နှစ်ကျိပ်ရှစ်ဆူဘုရားရှင်များ

နှစ်ကျိပ်ရှစ်ဆူဘုရားရှင်များ

  1. တဏှင်္ကရာဘုရား
  2. မေဓင်္ကရာဘုရား
  3. သရဏင်္ကရာဘုရား
  4. ဒီပင်္ကရာဘုရား
  5. ကောဏ္ဍညဘုရား
  6. မင်္ဂလဘုရား
  7. သုမနဘုရား
  8. ရေဝတဘုရား
  9. သောဘိတဘုရား
  10. အနောမဒဿီဘုရား
  11. ပဒုမဘုရား
  12. နာရဒဘုရား
  13. ပဒုမုတ္တရဘုရား
  14. သုမေဓာဘုရား
  15. သုဇာတဘုရား
  16. ပီယဒဿီဘုရား
  17. အတ္တဒဿီဘုရား
  18. ဓမ္မဒဿီဘုရား
  19. သိဒ္ဓတ္ထဘုရား
  20. တိဿဘုရား
  21. ဖုဿဘုရား
  22. ဝိပဿီဘုရား
  23. သိခီဘုရား
  24. ဝေဿဘူဘုရား
  25. ကကုသန်ဘုရား
  26. ကောဏဂုံဘုရား
  27. ကဿပဘုရား
  28. ဂေါတမဘုရား
  29. မေတ္တေယျဘုရား

၁။ တဏှင်္ကရာဘုရား

ဤဘဒ္ဒကမ္ဘာမှ ပြန်၍ရေသော် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း အထက်၌ ဘုရားရှင်လေးဆူ ပွင့်တော်မူသည့် သာရမဏ္ဍကမ္ဘာတစ်ခု ပေါ်ပေါက်ခဲ့သည်။ ထိုသာရမဏ္ဍကမ္ဘာ၌ တဏှင်္ကရာဘုရား၊မေဓင်္ကရာဘုရား၊ သရဏင်္ကရာဘုရား၊ ဒီပင်္ကရာဘုရား ဟူ၍ ဘုရားရှင်လေးဆူ ပွင့်တော်မူခဲ့သည်။[၁]တဏှင်္ကရာဘုရားသည် ထိုကမ္ဘာဝယ်ရှေးဦးစွာသော အန္တရဆုတ်ကပ် လူတို့၏ သက်တမ်းတစ်သိန်းသို့ ရောက်သောအခါ ပွင့်တော်မူခဲ့သော ဘုရားရှင်ဖြစ်သည်။

  • တဏှင်္ကရာဘုရား အလောင်းတော် ဖွားမြင်တော်မူခြင်း

တဏှင်္ကရာဘုရားအလောင်းတော်သည် တစ်ဆယ့်ခြောက်အသင်္ချေ နှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီး သည်၏အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာ အတိုင်း တုသိတာနတ်ပြည်၌ စံနေတော်မူခဲ့သည်။ ထိုသို့စံနေတော်မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော်နတ်သားအား ဘုံသုံးပါး၌ ဘုရားဖြစ် တော်မူရန်အချိန်တန်ပြီဖြစ်၍ လူ့ပြည် သို့သက် ဆင်းကာ ပဋိသန္ဓေနေတော်မူပါရန် တောင်းပန်ခဲ့ကြကုန်၏။ အလောင်းတော်သည် နတ်ဗြဟ္မာတို့၏ တောင်းပန် ချက်အရ တုသိတာ နတ်ပြည်မှ စုတေ၍ လူ့ပြည် ပုပ္ဖဝတီမြို့တော် သုနန္ဒမင်းကြီး၏ တောင်ညာ စံဒေဝီ အဂ္ဂမဟေသီ သုနန္ဒာမိဖုရားခေါင်ကြီး၏ သန့်ရှင်းသိုက်မြိုက် ဝမ်းကြာတိုက်၌ ပဋိသန္ဓေ စွဲနေစံပျော် ကိန်းအောင်တော်မူခဲ့၏။ ဆယ်လစေ့မြောက် အချိန်ရောက်သောအခါ မယ်တော် မိဖုရားကြီးသည် အလောင်းတော်ကို မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည်။ အလောင်းတော်ကို ပဋိသန္ဓေ နေတော်မူသောအခါ၊ ဖွားမြင်တော်မူသော အခါတို့၌ ပုဗ္ဗနိမိတ်ကြီးများ ထင်ခဲ့သည့်အပြင် အလောင်းတော် ဟူသမျှတို့၌ ဖြစ်ပေါ်လေ့ရှိသည့်အတိုင်းအံ့ဩဖွယ်ရာများ ဖြစ်ပေါ် ခဲ့ကြကုန်၏။

  • ထီးနန်းစိုးစံတော်မူခြင်း

အလောင်းတော် တဏှင်္ကရာမင်းသားသည် အရွယ်တော်သို့ရောက်သောအခါ နန်းရပ်ထီးဖြူ စိုးစံတော်မူ၍ ကြင်ရာတော် ရံရွေတော်တို့၏ ဖျော်ဖြေလုပ်ကျွေးမှုကို ခံယူကာ နှစ်ပေါင်းတစ်သောင်းတို့ ကာလပတ်လုံး မင်းစည်းစိမ်ကို ခံစားတော်မူခဲ့သည်။

  • ဘုရားအဖြစ်ကို ရောက်တော်မူခြင်း

ဘုရားအလောင်းတော် တဏှင်္ကရာမင်းသားသည် ထိုသို့မင်းစည်းစိမ်ကို ခံစားနေတော်မူစဉ် နတ်တို့ဖန်ဆင်းပြခဲ့သောသူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးတို့ကို မြင်တော် မူခဲ့၍ ကြီးစွာသော သံဝေဂဖြစ်ကာ တောထွက်၍ ရဟန်းပြုတော်မူခဲ့သည်။ ဒုက္ကရစရိယာ ခေါ် လူသာမန်တို့ ကျင့်နိုင်ခဲသောမြတ်သော အကျင့်တော် မြတ်ကိုခုနစ်ရက် ကျင့်တော်မူ ပြီးနောက် ဗောဓိမဏ္ဍိုင်သို့ ကြွတော်မူကာ မဟာဗောဓိ စရည်းပင်အရင်း အပရာဇိတ ပလ္လင်ထက်၌ သဗ္ဗညုတ ဉာဏ်တော်ကိုရ၍ ဘုံသုံးပါး၌ ဘုရားစင်စစ် ဖြစ်တော်မူခဲ့၏။

  • ဂေါတမဘုရားအလောင်းတော် ဘုရားဖြစ်ရန် ဆုပန်တော်မူခဲ့ခြင်း

ဂေါတမဘုရားအလောင်းတော်သည် တဏှင်္ကရာ ဘုရားရှင်ကို ဖူးတွေ့ခဲ့ရပြီး ထိုဘုရားရှင်၏ အထံ တော်၌ လွန်လွန်ကဲကဲဖြစ်သော ကုသိုလ် ကောင်းမှုကို ပြု၍ ဘုရားဖြစ်ရန် ဆုပန်ခဲ့သည်။ သို့သော် တဏှင်္ကရာ ဘုရားရှင်က နိယတဗျာဒိတ်ကို ပေးတော်မမူခဲ့။ ဂေါတမဘုရားအလောင်းတော်သည် တဏှင်္ကရာဘုရားရှင်ထံ၌ နိယတဗျာဒိတ်ကိုရတော်မမူဘဲ ထိုဘဝမှစုတေသော် နတ်ပြည်၌ ဖြစ်ခဲ့လေသည်။

  • ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း

တဏှင်္ကရာဘုရားရှင်သည် လူတို့၏ အသက်တမ်း အနှစ်တစ်သိန်းတမ်း၌ ပွင့်တော်မူခဲ့၏။ ထိုအနှစ် တစ်သိန်း အာယုကပ်ပတ်လုံး တည်နေတော်မူ၍ သတ္တဝါတို့ကို သံသရာဝဲစလုတ်မှ ကယ်ထုတ် တော်မူခဲ့၏။ ဘုရားရှင်မှန်သမျှ ပြုလုပ်မြဲဖြစ်သော ဘုရားကိစ္စ၊ ဘုရားရှင်တစ်ပါး ဆောင်ရွက် ရသည့် လုပ်ငန်းအဖြာဖြာတို့ကို ဆောင်ရွက်တော်မူကာပရိနိဗ္ဗာန်စံဝင်တော်မူခဲ့လေသည်။

၂။ မေဓင်္ကရာဘုရား

တဏှင်္ကရာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် ဘုရားလေးဆူ ပွင့်တော်မူရာ ထိုသာရမဏ္ဍ ကမ္ဘာ၌ပင် လူတို့၏အသက်တမ်း အနှစ်တစ်သိန်း တမ်းမှ တဖြည်းဖြည်း ဆုတ်ယုတ်၍ ဆယ်နှစ် သက်တမ်းသို့ရောက်ပြီး ထိုမှတစ်ဖန်တိုးတက်ပြန်ကာ အသင်္ချေယျတမ်း၊ ထိုအသင်္ချေယျတမ်းမှ တစ်ဖန် ဆုတ်ယုတ်ပြန်ရာ အနှစ်ကိုးသောင်း တမ်းသို့ရောက်လေလျှင် မေဓင်္ကရာ ဘုရားရှင်ပွင့်တော် မူသည်။

  • မေဓင်္ကရာဘုရား အလောင်းတော် ဖွားမြင်တော်မူခြင်း

မေဓင်္ကရာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့် တော်မူပြီးသည်၏ အဆုံး၌ အလောင်းတော်တို့၏ဓမ္မတာအတိုင်း တုသိတာ နတ်ပြည်၌ စံနေတော်မူခဲ့သည်။ ထိုသို့စံနေ တော် မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော်နတ်သားအား ဘုံသုံးပါးတွင် ဘုရားဖြစ်ရန် အချိန်တန်ပြီ ဖြစ်၍ လူ့ပြည်သို့ ဆင်းသက်ကာ ပဋိသန္ဓေနေတော်မူပါရန်တောင်းပန်ခဲ့ကြ ကုန်၏။ အလောင်း တော်သည် နတ်ဗြဟ္မာတို့ တောင်းပန်မှုကို လက်ခံတော် မူပြီးနောက် တုသိတာနတ်ပြည်မှ စုတေ၍ လူ့ပြည် ယဃရမြို့တော် သုဒေ၀ မင်းကြီး၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ ယသောဓရာ မိဖုရားခေါင်ကြီး၏ သန့်ရှင်း သိုက်မြိုက် ဝမ်းကြာတိုက်၌ ပဋိသန္ဓေ စွဲနေစံပျော် ကိန်းအောင်းတော် မူခဲ့သည်။ ဆယ်လစေ့မြောက် အချိန်ရောက်သောအခါ မယ်တော်မိဖုရားကြီးသည် အလောင်းတော် ကို မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည်။ အလောင်းတော်ကို ပဋိသန္ဓေနေတော်မူ သောအခါ၊ ဖွားမြင်တော်မူသော အခါတို့၌ ပုဗ္ဗနိမိတ်ကြီးများ ထင်ခဲ့သည့်အပြင် အလောင်းတော် ဟူသမျှတို့၌ ဖြစ်ပေါ်လေ့ရှိသည့်အတိုင်း အံ့ဩဖွယ်ရာများ ဖြစ်ပေါ်ခဲ့ကြကုန်၏။

