရွှေအဆင်း ရှိ၏၊ လက်ငါးချောင်း တို့ဖြင့်သူတစ်ပါးလိုသောဝတ္ထုကို သင် ဆောင်စွမ်းနိုင်၏၊ ကောင်းမြတ်သော အရသာကို ယိုစီးစေနိုင်၏၊ (သင်၏ လက်မှ) အထူးထူးသော အရသာတို့ ယိုစီးကုန်၏၊ သင့်ကို သိကြား မင်းဟု ငါ ထင်မှတ်၏ဟု (အင်္ကုရက ပြော၏)။

အင်္ကုရ ငါသည် စာတုမဟာရာဇ်နတ်မျိုး မဟုတ်ပါ၊ ဂန္ဓဗ္ဗနတ်မျိုးလည်း မဟုတ်ပါ၊ ရှေးဘဝကအလှူပေးလှူတတ်သော သိကြားလည်း မဟုတ်ပါ၊ ရောရုဝမြို့မှ စုတေ၍ ဤ ညောင်ပင်၌ကပ်ရောက်လာသော ပြိတ္တာဟု ငါ့ကို သိပါလော့ဟု (ပြိတ္တာက ပြော၏)။

သင်သည် ရှေးဘဝက ရောရုဝမြို့၌ နေစဉ် အဘယ်သို့သော သဘောရှိသော သီလ ရှိသူ,အဘယ်သို့ သဘောရှိသော အကျင့်ရှိသူ ဖြစ်ခဲ့ပါသနည်း၊ အဘယ်မြတ်သော အကျင့် ကြောင့် သင်၏လက်၌ ကောင်းမှုအကျိုးသည် ပြည့်စုံရပါသနည်း (ဟု အင်္ကုရက မေး၏)။

ငါသည် ရှေးဘဝက ရောရုဝမြို့၌ အပ်ချုပ်သမား ဖြစ်ခဲ့ပါ၏၊ ထိုအခါက ငါသည် အလွန်ဆင်းရဲစွာ အသက်မွေးရ၍ ဆင်းရဲနွမ်းပါးသူ ဖြစ်ပါ၏၊ ငါ့အား ပေးလှူရန် တစ်စုံ တစ်ခုမျှ မရှိပါ။

ယုံကြည်မှု ‘သဒ္ဓါ’နှင့် ပြည့်စုံ၍ ဒါနရှင်ဖြစ်သော ကောင်းမှုကို သာ ပြု၍ (မကောင်းမှု ကို) စက်ဆုပ်တတ်သော သဘောရှိသော အသယှသူဌေး၏ အိမ်အနီး၌ ငါ၏ အိမ်သည် ရှိပါ၏။

ထိုငါ၏ အိမ်သို့ အထူးထူးသော အနွယ်ရှိကုန်သော ဂုဏ်ကျေးဇူးကို ချီးကျူးပြောဆိုတတ်ကုန်သောသူတောင်းစားတို့သည် လာကြကုန်၏၊ ထိုသူတောင်းစားတို့သည် ”အရှင်တို့အားကောင်းခြင်း ဖြစ်ပါစေ၊ (ငါတို့သည်) အဘယ်အရပ်သို့ သွားရကုန်အံ့နည်း၊ အဘယ်အရပ်၌ အလှူကို ပေးလှူအပ်သနည်း”ဟု အသယှသူဌေး၏ အိမ်ကို ငါ့အား မေး ကြကုန်၏၊ အမေးခံရသော ငါသည်ထိုသူတို့အား လက်ျာလက်မောင်းကို မြှောက်ချီလျက် ”သင်တို့အား ကောင်းခြင်း ဖြစ်ပါစေ၊ ဤအိမ်၌အလှူကို ပေးလှူ၏”ဟု အသယှသူဌေး၏ အိမ်ကို ပြောကြားလိုက်ပါ၏။

ထို့ကြောင့် ငါ၏ လက်သည် အလိုရှိသည်ကို ပေးစွမ်းနိုင်၏၊ ထို့ကြောင့် ငါ၏ လက်သည်ချိုမြိန်သော အရသာကို ယိုစီးနိုင်၏၊ ထိုမြတ်သော အကျင့်ဖြင့် ကောင်းမှုအကျိုး သည် ငါ၏ လက်၌ပြည့်စုံ၏ဟု (နတ်သားက ဖြေ၏)။

