သာရိပုတ္တတ္ထေရမာတုပေတိဝတ္ထု(အမျှဝေခြင်းအကျိုး)

သာရိပုတ္တတ္ထေရမာတုပေတိဝတ္ထု(အမျှဝေခြင်းအကျိုး)

ရှေးဘဝ၌ အသျှင်သာရိပုတြာ၏ မိခင်ဖြစ်ဖူး၍ ကုသိုလ်အားနည်းခိုက် ပြိတ္တာဘဝတွင် ဖြစ်ရ၍ သားကောင်လူတို့၏ ပြည်သွေးကို စားသောက် သုသာန်ကို အိမ်ပြုနေရသူအား အသျှင်သာရိပုတြာ သနားတော်မူသဖြင့် စတုဒ္ဒိသာသံဃိကအလှူပေးကာ အမျှဝေတော်မူမှ ချမ်းသာခွင့်ရသော ပြိတ္တာမ အလွန်ကြုံလှီ၍ နံရိုးပြိုင်းပြိုင်းထွက်သော မိန်းမ သင်သည် အဝတ်လည်း မပါ၊ စက်ဆုပ်ရွံ့ရှာဖွယ်အဆင်းသဏ္ဌာန်လည်း ရှိ၏၊ ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိ လျက် ဤအရပ်၌ရပ်တည်သော သင်ကား အဘယ်သူနည်းဟု (အသျှင်သာရိပုတြာက မေး၏)။

အရှင်ဘုရား အကျွန်ုပ်သည် ရှေးအခါဝယ် တစ်ပါးသော ဘဝတို့၌ အရှင်ဘုရား၏ အမိရင်းဖြစ်ခဲ့ဖူးပါ၏၊ (ယခု) ပြိတ္တာဘုံ၌ ဖြစ်နေရပါ၏၊ ဆာလောင်မွတ်သိပ်ခြင်းဖြင့် အနှိပ် စက်ခံနေရပါ၏။

စွန့်အပ် ပစ်အပ်သော တံထွေးကိုလည်းကောင်း, နှပ်ကိုလည်းကောင်း, သလိပ်ကိုလည်းကောင်း, ဖုတ်ကြည်းသင်္ဂြိုဟ်အပ်သော လူသေတို့၏ အဆီကိုလည်းကောင်း, သားဖွား သူတို့၏သွေးကိုလည်းကောင်း,

အိုင်းအမာအနာတို့၏ သွေးကိုလည်းကောင်း, နှာခေါင်းပြတ် ဦးခေါင်းပြတ်တို့၏သွေးကိုလည်းကောင်း, မိန်းမ ယောက်ျားတို့ကို မှီ၍ ဖြစ်သော အရေ အကြောစသည်ကိုလည်း ကောင်းဆာလောင်ခြင်း အနှိပ်စက်ခံရသည်ဖြစ်၍ စားသောက်ရပါ၏။

သားကောင်တို့၏လည်းကောင်း, လူတို့၏လည်းကောင်း ပြည်သွေးကို စားရပါ၏၊ မှီခိုအားထားရာ မရှိပါ၊ နေရာအိမ် မရှိပါ၊ သုသာန်မြေကို ညောင်စောင်းအမှတ်ပြု၍ အိပ်ရ ပါ၏။

သားတော်ဘုရား အကျွန်ုပ်အတွက် အလှူကို ပေးလှူပါလော့၊ အလှူပေး၍ အကျွန်ုပ်အားရည်ညွှန်းလျက် အလှူဒါန၏ အဖို့ကို ပေးဝေပါလော့၊ ပြည်သွေးကို စားရခြင်း မှ လွတ်နိုင်ကောင်းတန်ရာပါ၏ဟု (လျှောက်၏)။

အမိဖြစ်ဖူးသော ပြိတ္တာမ၏ စကားကို ကြား၍ သနားစောင့်ရှောက်တတ်သော ဥပတိဿအမည်ရသော အသျှင်သာရိပုတြာသည် အသျှင်မောဂ္ဂလ္လာန်ကိုလည်းကောင်း, အသျှင်အနုရုဒ္ဓါကိုလည်းကောင်း, အသျှင်ကပ္ပိနကိုလည်းကောင်း ပြောကြားတော်မူ၏။