  • ထီးနန်းစိုးစံတော်မူခြင်း

အလောင်းတော် မေဓင်္ကရာမင်းသားသည် အရွယ်ရောက်သောအခါ နန်းရပ်ထီးဖြူ စိုးစံတော်မူခဲ့၍ ကြင်ရာတော် ရံရွေတော်တို့၏ ဖျော်ဖြေလုပ်ကျွေးမှုကိုခံယူကာ အနှစ်ရှစ်ထောင်တို့ ကာလပတ်လုံး မင်းစည်းစိမ်ကို ခံစားတော်မူခဲ့သည်။

  • ဘုရားဖြစ်တော်မူခြင်း

ဘုရားအလောင်းတော် မေဓင်္ကရာ မင်းသားသည် ထိုသို့ မင်းစည်းစိမ်ကို ခံစားနေတော်မူစဉ် နတ်တို့ ဖန်ဆင်း ပြသခဲ့သော သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါး တို့ကို မြင်တော်မူခဲ့၍ ကြီးစွာသော သံဝေဂ ဖြစ်ကာတောထွက်ရဟန်း ပြုတော်မူခဲ့သည်။ ဒုက္ကရစရိယာခေါ် လူသာမန်တို့ ကျင့်နိုင်ခဲသော မြတ်သော အကျင့် တော်မြတ်ကို လခွဲ ကျင့်တော်မူပြီးနောက် မဟာဗောဓိမဏ္ဍိုင်သို့ ကြွတော်မူကာ မဟာဗောဓိပေါက်ပင်ရင်း အပရာဇိတပလ္လင်တော်၌သဗ္ဗညုတ ဉာဏ်တော်ကို ရ တော်မူ၍ ဘုံသုံးပါး၌ ဘုရားစင်စစ် ဖြစ်တော်မူခဲ့သည်။

  • ဂေါတမဘုရား အလောင်းတော် ဘုရားဆုပန်ခြင်း

ဂေါတမဘုရားအလောင်းတော်သည် မေဓင်္ကရာဘုရားရှင်ကို ဖူးတွေ့ခဲ့ရပြီး ထိုဘုရားရှင်အထံတော်၌ လွန်လွန်ကဲကဲဖြစ်သော ကုသိုလ်ကောင်းမှုကို ပြု၍ ဘုရားဖြစ်ရန် ဆုပန်ခဲ့သည်။ သို့သော် မေဓင်္ကရာဘုရားရှင်ကလည်း ဧကန်ဘုရားဖြစ်ရန် နိယတဗျာဒိတ်ကို ပေးတော်မမူခဲ့။ ဂေါတမဘုရား အလောင်းတော်သည် မေဓင်္ကရာ ဘုရားရှင်ထံ၌နိယတဗျာဒိတ်ကို ရတော် မမူဘဲ ထိုဘဝမှ စုတေသော် နတ်ပြည်၌ ဖြစ်ခဲ့လေသည်။

  • မေဓင်္ကရာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း

မေဓင်္ကရာဘုရားရှင်သည် လူတို့၏ အသက်တမ်း၊ အနှစ်ကိုးသောင်းတမ်း၌ ပွင့်တော်မူခဲ့၏။ ထိုအနှစ်ကိုးသောင်း အာယုကပ်ပတ်လုံး တည်နေတော်မူ၍ သတ္တဝါတို့ကို သံသရာဝဲ စလုတ်မှ ကယ်ထုတ်တော်မူခဲ့၏။ ဘုရားရှင်မှန် သမျှ ပြုလုပ်မြဲဖြစ်သော ဘုရားကိစ္စ၊ ဘုရားရှင်တစ်ပါး ဆောင်ရွက်ရသည့် လုပ်ငန်းအဖြာဖြာတို့ကို ဆောင်ရွက်တော်မူကာ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့လေသည်။

၃။ သရဏင်္ကရာဘုရား

မေဓင်္ကရာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ဘုရားလေးဆူပွင့် တော်မူရာ ထိုသာရမဏ္ဍ ကမ္ဘာ၌ပင် လူတို့၏ အသက်တမ်း၊ အနှစ်ကိုးသောင်း တမ်းမှ တဖြည်းဖြည်း ဆုတ် ယုတ်၍ ဆယ်နှစ်သက် တမ်း၊ ထိုမှတစ်ဖန် တိုးတက်ပြန်ရာ အသင်္ချေယျတမ်း၊ အသင်္ချေယျတမ်းမှ တစ်ဖန် ဆုတ်ပြန်ရာ အနှစ်ကိုးသောင်းတမ်းသို့ ရောက်လေလျှင် သရဏင်္ကရာ ဘုရားရှင် ပွင့်တော်မူခဲ့သည်။

  • သရဏင်္ကရာဘုရား အလောင်းတော် ဖွားမြင်တော်မူခြင်း

သရဏင်္ကရာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီးသည်၏ အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာ နတ်ပြည်၌ စံနေတော်မူခဲ့သည်။ ထိုသို့စံနေတော် မူစဉ် နတ်ဗြဟ္မာ တို့က အလောင်းတော်နတ်သားအား ဘုံသုံးပါတွင် ဘုရားဖြစ်ရန် အချိန်တန်ပြီ ဖြစ်၍ လူ့ပြည်သို့ ဆင်းသက်ကာ ပဋိသန္ဓေ နေတော်မူပါရန် တောင်းပန်ခဲ့ ကြကုန်၏။ အလောင်း တော်သည် နတ်ဗြဟ္မာတို့၏ တောင်းပန်မှုကို လက်ခံ တော် မူပြီးနောက်တုသိတာနတ်ပြည်မှ စုတေ၍ လူ့ပြည် ဝိပုလမြို့တော် သုမင်္ဂလမင်းကြီး၏ တောင်ညာစံဒေဝီ၊ အဂ္ဂမဟေသီ ယသဝတီမိဖုရားခေါင် ကြီး၏ သန့်ရှင်းသိုက်မြိုက် ဝမ်းကြာတိုက်၌ ပဋိသန္ဓေ စွဲနေစံပျော် ကိန်းအောင်းတော်မူခဲ့သည်။ ဆယ်လစေ့မြောက် အချိန်ရောက်သောအခါ မယ်တော် မိဖုရားကြီးသည် အလောင်းတော်ကို မီးရှူး သန့်စင် ဖွားမြင်တော် မူခဲ့သည်။ အလောင်းတော်ကို ပဋိသန္ဓေ နေတော်မူသောအခါ၊ ဖွားမြင်တော်မူသောအခါတို့၌ ပုဗ္ဗနိမိတ်ကြီးများထင်ခဲ့ သည့်အပြင် အလောင်းတော် ဟူသမျှတို့၌ ဖြစ်ပေါ် လေ့ရှိသည့်အတိုင်း အံ့ဩဖွယ်ရာများ ဖြစ်ပေါ်ခဲ့ကြ ကုန်၏။

  • ထီးနန်းစိုးစံတော်မူခြင်း

အလောင်းတော် သရဏင်္ကရာမင်းသားသည် အရွယ်တော်သို့ရောက်သော အခါ နန်းရပ်ထီးဖြူ စိုးစံ တော်မူခဲ့သည်။ ကြင်ရာတော် ရံရွေတော်တို့၏ ဖျော်ဖြေလုပ်ကျွေးမှုကို ခံယူကာ နှစ်ပေါင်းခုနစ် ထောင်တို့ ကာလပတ်လုံး မင်းစည်းစိမ်ကို ခံစားတော်မူခဲ့သည်။

  • ဘုရားဖြစ်တော်မူခြင်း

ဘုရားအလောင်းတော် သရဏင်္ကရာမင်းသားသည် ထိုသို့ မင်းစည်းစိမ်ကို ခံစားနေတော်မူစဉ် နတ်တို့ဖန်ဆင်း ပြသခဲ့သော သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးတို့ကို မြင် တော်မူခဲ့၍ ကြီးစွာသော သံဝေဂ ဖြစ်ကာတောထွက်၍ ရဟန်းပြုတော်မူခဲ့သည်။ ဒုက္ကရစရိယာခေါ် လူသာမန်တို့ ကျင့်နိုင်ခဲသော မြတ်သော အကျင့် တော်မြတ်ကို တစ်လမျှ ကျင့်တော်မူပြီးနောက် မဟာ ဗောဓိ မဏ္ဍိုင်သို့ ကြွတော်မူကာ မဟာဗောဓိ သခွတ်ပင်ရင်း အပရာဇိတပလ္လင်တော်၌ သဗ္ဗညုတ ဉာဏ်တော်ကို ရတော် မူ၍ ဘုံသုံးပါး၌ ဘုရားစင်စစ် ဖြစ်တော် မူခဲ့သည်။

  • ဂေါတမဘုရားအလောင်းတော် ဘုရားဆုပန်ခြင်း

ဂေါတမဘုရားအလောင်းတော်သည် သရဏင်္ကရာ ဘုရားရှင်ကို ဖူးတွေ့ ခဲ့ရပြီး ထိုဘုရားရှင်အထံ တော်၌ လွန်လွန်ကဲကဲဖြစ်သော ကုသိုလ်ကောင်းမှု ကို ပြု၍ ဘုရားဖြစ်ရန် ဆုပန်ခဲ့သည်။ သို့သော် သရဏင်္ကရာ ဘုရားရှင်က ဧကန်ဘုရားဖြစ်ရန် နိယတ ဗျာဒိတ်ကို ပေးတော်မမူခဲ့။ ဂေါတမ ဘုရား အလောင်းတော်သည် သရဏင်္ကရာ ဘုရားရှင်ထံ၌ နိယတဗျာဒိတ်ကို ရတော်မမူဘဲ ထိုဘဝမှ စုတေသော် နတ်ပြည်၌ ဖြစ်ခဲ့လေ သည်။

  • သရဏင်္ကရာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း

သရဏင်္ကရာဘုရားရှင်သည် လူတို့၏အသက်တမ်း အနှစ်ကိုးသောင်း တမ်း၌ ပွင့်တော် မူခဲ့၏။ ထိုအနှစ်ကိုးသောင်း အာယုကပ်ပတ်လုံး တည်နေတော်မူ၍ သတ္တဝါတို့ကို သံသရာရေအလျဉ်မှ ကယ်တင်တော်မူခဲ့၏။ ဘုရားရှင်မှန်သမျှ ပြုလုပ်မြဲဖြစ်သော ဘုရားကိစ္စ၊ ဘုရားရှင်တစ်ပါး ဆောင်ရွက်လေ့ရှိသည့် လုပ်ငန်းအဖြာဖြာတို့ကို ဆောင်ရွက် တော်မူကာ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့လေ သည်။

၄။ ဒီပင်္ကရာဘုရား

၁။ ထိုအခါ ထိုရမ္မဝတီပြည်သူပြည်သားတို့သည် သံဃာနှင့်တကွသော မြတ်စွာ ဘုရားကို ဆွမ်းလုပ်ကျွေးပြီးလျှင် ထိုဒီပင်္ကရာမြတ်စွာဘုရားအား ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကုန်၏။

၂။ ဒီပင်္ကရာမြတ်စွာဘုရားသည် အချို့သော ပုဂ္ဂိုလ်ကို သရဏဂုံ၌ အချို့သော ပုဂ္ဂိုလ်ကို ငါးပါးသီလတို့၌ အချို့သော ပုဂ္ဂိုလ်ကို ဆယ်ပါးသီလ၌ တည်စေတော်မူ ၏။

၃။ ထိုမြတ်စွာဘုရားသည် အချို့သော ပုဂ္ဂိုလ်အား အရိယမဂ်ကိုလည်းကောင်း၊ မြတ်သောဖိုလ်လေးပါးတို့ကို လည်းကောင်း ပေးတော်မူ၏။ အချို့သော ပုဂ္ဂိုလ်အား အတုမရှိသော ပဋိသမ္ဘိဒါတရား တို့ကို ပေးတော်မူ၏။

