သံသာရမောစကပေတိဝတ္ထု(ဒါနမပြုခဲ့သူ)

သံသာရမောစကပေတိဝတ္ထု(ဒါနမပြုခဲ့သူ)

ရှေးဘဝ၌ အလှူဒါနပြုရန် တိုက်တွန်းမည့်သူမရှိ၍ ဒါနမပြုခဲ့ရ သေလွန်သောအခါ၊ ကံလှီငတ်မွတ်အဝတ်မပါသော ပြိတ္တာမအား အသျှင်သာရိပုတြာက သနားလှသဖြင့် ဆွမ်း တလုတ်စာလက်တဝါးမျှရေသော အဝတ်သောက်ရေကို လှူကာ အမျှဝေတော်မူမှ ချမ်းသာခွင့်ရသော ပြိတ္တာမ

အလွန်ကြုံလှီ၍ နံရိုးပြိုင်းပြိုင်းထွက်သော မိန်းမ သင်သည် အဝတ်လည်း မပါ၊ စက်ဆုပ်ရွံ့ရှာဖွယ် အဆင်းသဏ္ဌာန်လည်း ရှိ၏၊ ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိ လျက် ဤအရပ်၌ ရပ်တည်သော သင်ကား အဘယ်သူနည်းဟု (အသျှင်သာရိပုတြာက မေး၏)။

အရှင်ဘုရား အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော မကောင်းသော လားရာရှိသော ပြိတ္တာမ ဖြစ်ပါ၏၊ မကောင်းမှု အကုသိုလ်ကံကို ပြုခဲ့မိခြင်းကြောင့် ဤ လူ့ဘုံမှပြိတ္တာဘုံသို့ လားရောက်ရပါ၏ဟု (ပြိတ္တာမက လျှောက်၏)။

သင်သည် ကိုယ်ဖြင့်လည်းကောင်း, နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့လားရောက်ရသနည်းဟု (အသျှင်သာရိပုတြာက မေးပြန်၏)။

အရှင်ဘုရား အမိကသော်လည်းကောင်း, အဖကသော်လည်းကောင်း, ထို့ပြင်ဆွေမျိုးတို့ကသော်လည်းကောင်း အကျွန်ုပ်ကို သမဏဗြာဟ္မဏတို့အား ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ အလှူဒါနကို ပေးလှူလော့ဟု တိုက်တွန်းကြမည့် (ထိုသို့သဘောရှိသော) သနားစောင့်ရှောက်သူတို့သည် အကျွန်ုပ်အား မရှိပါကုန်။

ဤဘဝမှ ဤသုံးခုမြောက်သော ဘဝ၌ အကျွန်ုပ်သည် ဤသို့သဘောရှိသော အဝတ်မပါကိုယ်ချည်းသာလျှင် ဆာလောင်ခြင်း မွတ်သိပ်ခြင်းဖြင့် အနှိပ်စက်ခံရလျက် အနှစ် ငါးရာတို့ပတ်လုံးလှည့်လည်ခဲ့ရပါ၏၊ ဤအကျိုးသည် မကောင်းမှုကံ၏ အကျိုးပါတည်း။

အရှင်ဘုရား အရှင်ဘုရားကို ကြည်လင်စိတ်ရှိသည်ဖြစ်၍ ရှိခိုးပါ၏၊ လုံ့လဝီရိယရှိ၍ အာနုဘော်ကြီးတော်မူသော အရှင်ဘုရား အကျွန်ုပ်ကို စောင့်ရှောက်တော်မူပါ၊ တစ်စုံတစ်ရာလှူဒါန်းဖွယ်ကို အကျွန်ုပ်အား ရည်ညွှန်း၍ ပေးလှူတော်မူပြီးလျှင် အကျွန်ုပ်ကို ဒုဂ္ဂတိဘုံမှလွတ်စေတော်မူပါဟု (ပြိတ္တာမက လျှောက်ပြန်၏)။

သနားစောင့်ရှောက်တတ်သော ထိုအသျှင်သာရိပုတြာသည် ကောင်းပြီဟု ဝန်ခံပြီး လျှင်ရဟန်းတစ်ပါးအား ဆွမ်းတစ်လုတ်စာမျှကိုလည်းကောင်း, တစ်လက်ဝါးစာမျှသော ပုဆိုးပိုင်းကိုလည်းကောင်း,သောက်ရေခွက်ကိုလည်းကောင်း ပေးလှူ၏၊ ထိုပြိတ္တာမအား အလှူ၏ အဖို့ကို ရည်ညွှန်း ပေးဝေတော်မူ၏။

ရည်ညွှန်း၍ လှူအပ်သော အလှူ၏ အခြားမဲ့၌ စားဖွယ်, အဝတ်,သောက်ရေကို ရခြင်းဟူသော အကျိုးသည် ဖြစ်ပေါ်လာ၏၊ ဤအကျိုးသည် အလှူ၏ အကျိုးပင်တည်း။