သင်ကား မိမိလက်တို့ဖြင့် တစ်စုံတစ်ယောက်အား အလှူကို မပေးလှူဖူးသတတ်၊ သူတစ်ပါး၏အလှူကို ဝမ်းမြောက်လျက် လက်ကို မြှောက်၍ ပြောဆိုဖူးသတတ်။

ထို့ကြောင့် သင်၏ လက်သည် အလိုရှိသည်ကို ပေးစွမ်းနိုင်၏၊ သင်၏ လက်သည် ချိုမြိန်သော အရသာကို ယိုစီးစေနိုင်၏၊ ထိုမြတ်သော အကျင့်ဖြင့် ကောင်းမှုအကျိုးသည် သင်၏ လက်၌ ပြည့်စုံ၏။

အရှင်နတ်သား အကြင်အသယှသူဌေးသည် ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ အလှူ ကို ပေးလှူ၏၊ ထိုအသယှသူဌေးသည် လူ့ခန္ဓာကိုယ် အတ္တဘောကို စွန့်သည်ရှိသော် အဘယ် အရပ်ဌာနသို့လားရောက်သနည်းဟု (အင်္ကုရက ထပ်မေး၏)။

ကိုယ်အင်္ဂါမှ ထွက်သော အရောင်ရှိသော သည်းခံနိုင်သော အသယှသူဌေး၏ သွားရာ’ဂတိ’ ကိုလည်းကောင်း, လားရာ ‘ဂတိ’ ကိုလည်းကောင်း အကျွန်ုပ် မသိပါ၊ အသယှ သူဌေးသည်သိကြားမင်း၏ အသင်းဝင် အပေါင်းအဖော်အဖြစ်သို့ ရောက်၏ဟု ဝေဿဝဏ် နတ်မင်း၏ အထံမှအကျွန်ုပ် ကြားရဖူး၏ဟု (နတ်သားက ပြန်၍ ဖြေကြား၏)။

ထိုက်သည်အားလျော်စွာ ကောင်းမှုကို ပြုခြင်းငှါလည်းကောင်း, အလှူကို ပေးလှူခြင်းငှါလည်းကောင်း သင့်လျော်သည်သာတည်း၊ အဘယ်သူသည် အလိုရှိသည်ကို ပေးတတ်သော လက်ကို မြင်ရ၍ ကောင်းမှုကို မပြုရှိတော့မည်နည်း။

ထိုအကျွန်ုပ်သည် ဤအရပ်မှ သွား၍ ဒွါရဝတီမြို့သို့ ရောက်လျှင် အကျွန်ုပ်၏ ချမ်းသာကို ရွက်ဆောင်နိုင်သော အလှူကို ဖြစ်စေအံ့ဟု ကြံစည်အောက်မေ့မိပါ၏။

ထမင်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း, အဝတ်ပုဆိုး ကျောင်းအိပ်ရာနေရာတို့ကိုလည်းကောင်း ပေးလှူပါတော့အံ့၊ ရေအိုးစင်ကိုလည်းကောင်း, ရေတွင်းကိုလည်း ကောင်းရွှံ့ညွန်ရေတို့ဖြင့် အသွားခက်သော ခရီး၌ တံတားတို့ကိုလည်းကောင်း ပြုလုပ်ပေး လှူပါတော့အံ့ဟု (အင်္ကုရက ပြောဆို၏)။

အဘယ့်ကြောင့် သင်၏ လက်ချောင်းသည် ကောက်ကွေးနေသနည်း၊ အဘယ့်ကြောင့် သင်၏ပါးစပ်သည်လည်း စောင်းရွဲ့နေသနည်း၊ သင်၏ မျက်စိတို့သည် လည်း အဘယ့်ကြောင့် (အညစ်အကြေး) ယိုစီးကုန်သနည်း၊ သင်သည် အဘယ်မကောင်းမှုကို ပြုခဲ့သနည်းဟု (မေး၏)။

အကျွန်ုပ်သည် ကိုယ်အင်္ဂါမှ ထွက်သော အရောင်ရှိသော ယုံကြည်မှု ‘သဒ္ဓါ’ ရှိ၍ အိမ်ကို အုပ်စိုးနေသော အသယှသူကြွယ်၏ အလှူတင်းကုပ်ဝယ် ထိုသူကြွယ်၏ အလှူ ပေးခြင်း၌ဝန်ဆောင်ပုဂ္ဂိုလ် ဖြစ်ခဲ့ပါ၏။

