မတ္တာပေတိဝတ္ထု(ဝန်တိုမိစ္ဆာစိတ်ရှိသူ)

မတ္တာပေတိဝတ္ထု(ဝန်တိုမိစ္ဆာစိတ်ရှိသူ)

လင်တူမိန်းမ တိဿာအပေါ်၌ ဝန်တိုမိစ္ဆာစိတ်ဖြင့် မကောင်းပြု မကောင်းပြော မကောင်းကြံများကို အဆန်းတကြယ်ပြုခဲ့၍ အဝတ်မပါ ပိန်ချိသော ခန္ဓာဖြင့် ပြိတ္တာဖြစ်နေ ရသူ မတ္တာအား တိဿာကသနားလှ၍ သံဃာရှစ်ပါးအား ကုသိုလ်ပြုအမျှဝေသဖြင့် နတ်သမီး အလား ချမ်းသာခံစားရသော ပြိတ္တာမ

အလွန်ကြုံလှီ၍ နံရိုးပြိုင်းပြိုင်းထွက်သော မိန်းမ သင်သည် အဝတ်လည်း မပါ၊ စက်ဆုပ်ရွံ့ရှာဖွယ်အဆင်းသဏ္ဌာန်လည်း ရှိ၏၊ ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိ လျက် ဤအရပ်၌ရပ်တည်နေသောသူကား အဘယ်သူနည်းဟု (လင်တူမိန်းမ တိဿာက မေး၏)။

ငါသည် မတ္တာပါတည်း၊ သင်သည် တိဿာပါတည်း၊ ရှေးဘဝက သင်၏ လင်တူ မိန်းမဖြစ်ခဲ့ပါ၏၊ မကောင်းမှုကံကို ပြုခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ခဲ့ရ ပါ၏ဟု (မတ္တာကဖြေ၏)။

သင်သည် ကိုယ်ဖြင့်လည်းကောင်း, နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့လားရောက်ရသနည်းဟု (တိဿာက မေးမြန်း၏)။

အကျွန်ုပ်သည် အမျက်ဒေါသကြီးသူ, ကြမ်းတမ်းသော စကားရှိသူ, ငြူစူတတ်သူ, ဝန်တိုသူ,စဉ်းလဲသူ ဖြစ်ခဲ့ဖူးပါ၏၊ ငါသည် သင့်အား မကောင်းသော စကားကို ဆိုခဲ့မိသောကြောင့် ဤလူ့ဘုံမှ့ပြိတ္တာဘုံသို့ လားရောက်ရ၏ဟု (မတ္တာက ဖြေ၏)။

မှန်၏၊ သင်သည် ကြမ်းတမ်းသူဖြစ်သော အခြင်းအရာကို ငါ သိ၏၊ အသင့်အား တစ်ပါးသော အကြောင်းကို မေးပါအံ့၊ အဘယ့်ကြောင့် မြေမှုန့်တို့ဖြင့်ပြွမ်းသော ကိုယ်ရှိသနည်းဟု (တိဿာကမေးပြန်၏)။

သင် (တိဿာ) သည် ဦးခေါင်းနှင့်တကွ ရေချိုး၏၊ စင်ကြယ်သန့်ရှင်းသော အဝတ် ကို ဝတ်၏၊ တန်ဆာဆင်၏၊ ငါသည်ကား သင့်ထက် အလွန်အကဲ ပိုမို၍ တန်ဆာဆင်၏။

ထိုငါသည် ကြည့်ရှုနေစဉ် လင်နှင့် သင် စကားပြောနေ၏၊ ထို့ကြောင့် ငါ့အား ငြူစူခြင်းဣဿာသည် ပွါးများလာ၏၊ ငါ့အား အမျက်ဒေါသသည် လွန်စွာ ဖြစ်၏။

ထို့ကြောင့် မြေမှုန့်ကို ယူ၍ သင့်ကို မြေမှုန့်ဖြင့် ငါ ကြဲချမိခဲ့၏၊ ထိုမကောင်းမှုကံအကျိုးကြောင့် မြေမှုန့်တို့ဖြင့် ပြွမ်းသော ကိုယ်ရှိပါ၏ဟု (မတ္တာက ဖြေ၏)။

မှန်၏၊ သင် (မတ္တာ) သည် ငါ့ကို မြေမှုန့်ဖြင့် ကြဲချသည်ကို ငါသိ၏၊ သင့်အား တစ်ပါးသော ထိုအကြောင်းကို မေးပါအံ့၊ အဘယ့်ကြောင့် ဝဲရောဂါ နှိပ်စက်ခံရသနည်းဟု (တိဿာက မေးပြန်၏)။

သင်နှင့်ငါ နှစ်ယောက်တို့သည် ဆေးကို ဆောင်ယူရန် တောသို့ သွားရောက်ကြ ကုန်၏၊ သင်သည်ကား ဆေးကို ဆောင်ယူ၏၊ ငါသည်ကား ခွေးလှေးသီးအရိုင်းကို ဆောင် ယူ၏။