၄။ မြတ်စွာဘုရားသည် အချို့သော ပုဂ္ဂိုလ်အား မြတ်သော သမာပတ် ရှစ်ပါးတို့ကို ပေးတော်မူ၏၊ အချို့သော ပုဂ္ဂိုလ်အား ဝိဇ္ဇာသုံးပါး အဘိညာဉ်ခြောက်ပါး တို့ကို ပေးတော်မူ၏။

၅။ မြတ်စွာဘုရားသည် ထိုနည်း အစီအစဉ်အားဖြင့် လူအပေါင်းကို ဆုံးမတော်မူ၏၊ ထိုအဆုံးအမကြောင့် မြတ်စွာဘုရား၏ သာသနာတော်သည် ပျံ့နှံ့လေ၏။

၆။ ခြင်္သေ့မင်း၏ မေးနှင့်တူသော မေးရှိတော်မူ၍ နွားလားဥဿဘ၏ ပခုံးနှင့် တူသော ပခုံး ရှိတော်မူသော ဒီပင်္ကရာအမည်ရှိသော မြတ်စွာဘုရားသည် များစွာ သော လူတို့ကို ကယ်တင်တော်မူ၏၊ ဒုဂ္ဂတိ ဘဝမှ လွတ်မြောက်စေတော်မူ၏။

၇။ မြတ်စွာဘုရားသည် သစ္စာလေးပါးကို သိစေထိုက်သော သတ္တဝါကို မြင်တော် မူသည် ရှိသော် ယူဇနာတစ်သိန်း ဝေးကွာသော အရပ်၌ပင် (တည်သော) ထို သတ္တဝါထံသို့ တစ်ခဏဖြင့် ချဉ်းကပ်၍ (သစ္စာလေးပါးတရားကို) သိစေတော်မူ၏။

၈။ မြတ်စွာဘုရားသည် ရှေးဦးစွာ သစ္စာလေးပါးကို သိစေတော်မူရာ အခါ၌ ကုဋေတစ်ရာသော လူ နတ် ဗြဟ္မာအပေါင်းကို သိစေတော်မူ၏၊ မြတ်စွာဘုရား သည် နှစ်ကြိမ်မြောက် သစ္စာလေးပါးကို သိစေတော်မူရာ အခါ၌ ကုဋေကိုးဆယ်သော လူ နတ် ဗြဟ္မာအပေါင်းကို သိစေတော်မူ၏။

၉။ အကြင်အခါ မြတ်စွာဘုရားသည် တာဝတိံသာ နတ်ပြည်၌ အဘိဓမ္မာတရားကို ဟောတော်မူ၏၊ ထိုအခါ၌လည်း ကုဋေကိုးသောင်းသော နတ် ဗြဟ္မာတို့၏ သုံးကြိမ်မြောက် သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

၁၀။ ဒီပင်္ကရာမြတ်စွာဘုရား၏ သုံးကြိမ်သော တပည့်သာဝက အစည်းအဝေးတို့ သည် ဖြစ်ကုန်၏၊ ပထမအစည်းအဝေးသည် ကုဋေတစ်သိန်းသော တပည့်သာဝက တို့၏ အစည်းအဝေး ဖြစ်၏။

၁၁။ မြတ်စွာဘုရားသည် နာရဒကူဋတောင်၌ ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်တော်မူ သည် ရှိသော် ကိလေသာ အညစ်အကြေး ကင်းကုန်သော ရဟန္တာကုဋေတစ်ရာ တို့သည် တစ်ဖန် စည်းဝေးကုန်၏။

၁၂။ အကြင်အခါ ကြီးသော လုံ့လ ရှိတော်မူသော မြတ်စွာဘုရားသည် သုဒဿန ကျောက်တောင်၌ ဝါဆိုတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ကုဋေကိုးသောင်း သော ရဟန္တာတို့နှင့် အတူပဝါရဏာ ပြုတော်မူ၏။

၁၃။ ဒီပင်္ကရာမြတ်စွာဘုရား တရားဟောတော်မူလတ်သော် တစ်သောင်းသော သတ္တဝါ၊ နှစ်သောင်းသော သတ္တဝါတို့၏ သစ္စာလေးပါးတရားကို သိခြင်းသည် ဖြစ်၏။ တစ်ဦးစီ၊ နှစ်ဦးစီသော သတ္တဝါတို့၏ တရားကို ထိုးထွင်းသိခြင်းတို့သည် ဂဏန်းသချင်္ာအားဖြင့် မရေတွက်နိုင်ကုန်။

၁၄။ ထိုအခါ ဒီပင်္ကရာမြတ်စွာဘုရား၏ သန့်ရှင်းစင်ကြယ်သော သာသနာတော် သည် ပျံ့နှံ့၏၊ လူသိများ၏၊ ပြည့်စုံ၏၊ စည်ကား၏။

၁၅။ အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ တန်ခိုးကြီးကုန်သော ရဟန္တာ လေးသိန်းတို့သည် ဒီပင်္ကရာမြတ်စွာဘုရားကို အခါခပ်သိမ်း ခြံရံကုန်၏။

၁၆။ ထိုဒီပင်္ကရာဘုရား ပွင့်တော်မူသောအခါ၌ အကြင် ရဟန်းတော်တို့သည် အရဟတ္တဖိုလ်သို့ မရောက်မူ၍ သေက္ခသာဖြစ်လျက် လူ့ဘဝကို စွန့်ကုန်၏၊ ထိုသေက္ခ ရဟန်းတို့သည် ကဲ့ရဲ့အပ်သူတို့သာ ဖြစ်ကုန်၏။

၁၇။ ကောင်းစွာ ပွင့်လင်းသော မြတ်စွာဘုရား သာသနာတော်သည် တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော အာသဝေါ မရှိကုန်သော ကိလေသာ အညစ်အကြေး ကင်းကုန် သော ရဟန္တာတို့ဖြင့် အခါခပ်သိမ်း အလွန်တင့်တယ်၏။

၁၈။ ဒီပင်္ကရာမြတ်စွာဘုရား၏ ဖွားတော်မူရာမြို့သည် (ရမ္မဝတီ) မည်၏၊ ခမည်း တော်သည် (သုဒေဝမင်း) မည်၏၊ မယ်တော်သည် (သုမေဓာမိဖုရား) မည်၏။

၁၉။ ထိုဒီပင်္ကရာ ဘုရားလောင်းသည် အနှစ်တစ်သောင်းတို့ပတ်လုံး ထီးနန်းကို စိုးအုပ်၍ နေ၏၊ ထိုဘုရားလောင်းအား ဟံသ၊ ကောဉ္စ၊ မယူရ (ဟင်္သာ၊ ကြိုးကြာ၊ ဥဒေါင်း)အားဖြင့် မြတ်သော ပြာသာဒ် သုံးဆောင်တို့သည် ရှိကုန်၏။

၂၀။ ကောင်းစွာ တန်ဆာဆင်ထားသော မောင်းမသုံးသိန်းတို့သည် ခြံရံကုန်၏၊ ထိုဘုရားလောင်း၏ မိဖုရားသည် (ပဒုမ္မာ) မည်၏၊ သားတော်သည် (ဥသဘက္ခန္ဓ) မည်၏။

၂၁။ ထိုဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ဆင်ယာဉ်ဖြင့် တောထွက်တော်မူ၏၊ မယုတ်မလျော့သော ဆယ်လတို့ပတ်လုံး ကမ္မဋ္ဌာန်း စီးဖြန်းခြင်း လုံ့လကို အားထုတ်တော်မူ၏။

၂၂-၂၃။ မြတ်စွာဘုရားသည် ကမ္မဋ္ဌာန်း အကျင့်ကို ကျင့်၍ အရဟတ္တဖိုလ်ကို သိတော်မူ၏၊ ကြီးသောလုံ့လ ရှိတော်မူသော ဒီပင်္ကရာမြတ်စွာဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည်ဖြစ်၍ နန္ဒာရာမတိုက် အသရေရှိသော ကျောင်း၌ ဓမ္မစကြာကို ဟောတော်မူ၏၊ ကုက္ကိုပင်ရင်း၌ တိတ္ထိတို့အား နှိမ်နင်းခြင်းကို ပြုတော် မူ၏။

၂၄။ သုမင်္ဂလသည် လည်းကောင်း၊ တိဿသည် လည်းကောင်း ဒီပင်္ကရာမြတ်စွာ ဘုရား၏ မြတ်သော တပည့် အဂ္ဂသာဝကတို့ ဖြစ်ကုန်၏။ ထိုဒီပင်္ကရာမြတ်စွာ ဘုရား၏ အလုပ်အကွျေးသည် (သာဂတ) မည်၏။

၂၅။ နန္ဒာသည် လည်းကောင်း၊ သုနန္ဒာသည် လည်းကောင်း ထိုမြတ်စွာဘုရား၏ မြတ်သော တပည့်မ အဂ္ဂသာဝိကာ တို့ ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို ညောင်ကြတ်ပင် ဟု ခေါ်ဆိုအပ်၏။

၂၆။ ဒီပင်္ကရာမြတ်စွာဘုရား၏ မြတ်သော အလုပ်အကျွေး ဒါယကာ တို့သည် တပုဿ၊ ဘလ္လိကာ မည်ကုန်၏။ အလုပ်အကျွေး ဒါယိကာမ တို့သည် သိရိမာ၊ ကောဏာတို့ ဖြစ်ကုန်၏။

၂၇။ ဒီပင်္ကရာမြတ်စွာဘုရားသည် အတောင်ရှစ်ဆယ် မြင့်တော်မူလျက် တန်ဆောင်တိုင်ကဲ့သို့ လည်းကောင်း၊ ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်မင်းကဲ့သို့ လည်းကောင်း တင့်တယ်တော်မူ၏။

၂၈။ ထိုမြတ်စွာဘုရား၏ အသက်တမ်းသည် အနှစ်တစ်သိန်းရှိ၏၊ ထိုမြတ်စွာ ဘုရားသည် ထိုမျှလောက် တည်နေလျက် များစွာသော လူအပေါင်းကို ကယ်တင်တော်မူ၏။

၂၉။ မီးပုံကြီး တောက်ပ၍ ငြိမ်းအေးသကဲ့သို့ ထိုမြတ်စွာဘုရားသည် သူတော် ကောင်း တရားကို ထွန်းတောက်ပစေ၍ များစွာသော သတ္တဝါအပေါင်းကို ကယ် တင်တော်မူလျက် တပည့်သာဝကနှင့်အတူ ပရိနိဗ္ဗာန် ပြုတော်မူ၏။

၃၀။ ထိုတန်ခိုးတော်သည် လည်းကောင်း၊ ထိုအခြံအရံသည် လည်းကောင်း၊ ခြေတော်တို့၌ ထိုစက်ရတနာတို့သည် လည်းကောင်း ရှိကုန်၏။ ထိုအားလုံးသည် ပင် ကွယ်ပျောက်လေ၏၊ အလုံးစုံသော သင်္ခါရ တို့သည် အချည်းနှီးတို့သာ ဖြစ်ကုန် သည် မဟုတ်ပါလော။

၃၁။ မာရ်ငါးပါး ကို အောင်တော်မူပြီးသော ဒီပင်္ကရာမြတ်စွာဘုရားသည် နန္ဒာရာမ ကျောင်းတိုက်၌ ပရိနိဗ္ဗာန် ပြုတော်မူ၏၊ ထိုနန္ဒာရာမကျောင်းတိုက်၌ ထိုမြတ်စွာ ဘုရား၏ ပုထိုးစေတီတော်သည် သုံးဆယ့်ခြောက် ယူဇနာ မြင့်တော်မူ၏။

