ဓနပါလသေဋ္ဌိပေတဝတ္ထု(အလှူခံကို မလာနိုင်ရန် တံခါးပိတ်တားမြစ်သူ)

ဓနပါလသေဋ္ဌိပေတဝတ္ထု(အလှူခံကို မလာနိုင်ရန် တံခါးပိတ်တားမြစ်သူ)

ရှေးဘဝ သူဌေးဖြစ်စဉ် အလှူခံကို မလာနိုင်ရန် တံခါးပိတ်တားမြစ်စဉ်းလဲ ကောက်ကျစ် သောကြောင့် သေသောအခါ ပြိတ္တာဖြစ်ကာ ငါးဆယ့်ငါးနှစ်ပတ်လုံး အစာမရ ရေမတွေ့ရဘဲ ဒုက္ခကြီးစွာ ခံစားပြီးနောက်သံတံတိုင်း ကာရံထားသော ငရဲသို့ ကျရဦးမည့် ပြိတ္တာ

သင်သည် အဝတ်မပါ စက်ဆုပ်ရွံရှာဖွယ် အဆင်းသဏ္ဌာန် ရှိ၏၊ ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိ၏၊ နံရိုးပြိုင်းပြိုင်းထွက်၍ ကြုံလှီလှ၏၊ အချင်း သင်သည် အဘယ်သူနည်းဟု (ကုန်သည်များက မေး၏)။

အရှင်တို့ အကျွန်ုပ်သည် မကောင်းသော လားရာရှိသော ယမမင်း၏ နိုင်ငံ၌ ဖြစ်သော ပြိတ္တာ ဖြစ်ပါ၏၊ မကောင်းမှုကံကို ပြုခဲ့မိသောကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လား ရောက်ရပါ၏ဟု (ပြိတ္တာက ဖြေ၏)။

သင်သည် ကိုယ်ဖြင့်လည်းကောင်း, နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကံကို ပြုခဲ့ပါသနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့လားရောက်ရဲ့ပါသနည်း (ဟု ကုန်သည်များက ထပ်မေး၏)။

ပဏ္ဏမင်းတို့၏ ဧရကစ္ဆာဟု ကျော်ကြားသော မြို့သည် ရှိ၏၊ ထိုမြို့၌ ရှေးဘဝက သူဌေးဖြစ်ခဲ့ဖူး၏၊ အကျွန်ုပ်ကို ဓနပါလဟု သိကြပါကုန်၏။

အကျွန်ုပ်အား ရွှေငွေလှည်းအစီး ရှစ်ဆယ်တိုက် ရှိပါ၏၊ အကျွန်ုပ်အား ရွှေသည် များလှပါ၏၊ ပုလဲ, ကြောင်မျက်ရွဲတို့သည် များပြားပါကုန်၏။

ထိုမျှလောက် များသော ဥစ္စာရှိသော်လည်း အကျွန်ုပ်သည် ပေးလှူရန် မနှစ်သက်ပါ၊ အကျွန်ုပ်ကို ဖုန်းတောင်းယာစကာတို့သည် မမြင်စေကုန်လင့်ဟု နှလုံးပြု၍ တံခါးကို ပိတ် လျက် သုံးဆောင်စားသောက်ပါ၏။

အကျွန်ုပ်သည် ယုံကြည်မှု ‘သဒ္ဓါ’ မရှိသူ, ဝန်တိုသူ, စဉ်းလဲသူ ဖြစ်ခဲ့ပါ၏၊ အလှူ ဒါနကို ပေးလှူကုန်သော ကုသိုလ်ကောင်းမှုကို ပြုသောသူတို့ကို ခြိမ်းချောက်တတ်၏၊ များ စွာသော လူတို့ကို ကုသိုလ်ကောင်းမှုမှ တားမြစ်မိခဲ့ပါ၏။

ပေးလှူ ခြင်း၏ အကျိုးသည် မရှိ၊ စောင့်စည်းခြင်း၏ အကျိုးကား အဘယ်မှာ ရှိအံ့ နည်း၊ လေးထောင့်ကန်တို့ကိုလည်းကောင်း, ရေတွင်းတို့ကိုလည်းကောင်း, စိုက်ပျိုးအပ်သော အရံဥယျာဉ်တို့ကိုလည်းကောင်း, ရေအိုးစင်တို့ကိုလည်းကောင်း (ရွှံ့ညွန်ရေတို့ကြောင့်) အသွား ခက်သော ခရီး၌ တံတားတို့ကို ဖျက်ဆီးခဲ့ပါပြီ။

ကောင်းမှုကို မပြုမူ၍ မကောင်းမှုကို သာ ပြုသော ထိုအကျွန်ုပ်သည် ထိုလူ့ပြည်မှစုတေခဲ့သည်ရှိသော် ပြိတ္တာဘုံ၌ ဖြစ်၍ ဆာလောင်မွတ်သိပ်ခြင်းဖြင့် အနှိပ်စက်ခံရပါ၏။

