နန္ဒာပေတိဝတ္ထု(အိမ်ထောင်ဖက် အပေါ်၌ မရိုသေ မလေးစားသူ)

နန္ဒာပေတိဝတ္ထု(အိမ်ထောင်ဖက် အပေါ်၌ မရိုသေ မလေးစားသူ)

လင့်အပေါ်၌ မရိုသေ မလေးစား စကားကြမ်းစွာ ပြောဆိုခဲ့သောကြာင့် ပြိတ္တာဘဝတွင် ရုပ်သွင်မည်းနက် ကြောက်မက်ဖွယ် ရုပ်အဆင်းရှိနေရာ လင်ဖြစ်သူမြင်တွေ့က သနားလှသဖြင့် ရဟန်းတို့အား ကျောင်းအိပ်ရာ စသည်လှူဒါန်း၍ အမျှအတန်းဝေမှ ချမ်းသာရာရသော ပြိတ္တာမ

သင်သည် အဆင်းမည်းနက်၍ စက်ဆုပ်ရွံ့ရှာဖွယ် ပုံပန်းသဏ္ဌာန်ရှိသူ, ကြမ်းတမ်းသော ကိုယ်ခန္ဓာရှိသူ, ကြောက်မက်ဖွယ် အမြင်ရှိသူ, ကြောင်သော မျက်စိ ကျဲသော သွားရှိသူ ဖြစ်၏၊ သင့်ကို လူမိန်းမဟု ငါ မထင်ဟု (လင်ဟောင်း နန္ဒိသေနက ပြော၏)။

နန္ဒိသေန အကျွန်ုပ်သည် နန္ဒာပါတည်း၊ ရှေးဘဝက သင်၏ မယား ဖြစ်ခဲ့ပါ၏၊ မကောင်းမှုကံကို ပြုခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရ၏ဟု (နန္ဒာကပြော၏)။

သင်သည် ကိုယ်ဖြင့်လည်းကောင်း, နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့လားရောက်ရသနည်းဟု (နန္ဒိသေနက မေးပြန်၏)။

အကျွန်ုပ်သည် အမျက်ဒေါသကြီးသူ ကြမ်းတမ်းသော စကားရှိသူ ဖြစ်ခဲ့ပါ၏၊ သင့် အပေါ်၌လည်းမရိုသေခဲ့ပါ၊ ငါသည် သင့်အား မကောင်းသော စကားကို ဆိုခဲ့မိခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့လားရောက်ရ၏ဟု (နန္ဒာက ပြော၏)။

ယခု သင့်အား ငါ၏ အပေါ်ရုံအဝတ်ကို ပေးအံ့၊ ဤပုဆိုးကို ဝတ်လော့၊ ဤပုဆိုး ကို ဝတ်၍ လာလော့၊ သင့်ကို အိမ်သို့ ခေါ်ဆောင်သွားအံ့။

သင်သည် အိမ်သို့ ရောက်သည်ရှိသော် အဝတ်ကိုလည်းကောင်း, ထမင်း အဖျော်ကိုလည်းကောင်း ရလတ္တံ့၊ သင်၏ သားများနှင့် ချွေးမတို့ကိုလည်း မြင်ရလတ္တံ့ဟု (နန္ဒိသေနက ပြော၏)။

သင်၏ လက်ဖြင့် အကျွန်ုပ်အား ပေးသော ပစ္စည်းသည် အကျွန်ုပ်လက်သို့ မရ မရောက်နိုင်ပါ၊ ရာဂကင်းကုန်သော အကြားအမြင်များကုန်သော သီလနှင့်ပြည့်စုံကုန်သော ရဟန်းတို့ကို ထမင်းအဖျော်ဖြင့်နှစ်သိမ့်ရောင့်ရဲစေပါလော့၊ အကျွန်ုပ်အား အလှူ၏အဖို့ကို ရည်ညွှန်း၍ ပေးဝေပါလော့၊ ထိုအခါအကျွန်ုပ်သည် ချမ်းသာသည်ဖြစ်၍ အလိုရှိသမျှ အလုံးစုံ နှင့် ပြည့်စုံသူဖြစ်ပါလိမ့်မည်ဟု (နန္ဒာကပြောပြန်၏)။