  • ဖြစ်စဉ်

သရဏင်္ကရာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် ဘုရားလေးဆူ ပွင့်တော်မူရာ ထိုသာရမဏ္ဍကမ္ဘာ၌ပင် လူတို့၏ အသက်တမ်း၊ အနှစ်ကိုး သောင်းတမ်းမှ တဖြည်းဖြည်းဆုတ်ယုတ်၍ ဆယ်နှစ်သက်တမ်း၊ ထိုမှ တစ်ဖန် တိုးတက်ပြန်ရာ အသချေင်္ယျတမ်း၊ ထိုအသချေင်္ယျတမ်းမှ တစ်ဖန် ဆုတ်ယုတ်ပြန်ရာ အနှစ်တစ်သိန်းတမ်းသို့ ရောက်လေလျှင် ဒီပင်္ကရာ ဘုရားရှင် ပွင့်တော်မူခဲ့သည်။

  • ဒီပင်္ကရာဘုရားအလောင်းတော် ဖွားမြင်တော်မူခြင်း

ဒီပင်္ကရာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော် မူပြီးသည်၏ အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာ နတ်ပြည်၌ စံနေတော်မူခဲ့သည်။ ထိုသို့စံနေတော်မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော်နတ်သားအား ဘုံသုံးပါးတွင် ဘုရားဖြစ်ရန် အချိန်တန်ပြီ ဖြစ်၍ လူ့ပြည်သို့ ဆင်းသက်ကာ ပဋိသန္ဓေ နေတော်မူပါရန် တောင်းပန်ခဲ့ကြ ကုန်၏။ အလောင်းတော်သည် နတ်ဗြဟ္မာတို့၏ တောင်းပန်မှုကို လက်ခံ တော်မူပြီးနောက် တုသိတာနတ်ပြည်မှ စုတေ၍ လူ့ပြည် ရမ္မာဝတီမြို့တော်၊ သုဒေဝမင်းကြီး၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ သုမေဓာမိဖုရားခေါင် ကြီး၏ သန့်ရှင်းသိုက်မြိုက် ဝမ်းကြာတိုက်၌ ပဋိသန္ဓေတည်နေတော်မူခဲ့သည်။ ဆယ်လပြည့်မြောက် အချိန်ရောက်သောအခါ မယ်တော်မိဖုရားကြီးမှ သားတော် အလောင်းမင်းသားကို ဖွားမြင်တော်မူခဲ့၏။ အလောင်းတော် မင်းသားကို “ဒီပင်္ကရာမင်းသား”ဟု အမည်မှည့်ခေါ်ခဲ့ကြကုန်၏။ ဒီပင်္ကရာ အလောင်းတော်မင်းသား ပဋိသန္ဓေနေတော်မူသောအခါ၊ ဖွားမြင်တော်မူ သောအခါတို့၌ ပုဗ္ဗနိမိတ်ကြီးများ ထင်ခဲ့သည့်အပြင် အလောင်းတော်ဟူသမျှတို့၌ ဖြစ်ပေါ်လေ့ရှိသည့်အတိုင်း အံ့ဩဖွယ်ရာများ ဖြစ်ပေါ်ခဲ့ကြကုန်၏။

  • ထီးနန်းစိုးစံတော်မူခြင်း

ဒီပင်္ကရာ အလောင်းမင်းသားသည် အရွယ်တော်ရောက်သောအခါ ပဒုမာမင်းသမီးနှင့် ရွှေလက်ထပ်၍ နန်းရပ်ထီးဖြူ စိုးစံတော်မူခဲ့သည်။ နှစ်ပေါင်းတစ်သောင်းတို့ ပတ်လုံး ဟံသ ဟင်္သာ ရွှေနန်းဆောင်၊ ကောဉ္စ ကြိုးကြာ ရွှေနန်းဆောင်၊ မယူရ ဥဒေါင်း ရွှေနန်းဆောင်၊ နန်းပြာသာဒ်သုံးဆောင်တို့မှ မောင်းမမိဿံ သုံးသိန်းတို့၏ ဖျော်ဖြေလုပ်ကျွေးခြင်းကို ခံယူလျက် မင်းစည်းစိမ်ကို ခံစားတော်မူခဲ့သည်။ အလောင်းမင်းသား၏ သားတော်မှာ ဥသဘက္ခန္ဓမင်းသား ဖြစ်ခဲ့၏။

  • တောထွက်တော်မူခြင်း

အလောင်းတော်ဒီပင်္ကရာမင်းသားသည် အခြွေအရံတို့နှင့်တကွ ရွှေနန်း သုံးဆောင်တွင် မင်းစည်းစိမ်ကို ခံစားနေစဉ် ဥယျာဉ်ကစားရန် ထွက်တော် မူသောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်း-ဟူသော နတ်တမန်နိမိတ်ကြီး လေးပါးတို့ကို မြင်တော်မူ၍ သံဝေဂဖြစ်ခဲ့ပြီး ရမ္မာဝတီမြို့တော်သို့ ပြန်ဝင်တော်မူခဲ့သည်။ တစ်ဖန် အလောင်းတော်မင်းသားသည် ဥယျာဉ် ကစားရန် ထွက်တော်မူလိုပြန်သည်။ ဝိသကြုံနတ်သားသည် ဒီပင်္ကရာ အလောင်းတော်မင်းသားအား အဝတ်တန်ဆာများကို လာရောက်ဆင်ယင် ပေးခဲ့သည်။ အလောင်းတော်မင်းသားသည် ဆင်ပေါင်း ရှစ်သောင်းလေးထောင် ခြံရံလျက် စီးတော်ဆင်၌ တက်စီး၍ များစွားသော စစ်သည်ဗိုလ်ပါ အခြံအရံ နှင့်ဥယျာဉ်တော်သို့ ထွက်ခဲ့ပြန်သည်။ ဥယျာဉ်တော်သို့ ရောက်သောအခါ စီးတော်ဆင်မှ ဆင်းသက်၍ ဥယျာဉ်တော်အတွင်း လှည့်လည်ရှုစားပြီးနောက် အေးမြနှစ်သက်ဖွယ်ကောင်းသော ကျောက်ဖျာထက်၌ ထိုင်တော်မူခဲ့သည်။ အလောင်းတော်မင်းသားသည် ကျောက်ဖျာထက်၌ ထိုင်နေစဉ် ရဟန်းပြုရန် စိတ်အကြံဖြစ်ခဲ့၏။

  • ဘုရားဖြစ်တော်မူခြင်း

ထိုအခါ သုဒ္ဓါဝါသဘုံမှ ရဟန္တာဗြဟ္မာကြီးသည် ပရိက္ခရာရှစ်ပါးကို ဆောင်ယူခဲ့၍ အလောင်းတော်၏ မျက်မှောက် မြင်လောက်ရာအရပ်၌ ထားလေလျှင် ရဟန်း၏ အသုံးအဆောင်များဖြစ်ကြောင်း သိခဲ့ရ၏။ ပရိက္ခရာ ရှစ်ပါးကို ယူလျက် မင်းဝတ်တန်ဆာတို့ကို ခွျတ်ကာ လက်သုံးတော် သန်လျက်ဖြင့် ဆံတော်ကိုပယ်ပြီး ရဟန်းပြုခဲ့လေသည်။ အလောင်းတော် မင်းသား ရဟန်းပြုတော်မူကြောင်း သတင်းစကား ကြားသိကုန်သော လူအပေါင်းတို့သည် အလောင်းတော်မင်းသားကို အတုလိုက်ကာ ရဟန်းပြု ခဲ့ကြကုန်၏။ အလောင်းတော်သည် ထိုရဟန်းများနှင့်အတူ တောတွင်း၌ ဆယ်လတို့ပတ်လုံး ဒုက္ကရစရိယာခေါ် ပြုနိုင်ခဲသော အကျင့်တော်မြတ်ကို ကျင့်တော်မူ၍ ညောင်ကြတ်ပင်ရင်း၌ ငါးဆယ့်သုံးတောင်ပမာဏရှိသော အပရာဇိတပလ္လင်တော်ဝယ် လောကသုံးပါး၌ အတုမရှိသော ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။

  • ဓမ္မစကြာတရားဦး ဟောတော်မူခြင်း

ဒီပင်္ကရာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိ ညောင်ကြတ်ပင်အနီးမှာပင် သတ္တသတ္တာဟ-လေးဆယ့်ကိုးရက် စံနေတော် မူခဲ့သည်။ အဋ္ဌမသတ္တာဟသို့ ရောက်သောအခါ တရားဟောရန် ဗြဟ္မာမင်း၏ တောင်းပန်မှုကို ဝန်ခံတော်မူပြီး၍ သုနန္ဒာရာမအရပ် အသရေရှိသော ကျောင်းတော်၌ ဓမ္မစကြာတရားဦးကို ဟောတော်မူခဲ့သည်။ ကုဋေတစ်ရာသော လူနတ်ဗြဟ္မာသတ္တဝါတို့ သစ္စာလေးပါးကို ထိုးထွင်းသိမြင်ခဲ့ကြကုန်၏။

  • ဒေသစာရီ လှည့်လည်တော်မူခြင်း

ဒီပင်္ကရာ ဘုရားရှင်သည် ဓမ္မစကြာတရားဦး ဟောတော်မူပြီးနောက် သတ္တဝါတို့၏အကျိုးငှာ ဒေသစာရီ လှည့်လည်တော်မူလျက် ရမ္မာဝတီပြည်သို့ ရောက်ကာ သုဒဿနကျောင်းတော်၌ သီတင်းသုံးနေတော်မူခဲ့၏။ ရမ္မာဝတီ ပြည်သူပြည်သားတို့က နောက်ပါသံဃာများနှင့်တကွသော ဘုရားရှင်ကို ဆွမ်းလုပ်ကျွေးပြီးလျှင် ထိုဒီပင်္ကရာ ဘုရားရှင်အား ကိုးကွယ်ရာဟု ဆည်းကပ် ခဲ့ကြကုန်၏။ ဘုရားရှင်သည် အချု့ိသော ပုဂ္ဂိုလ်ကို သရဏဂုံ၌ တည်စေခဲ့၏။ အချို့သော ပုဂ္ဂိုလ်ကို ငါးပါးသီလတို့၌ မြဲစေခဲ့၏။ အချို့သော ပုဂ္ဂိုလ်ကို ဆယ်ပါးသီလ ဆောက်တည်စေခဲ့၏။ အချု့ိသောပုဂ္ဂိုလ်အား အရိယမဂ် လေးပါး၊ ဖိုလ်လေးပါးတို့ကို ပေးတော်မူခဲ့၏။ အချို့သော ပုဂ္ဂိုလ်တို့အား အတုမရှိသော ပဋိသမ္ဘိဒါတရား လေးပါးတို့ကိုလည်းကောင်း၊ မြတ်သော သမာပတ်ရှစ်ပါးတို့ကိုလည်းကောင်း၊ ဝိဇ္ဇာသုံးပါး၊ အဘိညာဉ်ခြောက်ပါးတို့ ကိုလည်းကောင်း ပေးတော်မူကာ လူအပေါင်းကို ချီးမြှောက်တော်မူခဲ့၏။ ဘုရားရှင်သည် ထိုနည်း အစီအစဉ်အားဖြင့် လူအပေါင်းကို ဆုံးမတော်မူကာ ဘုရားရှင်၏ အဆုံးအမကြောင့် ဘုရားရှင်၏ သာသနာတော်သည် ပွင့်လင်း ထွန်းကားလာခဲ့သည်။

