သုတ္တပေတဝတ္ထု(လူနှင့် နတ်ပြိတ္တာ)

ပစ္စေကဗုဒ္ဓါအား ချည်ကို လှူခဲ့သောကြောင့် ဆန်းကြယ်သော ဗိမ္မာန်တွင် နတ်ပြိတ္တာနှင့် အတူတူအနှစ်ခုနှစ်ရာမွေ့လျော်၍ အကုဋေမျှသော အဝတ်တို့ဖြင့် ခံစားရသော လူမိန်းမက နတ်ပြိတ္တာအားလူ့ပြည်သို့ ပြန်ပို့ရန် ပြောပုံနှင့် လူ့ပြည်သို့ရောက်သော် အမယ်အိုကြီး ဖြစ်သွားပုံတို့ဖြင့် ထူးဆန်းသောဝတ္ထု

ရှေးအခါက အိမ်သို့ကပ်လျက် ကာယဝိညတ်ဖြင့် ရပ်တည်၍ အတောင်းခံရသော အကျွန်ုပ်သည် ကိလေသာကို နှင်ထုတ်ပြီးသော (ပစ္စေကဗုဒ္ဓါ) ရဟန်းအား ချည်ကို ပေးလှူ ခဲ့ရပါ၏၊ ထိုအလှူ၏ပြန့်ပြောများမြတ်သော ပွားစီးမှုရှိသော အကျိုးကို ယခု ရပါ၏၊ အကျွန်ုပ်အား များစွာသော အကုဋေမျှလောက်သော အဝတ်တို့သည် ဖြစ်ပါကုန်၏။

များစွာ ဆန်းကြယ်လျက် ယောက်ျားမိန်းတို့ မှီဝဲအပ်သော ဗိမာန်သည် ပန်းတို့ဖြင့်ပြွမ်းသည်ဖြစ်၍ မွေ့လျော်ဖွယ် ရှိပါ၏၊ အကျွန်ုပ်သည် ထိုဗိမာန်ကို သုံးဆောင်လည်း သုံးဆောင်ရပါ၏၊ ထိုအကုဋေမျှလောက်သော အဝတ်တို့တွင် အလိုရှိရာအဝတ်ကို ဝတ်ရုံလည်း ဝတ်ရုံရပါ၏၊ များစွာသော စည်းစိမ်ဥစ္စာလည်း ရှိပါ၏၊ ထိုစည်းစိမ်ဥစ္စာသည် ကုန်ခန်းလည်း မကုန်ခန်းနိုင်ပါ။

ထိုချည်လှူဒါန်းခဲ့သော ကံကို အစွဲပြု၍ ဤဗိမာန်၌ အကျိုးဖြစ်သော ချမ်းသာကိုလည်းကောင်း၊ သာယာခြင်းကိုလည်းကောင်း ရအပ်ပါ၏၊ ထိုအကျွန်ုပ်သည် တစ်ဖန် လူ့ ပြည်သို့ သွား၍ ကောင်းမှုကုသိုလ်ကို ပြုပါအံ့၊ အရှင့်သား အကျွန်ုပ်ကို လူ့ပြည်သို့ ပို့ဆောင် ပါလော့ (ဟု မိန်းမကပြော၏)။

သင်သည် အနှစ်ခုနစ်ရာ အထက်ကပင် ဤဗိမာန်သို့ ရောက်လာ၏၊ ထိုလူ့ပြည်၌အိုခြင်းသည်လည်းကောင်း အသက်ကြီးခြင်းသည်လည်းကောင်း ဖြစ်ရလိမ့်မည်၊ သင်၏ ဆွေမျိုးအားလုံးတို့သည် သေကုန်ကြပြီဖြစ်ရကား ဤဗိမာန်မှ ထိုလူ့ပြည်သို့ သွား၍ အဘယ်ပြု လတ္တံ့နည်း (ဟု ပြိတ္တာက ပြော၏)။

အရှင် ဤနတ်ပြည်သို့ ရောက်လာ၍ နတ်ချမ်းသာနှင့် ပြည့်စုံသော အကျွန်ုပ်အားခုနစ်နှစ်မျှလောက်သာ ရှိပါသေး၏ဟု ထင်မိပါ၏၊ ထိုအကျွန်ုပ်သည် တစ်ဖန် လူ့ပြည်သို့ သွား၍ ကောင်းမှုတို့ကို ပြုပါအံ့၊ အရှင့်သား အကျွန်ုပ်ကို လူ့ပြည်သို့ ပို့ဆောင်ပါလော့ဟု (မိန်းမက ပြော၏)။

ထိုဝိမာနပြိတ္တာသည် ထိုမိန်းမ၏ လက်မောင်းကို ဖိနှိပ်ဘိသကဲ့သို့ ကိုင်ပြီးလျှင်အလွန်အားနည်းသော မိန်းမအိုကြီးကို (မွေးဖွားရာအရပ်သို့) ပြန်လည်ပို့ဆောင်ပြီးလျှင် ဤ အရပ်သို့ရောက်လာသော လူအပေါင်းကိုလည်း သင်တို့သည် ကုသိုလ်ကောင်းမှုကို ပြုကြကုန် လော့၊ ဤသို့ပြုသည်ရှိသော် ချမ်းသာသုခကို ရနိုင်၏ဟု ပြောကြားပါလေလော့ (ဟု ပြိတ္တာက မှာထား ပြောဆို၏)။

ကုသိုလ်ကောင်းမှုကံကို မပြုခြင်းကြောင့် ဆင်းရဲပင်ပန်းခြင်းသို့ ရောက်သော ပြိတ္တာတို့ကိုလည်းကောင်း၊ ကုသိုလ်ကောင်းမှုကံကို မပြုခြင်းကြောင့် ဆင်းရဲပင်ပန်းခြင်းသို့ ရောက်သော လူတို့ကိုလည်းကောင်း ငါ မြင်ရ၏၊ ကောင်းကျိုးချမ်းသာကို ဖြစ်စေတတ်သော ကုသိုလ် ကံကို ပြု၍ ချမ်းသာသုခ၌ တည်သော နတ်လူသတ္တဝါတို့ကိုလည်း ငါ မြင်ရ၏ဟု (မိန်းမက ဆုံးမစကားပြောကြား၏)။