ပိဋ္ဌဓီတလိကပေတဝတ္ထု(သေသူကို ရည်စူး ဆွမ်းကျွေးအမျှဝေအကျိုး)

ပိဋ္ဌဓီတလိကပေတဝတ္ထု(သေသူကို ရည်စူး ဆွမ်းကျွေးအမျှဝေအကျိုး)

သေပြီးသူကိုဖြစ်စေ အိမ်စောင့်နတ်စသည်ကို အကြောင်းပြု၍ ဖြစ်စေ နတ်မင်းကြီး လေးပါးကို အကြောင်းပြု၍ ဖြစ်စေ လှူဒါန်းခဲ့လျှင် သေသူကို ပူဇော်သည်မည်ကြောင်း ကောင်းကျိုးခံစားရကြောင်း

နှမြောဝန်တိုမှု မရှိသူသည် မင်္ဂလာစသည်တို့တွင် တစ်စုံတစ်ခုကို အကြောင်းပြု၍ ဖြစ်စေ၊ သေပြီးသူတို့ကို အကြောင်းပြု၍ ဖြစ်စေ၊ ထိုမှတစ်ပါး အိမ်စောင့်နတ်စသည်တို့ကို အကြောင်းပြု၍ ဖြစ်စေကုဝေရနတ်, ဓတရဋ္ဌနတ်, ဝိရူပက္ခနတ်, ဝိရူဠှကနတ်ဟူသော လောက ကို စောင့်ရှောက်ကုန်သော များသော အခြံအရံရှိကုန်သော နတ်မင်းကြီးလေးယောက်တို့ကို အကြောင်းပြု၍ ဖြစ်စေ အလှူဒါနကို ပေးလှူရာ၏၊ ဤသို့ပေးလှူသည်ရှိသော် နတ်မင်းကြီး လေးယောက် အိမ်စောင့်နတ်စသည်နှင့်သေလွန်ပြီးသူတို့ကိုလည်း ပူဇော်အပ်သည် မည်ကုန်၏၊ ပေးလှူသူ ဒါယကာတို့သည် လည်းအကျိုးကြီးကုန်၏။

ငိုကြွေးခြင်းသည်လည်းကောင်း၊ စိုးရိမ် ပူဆွေးခြင်း သည်လည်းကောင်း,ထိုမှတစ်ပါးသောအကြင် ပြောဆိုမြည်တမ်းခြင်း သည်လည်းကောင်းပြိတ္တာတို့၏အကျိုးငှါမဟုတ်၊(သို့သော်) ဆွေမျိုးတို့သည် ကား ငိုကြွေးနေကြကုန်၏။

(တမလွန်ဘဝသို့ ပြောင်းသွားသူကို ရည်စူးလျက်) ပေးလှူအပ်သော အလှူသည် သံဃာ၌ကောင်းစွာ တည်သည်ဖြစ်၍ ကာလရှည်မြင့်စွာ စီးပွားချမ်းသာဖြစ်ခြင်းအကျိုးငှါ ထို ပြိတ္တာထံသို့ တစ်ခဏချင်း ကပ်ရောက်၏ဟု(မြတ်စွာဘုရား ဟောတော်မူ၏)။