အကျွန်ုပ်သည် ထိုအလှူတင်းကုပ်၌ ဘောဇဉ်ကို အလိုရှိ၍ လာကုန်သောသူတောင်း စားတို့ကို မြင်လျှင် တစ်ခုသော အရပ်သို့ ဖဲသွား၍ နှုတ်ခမ်းမဲ့ရွဲ့ခြင်းကို ပြုခဲ့မိပါ၏၊

ထို့ကြောင့် အကျွန်ုပ်၏ လက်ချောင်းတို့သည် ကောက်ကွေးနေပါကုန်၏၊ အကျွန်ုပ်၏ပါးစပ်သည်လည်း ရွဲ့နေပါကုန်၏၊ အကျွန်ုပ်၏ မျက်စိတို့သည် လည်း (အညစ်အကြေး) ယိုစီး ပါကုန်၏၊ ထိုမကောင်းမှုကို အကျွန်ုပ် ပြုခဲ့၏ဟု (ပြိတ္တာက ဖြေ၏)။

ယုတ်မာသော ယောက်ျား အကြင်အကြောင်းကြောင့် သင်သည် သူတစ်ပါးအလှူ ၌တွန့်ရှုံ့မဲ့ရွဲ့သော မျက်နှာကို ပြုခဲ့၏၊ သင့်တော်သော ထိုအကြောင်းကြောင့်ပင် သင်၏ ခံတွင်းသည်လည်း ရွဲ့နေ၏၊ မျက်စိတို့သည် လည်း (အညစ်အကြေး) ယိုစီးနေကုန်၏။

ထမင်း, အဖျော်, ခဲဖွယ်, ကျောင်း, အိပ်ရာ နေရာဟူသော အလှူကို ပေးလှူသောသူသည်အဘယ့်ကြောင့် သူတစ်ပါးကို ပေးလှူခိုင်းရသနည်း။

မှန်၏၊ ထိုငါသည် ဤအရပ်မှ သွား၍ ဒွါရဝတီမြို့သို့ ရောက်သည်ရှိသော် အကြင် အလှူသည်ငါ၏ ချမ်းသာကို ရွက်ဆောင်ရာ၏၊ ထိုအလှူကို ဖြစ်စေရတော့အံ့။

ငါသည် ထမင်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း, အဝတ်ပုဆိုး ကျောင်းအိပ်ရာနေရာတို့ကိုလည်းကောင်း ပေးလှူပေတော့အံ့၊ ရေအိုးစင်ကိုလည်းကောင်း, ရေတွင်းကိုလည်းကောင်း, ရွှံ့ညွန်ရေတို့ဖြင့် အသွားခက်သော ခရီး၌ တံတားကိုလည်းကောင်း ပြုလုပ်ပေးလှူပေတော့အံ့ဟု (အင်္ကုရက ဆို၏)။

ထိုအင်္ကုရသည် ထိုအရပ်မှ ပြန်လာ၍ ဒွါရဝတီမြို့သို့ ရောက်သည်ရှိသော် အကြင် အလှူသည်ချမ်းသာကို ရွက်ဆောင်၏၊ ထိုအလှူကို ဖြစ်စေတော့သည်သာတည်း။

ထမင်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း, အဝတ်ပုဆိုး ကျောင်းအိပ်ရာနေရာတို့ကိုလည်းကောင်း ပေးလှူ၏၊ ရေအိုးစင်ကိုလည်းကောင်း, ရေတွင်းကိုလည်းကောင်းအထူးသဖြင့် ကြည်လင်သော စိတ်ဖြင့် ပေးလှူလေ၏။

အဘယ်သူသည် ဆာလောင်သနည်း၊ (ဆာလောင်သူသည် လာ၍ စားသုံးလော့)၊ အဘယ်သူသည်မွတ်သိပ်သနည်း၊ (မွတ်သိပ်သူသည် လာ၍ သောက်သုံးလော့)၊ အဘယ် သူသည် အဝတ်ကို ဝတ်ရုံလိုသနည်း၊ (လာ၍ ဝတ်ရုံလော့)၊ အဘယ်သူ၏ ရထားလှည်း တို့သည် ဆွေးမြေ့ဟောင်းနွမ်းကုန်သနည်း၊ ဤယာဉ်အပေါင်းမှ အလိုရှိရာယူ၍ ရထားလှည်း၌ ယှဉ်စေကုန်သတည်း။