ထိုပြိတ္တာမသည် ထိုစားဖွယ်စသည်ကို ရပြီးသည်နောက်မှ စင်ကြယ်သော ကိုယ် ရှိသည်ဖြစ်၍ စင်ကြယ်သော အဝတ်, ကာသိတိုင်းဖြစ်ပုဆိုးထက် မြတ်သော ပုဆိုး, ဆန်းကြယ်သော အဝတ်တန်ဆာကို ဝတ်ဆင်လျက် အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်၏။

နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာအားလုံး တို့ကို ထွန်းပစေလျက် တည်ဘိ၏။

အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ကုန်သနည်း။

အာနုဘော်ကြီးသော နတ်သမီး သင့်အား ငါ မေးပါ၏၊ လူဖြစ်ခဲ့စဉ်က သင်သည်အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ တောက်ပသနည်းဟု အသျှင်သာရိပုတြာက မေး၏)။

ကြုံလှီ၍ ဖက်ရွက်ရော်ကဲ့သို့ ဖြစ်ကာ ဆာလောင်လျက် အဝတ်မပါ ကိုယ်ချည်းသာကိုယ်ရေအဆင်း ပျက်စီးပြီးလျှင် ဒုဂ္ဂတိဘုံသို့ ရောက်နေရသော ထိုအကျွန်ုပ်ကို လောက၌သနားကရုဏာရှိသော ရဟန်းသည် မြင်ပါပြီ။

ရဟန်းတစ်ပါးအား ဆွမ်းတစ်လုတ်စာမျှကိုလည်းကောင်း, တစ်လက်ဝါးစာမျှသော ပုဆိုးပိုင်းကိုလည်းကောင်း,သောက်ရေခွက်ကိုလည်းကောင်း ပေးလှူ ၍ အကျွန်ုပ်အား အလှူ၏အဖို့ကို ရည်ညွှန်းပေးဝေတော်မူပါ၏။

ဆွမ်းတစ်လုတ်၏ အကျိုးကို ရှုပါလော့၊ အနှစ်တစ်သောင်းပတ်လုံး နတ်ထမင်းကိုလည်းကောင်း,များသော အရသာရှိသော ဟင်းကိုလည်းကောင်း အလိုရှိတိုင်း စားသောက် သုံးဆောင်ရပါ၏။

တစ်လက်ဝါးစာမျှသော ပုဆိုးပိုင်း၏ အကြင်သို့သဘောရှိသော အကျိုးသည် ရှိပါ၏၊ ထိုသို့သဘောရှိသော အကျိုးကို ရှုပါလော့၊ အကြင်မျှလောက် နန္ဒမင်း၏ တိုင်းပြည်၌ အဝတ်တို့သည် ရှိပါကုန်၏။

အရှင်ဘုရား ထိုအဝတ်တို့ထက် တပည့်တော်မ၏ အဝတ်တို့သည် များပါကုန်၏၊ ပိုးထည်, ကမ္ဗလာထည်တို့သည်လည်းကောင်း, ခေါမထည်, ဝါချည်ထည်တို့သည်လည်းကောင်းအလျားအနံအားဖြင့်လည်း ပြန့်ကျယ်ပါကုန်၏၊ အဖိုးများစွာလည်း ထိုက်ပါကုန်၏၊ ထိုအဝတ်တို့သည် လည်း ကောင်းကင်၌သာလျှင် တွဲရရွဲကျကုန်၏၊ ထိုအကျွန်ုပ်သည် စိတ် နှစ်သက်ရာရာအဝတ်ကို ဝတ်ဆင်ရပါ၏။

သောက်ရေတစ်ခွက်၏ အကြင်သို့ သဘောရှိသော အကျိုးသည် ရှိ၏၊ ထိုသို့ သဘောရှိသော အကျိုးကို ရှုပါလော့၊ အေးမြသော ရေရှိကုန်သော ကောင်းသော ဆိပ်ကမ်းရှိ ကုန်သော အေးမြ၍ မွှေးပျံ့သင်းကြိုင် လှိုင်သော ရနံ့ရှိကုန်သော ကောင်းစွာ ဖန်ဆင်းအပ် ကုန်သော နက်သော လေးထောင့်ရေကန်တို့သည် ပဒုမ္မာကြာ ဥပ္ပလကြာတို့ဖြင့် ဖုံးလွှမ်းအပ် ကုန်သည်ဖြစ်၍ ရေ၏အထက်၌ ကြာဝတ်ဆံတို့ဖြင့် ဖုံးလွှမ်းလျက် ပြည့်ကုန်၏။

အရှင်ဘုရား ထိုအကျွန်ုပ်သည် မည်သည့်ဘေးမျှ မရှိဘဲ မွေ့လျော်ရပါ၏၊ မြူးထူး ပျော်ပါးရပါ၏၊ ဝမ်းမြောက်ရပါ၏၊ အရှင်ဘုရား လောက၌ သနားခြင်းကရုဏာရှိသော အရှင် ဘုရားကို ရှိခိုးရန်ရောက်လာပါ၏ဟု (လျှောက်၏)။