သင် မသိမီ ငါသည် သင့်အိပ်ရာပေါ်သို့ ခွေးလှေးသီးကို ကြဲချခဲ့၏၊ ထိုမကောင်းမှု ကံကြောင့်ဝဲနာရောဂါ နှိပ်စက်ခံရ၏ဟု (မတ္တာက ဖြေ၏)။

မှန်၏၊ သင် (မတ္တာ) သည် ငါ၏ အိပ်ရာနေရာကို (ခွေးလှေးသီး) ကြဲချသည်ကို ငါ သိ၏၊ သင့်အား တစ်ပါးသော ထိုအကြောင်းကို မေးပါအံ့၊ အဘယ့်ကြောင့် သင်သည် အဝတ်မရှိသနည်းဟု (တိဿာက မေး၏)။

သူငယ်ချင်းတို့၏လည်းကောင်း, ဆွေမျိုးတို့၏လည်းကောင်း ပေါင်းဆုံစည်းဝေးခြင်း သည်ဖြစ်ခဲ့၏၊ လင်နှင့်တကွ သင့်ကို မူ ဖိတ်ခေါ်၏၊ ငါ့ကို ကား မဖိတ်ခေါ်။

သင် မသိစဉ် ငါသည် သင်၏ အဝတ်ကို ခိုးယူခဲ့၏၊ ထိုကံ၏ အကျိုးကြောင့် ငါသည် အဝတ်မရှိဖြစ်ရ၏ဟု (မတ္တာက ဖြေ၏)။

မှန်၏၊ သင် (မတ္တာ) သည် ငါ၏ အဝတ်ကို ခိုးယူသည်ကို ငါ သိ၏၊ သင့်အား တစ်ပါးသော ထိုအကြောင်းကို မေးပါအံ့၊ အဘယ့်ကြောင့် မစင်အနံ့ ရှိသနည်းဟု တိဿာက မေး၏)။

သင်၏ နံ့သာကိုလည်းကောင်း, ပန်းကိုလည်းကောင်း, အဖိုးများစွာ ထိုက်သော နံ့သာပျောင်းကိုလည်းကောင်း မစင်တွင်း၌ ပစ်ချခဲ့၏၊ ထိုမကောင်းမှုကို ငါသည် ပြုခဲ့၏၊ ထိုမကောင်းမှုကံ၏ အကျိုးကြောင့် မစင်အနံ့ ရှိ၏ဟု (မတ္တာက ဖြေ၏)။

မှန်၏၊ သင် (မတ္တာ) သည် ထိုမကောင်းမှုကံ ပြုခဲ့သည်ကို ငါ သိ၏၊ သင့်အား တစ်ပါးသော ထိုအကြောင်းကို မေးအံ့၊ အဘယ့်ကြောင့် သင်သည် ‘ဒုဂ္ဂတိ’ဘုံသို့ လားရောက် ရသနည်းဟု (တိဿာက မေး၏)။

အိမ်၌ရှိသော ပစ္စည်းဥစ္စာသည် သင်နှင့်ငါ နှစ်ယောက်တို့အား သာတူညီမျှ ဖြစ်၏၊ လှူဖွယ်ဝတ္ထုတို့ ထင်ရှားရှိပါကုန်လျက် မိမိ၏ မှီခိုရာ ကောင်းမှုကုသိုလ်ကို မပြု၊ ထိုကံ၏ အကျိုးကြောင့်ငါသည် ဒုဂ္ဂတိဘုံသို့ လားရောက်ရပါ၏။

သင်သည် မကောင်းမှုကံကို မှီဝဲဘိ၏၊ မကောင်းမှုကံတို့ဖြင့် သုဂတိဘုံကို ရဖို့ မလွယ်ဟုထိုလူဖြစ်စဉ်အခါကပင် ငါ့ကို သင် ပြောခဲ့ဖူး၏ဟု (မတ္တာက ဖြေ၏)။

သင်သည် ငါ့ကို ဆန့်ကျင်ဘက်အားဖြင့် ယုံကြည်စွဲလမ်းနေ၏၊ ထို့ပြင်လည်း ငါ့ကို ငြူစူ၏၊ မကောင်းမှုကံတို့၏ အကျိုးသည် ကြမ်းတမ်းသော သဘောရှိသည်ကို ရှုပါလော့။

(ရှေးက သင် သိမ်းဆည်းထားအပ်ကုန်သော) သင်၏ ထိုအိမ်တို့သည် လည်း ကောင်း, ထိုကျွန်မတို့သည်လည်းကောင်း, သင်၏ ထိုအဝတ်တန်ဆာသည်လည်းကောင်း ရှိ ကုန်၏၊ ဤအရာဝတ္ထုတို့ကို သူတစ်ပါးတို့ သုံးဆောင်ကုန်၏၊ စည်းစိမ်တို့သည် မမြဲကုန်။

ယခုအခါ၌ ကလေးအဖေသည် ဈေးမှ အိမ်သို့ ရောက်လာလတ္တံ့၊ သင့်အား တစ်စုံ တစ်ရာကို ပေးကောင်း ပေးလိမ့်မည်၊ ဤအရပ်မှ မသွားပါနှင့်ဦးဟု (တိဿာက ပြော၏)။