အဘယ်သူသည် ထီးကို အလိုရှိသနည်း၊ (လိုရာကို ယူလော့)၊ အဘယ်သူသည် နံ့သာကို့အလိုရှိသနည်း၊ အဘယ်သူသည် ပန်းကို အလိုရှိသနည်း၊ အဘယ်သူသည် ဖိနပ်ကို အလိုရှိသနည်း၊ ဤသို့ ထိုအင်္ကုရအိမ်၌ ကြွေးကြော်ကုန်၏၊ ဆတ္တာသည်တို့သည်လည်းကောင်း၊ စဖိုသည်တို့သည်လည်းကောင်း၊ နံ့သာသည်တို့သည်လည်းကောင်း၊ အခါခပ်သိမ်း ညဉ့်၌လည်းကောင်း၊ နေ့၌လည်းကောင်း အင်္ကုရ၏ အိမ်၌ ကြွေးကြော်ကုန်၏။

သိန္ဓက အင်္ကုရသည် ချမ်းသာစွာ အိပ်ရ၏ဟု ငါ့ကို လူအများက သိ၏၊ ငါ့မှာမူ ကားသူတောင်းစား များစွာတို့ကို မမြင်ရသောကြောင့် ဆင်းရဲစွာ အိပ်ရ၏။

သိန္ဓက အင်္ကုရသည် ချမ်းသာစွာ အိပ်ရ၏ဟု ငါ့ကို လူအများက သိ၏၊ ငါ့မှာမူ ကားသူတောင်းစားတို့ နည်းသောကြောင့် ဆင်းရဲစွာ အိပ်ရ၏ဟု (အင်္ကုရက ပြောဆို၏)။

တာဝတိံသာနတ်တို့ကိုလည်းကောင်း၊ အလုံးစုံသော လောကကိုလည်းကောင်း အစိုးရသော သိကြားမင်းသည် သင့်အား လိုရာဆုကို ပေးခဲ့မူ တောင့်တသည်ရှိသော် အဘယ် သဘောရှိသော ဆုကို တောင့်တပါမည်နည်း (ဟု သိန္ဓက က မေး၏)။

တာဝတိံသာနတ်တို့ကိုလည်းကောင်း၊ အလုံးစုံသော လောကကိုလည်းကောင်း အစိုးရသော သိကြားမင်းသည် ငါ့အား လိုရာဆုကို ပေးခဲ့မူ ငါသည် နံနက်စောစော အိပ်ရာမှ ထစဉ်နေအရုဏ်တက်အခါဝယ် နတ်၌ဖြစ်သော အစာတို့သည် ထင်ရှားဖြစ်ကုန်ရာ၏၊ သီလရှိသူတို့သည်လည်းကောင်း၊ သူတောင်းစားတို့သည်လည်းကောင်း ထင်ရှားဖြစ်ကုန်ရာ၏။

ငါ ပေးလှူနေစဉ် မကုန်ခန်းရာ၊ ငါသည် ပေးလှူ ပြီး၍ နောင်တ မပူပန်ရာ၊ ပေးလှူပြီးသော်စိတ်ကို ကြည်လင်စေရာ၏၊ သိကြားမင်းအား ဤသို့သော ဆုကို တောင်းအံ့ဟု (အင်္ကုရက ဖြေ၏)။

ဥစ္စာအားလုံးတို့ကို သူတစ်ပါးအား မပေးလှူရာ၊ အလှူကိုလည်း ပေးလှူရာ၏၊ ဥစ္စာကိုလည်းစောင့်ရာ၏၊ ထို့ကြောင့်သာလျှင် (ပေးလှူမှု) ဒါနထက် ဥစ္စာသည်သာလျှင် မြတ်၏၊ အလွန်ပေးလှူသဖြင့် အမျိုးအနွယ်တို့သည် မဖြစ်ကုန် (ပြတ်ကုန်၏)။

(အချင်းခပ်သိမ်း) မပေးလှူခြင်းကိုလည်းကောင်း၊ အလွန်အကဲ ပေးလှူ ခြင်းကိုလည်းကောင်းပညာရှိတို့သည် မချီးမွမ်းကြကုန်၊ ထို့ကြောင့်လျှင် (ပေးလှူမှု) ဒါနထက် ဥစ္စာသည်သာလျှင် မြတ်၏၊ အလယ်အလတ် အသင့်အားဖြင့်သာ ဖြစ်စေရာ၏၊ ထို သဘောတရားသည် နီတိကျမ်း၌ လိမ္မာသူတို့၏သဘောတရားတည်းဟု (ယောက်ျားတစ်ဦးက ပြောဆို၏)။

