ပဉ္စပုတ္တခါဒပေတိဝတ္ထု(ကိုယ်ဝန်ချသော ပါဏာတိပါတ)

ပဉ္စပုတ္တခါဒပေတိဝတ္ထု(ကိုယ်ဝန်ချသော ပါဏာတိပါတ)

လင်တူမိန်းမက မယားကြီးကိုယ်ဝန်ရှိခိုက် ကိုယ်ဝန်ကို ချခဲ့ရာဟုတ်မှန်ပါလျက် ”သား၏ အသားကို စားရစေသား”ဟု လိမ်လည်ကျိန်ဆိုခဲ့သော ကြောင့် သေသောအခါ နံနက်သားငါးယောက် ညနေချမ်းသားငါးယောက်တို့ကို စားသောက်ကာ အစဉ်ဆာလောင် နေသော ပြိတ္တာဖြစ်ရသူ

သင်သည် အဝတ်လည်း မပါ၊ စက်ဆုပ်ရွံရှာဖွယ် အဆင်းသဏ္ဌာန်လည်း ရှိ၏၊ မကောင်းသော အနံ့ရှိသည်ဖြစ်၍ အပုပ်နံ့လှိုင်ဘိ၏၊ ယင်ကောင်တို့ဖြင့် ဝိုင်းအုံလျက် ဤ အရပ်၌ ရပ်တည်နေသော သင်သည် အဘယ်သူနည်းဟု (သံဃာ့မဟာထေရ်က မေး၏)။

အရှင်ဘုရားတို့ အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျွမ်းဝင်သော မကောင်းသော လားရာရှိသော ပြိတ္တာမ ဖြစ်ပါ၏၊ မကောင်းမှု အကုသိုလ်ကံကို ပြုမိခဲ့ခြင်းကြောင့် ဤ လူ့လောကမှပြိတ္တာလောကသို့ လားရောက်ရပါ၏။

အကျွန်ုပ်သည် နံနက်ကာလ၌ သားငါးယောက်တို့ကိုလည်းကောင်း၊ တစ်ဖန် ညနေချမ်းအခါ၌ အခြားသားငါးယောက် တို့ကိုလည်းကောင်း ဖွားမြင်ပြီးလျှင် (ထိုသားတို့ကို) ခဲစား ရပါ၏။ ထိုသားဆယ်ယောက်တို့ပင်သော်လည်း အကျွန်ုပ်အား (ဆာလောင်မွတ်သိပ်မှုကို ပယ် ဖျောက်ရန်) မစွမ်းနိုင်ပါ။

အကျွန်ုပ်၏ နှလုံးသားသည် ဆာလောင်ခြင်းဖြင့် ပူလောင်လှပါ၏၊ အခိုးတထောင်း ထောင်းထသကဲ့သို့ ဖြစ်ပါ၏၊ ရေကို မျိုသောက်ရန် မရပါ၊ ဆင်းရဲပျက်စီးခြင်းသို့ ရောက်နေ ရသော အကျွန်ုပ်ကို ကြည့်ရှုတော်မူပါလော့ဟု (လျှောက်၏)။

သင်သည် ကိုယ်ဖြင့်လည်းကောင်း, နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် (မွေးဖွားသော) သားတို့၏အသားတို့ကို စားရဘိသနည်းဟု (မေး၏)။

(အရှင်ဘုရား) အကျွန်ုပ်၏ လင်တူမိန်းမသည် ကိုယ်ဝန် ရှိခဲ့ပါ၏၊ ထိုလင်တူမိန်းမ၏ အပေါ်၌ယုတ်မာသော အမှုကို အားထုတ်ခဲ့ပါ၏၊ ထိုအကျွန်ုပ်သည် ပြစ်မှားလိုသော စိတ်ဖြင့် ကိုယ်ဝန်ချခြင်းကို ပြုခဲ့ပါ၏။

ထိုလင်တူမိန်းမ၏ နှစ်လရှိသော ကိုယ်ဝန်သည် သွေးဖြစ်ပြီးလျှင် ယိုစီးကျပါ၏၊ ထိုအခါဝယ်ထိုလင်တူမိန်းမ၏ အမိသည် အကျွန်ုပ်အား အမျက်ထွက်သည်ဖြစ်၍ ဆွေမျိုးတို့ကို စုဝေးစေပါ၏၊ အကျွန်ုပ်အား ကျိန်စာဆိုခြင်းကိုလည်း ပြုစေပါ၏၊ အကျွန်ုပ်ကို ဘေးဖြင့်လည်း ကြောက်မက်ဖွယ်ရာကျိန်ဆိုစေပါ၏။

ထိုအကျွန်ုပ်သည် ”အကယ်၍ ထိုကိုယ်ဝန်ချခြင်းကို ငါ ပြုမိသည် ဖြစ်ပါမူ ငါ့သား၏ အသားတို့ကို ခဲစားရပါစေသား”ဟု ကြမ်းတမ်းသော ကျိန်စာကိုလည်းကောင်း၊ မုသား စကားကိုလည်းကောင်းပြောဆိုခဲ့ပါ၏။

၃၄။ ထို (ကိုယ်ဝန်ချသော ပါဏာတိပါတ) ကံ၏လည်းကောင်း, မုသားစကား ပြောဆိုခြင်း၏လည်းကောင်းနှစ်ပါးစုံသော ကံအကျိုးကြောင့် ပြည် သွေးတို့ဖြင့် လိမ်းကျံသော (မွေးဖွားသော) သား၏အသားတို့ကို ခဲစားရပါ၏ဟု (ဖြေကြား လျှောက်ထား၏)။