အကျွန်ုပ်သည် သေသောအခါမှစ၍ ငါးဆယ့်ငါးနှစ်တို့ပတ်လုံး စားရသည်ကိုလည်း ကောင်း, သောက်ရေသောက်ရသည်ကိုလည်းကောင်း မသိရစဖူးပါ။

ပေးလှူမှုမှ ရှောင်ကြဉ်ခြင်းဟူသော မပေးလှူ ခြင်းသည် ရှိ၏၊ ထိုမပေးလှူ ခြင်း သည်သတ္တဝါတို့ပျက်စီးကြောင်း မည်၏၊ အကြင် ပျက်စီးကြောင်းသည် ရှိ၏၊ ထိုပျက်စီး ကြောင်းသည်လောဘစသည်တို့၏ အစွမ်းဖြင့် ပေးလှူမှုမှ ရှောင်ကြဉ်ခြင်းဟူသော မပေးလှူ ခြင်းပင်တည်း၊ ထိုစကားမှန်၏၊ ပေးလှူမှုမှ ရှောင်ကြဉ်ခြင်းဟူသော မပေးလှူခြင်းသည် ပျက် စီးကြောင်းတည်းဟုပြိတ္တာတို့ သိကြကုန်သည်သာတည်း။

အကျွန်ုပ်သည် ရှေးဘဝက လောဘစသည်တို့၏ အစွမ်းဖြင့် ပေးလှူမှုမှ ရှောင်ကြဉ် ခဲ့ပါပြီ၊ ဥစ္စာများစွာရှိနေပါလျက် မပေးလှူခဲ့ပေ၊ လှူဖွယ်ဝတ္ထုတို့ရှိပါကုန်လျက် မိမိ၏ မှီခိုရာကျွန်းသဖွယ်ဖြစ်သော ကုသိုလ်ကောင်းမှုကို မပြုခဲ့ပေ၊ ထိုအကျွန်ုပ်သည် မိမိကံအကျိုးသို့ကပ်ရောက်ရသည်ဖြစ်၍ နောက်မှ နောင်တရပါ၏။

လေးလတို့အလွန်၌ သေလွန်ခြင်း ဖြစ်ရပါလိမ့်မည်၊ အကျွန်ုပ်သည် စင်စစ် ဆင်းရဲ၍ ကြမ်းတမ်းသော လေးထောင့်ရှိသော တံခါးလေးပေါက်ရှိသော ဝေဖန်အပ်သော ပုံစံ တူဖြစ်သော သံတံတိုင်းကာရံ၍ သံပြားဖြင့် ပိတ်ဖုံးထားအပ်သော ငရဲသို့ ကျရောက်ရပါလိမ့် မည်။

ထိုငရဲ၏ မြေကြီးကား သံဖြင့် ပြီး၏။ တောက်လောင်သည်ဖြစ်၍ အခိုးအလျှံ ရှိ၏၊ ထက်ဝန်းကျင်ယူဇနာတစ်ရာတိုင်တိုင် အခါခပ်သိမ်း ပြန့်နှံ့၍ တည်၏။

အကျွန်ုပ်သည် ထိုငရဲ၌ ရှည်မြင့်စွာသော ကာလပတ်လုံး မကောင်းမှုကံ၏ အကျိုး ဖြစ်သော ဆင်းရဲဝေဒနာကို ခံစားရအံ့၊ ထို့ကြောင့် အကျွန်ုပ်သည် ပြင်းစွာ စိုးရိမ်မိပါ၏။

ထို့ကြောင့် အရှင်တို့အား လျှောက်ပါ၏၊ အရှင်တို့အား ကောင်းခြင်းမင်္ဂလာ ဖြစ် ပါစေ၊ ဤအရပ်၌ စုဝေးရောက်လာသမျှသော အရှင်ကောင်းတို့သည် မျက်မှောက်၌သော်လည်းကောင်း,မျက်ကွယ်၌သော်လည်းကောင်း မကောင်းမှုကံကို မပြုကြပါကုန်လင့်။

ထိုမကောင်းမှု (ကံ) ကို အကယ်၍ နောင်အခါ ပြုလိမ့်မည်ဖြစ်ပါမူ ယခုလည်း ပြုနေ ပါမူပျံတက်၍ ထွက်ပြေးကြကုန်သော်လည်း အရှင်တို့အား ဆင်းရဲမှ လွတ်မြောက်ခြင်း မရှိနိုင်။

အမိ၏ အကျိုးစီးပွား, အဖ၏ အကျိုးစီးပွား (အလို့ငှါ) လုပ်ကျွေးကြကုန်လော့၊ အမျိုး၌ကြီးသူတို့အား အရိုအသေ ပြုကြကုန်လော့၊ ရဟန်းကို ပူဇော်ကြကုန်လော့၊ မကောင်းမှုကို အပပြုပြီးသောသူကို ပူဇော်ကြကုန်လော့၊ ဤသို့ ပြုကျင့်ကြပါမူ နတ်ပြည်သို့ သွားရလတ္တံ့ဟု (ပြိတ္တာကဆုံးမစကား ပြောကြား၏)။