အချင်းတို့ ငါသည် ပေးလှူမည်သာတည်း၊ ငြိမ်သက်သော ကိုယ်နှုတ်စိတ် အကျင့်ရှိသောသူတော်ကောင်းတို့သည် ငါ့ထံသို့ ချဉ်းကပ်ကုန်ရာ၏၊ မိုးသည် ချိုင့်ဝှမ်းရာ အရပ်ကို ပြည့်စေသကဲ့သို့အလုံးစုံသောသူတောင်းစားတို့အား အလိုပြည့်စေလျက် တင်းတိမ် ရောင့်ရဲစေရပါမူ ကောင်းလေစွ။

သူတောင်းစားတို့ကို မြင်သည်ရှိသော် အကြင်သူ၏ မျက်နှာအဆင်းသည် ကြည်လင်၏၊ ပေးလှူပြီးနောက် နှစ်သက်ဝမ်းမြောက်သော စိတ်ရှိ၏၊ အိမ်၌နေသော ထိုသူ၏ ထို မျက်နှာကြည်လင်မှုနှစ်သက်ဝမ်းမြောက်သော စိတ်ရှိမှုသည် ချမ်းသာကြောင်းတည်း။

သူတောင်းစားတို့ကို မြင်သည်ရှိသော် အကြင်သူ၏ မျက်နှာအဆင်းသည် ကြည် လင်၏၊ ပေးလှူပြီးနောက် နှစ်သက်ဝမ်းမြောက်သော စိတ်ရှိ၏၊ ထိုသူ၏ ဤမျက်နှာ ကြည်လင်မှု,နှစ်သက်ဝမ်းမြောက်သော စိတ်ရှိမှုသည် အလှူဒါန၏ ပြည့်စုံခြင်းတည်း။

ပေးလှူသည်မှ ရှေးအဖို့၌ ဝမ်းမြောက်၏၊ ပေးလှူစဉ် စိတ်ကို ကြည်လင်စေ၏၊ ပေးလှူပြီးနောက်နှစ်သက်ဝမ်းမြောက်သော စိတ်ရှိ၏၊ ဤသည်ကား အလှူဒါန၏ ပြည့် စုံခြင်းတည်းဟု (အင်္ကုရကပြော၏)။

ကောင်းမှုကို ငဲ့သော အင်္ကုရ၏ နေအိမ်၌ လှည်းအစီးခြောက်သောင်း တိုက်မျှ လောက်သော ဘောဇဉ်ကို သတ္တဝါအပေါင်းအား အမြဲမပြတ် ပေးလှူအပ်၏။

ပတ္တမြားနားတောင်း ဝတ်ဆင်ကုန်သော အလှူ ကြီးကို ပေးလှူ ခြင်း၌ အားထုတ်ကြ ကုန်သော သုံးထောင်ကုန်သော စဖိုသည်တို့သည် အင်္ကုရကို မှီ၍ အသက်မွေးကြကုန်၏။

ပတ္တမြားနားတောင်း ဝတ်ဆင်ကုန်သော နုပျိုသော ယောက်ျားခြောက်သောင်း တို့သည် အင်္ကုရ၏အလှူ ကြီး၌ ထင်းခွဲကြကုန်၏။

အလုံးစုံ တန်ဆာဆင်ပြီးဖြစ်ကုန်သော နုပျိုသော မိန်းမတစ်သောင်းခြောက်ထောင် တို့သည် အင်္ကုရ၏ အလှူ ကြီး၌ ဟင်းချက်ဖွယ်ရာ (ငရုတ်စသည်) တို့ကို ပေါင်းစပ်ပြုပြင်ကြ ကုန်၏။

အလုံးစုံတန်ဆာဆင်ပြီးဖြစ်ကုန်သော တစ်သောင်းခြောက်ထောင်သော မိန်းမတို့သည် အင်္ကုရ၏အလှူ ကြီး၌ ယောက်မကို ကိုင်လျက် ကျွေးမွေးရာဌာနသို့ ကပ်၍ တည်ကုန်၏။