ခြင်္သေ့မင်း၏ မေးနှင့်တူသော မေးရှိတော်မူ၍ နွားလားဥသဘ၏ ပခုံးနှင့် တူသော ပခုံးရှိတော်မူသော ဒီပင်္ကရာဘုရားရှင်သည် များစွာသော သတ္တဝါ တို့ကို ကယ်တင်တော်မူကာ ဒုဂ္ဂတိဘုံဘဝမှ လွတ်မြောက်စေတော်မူခဲ့သည်။ ဘုရားရှင်သည် သစ္စာလေးပါးကို သိစေထိုက်သော သတ္တဝါကို ရွှေဉာဏ်တော် ကွန်ရက်တွင် ထင်တော်မူလာက ယူဇနာတစ်သိန်း ကွာဝေးသော အရပ်၌ တည်သော ထိုသတ္တဝါထံသို့ တစ်ခဏချင်းဖြင့် ချဉ်းကပ်၍ ကယ်မ စောင့်ရှောက်တော်မူခဲ့သည်။

  • ဂေါတမဘုရားအလောင်း ဗျာဒိတ်ခံခြင်း

တစ်နေ့တွင် ဒီပင်္ကရာ ဘုရားရှင်သည် နောက်ပါရဟန္တာ လေးသိန်း ခြံရံလျက် ရမ္မာဝတီပြည်သို့ ကြွတော်မူလာခဲ့ရာ လမ်းခရီးတွင် ဂေါတမဘုရား အလောင်းသုမေဓာ ရှင်ရသေ့အား “နောက်လာမည့် ဘဒ္ဒကမ္ဘာတွင် ဂေါတမမည်သော ဘုရားဖြစ်လတ္တံ”ဟု ဗျာဒိတ်စကား မြွက်ကြားတော် မူခဲ့သည်။ ဒီပင်္ကရာဘုရားရှင်သည် ဗျာဒိတ်စကား မြွက်ကြားတော်မူပြီးနောက် ဆွမ်းပင့်ရာ ဌာနသို့ ကြွတော်မူပြီးလျှင် ရမ္မာဝတီပြည်သူတို့၏ ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူနေသောအခါ သုမေဓာရှင်ရသေ့သည် ပါရမီတော် တို့ကို ဆင်ခြင်တော်မူခဲ့သဖြင့် တရား၏တန်ခိုး အာနုဘော်အားဖြင့် မြေကြီးသည် ပြင်းထန်စွာ တုန်လှုပ်ခဲ့လေသည်။ ထိုသို့မြေလှုပ်သဖြင့် ဆွမ်းကျွေးမွေးနေသူ လူအပေါင်းတို့သည် ကြောက်ရွံ့ကြ၍ ဒီပင်္ကရာဘုရားရှင်အား လျှောက်ထား ကြရာ “ကြောက်ရွံ့ဖွယ်မရှိ၊ သုမေဓာရှင်ရသေ့၏ တရားတော်ကို ဆင်ခြင်ခြင်းအတွက် မြေလှုပ်ခြင်း ဖြစ်သည်”ဟု ဟောတော်မူခဲ့၏။ လူအများတို့သည် သုမေဓာရှင်ရသေ့ထံသို့ သွားကာ ကောင်းချီးပေးကြကုန်၏။

  • ဒီပင်္ကရာဘုရားရှင်၏ တပည့်သာဝကများ

ဒီပင်္ကရာမြတ်စွာဘုရား၏ (အဂ္ဂသာဝက) မြတ်သောတပည့် အစုံတို့ကား အရှင်သုမင်္ဂလမထေရ်နှင့် အရှင်တိဿမထေရ်တို့ ဖြစ်ကြကုန်ပြီး အရှင်သာဂတ မထေရ်ကား ဘုရားရှင်၏ အလုပ်အကျွေးပင်ဖြစ်ခဲ့သည်။ အရှင်မ နန္ဒာထေရီနှင့် အရှင်မ သုနန္ဒာထေရီတို့သည် ဘုရားရှင်၏ (အဂ္ဂသာဝိကာ) မြတ်သော တပည့်မ အစုံတို့ဖြစ်ကြကုန်၍ ဘုရားရှင်ပွင့်တော်မူရာ ဗောဓိပင်ကား ညောင်ကြတ်ပင်ဖြစ်ခဲ့၏။ အလုပ်အကျွေးဒါယကာ (အဂ္ဂ ဥပဋ္ဌာက)တို့ကား တပုဿနှင့် ဘလ္လိကတို့ဖြစ်ကုန်၍ အလုပ်အကျွေး ဒါယိကာမ(အဂ္ဂဥပဋ္ဌိကာ)တို့သည် သိရိမာနှင့် ကောဏာတို့ ဖြစ်ခဲ့ကြသည်။ ဒီပင်္ကရာ ဘုရားရှင်၏ အရပ်တော်မှာ အတောင်ရှစ်ဆယ် မြင့်တော်မူ၍ အလျှံတဝင်းဝင်း ထွန်းလင်းတောက်ပသော ဆီမီးတိုင်ကြီးကဲ့သို့ လည်းကောင်း၊ ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်ကြီးကဲ့သို့လည်းကောင်း တင့်တယ်တော်မူလှဘိ၏။ ဒီပင်္ကရာ မြတ်စွာဘုရား၏ ရောင်ခြည်တော်သည် ထက်ဝန်းကျင် တစ်ဆယ့်နှစ်ယူဇနာတိုင်အောင် ပကတိ အလိုလိုပျံ့နှံ့၍ ထွန်းလင်း၏။ ထိုရောင်ခြည်တော်ကို တန်ခိုးတော်ဖြင့် အထူးဖန်ဆင်းရခြင်း မရှိခဲ့ပေ။

  • (ဓမ္မာဘိသမယ) တရားပွဲကြီးများ

ဒီပင်္ကရာ ဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် သုနန္ဒာရာမအရပ် မြတ်သောကျောင်းတော်၌ ဓမ္မစကြာတရားဦးကို ဟောတော်မူသော တရားပွဲ သည် ရှေးဦးစွာသော (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရား ပွဲကြီး၌ ကုဋေတစ်ရာသော လူနတ်ဗြဟ္မာ သတ္တဝါတို့ သစ္စာလေးပါး တရား သိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။ တစ်ဖန် ဒီပင်္ကရာ ဘုရားရှင်သည် သားတော် ဥသဘက္ခန္ဓမင်းသား၏ ဉာဏ်ရင့်ကျက်ချိန်ကို သိတော်မူ၍ သားတော်ကိုအမှူးထားကာ တရားနာရန် ရောက်လာကြကုန်သော သတ္တဝါတို့အား ဆုံးမဟောကြားတော်မူခဲ့သော တရားပွဲသည် ဒုတိယအကြိမ်မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေကိုးဆယ်သော လူနတ်ဗြဟ္မာသတ္တဝါတို့ သစ္စာ လေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။ ထို့နောက်တစ်ဖန် ဒီပင်္ကရာ ဘုရားရှင်သည် အမရဝတီမြို့တော် တံခါးဝ၌ ပေါက်ရောက်နေသော ကုက္ကိုပင်ကြီးအရင်း၌ ရေမီးအစုံအစုံသော တန်ခိုး ပြာဋိဟာတို့ကို ပြတော်မူကာ တိတ္ထိတို့ကို နှိမ်နှင်းတော်မူပြီးနောက် တာဝတိံသာနတ်ပြည်သို့ ကြွသွားတော်မူခဲ့၏။ တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ ထက်၌ သီတင်းသုံးတော်မူကာ မယ်တော်ဖြစ်ခဲ့ဖူးသော နတ်သားကို အမှူးထား၍ အဘိဓမ္မာတရား ဟောကြားတော်မူသော တရားပွဲသည် တတိယအကြိမ်မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေကိုးဆယ်သော နတ်ဗြဟ္မာတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။

  • သာဝက (သနိ္နပါတ) အစည်းအဝေးကြီးများ

ဒီပင်္ကရာ ဘုရားရှင် လက်ထက်တော်၌ တပည့်သာဝက အစည်းအဝေးကြီး သုံးကြိမ်ဖြစ်ခဲ့သည်။ သုနန္ဒာရာမအရပ်၌ အရပ်ထက်ဝန်းကျင်မှ ကုဋေ တစ်သိန်းသော ရဟန္တာအရှင်မြတ်ကြီးများ အထူးလာရောက် စည်းဝေးခဲ့ကြသည်။ ထိုအစည်းအဝေးသည် ရှေးဦးစွာသော တပည့်သာဝက (သန္နိပါတ) အစည်း အဝေးကြီးပင် ဖြစ်ခဲ့သည်။ ဒီပင်္ကရာ ဘုရားရှင်သည် လေးသိန်းသော ရဟန်းတို့ ခြံရံလျက် ဒေသစာရီ လှည့်လည်တော်မူခဲ့ရာ နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိသော နာရဒကူဋ တောင်သို့ ရောက်တော်မူခဲ့၏။ ထိုတောင်ကို နရဒေဝနတ်ဘီလူးသည် အပိုင်စား ရထား၍ ထိုတောင်၌နေ၏။ ထိုတောင်ပတ်ဝန်းကျင်ရှိ လူအပေါင်းတို့သည် ဗလိနတ်စာအလို့ငှာ လူကိုပင်ဆောင်ယူ၍ ထိုနတ်ဘီလူးကို နှစ်စဉ် မပြတ် ပူဇော်ခဲ့ကြရ၏။ ဒီပင်္ကရာဘုရားရှင်သည် ထိုလူအပေါင်းတို့၏ ရှေးကောင်းမှုကို မြင်တော်မူ၍ ကယ်တင်စောင့်ရှောက်ရန်အတွက် ရဟန်းသံဃာတို့ကို ခေါ်ဆောင်တော်မမူဘဲ တစ်ပါးတည်းသာ နာရဒကူဋတောင်ထိပ်သို့ တက်တော်မူခဲ့၏။ ထိုအခါ ဘီလူးသည် ပြင်းစွာအမျက်ထွက်၍ တောင်ကြီးကို တုန်လှုပ်စေကာ ဘုရားရှင်ကို ခြောက်လှန့်ထွက်ပြေးစေခဲ့သည်။ သို့သော် ဘုရားရှင်က လုံးဝကြောက်ရွံ့ခြင်းမရှိဘဲ ပကတိကြည်လင်စွာ သီတင်းသုံး နေတော်မူသည်ကို ဘီလူးကြီးမြင်ရသည်ရှိသော် “ဤရဟန်းကြီးကား အံ့ဩဖွယ်ရှိပေစွ။ တန်ခိုးအာနုဘော် ကြီးပေစွ။ ငါပြုခဲ့သောအမှုသည် ငါ့အပေါ်သာ ကျရောက်ခဲ့ပေပြီ။ ဤရဟန်းကြီးမှတစ်ပါး ငါ့အား ကိုးကွယ်ရာ မရှိပြီ။ ဤရဟန်းကြီးကိုပင် ကိုးကွယ်ဆည်းကပ်တော့အံ့”ဟု အကြံဖြစ်ခဲ့ လေသည်။ နရဒေဝနတ်ဘီလူးသည် တစ်ရာ့ရှစ်ကွက် စက်လက္ခဏာတို့ဖြင့် တန်ဆာဆင် တင့်တယ်တော်မူသော ဘုရားရှင်၏ ခြေတော်အစုံ၌ ဦးတိုက်ကာ လွန်ကျူးခဲ့သော အပြစ်ကို ဝန်ချတောင်းပန်၍ ဘုရားရှင်အား ဆည်းကပ် ကိုးကွယ်ခဲ့လေသည်။ ဒီပင်္ကရာဘုရားရှင်သည် နတ်ဘီလူးအား တရားဟောတော်မူခဲ့ရာ တရားတော်၏အဆုံး၌ အခြံအရံ နတ်ဘီလူးတစ်သောင်းနှင့်တကွ နတ်ဘီလူး ကြီးသည် သောတာပတ္တိဖိုလ်၌ တည်ခဲ့၏။ ထိုနရဒေဝနတ်ဘီလူး သောတာပန် တည်သော နေ့၌ကား ဇမ္ဗူဒိပ်ကျွန်းအလုံး၌ နေကုန်သော လူတို့သည် နရဒေဝနတ်ဘီလူးအား ပူဇော်ပွဲပြုလုပ်ရန် တစ်ရွာ တစ်ရွာမှ တစ်ယောက် တစ်ယောက်သော လူကိုလည်းကောင်း၊ ပူဇော်ဖွယ်ပစ္စည်း ဝတ္ထုတို့ကို လည်းကောင်း ဆောင်ယူခဲ့ကြကုန်၏။ နရဒေဝနတ်ဘီလူးသည် ထိုလူတို့ယူဆောင်ခဲ့သော ပူဇော်ဖွယ်ဝတ္ထုပစ္စည်းတို့ကို လူတို့အား ပြန်ပေးကာ ဗလိနတ်စာပြုရန် ဆောင်ယူခဲ့သော လူတို့ကိုကား ဘုရားရှင်အား အပ်နှင်း တော်မူခဲ့လေသည်။ ဘုရားရှင်သည် ထိုလူတို့ကို ဧဟိဘိက္ခုခေါ်တော်မူ၍ ရဟန်းပြုပေးခဲ့၏။ ထိုရဟန်းတို့ကား ခုနစ်ရက်အတွင်း၌ပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြကုန်၏။ ဒီပင်္ကရာ ဘုရားရှင်သည် နာရဒကူဋတောင်၌ပင် ရဟန္တာကုဋေတစ်ရာတို့၏ အလယ်၌ နေတော်မူကာ တပို့တွဲလပြည့်နေ့၌ အင်္ဂါလေးပါးနှင့်ပြည့်စုံသော သာဝက အစည်းအဝေးကြီးတွင် ဩဝါဒ ပါတိမောက်ကို ပြတော်မူခဲ့သည်။ ထိုအစည်းအဝေးကြီးကား ဒီပင်္ကရာ ဘုရားရှင်၏ နှစ်ကြိမ်မြောက် သာဝက(သန္နိပါတ)အစည်းအဝေးပင် ဖြစ်ခဲ့သည်။

