နာဂပေတဝတ္ထု(သူတစ်ပါးအလှူ၌ ဝန်တိုမှု မစ္ဆရိယ)

နာဂပေတဝတ္ထု(သူတစ်ပါးအလှူ၌ ဝန်တိုမှု မစ္ဆရိယ)

သားသမီးသုံးယောက်တို့ အလှူပေးသည်ကို ဝန်တိုစိတ်ဖြင့် ပိတ်ပင် ဆဲရေးမိကြသောကြောင့် သေလွန်သောအခါ သားသမီးများမှာ ချမ်းသာ၍ မိဖတို့မှာ တင်းပုတ်ဖြင့် ရိုက်နှက်ခြင်းကို ခံကာသွေးပြည်ကို စားသောက်နေရသူ ပြိတ္တာများ

တစ်ယောက်သည် ဆင်ဖြူဖြင့် ရှေ့က သွား၏၊ တစ်ယောက်ကား အဿထိုရ်မြင်း ကသော ရထားဖြင့် အလယ်က သွား၏၊ နောက်၌ အရပ်ဆယ်မျက်နှာလုံးကို ထွန်းလင်း တောက်ပစေသော သတို့သမီးကို မူကား ထမ်းစင်ဖြင့် ထမ်းဆောင်၏။

သင်တို့သည်ကား တင်းပုတ်လက်စွဲကြကုန်သည်ဖြစ်၍ ငိုကြွေးသော မျက်နှာရှိလျက် တင်းပုတ်ဖြင့် ရိုက်ပုတ်ခြင်းကြောင့် ကွဲပြတ်ပျက်စီးသော ကိုယ် ရှိကြကုန်၏၊ လူဖြစ်ကြစဉ်က အဘယ်မကောင်းမှုကို ပြုခဲ့ကြသနည်း၊ အဘယ့်ကြောင့် အချင်းချင်း တစ်ယောက်သည် တစ်ယောက်၏ သွေးကို သောက်ကြရကုန် ဘိသနည်းဟု (သာမဏေက မေး၏)။

အခြေလေးချောင်းရှိသော ကုဉ္ဇရအမည်ရသော ဆင်ဖြူဖြင့် ရှေ့က သွားသောသူသည် အကျွန်ုပ်၏ သားကြီးပင်တည်း၊ ထိုသားကြီးသည် အလှူဒါနတို့ကို ပေးလှူ၍ ချမ်းသာခြင်း ရှိလျက် ဝမ်းမြောက်ရ၏။

ကောင်းသော သွားခြင်းရှိသော အဿထိုရ်မြင်းလေးကောင်ကသော ရထားဖြင့် အလယ်ကသွားသောသူသည် အကျွန်ုပ်၏ သားလတ်ပင်တည်း၊ ထိုသားလတ်သည် ဝန်မတို မူ၍ ပေးလှူလေ့ရှိသောကြောင့် တင့်တယ်၏။

သမင်မငယ်မျက်စိကဲ့သို့ နူးညံ့သော မျက်စိရှိသော နောက်ဆုံးက ထမ်းစင်ဖြင့် ထမ်းဆောင်အပ်သော ပညာရှိသော မိန်းမပျိုသည်ကား အကျွန်ုပ်တို့၏ အငယ်ဆုံး သမီးတည်း၊ (ထိုသမီးငယ်သည်) မိမိရရှိသော အဖို့မှ ထက်ဝက် အဖို့ကို လှူခြင်းကြောင့် ချမ်းသာလျက် ဝမ်းမြောက်ရ၏။

ထိုသားသမီးသုံးယောက်တို့သည် ရှေးဘဝက သမဏဗြာဟ္မဏတို့အား ကြည်လင်သော စိတ်ရှိကုန်၍ အလှူတို့ကို ပေးလှူကုန်၏၊ အကျွန်ုပ်တို့သည် မူကား ဝန်တိုမှု မစ္ဆရိယ ရှိသူများဖြစ်ကြပါကုန်၏၊ သမဏဗြာဟ္မဏတို့ကို ဆဲရေးတတ်ကုန်၏၊ ဤသားသမီး သုံးယောက်တို့သည် ကားပေးလှူကြကုန်၍ စံပယ်ပျော်ပါးကြရကုန်၏၊ အကျွန်ုပ်တို့သည် ကား ပြတ်သော ကျူပင်ကဲ့သို့ခြောက်သွေ့ကြကုန်၏ဟု (ပြိတ္တာလင်မယားက ဖြေ၏)။