မင်းမျိုးဖြစ်သော အင်္ကုရသည် ကြာမြင့်စွာသော ကာလပတ်လုံး ရိုသေစွာ ကိုယ်တိုင် အဖန်ဖန်အရိုအသေပြု၍ များစွာသောသူတို့အား များစွာ လှူဒါန်း၏။

အင်္ကုရသည် များစွာသော လတို့ပတ်လုံးလည်းကောင်း၊ များစွာသော ပက္ခတို့ပတ်လုံးလည်းကောင်း၊ များစွာသော ဥတုနှစ်တို့ပတ်လုံးလည်းကောင်း ကြာမြင့်စွာသော ကာလပတ်လုံးပင် အလှူကြီးကို ဖြစ်စေ၏။

ထိုအင်္ကုရသည် ဤသို့ ဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့် ကြာမြင့်စွာသော ကာလ ပတ်လုံး (အချို့သူတို့အား) ပေးလှူ ပြီး၍ လည်းကောင်း၊ များစွာသောသူတို့အား လှူဒါန်းပူဇော်ပြီး၍ လည်းကောင်း လူ့ခန္ဓာအတ္တဘောကို စွန့်ရသည်ရှိသော် တာဝတိံသာနတ် ဘုံသို့ကပ်ရောက်ရ၏။

ဣန္ဒကမည်သော လုလင်သည် အနုရုဒ္ဓါမထေရ်အား တစ်ဇွန်းတစ်ယောက်မမျှလောက်သော ဆွမ်းကို ပေးလှူရသောကြောင့် လူ့ခန္ဓာကိုယ် အတ္တဘောကို စွန့်ရသည်ရှိသော် တာဝတိံသာ နတ်ဘုံသို့ကပ်ရောက်ရ၏။

ဣန္ဒကနတ်သားသည် နှလုံးမွေ့လျော်ဖွယ်သော အဆင်း, အသံ, အရသာ, အနံ့, အတွေ့အထိ, အသက်, အခြံအရံ, အသွင်သဏ္ဌာန်, ချမ်းသာခြင်း, အစိုးရခြင်းဟူသော ဆယ်ပါးသော အကြောင်းတို့ဖြင့် အင်္ကုရနတ်သားထက် ပိုလွန်၍ တင့်တယ်၏။

အကြင်အခါ ယောက်ျားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် တာဝတိံသာ နတ်ပြည်ပင်လယ်ကသစ်ပင်၏အနီး ပဏ္ဍုကမ္ဗလာကျောက်ဖြာ၌ သီတင်းသုံးနေတော်မူ၏။

ထိုအခါ ဇာတိခေတ်ဟု မှတ်အပ်သော တစ်သောင်းသော လောကဓာတ် (စကြဝဠာ)တို့၌ နတ်ဗြဟ္မာတို့သည် စုဝေးကြကုန်လျက် မြင့်မိုရ်တောင်ထိပ်၌ သီတင်းသုံးနေ တော်မူသော မြတ်စွာဘုရားထံသို့ ဆည်းကပ်ကြကုန်၏။

မည်သည့် တစ်စုံတစ်ယောက်သော နတ်မျှ အဆင်းဖြင့် မြတ်စွာဘုရားကို လွန်၍ မတင့်တယ်နိုင်၊ မြတ်စွာဘုရားကသာ နတ်အားလုံးတို့ကို လွှမ်းမိုးလွန်မြောက်၍ တင့်တယ် တော်မူ၏။

ထိုအခါဝယ် ဤအင်္ကုရနတ်သားသည် တစ်ဆယ့်နှစ်ယူဇနာခြားသော အရပ်၌ နေရ၏၊ ဣန္ဒကနတ်သားသည် မြတ်စွာဘုရား၏ အနီး၌ နေလျက် အလွန်တင့်တယ်၏။

မြတ်စွာဘုရားသည် အင်္ကုရနတ်သားကိုလည်းကောင်း၊ ဣန္ဒကနတ်သားကိုလည်း ကောင်းကြည့်ရှုတော်မူပြီးလျှင် အလှူခံပုဂ္ဂိုလ်မြတ်ကို ချီးမွမ်းလိုသည်ဖြစ်၍ ဤစကားကို မိန့်ဆိုတော်မူ၏။

