စူဠသေဋ္ဌိပေတဝတ္ထု(ဒါနကို မပြုမိ ဝန်တိုခြင်းစိတ်ရှိသူ)

စူဠသေဋ္ဌိပေတဝတ္ထု(ဒါနကို မပြုမိ ဝန်တိုခြင်းစိတ်ရှိသူ)

ပစ္စည်းကြွယ်ဝလျက် ဒါနကို မပြုမိ ဝန်တိုခြင်းစိတ်ရှိလျက် စုတိသောအခါ ပြိတ္တာဖြစ်ကာအဇာတသတ်မင်းနှင့် တွေ့ရာတွင် အကြောင်းရင်းကို ဖြေရှင်း၍ သမီးရင်းက ကုသိုလ်ပြု သော်လည်းအလှူခံမစင်ကြယ်၍ အကျိုးမရ အဇာတသတ်မင်း ကိုယ်တိုင် သံဃာအား ပေးလှူ၍ အမျှအတန်းဝေမှချမ်းသာခွင့်ရသော ပြိတ္တာ

အရှင် (အရှင်သည်) အဝတ်မဆီး အချည်းနှီးဖြစ်လျက် ကြုံလှီသော ရဟန်း ဖြစ်ပေ၏၊ အဘယ်ကြောင့် ညဉ့်အခါ၌ အဘယ်အရပ်သို့ သွားမည်နည်း၊ အရှင်သည် အကျွန်ုပ်အား (လာခြင်း၏အကြောင်းကို) အကယ်၍ ပြောစွမ်းနိုင်မူ ပြောကြားပါလော့၊ အရှင်ဘုရားကို အလုံးစုံသော စည်းစိမ်ဖြင့်ပြီးစေနိုင်ငြားအံ့လည်း မသိဟု (အဇာတသတ်က မေး၏)။

အဝေးတိုင်အောင် ကျော်ကြားသော ဗာရာဏသီမြို့သည် ရှိပါ၏၊ အကျွန်ုပ်သည် ထိုမြို့၌့ပစ္စည်းဥစ္စာကြွယ်ဝသော မပေးလှူလိုသောသူကြွယ် ဖြစ်ခဲ့ပါ၏၊ အာမိသ၌ ကပ်ငြိသော စိတ်ရှိ၍ မပေးလှူတတ်၊ မကောင်းသော အကျင့်ကြောင့် ယမမင်းနိုင်ငံ ပြိတ္တာဘုံသို့ လားရောက်ရပါ၏။

ထိုအကြောင်းတို့ကြောင့် ထိုအကျွန်ုပ်သည် ထိုးဆွတတ်သော အပ်နှင့်တူသောကြောင့် သူစိကာဟုရအပ်သော အမည်ရှိသော မွတ်သိပ်ခြင်းဖြင့် ပင်ပန်းရပါ၏၊ ထို့ကြောင့်ပင်လျှင် ဆွေမျိုးတို့ထံအနည်းငယ်သော အာမိသဟူသော အကြောင်းကြောင့် သွားပါ၏၊ ပေးလှူလေ့ မရှိသူတို့သည် တမလွန်လောက၌ အလှူ၏ အကျိုးသည် ဖြစ်၏ဟု မယုံကြည်ကြပါကုန်။

အကျွန်ုပ်၏ သမီးသည်လည်း အမိအဖတို့အတွက်လည်းကောင်း, အဘိုးအဘွားတို့အတွက်လည်းကောင်း အလှူကို ပေးလှူအံ့ဟု မပြတ်ပြောကြားပါ၏၊ စီရင်အပ်သော ထို အလှူကို ပုဏ္ဏားတို့အား ကျွေးမွေးပါကုန်၏၊ အကျွန်ုပ်သည် စားသောက်ရန် အန္ဓကဝိန္ဒမြို့သို့ သွားပါအံ့ဟု (ပြိတ္တာက ဖြေ၏)။