သင်တို့၏ စားဖွယ်ကား အဘယ်သဘော ရှိသနည်း၊ အိပ်ရာနေရာကား အဘယ်သဘောရှိပါသနည်း၊ သင်တို့သည် အဘယ်သို့လျှင် မျှတကြကုန်သနည်း၊ အလွန်ယုတ်မာသော သဘောရှိကုန်သော သင်တို့သည် အပိုင်းအခြားမရှိ များမြတ်သော စည်းစိမ်ရှိသူတို့ ဖြစ်ကြပါ ကုန်လျက် ချမ်းသာကြောင်းဖြစ်သော ကုသိုလ်ကို မပြုခြင်းဖြင့် ချမ်းသာကို ချွတ်ယွင်းစေကုန် သောကြောင့် ယခုဆင်းရဲသို့ ရောက်ကြရကုန်၏ဟု (သာမဏေက မေး၏)။

အကျွန်ုပ်တို့သည် အချင်းချင်း သတ်ပုတ်၍ ပြည်သွေးကိုသောက်ရပါကုန်၏၊ များစွာသောက်၍ လည်း တင်းတိမ်ရောင့်ရဲမှု မရှိကြပါကုန်၊ မနှစ်သက် မလိုလားကြပါကုန်။

အကြင်သူတို့သည် ပစ္စုပ္ပန်, တမလွန်ဝယ် ချမ်းသာထူးကို ပြုလုပ်စီရင်တတ် ကုန်သော စည်းစိမ်ဥစ္စာတို့ကို ရကြကုန်၍ မိမိတို့လည်း မသုံးဆောင်ကြကုန်၊ ကုသိုလ် ကောင်းမှုကိုလည်း မပြုကြကုန်၊ မပေးလှူတတ်ကုန်သော ထိုသူတို့သည် တမလွန်ဘဝ၌ ယမမင်း၏ ပြိတ္တာဘုံ၌တည်နေရကုန်သည်ဖြစ်၍ အကျွန်ုပ်တို့ကဲ့သို့ပင် ငိုကြွေးကြရကုန်၏။

ထိုသူတို့သည် တမလွန်ဘဝ၌ ဆာလောင်မွတ်သိပ်သော ‘ခုပ္ပိပါသ’ပြိတ္တာဘုံသို့ ကပ် ရောက်ကုန်၏၊ နောက်အခါ၌ ကြာမြင့်စွာ (နှလုံးမသာယာခြင်းဖြင့်) ပူဆွေးကုန်လျက် (ဒုက္ခမီး ဖြင့်) လောင်ကျွမ်းကြရကုန်၏၊ ဆင်းရဲပွါးကြောင်းဖြစ်ကုန်သော စပ်ရှားခံခက်သော အကျိုးရှိသော ကံတို့ကို ပြုသောကြောင့် အပါယ်ဆင်းရဲကို ခံစားကြရကုန်၏။

ဤလောက၌ ဥစ္စာစပါးသည် ခဏတာမျှ ဖြစ်၏၊ အသက်သည် ခဏတာမျှ ဖြစ်၏၊ ဥစ္စာစသည်တို့၏ ခဏတာမျှ ဖြစ်သည်ကို ခဏတာမျှ ဖြစ်၏ဟု သိ၍ ပညာရှိသည် မိမိမှီရာကုသိုလ်တည်းဟူသော ကျွန်းကို ပြုရာ၏။

တရား၌ လိမ္မာကုန်သော အကြင်သူတို့သည် ဤသို့ ဥစ္စာစသည်တို့၏ ခဏတာမျှ ဖြစ်သည်ကိုဟုတ်မှန်တိုင်း သိရှိကုန်၏၊ ထိုသူတို့သည် ပူဇော်ခံထိုက်သူ ဘုရားစသော အရိယာတို့၏ စကားကို ကြားနာရ၍ အလှူဒါန၌ မမေ့မလျော့ကြကုန်ဟု (လျှောက်၏)။