တိရောကုဋ္ဋပေတဝတ္ထု(ကုသိုလ် အမျှ‌ဝေသင့်ပုံ)

တိရောကုဋ္ဋပေတဝတ္ထု(ကုသိုလ် အမျှ‌ဝေသင့်ပုံ)

ဤလူ့ဘုံမှ လှူဒါန်းသော ကုသိုလ်သည် နောင်ဘဝ၌ ဖြစ်နေကြရသော ဆွေမျိုးပြိတ္တာတို့ ကောင်းကျိုးဖြစ်စေနိုင်ကြောင်းကို မိုးရေပမာ ထင်ရှားစွာပြသောဝတ္ထု

(ပြိတ္တာတို့သည်) မိမိအိမ်သို့ လာကြ၍ နံရံပြင်ဘက်တို့၌ လည်းကောင်း၊ လမ်းဆုံ လမ်းခွအိမ်ခြံစပ်တို့၌ လည်းကောင်း၊ တံခါးဝ တံခါးပေါင်တို့၌ လည်းကောင်း ရပ်တည်နေကြ ကုန်၏။

များစွာသော ထမင်း အဖျော် ခဲဖွယ်ဘောဇဉ်တို့ကို (လှူဒါန်းရန်) ပြုစီရင်သော်လည်းထို (ပြိတ္တာ) သတ္တဝါတို့၏ ကံအကြောင်းကြောင့် (ထိုပြိတ္တာသတ္တဝါတို့ကို) တစ်စုံတစ်ယောက်သောသူကမျှအမှတ်မရချေ။

သနားတတ်သော အကြင်သူတို့သည် ဆွေမျိုးပြိတ္တာတို့ ကပ်ရောက်လာသောအခါ့စင်ကြယ်မွန်မြတ်၍ လျောက်ပတ်သော အဖျော်ဘောဇဉ်ကို ”ဤအလှူဝတ္ထုသည် ဆွေမျိုး ဖြစ်သော သင်ပြိတ္တာတို့အား ဖြစ်စေသတည်း၊ ဆွေမျိုးဖြစ်သော ပြိတ္တာတို့သည် ချမ်းသာကြ စေကုန်သတည်း”ဟုဆွေမျိုးဖြစ်သော ပြိတ္တာတို့အတွက် ရည်ညွှန်း၍ ပေးလှူကုန်၏၊ ထို ဆွေမျိုးဖြစ်သော ပြိတ္တာတို့သည် ထိုအရပ်သို့ ညီညွတ်ပေါင်းဆုံ၍ လာရောက်ကြကုန်ပြီးလျှင် များစွာသော ထမင်း အဖျော်ကို (မိမိတို့အားရည်ညွှန်း၍ ပေးလှူအပ်သည်ရှိသော်) ဝမ်း မြောက်ဝမ်းသာ အနုမောဒနာ ပြုကုန်၏။

အကြင်ဆွေမျိုးတို့၏ (ပေးလှူ ခြင်းဟူသော) အကြောင်းကြောင့် (စည်းစိမ်ချမ်းသာကို) ငါတို့ရကြကုန်၏၊ ငါတို့၏ အကျိုးငှါလည်း ပူဇော်မှုကို ပြုကြကုန်၏၊ ပေးလှူသူ ဆွေမျိုး တို့သည် လည်းအကျိုးကြီးကုန်၏၊ ငါတို့၏ ထိုဆွေမျိုးတို့သည် အသက်ရှည်ကြပါစေကုန်သ တည်း။

ထိုပြိတ္တာဘုံ၌ လယ်ထွန်ခြင်းလည်း မရှိ၊ နွားကျောင်းခြင်းလည်း မရှိ၊ ထိုပြိတ္တာဘုံ၌စည်းစိမ်ဥစ္စာရကြောင်း ကုန်သွယ်မှုလည်း မရှိ၊ ရွှေငွေဖြင့် ရောင်းဝယ်မှုလည်း မရှိ၊ တမလွန် ဘဝသို့ပြောင်းသွားကုန်သော ပြိတ္တာတို့သည် ဤလူ့ဘုံမှ (ဆွေမျိုးမိတ်ဆွေတို့) ပေးကမ်း အပ်သော ကုသိုလ်အဖို့ဖြင့် ထိုပြိတ္တာဘုံ၌ မျှတကုန်၏။

ကုန်းမြင့်ရာအရပ်၌ ရွာသော မိုးရေသည် ချိုင့်ဝှမ်းရာ အရပ်သို့ စီးသွားသကဲ့သို့ ဤ အတူသာလျှင်ဤလူ့ဘုံမှ ပေးဝေအပ်သော ကုသိုလ်အဖို့သည် ပြိတ္တာတို့ထံသို့ ကပ်ရောက်၏။

ရေပြည့်သော မြစ်တို့သည် သမုဒ္ဒရာကို ပြည့်စေကုန်သကဲ့သို့ ဤအတူသာလျှင် ဤလူ့ဘုံမှပေးဝေအပ်သော ကုသိုလ်အဖို့သည် ပြိတ္တာတို့ထံသို့ ကပ်ရောက်၏။

ဤသူကား ငါ့အား ဥစ္စာကို ပေးဖူးပြီ၊ ငါ၏ (ကိစ္စကို) ပြုဖူးပြီဟူ၍ လည်းကောင်း, ဤသူကား ငါ၏ဆွေမျိုးတည်း၊ ငါ၏ မိတ်ဆွေတည်း၊ ငါ၏ ခင်ပွန်းတည်းဟူ၍ လည်းကောင်း ရှည်ကြာမြင့်စွာသော ကာလပတ်လုံး ရှေးက ပြုဖူးသည်ကို အောက်မေ့သူသည် ပြိတ္တာတို့ အကျိုးငှါ မြတ်သော အလှူကို ပေးလှူရာ၏။

ငိုကြွေးခြင်းသည်လည်းကောင်း, စိုးရိမ်ပူဆွေးခြင်းသည်လည်းကောင်း, ထိုမှတစ်ပါး ပြောဆိုမြည်တမ်းခြင်း သည်လည်းကောင်း ပြိတ္တာတို့၏အကျိုးငှါ မဟုတ်၊ (သို့သော်) ဆွေမျိုးတို့သည် ကား ငိုကြွေးနေကြကုန်၏။

(တမလွန်ဘဝသို့ ပြောင်းသွားသူကို ရည်စူးလျက်) သံဃာ၌ ကောင်းစွာ ပေးလှူအပ်သော ဤအလှူသည် ပြိတ္တာ၏ ရှည်ကြာမြင့်စွာသော ကာလပတ်လုံး စီးပွားချမ်းသာဖြစ်ခြင်း အကျိုးငှါတစ်ခဏချင်း ကပ်ရောက်နိုင်၏။

တမလွန်ဘဝသို့ ပြောင်းသွားသူကို ရည်စူး၍ ပေးလှူ ခြင်းဟူသော ဤသဘောကို ဆွေမျိုးတို့၌ ပြုရသောဝတ္တရားဟူ၍ ညွှန်ပြအပ်၏၊ ပြိတ္တာတို့အား မြတ်သော ပူဇော်ခြင်းကို ပြုအပ်သည်လည်းမည်၏၊ ရဟန်းတို့အား ခွန်အားကို ပေးအပ်သည်လည်း မည်၏၊ သင် တို့သည် ကြီးကျယ်သော ကုသိုလ်ကို ပွားများဆည်းပူးအပ်သည်လည်း မည်၏ဟု ဟောတော် မူ၏)။