ငါသည် အဝတ်လည်း မပါ၊ စက်ဆုပ်ရွံ့ရှာဖွယ် အဆင်းသဏ္ဌာန်လည်း ရှိပါ၏၊ ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသော ကိုယ် ရှိပါ၏၊ ဤအဝတ်မပါခြင်းစသည်သည် မိန်းမတို့ အတွက် ရှက်စဖွယ်ဖြစ်ပါ၏၊ ငါ့ကို ကလေးအဖေ မမြင်ပါစေလင့်ဟု (မတ္တာက ဆို၏)။

ယခု ငါသည် သင့်အား အဘယ်ကို ပေးရပါမည်နည်း၊ ချမ်းသာခြင်းသို့ ရောက်၍ အလုံးစုံ သင်အလိုရှိသမျှ ပြီးစီးရသော အဘယ်ကျေးဇူးဥပကာရကို မူလည်း ဤအချိန် ဤ အခါဝယ် ငါပြုလုပ်ရပါမည်နည်းဟု (တိဿာက ပြော၏)။

သံဃာမှ ရဟန်းလေးပါး, ပုဂ္ဂိုလ်မှ လေးပါး (ပေါင်း) ရှစ်ပါးသော ရဟန်းတို့ကို ဆွမ်းကျွေး၍ ငါ့အား အလှူ၏ အဖို့ကို ရည်ညွှန်း၍ ပေးဝေပါလော့၊ ထိုအခါ ငါသည် ချမ်းသာခြင်းသို့ ရောက်၍ အလုံးစုံအလိုရှိသမျှ ပြီးစီးသည် ဖြစ်ရပါလိမ့်မည်ဟု (မတ္တာက ဖြေ၏)။

တိဿာသည် ကောင်းပြီဟု ဝန်ခံ၍ ရဟန်းရှစ်ပါးတို့ကို ဆွမ်းကျွေးပြီးလျှင် အဝတ် တို့ကို လှူဒါန်းလျက် ထိုပြိတ္တာမအား အလှူ၏ အဖို့ကို ရည်ညွှန်း ပေးဝေ၏။

ရည်ညွှန်း၍ လှူအပ်သော အလှူ၏ အခြားမဲ့၌ စားဖွယ် အဝတ်သောက်ရေရခြင်းဟူသော ဤအကျိုးသည် ဖြစ်ပေါ်လာ၏၊ ဤအကျိုးသည် အလှူ၏ အကျိုးပင်တည်း။

ထို့နောက် (မတ္တာပြိတ္တာမသည်) စင်ကြယ်သော ကိုယ်ရှိသည်ဖြစ်၍ စင်ကြယ်သော အဝတ်ကာသိတိုင်းဖြစ်ပုဆိုးထက် မြတ်သော ပုဆိုး, ဆန်းကြယ်သော အဝတ်တန်ဆာရှိလျက် လင်တူ တိဿာအထံသို့ ချဉ်းကပ်၏။

နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းတောက်ပ သကဲ့သို့သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေလျက် တည်ဘိ၏။

သင်သည် အဘယ်ကုသိုလ်ထူးကြောင့် ထိုသို့သဘောရှိသော အရောင်အဆင်း ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤအရပ်၌ (ကောင်းကျိုး) ပြည့်စုံသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ကုန်သနည်း။

အာနုဘော်ကြီးသော နတ်သမီး သင့်အား ငါ မေး၏၊ လူဖြစ်စဉ်က သင်သည်အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော်ရှိသနည်း၊ သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်း လင်းတောက်ပလျက် တည်ဘိသနည်းဟု (တိဿာက မေး၏)။

ငါသည် မတ္တာပါတည်း၊ သင်သည် တိဿာပါတည်း၊ ရှေးဘဝက သင်၏ လင်တူ မိန်းမဖြစ်ခဲ့ပါ၏၊ မကောင်းမှုကံကို ပြုခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရ ပါ၏။

သင် ပေးလှူအပ်သော အလှူဖြင့် မည်သည့်ဘေးမျှ မရှိဘဲ မွေ့လျော်ရပါ၏၊ ညီမဆွေမျိုးအားလုံးတို့နှင့်တကွ ကြာမြင့်စွာ အသက်ရှင်ပါစေလော့၊ စိုးရိမ်ကင်း၍ မြူအညစ်အကြေးကင်းသော နတ်ဘုံဌာနသို့ (ရောက်ပါစေလော့) ဝသဝတ္တီနတ်တို့၏ နေရာဘုံသို့ (ရောက်ပါစေ လော့)။

တင့်တယ်သော ညီမတိဿာ ဤလူ့ပြည်လောက၌ တရားကို ကျင့်၍ အလှူဒါနကို ပေးလှူကာဝန်တိုခြင်း ‘မစ္ဆေရ’ အညစ်အကြေးကို အမြစ်ပါ နုတ်ပြီးလျှင် အကဲ့ရဲ့လွတ်လျက် နတ်ပြည်သို့ကပ်ရောက်ပါစေလော့ဟု (မတ္တာက ဆုံးမစကား ပြောကြား၏)။