အင်္ကုရ သင်သည် ကြာမြင့်စွာသော ကာလပတ်လုံး အလှူ ကြီးကို ပေးလှူခဲ့သည် မဟုတ်ပါလော၊သို့ပါလျက် အလွန်ဝေးသော အရပ်၌ နေရဘိ၏၊ ငါ၏ အထံသို့ လာလော့ဟု (မိန့်ဆိုတော်မူ၏)။

(အရိယမဂ္ဂဘာဝနာဖြင့်) ပွားများအပ်ပြီးသော စိတ်ရှိတော်မူသော မြတ်စွာဘုရား သည်တိုက်တွန်းအပ်သည်ဖြစ်၍ အင်္ကုရနတ်သားသည် ဤစကားကို လျှောက်၏၊ အရှင်ဘုရား တပည့်တော်၏့အလှူသည် မြတ်သော အလှူခံထိုက်သော အလှူခံပုဂ္ဂိုလ်တို့မှ ဆိတ်သုဉ်း ခဲ့ပါ၏၊ ထိုအလှူ ဖြင့်တပည့်တော်အား အဘယ်အကျိုး ရှိပါအံ့နည်း။

ဤဣန္ဒကနတ်သားသည် အနည်းငယ်သော အလှူကို ပေးလှူခဲ့၏၊ လဗိမာန်သည်ကြယ်အပေါင်းတို့ကို လွှမ်းမိုး၍ တင့်တယ်သကဲ့သို့ အကျွန်ုပ်တို့ကို လွှမ်းမိုး၍ တင့်တယ်ပါ၏ဟု (လျှောက်၏)။

ကျတ်တီးပြင်ဖြစ်သော လယ်မြေ၌ များစွာ စိုက်ပျိုးအပ်ပါသော်လည်း မျိုးစေ့သည်ပြန့်ပြောများပြားသော အသီးကို မဖြစ်စေနိုင်သကဲ့သို့လည်းကောင်း၊ လယ်သမားကို နှစ်သက်လည်းမနှစ်သက်စေနိုင်သကဲ့သို့လည်းကောင်း-

ထို့အတူပင် သီလမရှိသူတို့၌ တည်သော အလှူသည် များပြားပါသော်လည်း ပြန့်ပြောများပြားသော အကျိုးကို မဖြစ်စေနိုင်၊ ပေးလှူတတ်သူ ဒါယကာကိုလည်း မနှစ် သက်စေနိုင်ပါ။

ကောင်းသော လယ်မြေ၌ အနည်းငယ် စိုက်ပျိုးအပ်သော မျိုးစေ့သည် နည်းပင် နည်းသော်လည်းမိုးရေအလျဉ်သည် ကောင်းစွာ ရွာသွန်းသည်ရှိသော် များစွာသော အသီး အနှံကို ဖြစ်စေ၍ လယ်သမားကို နှစ်သက်စေနိုင်သကဲ့သို့-

ထို့အတူပင် သီလရှိ၍ ဂုဏ်ရှိကုန်သောတာဒိဂုဏ်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်တို့၌ ပြု အပ်သော ကောင်းမှုသည် နည်းပင်နည်းသော်လည်း အကျိုးကြီး၏ဟု (အင်္ကုရနတ်သားက လျှောက်၏)။

အကြင်ပုဂ္ဂိုလ်၌ ပေးလှူအပ်သော အလှူသည် အကျိုးကြီး၏၊ ထိုပုဂ္ဂိုလ်၌သာ စိစစ် ရွေးချယ်၍ အလှူကို ပေးလှူအပ်၏၊ စိစစ်ရွေးချယ်၍ အလှူကို ပေးလှူသောကြောင့် ပေးလှူ တတ်သူဒါယကာတို့သည် နတ်ပြည်သို့ လားရောက်ရကုန်၏။

စိစစ်ရွေးချယ်၍ ပေးလှူ ခြင်းကို မြတ်စွာဘုရား ချီးမွမ်းတော်မူအပ်၏၊ အကြင် ပုဂ္ဂိုလ်တို့သည် ဤသက်ရှိလောက၌ မြတ်သော အလှူကို ခံထိုက်ကုန်၏၊ ကောင်းသော လယ်မြေ၌ စိုက်ပျိုးအပ်ကုန်သော မျိုးစေ့တို့ကဲ့သို့ ထိုမြတ်သော အလှူခံပုဂ္ဂိုလ်တို့၌ ပေးလှူ အပ်သော အလှူတို့သည် အကျိုးကြီးကုန်၏။