ပူတိမုခပေတဝတ္ထု(နှုတ်မစောင့်သူရဟန်း)

အပြောအဆိုကြမ်းတမ်းလျက် နှုတ်မစောင့်၊ ခြိုးခြံသော အကျင့်ကို ကား ကျင့်ခဲ့သောကြောင့် ပြိတ္တာဘဝ၌တင့်တယ်သော ရုပ်အဆင်းနှင့် ခံတွင်းပုတ်သိုး ပိုးလောက်ထိုးခြင်းကို ခံနေရသော ပြိတ္တာ

သင်သည် နတ်၌ဖြစ်သော တင့်တယ်သော အဆင်းကို ဆောင်လျက် ကောင်းကင်ပြင်၌ တည်ဘိ၏၊ အပုပ်နံ့လှိုင်သော သင့်ခံတွင်းကို ပိုးတို့စားကုန်၏၊ သင်သည် ရှေးဘဝက အဘယ်ကံကို ပြုခဲ့ပါသနည်းဟု (အသျှင်နာရဒက မေး၏)။

အကျွန်ုပ်သည် ရှေးအခါက ယုတ်မာ၍ အလွန်ကြမ်းတမ်းသော စကားရှိသူ ရဟန်း ဖြစ်ခဲ့ပါ၏၊ ခြိုးခြံစွာ ကျင့်သော သဘောကား ရှိခဲ့ပါ၏၊ နှုတ်ဖြင့် မစောင့်စည်းခဲ့ပါ၊ ငါသည် ကိုယ်အကျင့်ကြောင့်နတ်၌ဖြစ်သော ကောင်းမြတ်သော အဆင်းကို မူ ရခဲ့ပါ၏၊ ကုန်းတိုက်ခြင်း ကြောင့် အကျွန်ုပ် ခံတွင်းသည်ပုပ်ရပါ၏။

အသျှင်နာရဒ အကျွန်ုပ်၏ ရုပ်အဆင်းကို အရှင်ဘုရားကိုယ်တိုင် မြင်ရပါပြီ၊ သနားစောင့်ရှောက်တတ်ကုန်သော (သူတစ်ပါးအကျိုးကို ကျင့်ခြင်း၌) လိမ္မာကုန်သော ဘုရား စသောသူတော်ကောင်းတို့သည် ”ကုန်းတိုက်သော စကားကို မပြောဆိုလင့်၊ မမှန်စကားကို မပြောဆိုလင့်၊ (ဤသို့စောင့်စည်းသည်ရှိသော်) သင်သည် လိုလားတောင့်တအပ်သော နတ် စည်းစိမ်၌ မွေ့လျော်ရသော နတ်ဖြစ်ရလတ္တံ့”ဟူသော စကားကို ပြောဆိုကုန်၏၊ (ထိုစကား မျိုးကို သာ အကျွန်ုပ်ပြောဆိုလိုပါသည်ဟု လျှောက်၏)။