အခါတစ်ပါး၌ ဒီပင်္ကရာ မြတ်စွာဘုရားသည် သုဒဿနတောင်ထိပ်၌ ဝါကပ်တော်မူခဲ့၏။ ထိုအခါ ဇမ္ဗူဒိပ်ကွျန်းနေကုန်သော လူတို့သည် နှစ်စဉ် နှစ်တိုင်း သီတင်းကွျတ်လ၌ တောင်ထိပ်ပွဲသဘင် ဆင်ယင်ကျင်းပမြဲဖြစ်ရာ သုဒဿနတောင်ထိပ်သို့ ရောက်လာခဲ့ကြကုန်၏။ ထိုလူတို့ကို တရားဟောတော်မူခဲ့၏။ ထိုလူတို့သည် ဘုရားရှင်၏ တရားတော်ကို နာရ၍ ရဟန်းပြုခဲ့ကြလေသည်။ ဘုရားရှင်သည် (မဟာပဝါရဏာနေ့)သီတင်းကျွတ် လပြည့်နေ့၌ ထိုရဟန်းတို့အား တရားဟောပြန်ရာ တရားတော်၏ အဆုံး၌ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြလေသည်။ ထိုအခါ ဒီပင်္ကရာ ဘုရားရှင်သည် ကုဋေကိုးသောင်းသော ရဟန္တာတို့နှင့်အတူ ပဝါရဏာ ပြုတော်မူခဲ့၏။ ထိုအစည်းအဝေးကြီးကား ဒီပင်္ကရာ ဘုရားရှင်၏ သုံးကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအဝေးကြီးပင် ဖြစ်ခဲ့သည်။ ဒီပင်္ကရာ ဘုရာရှင်သည် (ဓမ္မာဘိသမယ) တရားပွဲကြီး သုံးကြိမ်၊ သာဝက (သန္နိပါတ)အစည်းအဝေးကြီး သုံးကြိမ်တို့မှတစ်ပါး ရိုးရိုးတရား ဟောတော်မူရာ တစ်သောင်းသော သတ္တဝါ၊ နှစ်သောင်းသော သတ္တဝါတို့ သစ္စာလေးပါးတရားကို သိကာ ကျွတ်တမ်းဝင်ခဲ့ကြသည့်အပြင် တစ်ဦးစီ နှစ်ဦးစီသော ကျွတ်တမ်းဝင်ခဲ့ကြသည့် သတ္တဝါတို့ကား အမှန်းအဆ ဂဏန်း ပြ၍ မရနိုင်အောင်ပင် ဖြစ်ခဲ့လေသည်။ ဒီပင်္ကရာ ဘုရားရှင်၏ သန့်ရှင်း စင်ကြယ်သော သာသနာတော်သည် ပျံ့နှံ့၏။ လူသိများ၏။ ပြည့်စုံ၏။ စည်ကား၏။ ကောင်းစွာပွင့်လင်းသော သာသနာတော်သည် တာဒိဂုဏ်နှင့် ပြည့်စုံကာ အာသဝေါကင်းကုန်၍ ကိလေသာအညစ်အကြေး မရှိကုန်သော ရဟန္တာတို့ဖြင့် အခါခပ်သိမ်း အလွန်တင့်တယ်လျက် ရှိခဲ့လေသည်။

  • ပရိနိဗ္ဗာန် စံတော်မူခြင်း

ဒီပင်္ကရာဘုရားရှင်သည် အနှစ်တစ်သိန်းသော ကာလပတ်လုံး တည်နေလျက် များစွာသော သတ္တဝါအပေါင်းတို့ကို ကယ်တင်တော်မူခဲ့၏။ မီးပုံကြီးသည် အလျှံတပြောင်ပြောင် ထွန်းပပြီး ငြိမ်းသွားသကဲ့သို့ တပည့် သာဝကများနှင့် အတူ ပရိနိဗ္ဗာန်ပြုတော်မူခဲ့သည်။ “ဒီပင်္ကရာ ဘုရာရှင်၏ တန်ခိုးတော်သည်လည်းကောင်း၊ တပည့် သာဝက လေးသိန်းစသော အခြံအရံအပေါင်းတို့သည်လည်းကောင်း၊ ခြေတော် အစုံတို့၌ပါရှိသော စက်လက္ခဏာတို့သည်လည်းကောင်း ချုပ်ဆုံး ကွယ်ပျောက် သွားခဲ့လေပြီ။ အလုံးစုံသော သင်္ခါရတရား တို့သည် ခိုင်မြဲသော အနှစ်မရှိကုန်။ အချည်းအနှီးသာ ဖြစ်ကုန်စွ တကား”

  • စေတီတော် တည်ထားကိုးကွယ်ခြင်း

မာရ်ငါးပါးကို အောင်မြင်တော်မူသော ဒီပင်္ကရာဘုရားရှင်သည် နန္ဒာရာမ ကျောင်းတိုက်၌ ပရိနိဗ္ဗာန်ပြုတော်မူခဲ့၏။ ထိုကျောင်းတိုက်အတွင်း၌ပင် ဘုရားရှင်၏ စေတီတော်ကို တည်ထားကိုးကွယ်ခဲ့ကြရာ စေတီတော်၏ အမြင့်သည် သုံးဆယ့်ခြောက်ယူဇနာ ရှိခဲ့သည်။ သက်တော်ရှည်ကြာသော မြတ်စွာဘုရားရှင်တို့၏ ဓမ္မတာအရ အစိတ်စိတ်မကွဲ တစ်လုံးတစ်ခဲတည်း တည်ရှိသော (အသမ္ဘိန္န)ဓာတ်တော်ကို ထိုစေတီတော်ကြီးအတွင်း၌ ဌာပနာ သွင်းခဲ့ကြကုန်၏။ ဇမ္ဗူဒိပ်ကျွန်း၌ နေကုန်သော လူတို့သည် အညီအညွတ် လာကုန်၍ ရတနာခုနစ်ပါးတို့ဖြင့် မွမ်းမံခြယ်လှယ်ကာ စေတီတော်ကြီးကို ပြီးဆုံးစေခဲ့ကြကုန်သတည်း။

၅။ ကောဏ္ဍညဘုရား

၁။ ဒီပင်္ကရာမြတ်စွာဘုရား၏ နောက်အဖို့၌ အဆုံး အပိုင်းအခြား မရှိသော တန်ခိုး ရှင်ဖြစ်၍ မနှိုင်းယှဉ်နိုင်သော အခြံအရံ အကျော်အစော ရှိတော်မူသော မနှိုင်းယှဉ် အပ်သည်ဖြစ်၍ ချဉ်းကပ် ဝံ့ခဲသော ကောဏ္ဍည မည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၂။ ထိုမြတ်စွာဘုရားသည် သည်းခံခြင်းအားဖြင့် မြေကြီးနှင့် တူတော်မူ၏၊ သီလ အားဖြင့် သမုဒ္ဒရာနှင့် တူတော်မူ၏၊ သမာဓိအားဖြင့် မြင်းမိုရ်တောင်နှင့် တူတော်မူ ၏၊ ဉာဏ်အားဖြင့် ကောင်းကင်နှင့် တူတော်မူ၏။

၃။ မြတ်စွာဘုရားသည် အလုံးစုံသော သတ္တဝါတို့၏ အစီးအပွား အလို့ငှါ ဣန္ဒြေ ဗိုလ် ဗောဇ္ဈင် မဂ္ဂင် သစ္စာတို့ကို ပြသော တရားကို အခါခပ်သိမ်း ဟောပြတော်မူ၏။

၄။ လောက၏ ရှေ့သွားဖြစ်တော်မူသော ကောဏ္ဍညမြတ်စွာဘုရားသည် ဓမ္မစကြာ ကို ဟောတော်မူသည်ရှိသော် ကုဋေတစ်သိန်းသော နတ် လူတို့အား ရှေးဦးစွာ သစ္စာလေးပါးကို သိခြင်းသည် ဖြစ်လေ၏။

၅။ ထိုမှ နောက်၌ လူ နတ်တို့၏ အစည်းအဝေး၌ (မင်္ဂလာ) တရားကို ဟောတော် မူသည်ရှိသော် ကုဋေကိုးသောင်းသော နတ် လူတို့၏ နှစ်ကြိမ်မြောက် (သစ္စာ လေးပါးကို) သိခြင်းသည် ဖြစ်လေ၏။

၆။ အကြင်အခါ တိတ္ထိတို့ကို နှိမ်နင်းလျက် တရားကို ဟောတော်မူ၏၊ ထိုအခါ ကုဋေရှစ်သောင်းသော နတ် လူတို့၏ သုံးကြိမ်မြောက် (သစ္စာလေးပါးကို) သိခြင်း သည် ဖြစ်လေ၏။

၇။ ကောဏ္ဍညမြတ်စွာဘုရားအား သုံးကြိမ်သော အစည်းအဝေးတို့သည် ဖြစ်ကုန် ၏၊ ပထမအစည်းအဝေးသည် (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက်သောစိတ် ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော-