ထိုသမီးလှူသော အလှူကိုလည်း ခံစားပြီး၍ လျင်စွာ လာခဲ့ပါဦး၊ ငါသည်လည်း ပူဇော်ခြင်းကို ပြုလုပ်အံ့ အကယ်၍ အကြောင်းရှိခဲ့ပါမူ ထိုအကြောင်းကို ငါ့အား ပြောကြား ပါလော့၊ ယုံကြည်ထိုက်သော အကြောင်းစကားကို နားထောင်လိုပါကုန်၏ဟု အဇာတသတ် မင်းသည် ထိုပြိတ္တာကို ပြောဆို၏။

ပြိတ္တာသည် ကောင်းပြီဟု ဆို၍ သွားပြီးလျှင် ထိုအန္ဓကဝိန္ဒမြို့ဝယ် ထမင်းကို ဒုဿီလပုဏ္ဏားတို့သည် စားကုန်၍ မြတ်သော အလှူကို ခံထိုက်သော သီလရှိသော ပုဂ္ဂိုလ်တို့မစားကုန်ရကား တစ်ဖန် ရာဇဂြိုဟ်မြို့သို့ ပြန်လာ၍ လူတို့ကို အစိုးရသော (အဇာတသတ်) မင်း၏ရှေ့၌ ထင်ရှားဖြစ်၏။

အဇာတသတ်မင်းသည် တစ်ဖန် ပြန်လာသော ပြိတ္တာကို မြင်၍ ငါသည်လည်း အဘယ်ကို ပေးလှူရအံ့နည်း၊ သင်သည် ကြာမြင့်စွာ နှစ်သက်မှုဖြစ်ရာသော အကြောင်း အကယ်၍ ရှိခဲ့ပါမူထိုအကြောင်းကို ငါ့အား ပြောကြားပါလော့ (ဟု ပြောဆို၏။)

အဇာတသတ်မင်း ထမင်း, အဖျော်, သင်္ကန်းဖြင့် မြတ်စွာဘုရားကိုလည်းကောင်း,သံဃာတော်ကိုလည်းကောင်း လုပ်ကျွေးပါလော့၊ ထိုအလှူ၏အဖို့ကို အကျွန်ုပ်၏ အကျိုးစီးပွား အလို့ငှါရည်ညွှန်းပေးဝေပါလော့၊ ဤသို့ရည်ညွှန်းပေးဝေသည်ရှိသော် အကျွန်ုပ်သည် ကြာမြင့် စွာ နှစ်သက်မှုဖြစ်ရာပါ၏ဟု (လျှောက်ထား၏)။

ထိုစကားကြောင့် အဇာတသတ်မင်းသည် ထွက်၍ ထိုခဏ၌ပင် အတုမရှိသော အလှူ ကို ကိုယ်တိုင် သံဃာအား ပေးလှူ ၍ မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ပြီးလျှင်ပြိတ္တာအားလည်း အလှူ၏ အဖို့ကို ရည်ညွှန်းပေးဝေ၏။

အလှူကို ရည်ညွှန်းပေးဝေသည်ရှိသော် ထိုပြိတ္တာသည် အလွန်တင့်တယ်လျက် လူ တို့ကို အစိုးရသော မင်း၏ ရှေ့၌ ထင်ရှားဖြစ်၏၊ အကျွန်ုပ်သည် လွန်စွာ ပြည့်စုံခြင်းသို့ ရောက်သော နတ်ဖြစ်ရပါ၏၊ အကျွန်ုပ်နှင့် တူမျှသော လူတို့သည် မရှိကုန်။

သင် မင်းမြတ်သည် သံဃာတော်အား အတုမရှိသော အလှူကို လှူ ၍ အကျွန်ုပ်အား ရည်ညွှန်းပေးဝေပါ၏၊ မနှိုင်းယှဉ်အပ်သော အကျွန်ုပ်၏ အာနုဘော်ကို ရှုပါလော့၊ အမြဲ မပြတ် အခါခပ်သိမ်းများစွာသော ထမင်းအဖျော် စသည်တို့ဖြင့် တင်းတိမ်ရောင့်ရဲရပါ၏၊ လူမင်း အကျွန်ုပ်သည်ချမ်းသာသည်ဖြစ်၍ သွားပါတော့အံ့ (ဟု အဇာတသတ်မင်းအား ပြန် ကြား၏)။