ကျောင်းငယ်လေးလုံးတို့ကို ဆောက်လုပ်လျက် ကျောင်းတို့ကိုလည်းကောင်း,ထမင်း အဖျော်ကိုလည်းကောင်း စာတုဒ္ဒိသာသံဃာအား ပေးလှူ၏၊ အမိအား အလှူ၏ အဖို့ကို ရည်ညွှန်းပေးဝေတော်မူ၏။

ရည်ညွှန်း၍ လှူအပ်သော အလှူ၏ အခြားမဲ့၌ စားဖွယ် အဝတ်သောက်ရေကို ရခြင်းဟူသော ဤအကျိုးသည် အလှူ၏ အကျိုးပင်တည်း။

(ထိုပြိတ္တာမသည်) ထိုစားဖွယ်စသည်ကို ရပြီးသည်နောက်မှ စင်ကြယ်သော ကိုယ် ရှိသည် ဖြစ်၍ စင်ကြယ်သော အဝတ်, ကာသိတိုင်းဖြစ်ပုဆိုးထက် မြတ်သော ပုဆိုး, ဆန်း ကြယ်သော အဝတ်တန်ဆာကို ဝတ်လျက် ကောလိတဟု အမည်ရှိသော အသျှင်မောဂ္ဂလ္လာန်ထံသို့ ချဉ်းကပ်၏။

နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းဘိသကဲ့သို့ သင်သည် အဘယ် ကုသိုလ်ထူးကြောင့် အလွန်နှစ်သက်ဖွယ်သော အဆင်းဖြင့် အရပ် မျက်နှာအားလုံးတို့ကို ထွန်းပစေလျက် တည်ဘိသနည်း။

အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့သဘောရှိသော အရောင်အဆင်း ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤဘဝ၌ (ကောင်းကျိုး) ပြည့်စုံသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့သည် ဖြစ်ပေါ်ကုန်သနည်း။

အာနုဘော်ကြီးသော နတ်သမီး သင့်အား ငါ မေး၏၊ လူဖြစ်စဉ်က သင်သည်အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်းဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

အကျွန်ုပ်သည် ရှေးအခါဝယ် တစ်ပါးသော ဘဝတို့၌ အသျှင်သာရိပုတြာ၏ အမိ ရင်းပါတည်း၊ (ယခု) ပြိတ္တာဘုံ၌ ဖြစ်ရပါ၏၊ ဆာလောင်မွတ်သိပ်ခြင်းဖြင့် အနှိပ်စက်ခံရပါ၏။

စွန့်အပ် ပစ်အပ်သော တံထွေးကိုလည်းကောင်း, နှပ်ကိုလည်းကောင်း, သလိပ်ကိုလည်းကောင်း, ဖုတ်ကြည်းသင်္ဂြိုဟ်အပ်သော လူသေတို့၏ အဆီကိုလည်းကောင်း, သား ဖွားသူတို့၏သွေးကိုလည်းကောင်း, အိုင်းအမာအနာတို့၏ သွေးကိုလည်းကောင်း, နှာခေါင်း ပြတ် ဦးခေါင်းပြတ်တို့၏သွေးကိုလည်းကောင်း, မိန်းမ ယောက်ျားတို့ကို မှီ၍ ဖြစ်သော အရေ အကြောစသည်ကိုလည်းကောင်းဆာလောင်ခြင်း အနှိပ်စက်ခံရသည်ဖြစ်၍ စားသောက်ရပါ၏။

သားကောင်တို့၏လည်းကောင်း, လူတို့၏လည်းကောင်း ပြည်သွေးကို စားရပါ၏၊ မှီခိုအားထားရာ မရှိပါ၊ နေရာအိမ် မရှိပါ၊ သုသာန်မြေကို ညောင်စောင်းအမှတ်ပြု၍ အိပ်ရ ပါ၏။

သားဖြစ်သော သာရိပုတြာ၏ အလှူဒါန ပေးလှူခြင်းဖြင့် မည်သည့်ဘေးမျှမရှိဘဲ မွေ့လျော်ရပါ၏၊ အရှင်ဘုရား လောက၌ သနားခြင်းကရုဏာရှိသော ရဟန်းကို ရှိခိုးရန် ရောက်လာပါ၏ဟု (လျှောက်၏)။