၈။ ကုဋေတစ်သိန်းသော ရဟန္တာတို့၏ အစည်းအဝေး ဖြစ်၏၊ ဒုတိယ အစည်း အဝေးသည် ကုဋေတစ်ထောင်သော ရဟန္တာတို့၏ အစည်းအဝေး ဖြစ်၏၊ တတိယ အစည်းအဝေးသည် ကုဋေကိုးဆယ်သော ရဟန္တာတို့၏ အစည်းအဝေး ဖြစ်၏။

၉။ ထိုအခါ ငါ(ဘုရားအလောင်း)သည် ဝိဇိတာဝီမည်သော စကြာမင်း ဖြစ်ခဲ့၏၊ ငါသည် (စကြဝဠာတိုက်အတွင်း) သမုဒ္ဒရာကို အဆုံး အပိုင်းအခြား ပြု၍ အစိုးရ ခြင်းကို ဖြစ်စေ၏။

၁၀။ မြတ်စွာဘုရားနှင့် တကွသော ကိလေသာ အညစ်အကြေး ကင်းသော ကုဋေ တစ်သိန်းသော ရဟန္တာတို့ကို မွန်မြတ်သော ဆွမ်းဖြင့် ရောင့်ရဲစေခဲ့၏။

၁၁။ လောက၏ ရှေ့သွား ထိုကောဏ္ဍညမြတ်စွာဘုရားသည်လည်း ငါ့ကို ဗျာဒိတ် စကား မိန့်ကြားတော်မူ၏၊ (ဤမင်းသည်) ဤကမ္ဘာမှ မရေတွက်နိုင်သော ကမ္ဘာ တွင် လောက၌ ဘုရားဖြစ်လတ္တံ့။

၁၂။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လဝီရိယကို အားထုတ်၍ ပြုနိုင်ခဲသော အကျင့် ဒုက္ကရစရိယာ ကို ကျင့်ပြီးလျှင် များမြတ်သော အခြံအရံ အကျော်အစောရှိသော မြတ်စွာဘုရားသည် ညောင်ဗုဒ္ဓဟေပင်ရင်း၌ ပွင့်လတ္တံ့။

၁၃။ ဤမြတ်စွာဘုရား၏ မွေးဖွားသော မယ်တော်ရင်းသည် မာယာမည်သော မိဖုရားဖြစ်၍ ခမည်းတော်သည် သုဒ္ဓေါဒနမည်သော မင်းဖြစ်လတ္တံ့၊ ဤမြတ်စွာ ဘုရားသည် ဂေါတမမည်သော ဘုရားဖြစ် လတ္တံ့။

၁၄။ ကောလိတသည် လည်းကောင်း၊ ဥပတိဿသည် လည်းကောင်း ဤမြတ်စွာ ဘုရား၏ မြတ်သော တပည့် အဂ္ဂသာဝက တို့ ဖြစ်ကုန်လတ္တံ့။ အာနန္ဒာမည်သော အလုပ်အကျွေးသည် ဤမြတ်စွာ ဘုရားကို လုပ်ကျွေးလတ္တံ့။

၁၅။ ခေမာသည် လည်းကောင်း၊ ဥပ္ပလဝဏ်သည် လည်းကောင်း ဤမြတ်စွာ ဘုရား၏ မြတ်သော တပည့်မ အဂ္ဂသာဝိကာ တို့ ဖြစ်ကုန်လတ္တံ့။ ထိုမြတ်စွာ ဘုရား၏ ဗောဓိပင်ကို ညောင်ဗုဒ္ဓဟေ ဟု ခေါ်လတ္တံ့။

၁၆။ စိတ္တသည် လည်းကောင်း၊ ဟတ္ထာဠဝကသည် လည်းကောင်း ဤမြတ်စွာ ဘုရား၏ အလုပ်အကျွေး ဒါယကာ အဂ္ဂဥပဋ္ဌက တို့ ဖြစ်ကုန်လတ္တံ့။ နန္ဒာမာတာ နှင့် ဥတ္တရာတို့သည်ကား မြတ်သောအလုပ်အကျွေး ဒါယိကာမ အဂ္ဂဥပဋ္ဌိကာ တို့ ဖြစ်ကုန်လတ္တံ့၊ များသော အခြံအရံ အကျော်အစောရှိသော ထိုဂေါတမ မြတ်စွာ ဘုရား၏ အသက်တမ်းသည် အနှစ်တစ်ရာ ဖြစ်လတ္တံ့ဟု ဗျာဒိတ်စကား မိန့်ကြား တော်မူ၏။

၁၇။ လူ၊ နတ်တို့သည် အတုမရှိသော ကောဏ္ဍညမြတ်စွာဘုရား၏ ဤစကားကို ကြားနာရကုန်သည် ရှိသော် ဤမင်းသည် ဘုရားလောင်း ဖြစ်သတတ်ဟု အလွန် ဝမ်းမြောက်ကုန်လျက်-

၁၈။ ကြွေးကြော်သံတို့ကိုလည်း ဖြစ်စေကြကုန်၏၊ လက်ပန်းပေါက်လည်း ခတ်ကြ ကုန်၏၊ ရွှင်လည်း ရွှင်လန်းကြကုန်၏၊ လောကဓာတ် တစ်သောင်း၌ နေသော နတ် တို့သည် လက်အုပ်ချီလျက် ရှိခိုးကြကုန်၏။

၁၉။ အကျွန်ုပ်တို့သည် ဤကောဏ္ဍညမြတ်စွာဘုရား၏ သာသနာတော်ကို အကယ်၍ လွဲချော်ကုန်အံ့၊ အနာဂတ်ကာလ၌ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ ဖြစ်ရပါလိုကုန်၏။

၂၀။ မြစ်ကို ကူးကုန်သော လူတို့သည် မျက်နှာချင်းဆိုင် (တူရူ)ဆိပ်ကမ်းကို လွဲ ချော်ကုန်သည် ရှိသော် အောက်ဆိပ်ကမ်းကို ယူ၍ မြစ်မကြီးကို ကူးကုန်သကဲ့သို့-

၂၁။ ဤအတူပင် ငါတို့ အားလုံးတို့သည် ဤမြတ်စွာဘုရားကို အကယ်၍ လွဲချော် ကုန်အံ့၊ အနာ ဂတ်ကာလ၌ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ ဖြစ်ရပါ လိုကုန်၏ဟု ဆုတောင်းကုန်၏။

၂၂။ ငါသည် ထိုမြတ်စွာဘုရား၏ စကားကို ကြားနာရ၍ စိတ်ကို အလွန် ကြည်ညို စေခဲ့၏၊ ထိုဘုရားဖြစ်ခြင်း၏ အကြောင်း(ပါရမီ)ကို ပြီးစီးစေလိုသည်ဖြစ်၍ မြတ်သော စကြာမင်း အဖြစ်ကို မြတ်စွာဘုရားအား ပေးလှူခဲ့၏၊ မြတ်သော စကြာမင်း အဖြစ်ကို ပေးလှူပြီးလျှင် ထိုမြတ်စွာဘုရား၏ အထံ၌ ရဟန်းပြုခဲ့၏။

၂၃။ ငါသည် သုတ္တန်ကို လည်းကောင်း၊ ဝိနည်းကို လည်းကောင်း အင်္ဂါကိုးပါး ရှိသော မြတ်စွာဘုရား အဆုံးအမတော် အားလုံးကို သင်ကြား၍ မြတ်စွာဘုရား သာသနာတော်ကို တင့်တယ်စေခဲ့၏။

၂၄။ ငါသည် ထိုမြတ်စွာဘုရား သာသနာတော်တွင် ထိုင်ခြင်း၊ ရပ်ခြင်း၊ စင်္ကြံသွား ခြင်း၌ မမေ့ မလျော့ နေသည်ရှိသော် အဘိညာဉ်၏ အထွတ်အထိပ်သို့ ရောက်၍ ဗြဟ္မာ့ပြည်သို့ လားခဲ့၏။

၂၅။ ကောဏ္ဍညမြတ်စွာဘုရား၏ မြို့တော်သည် ရမ္မဝတီ မည်၏၊ ခမည်းတော် သည် သုနန္ဒမင်း မည်၏၊ မယ်တော်သည် သုဇာတာမိဖုရား မည်၏။

၂၆။ ထိုကောဏ္ဍညဘုရားလောင်းသည် အနှစ်တစ်သောင်းတို့ ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) သုစိ သုရုစိ သုဘအားဖြင့် မြတ်သော ပြာသာဒ် သုံးဆောင်တို့သည် ရှိကုန်၏။

၂၇။ ကောင်းစွာ တန်ဆာဆင်အပ်ကုန်သော မောင်းမသုံးသိန်းတို့သည် ခြံရံကုန် ၏၊ (ထိုဘုရားလောင်း၏) မိဖုရားသည် ရုစိဒေဝီ မည်၏၊ သားတော်သည် ဝိဇိတ သေန မည်၏။

၂၈။ (ထိုဘုရားလောင်းသည်) နိမိတ်လေးပါးကို တွေ့မြင်၍ ရထားယာဉ်ဖြင့် တောထွက်တော်မူ၏၊ မယုတ်မလျော့ ဆယ်လတို့ပတ်လုံး (ကမ္မဋ္ဌာန်းစီးဖြန်းခြင်း) လုံ့လကို အားထုတ်တော်မူ၏။

၂၉။ ကြီးသော လုံ့လရှိတော်မူသော ကောဏ္ဍည မြတ်စွာဘုရားသည် ဗြဟ္မာမင်း သည် တောင်းပန်အပ်သည်ဖြစ်၍ နတ်တို့အား မြို့တော်၌ ဓမ္မစကြာကို ဟော တော်မူ၏။

၃၀။ ဘဒ္ဒသည် လည်းကောင်း၊ သုဘဒ္ဒသည် လည်းကောင်း ထိုကောဏ္ဍညမြတ်စွာ ဘုရား၏ မြတ်သော တပည့် အဂ္ဂသာဝက တို့ ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ အလုပ်အကျွေးသည် အနုရုဒ္ဓါမည်၏။

၃၁။ တိဿာနှင့် ဥပတိဿာတို့သည် ကောဏ္ဍညမြတ်စွာဘုရား၏ မြတ်သော တပည့်မ အဂ္ဂသာဝိ ကာ တို့ ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်သည် သာလကလျာဏီပင် ဖြစ်၏။

၃၂။ သောဏသည် လည်းကောင်း၊ ဥပသောဏသည် လည်းကောင်း ထိုမြတ်စွာ ဘုရား၏ မြတ်သော အလုပ်အကျွေး ဒါယကာ အဂ္ဂဥပဋ္ဌက တို့ ဖြစ်ကုန်၏။ နန္ဒာနှင့် သိရီမာတို့သည် မြတ်သော အလုပ်အကျွေး ဒါယိကာမ အဂ္ဂဥပဋ္ဌိကာ တို့ ဖြစ်ကုန်၏။

၃၃။ ထိုမြတ်စွာဘုရားသည် (အတောင်) ရှစ်ဆယ့်ရှစ်တောင် မြင့်တော်မူလျက် လမင်းကဲ့သို့လည်းကောင်း၊ မွန်းတည့်ချိန်၌ နေမင်းကဲ့သို့ လည်းကောင်း တင့်တယ် တော်မူ၏။

၃၄။ ထိုအခါ အသက်တမ်းသည် အနှစ်တစ်သိန်း ရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမျှလောက်တည်နေလျက် များစွာသော သတ္တဝါ အပေါင်းကို ကယ်တင်တော်မူ ၏။