ထိုနန္ဒိသေနသည် ကောင်းပြီဟု ဝန်ခံ၍ ထမင်း, အဖျော်, ခဲဖွယ်, အဝတ်, ကျောင်း,အိပ်ရာ နေရာ, ထီး, နံ့သာပန်း အထူးထူး အပြားပြားသော ဖိနပ်ဟူသော ပြန့်ပြောများမြတ်သော ဒါနမျိုးကို ကြဲချလှူဒါန်း၏။

ရာဂကင်းကုန်သော၊ အကြားအမြင်များကုန်သော၊ သီလနှင့်ပြည့်စုံကုန်သော ရဟန်း တို့ကို ထမင်း အဖျော်ဖြင့် နှစ်သိမ့်ရောင့်ရဲစေ၍ ထိုနန္ဒာပြိတ္တာမအား အလှူ၏အဖို့ကို ရည် ညွှန်းပေးဝေ၏။

ရည်ညွှန်း၍ လှူအပ်သော အလှူ၏ အခြားမဲ့၌ စားဖွယ်, အဝတ်,သောက်ရေ ရခြင်းဟူသော ဤအကျိုးသည် ဖြစ်ပေါ်လာ၏၊ ဤအကျိုးသည် အလှူ၏ အကျိုးပင်တည်း။

ထို့နောက် စင်ကြယ်သော ကိုယ်ရှိသည်ဖြစ်၍ စင်ကြယ်သော အဝတ် ကာသိတိုင်း ဖြစ်ပုဆိုးထက် မြတ်သော ပုဆိုး, ဆန်းကြယ်သော အဝတ်တန်ဆာရှိလျက် လင် နန္ဒိသေန ထံသို့ချဉ်းကပ်၏။

နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေလျက် တည်ဘိ၏။

သင်သည် အဘယ်ကုသိုလ်ထူးကြောင့် ထိုသို့သဘောရှိသော အရောင်အဆင်း ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် သင့်အား ဤအရပ်၌ (ကောင်းကျိုး) ပြည့်စုံသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ် ပေါ်ကုန်သနည်း။

အာနုဘော်ကြီးသော နတ်သမီး သင့်ကို (ငါ) မေး၏၊ လူဖြစ်စဉ်က အဘယ် ကုသိုလ်ကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော် ရှိသနည်း၊ သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်း တောက်ပစေလျက် တည်ဘိသနည်းဟု (နန္ဒိသေနက မေး၏)။

နန္ဒိသေန အကျွန်ုပ်သည် နန္ဒာပါတည်း၊ ရှေးဘဝက သင်၏ မယား ဖြစ်ခဲ့ပါ၏၊ မကောင်းမှုကံကို ပြုသောကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရပါ၏။

သင် ပေးလှူအပ်သော အလှူဖြင့် တစ်စုံတစ်ရာ မည်သည့်ဘေးမျှမရှိဘဲ မွေ့လျော် ရပါ၏၊ သူကြွယ် ဆွေမျိုးအားလုံးတို့နှင့်တကွ ကြာမြင့်စွာ အသက်ရှင် ပါစေလေ့ စိုးရိမ်ကင်း၍ မြူအညစ်အကြေးကင်းသော ဘေးမရှိသောဝသဝတ္တီနတ်တို့၏ နေရာဘုံသို့ ရောက်ပါစေလော့။

သူကြွယ် ဤလူ့ပြည်လောက၌ တရားကို ကျင့်၍ အလှူဒါနကို ပေးလှူကာ ဝန်တိုခြင်း ‘မစ္ဆေရ’အညစ်အကြေးကို အမြစ်ပါ နုတ်ပြီးလျှင် အကဲ့ရဲ့လွတ်လျက် နတ်ပြည်သို့ ကပ်ရောက်ပါစေလော့ဟု (နန္ဒာက ဆုံးမစကား ပြောကြား၏)။