၃၅။ (ဘုရားပွင့်ရာ) မြေကြီးသည် (ကိလေသာ) အညစ်အကြေး ကင်းသော ရဟန္တာတို့ဖြင့် ဆန်းကြယ်ခဲ့လေ၏၊ ကောင်းကင်သည် နက္ခတ်တို့ဖြင့် တင့်တယ် သကဲ့သို့ ထို့အတူ ထိုမြတ်စွာဘုရားသည် ရဟန္တာတို့ဖြင့် တင့်တယ်တော်မူ၏။

၃၆။ ထိုရဟန္တာတို့သည်လည်း ဂုဏ်အားဖြင့် မနှိုင်းယှဉ်နိုင်ကုန်၊ ရန်သူတို့သည် မချောက်ချားနိုင်ကုန်၊ လူသာမန်တို့ မချဉ်းကပ်နိုင်ကုန်၊ များသော အကျော်အစော ရှိသော ထိုရဟန္တာတို့သည် လျှပ်စစ် ပြက်သကဲ့သို့ (တန်ခိုးတော်ကို) ပြပြီးလျှင် ပရိနိဗ္ဗာန် ပြုတော်မူကြလေကုန်ပြီ။

၃၇။ မြတ်စွာဘုရား၏ အတုမရှိသော ထိုတန်ခိုးတော်သည် လည်းကောင်း၊ ဉာဏ် ဖြင့် ပွားစေအပ်သော သမာဓိသည် လည်းကောင်း ထိုအားလုံးသည် ကွယ်ပျောက်ခဲ့ လေ၏။ အလုံးစုံသော သင်္ခါရတို့သည် အချည်းနှီးတို့သာ ဖြစ်ကုန်သည် မဟုတ်ပါ လော။

၃၈။ မြတ်သော ကောဏ္ဍညမြတ်စွာဘုရားသည် စန္ဒာရာမကျောင်းတိုက်၌ ပရိနိဗ္ဗာန် ပြုတော်မူလေ၏၊ ထိုစန္ဒာရာမကျောင်းတိုက်၌ပင် ဆန်းကြယ်သော စေတီတော်သည် ခုနစ်ယူဇနာတိုင်တိုင် မြင့်လေ၏။

၆။ မင်္ဂလဘုရား

၁။ ကောဏ္ဍညမြတ်စွာဘုရား၏ နောက်အဖို့၌ မင်္ဂလမည်သော မြတ်စွာဘုရား သည် ပွင့်တော်မူလေ၏၊ ထိုမြတ်စွာဘုရားသည် လောက၌ အမိုက်မှောင်ကို ပယ် ဖျောက်၍ တရားတည်းဟူသော မီးရှူးတိုင်ကို ညှိထွန်းတော်မူ၏။

၂။ ထိုမြတ်စွာဘုရားအား အခြားသော မြတ်စွာဘုရားတို့ထက် လွန်ကဲသော အတုမရှိသော အရောင်သည် ရှိလေ၏၊ ထိုမြတ်စွာဘုရား၏ အရောင်သည် လ နေ တို့၏ အရောင်ကို ပယ်ဖျောက်၍ တစ်သောင်းသော လောကဓာတ်၌ တင့်တယ်၏။

၃။ ထိုမြတ်စွာဘုရားသည်လည်း အမြတ်ဆုံး သစ္စာလေးပါးတရားတို့ကို ပြတော်မူ ၏၊ ထိုထိုနတ် လူတို့သည် သစ္စာလေးပါးတည်းဟူသော အမြိုက်ရေကို သောက်ကြ ရ၍ ကြီးစွာသော အမိုက်မှောင်ကို ပယ်ဖျောက်ကြကုန်၏။

၄။ ထိုမင်္ဂလမြတ်စွာဘုရားသည် အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်၍ ရှေးဦးစွာ တရားဟောပြရာ အခါ၌ ကုဋေတစ်သိန်းသော နတ် လူ ဗြဟ္မာတို့၏ သစ္စာလေးပါး တရားကို သိခြင်းသည် ဖြစ်လေ၏။

၅။ မြတ်စွာဘုရားသည် သိကြားမင်းစံရာ တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရား ကို ဟောတော်မူ၏၊ ထိုအခါ ကုဋေတစ်ထောင်သော နတ်ဗြဟ္မာတို့၏ သစ္စာ လေးပါးကို သိခြင်းသည် နှစ်ကြိမ်မြောက် ဖြစ်လေ၏။

၆။ အကြင်အခါ သုနန္ဒစကြဝတေးမင်းသည် မြတ်စွာဘုရားသို့ ချဉ်းကပ်၏၊ ထိုအခါ မြတ်စွာဘုရားသည် မြတ်သော တရားတည်းဟူသော စည်တော်ကြီးကို တီးခတ် တော်မူ၏။

၇။ ထိုအခါ သုနန္ဒစကြဝတေးမင်း၏ နောက်လိုက် လူအပေါင်းတို့သည် ကုဋေ ကိုးဆယ်တို့ ဖြစ်ကုန်၏၊ ထိုနောက်လိုက်လူ အားလုံးတို့သည်လည်း အကြွင်းမဲ့ ဧဟိဘိက္ခုရဟန်းတို့ ဖြစ်ကုန်၏။

၈။ မင်္ဂလမြတ်စွာဘုရားအား သုံးကြိမ်သော အစည်းအဝေးတို့သည် ဖြစ်ကုန်၏၊ ပထမ အစည်းအဝေးသည် ကုဋေတစ်သိန်းသော ရဟန္တာတို့၏ အစည်းအဝေး ဖြစ် လေ၏။

၉။ ဒုတိယ အစည်းအဝေးသည် ကုဋေတစ်သိန်းသော ရဟန္တာတို့၏ အစည်းအဝေး ဖြစ်လေ၏။ တတိယ အစည်းအဝေးသည် ကိလေသာ အညစ်အကြေး ကင်းသော ကုဋေကိုးဆယ်သော ရဟန္တာတို့၏ အစည်းအဝေး ဖြစ်၏။

၁၀။ ထိုမင်္ဂလဘုရား လက်ထက်တော်အခါ၌ ငါ (ဘုရားလောင်း)သည် ဗေဒင်ကို သရဇ္ဈာယ်တတ်သော ဗေဒင်ကို ဆောင်သော သုံးပါးသော ဗေဒကျမ်းတို့၏ တစ်ဖက်ကမ်းသို့ ရောက်သော သုရုစိ မည်သော ပုဏ္ဏား ဖြစ်ခဲ့၏။

၁၁။ ငါသည် ထိုမင်္ဂလမြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ကိုးကွယ် ရာဟူ၍ ဆည်းကပ်ပြီးလျှင် မြတ်စွာဘုရား အမှူးရှိသော သံဃာတော်ကို နံ့သာပန်း ဖြင့် ပူဇော်ခဲ့၏၊ နံ့သာပန်းဖြင့် ပူဇော်ပြီးလျှင် နို့အဖျော်ဖြင့် (နို့ဃနာဆွမ်းဖြင့်) ရောင့်ရဲစေခဲ့၏။

၁၂။ ခြေနှစ်ချောင်းရှိသူ နတ် လူတို့ထက် မြတ်သော ထိုမင်္ဂလမြတ်စွာဘုရားသည် လည်း ငါ့ကိုဗျာဒိတ်စကား မိန့်ကြားတော်မူ၏-ဤသုရုစိပုဏ္ဏားသည် ဤကမ္ဘာမှ မရေမတွက်နိုင်သော ကမ္ဘာ၌ ဘုရား ဖြစ်လတ္တံ့။

၁၃။ ကမ္မဋ္ဌာန်း စီးဖြန်းခြင်း လုပ်ငန်းကို အားထုတ်၍။ပ။ ဤ(ဂေါတမ) မြတ်စွာ ဘုရား၏ မျက်မှောက်၌ ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)။

၁၄။ ငါသည် ထိုမြတ်စွာဘုရား စကားကိုလည်း ကြားနာရ၍ စိတ်ကို အလွန် ကြည်ညိုစေခဲ့၏၊ ပါရမီဆယ်ပါးကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက်တည်ခဲ့၏။

၁၅။ ထိုအခါ ငါသည် နှစ်သက်ခြင်းကို ပွါးစေလျက် မြတ်သော သမ္မာသမ္ဗောဓိ ဉာဏ်သို့ ရောက်ခြင်းငှါ ငါ့အိမ်ကို မြတ်စွာဘုရားအား လှူပြီးလျှင် ထိုမြတ်စွာ ဘုရား၏ အထံ၌ ရဟန်း ပြုခဲ့၏။

၁၆။ ငါသည် သုတ္တန်ကို လည်းကောင်း၊ ဝိနည်းကို လည်းကောင်း အင်္ဂါကိုးပါးရှိ သော မြတ်စွာဘုရား အဆုံးအမတော် အားလုံးကို သင်ကြား၍ မြတ်စွာဘုရား သာသနာတော်ကို တင့်တယ်စေခဲ့၏။

၁၇။ ငါသည် ထိုမြတ်စွာဘုရား သာသနာတော်၌ မမေ့မလျော့ဘဲ နေလျက် ဗြဟ္မ ဝိဟာရ ဘာဝနာကို ပွါးများ၍ အဘိညာဉ်၏ အထွတ်အထိပ်သို့ ရောက်ပြီးလျှင် ဗြဟ္မာ့ပြည်သို့ လားခဲ့၏။

၁၈။ မင်္ဂလမြတ်စွာဘုရား၏ မြို့တော်သည် ဥတ္တရမည်၏၊ ခမည်းတော်သည် ဥတ္တရမင်း မည်၏၊ မယ်တော်သည် ဥတ္တရာမိဖုရား မည်၏။

၁၉။ ထိုဘုရားလောင်းသည် အနှစ်ကိုးထောင်တို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ ထိုဘုရားလောင်းအား ယသဝါ သုစိမာ သိရီမာအားဖြင့် မြတ်သော ပြာသာဒ် သုံးဆောင်တို့သည် ရှိကုန်၏။

၂၀။ ကောင်းစွာ တန်ဆာဆင် အပ်ကုန်သော မောင်းမတို့သည် သုံးသောင်းရှိကုန် ၏၊ မိဖုရားသည် ယသဝတီ မည်၏၊ သားတော်သည် သီဝလ မည်၏။

၂၁။ ဘုရားအလောင်းသည် နိမိတ်လေးပါးတို့ကို မြင်၍ မြင်းယာဉ်ဖြင့် တောထွက် တော်မူ၏၊ မယုတ်မလျော့သော ရှစ်လတို့ပတ်လုံး ကမ္မဋ္ဌာန်း စီးဖြန်းခြင်း လုံ့လကို အားထုတ်တော်မူ၏။

၂၂။ ကြီးသော လုံ့လ ရှိတော်မူသော မင်္ဂလမည်သော မြတ်စွာဘုရားသည် ဗြဟ္မာ မင်းသည် တောင်းပန်အပ်သည်ဖြစ်၍ အမြတ်ဆုံး ကျက်သရေရှိသော သိရီ ၀ရုတ္တမ တော၌ ဓမ္မစကြာကို ဟော တော်မူ၏။

၂၃။ သုဒေဝသည် လည်းကောင်း၊ ဓမ္မသေနသည် လည်းကောင်း မင်္ဂလမြတ်စွာ ဘုရား၏ မြတ်သော တပည့် အဂ္ဂသာဝက တို့ ဖြစ်ကုန်၏။ မင်္ဂလမြတ်စွာဘုရား၏ အလုပ်အကျွေးသည် ပါလိတမည်၏။

၂၄။ သီဝလာသည် လည်းကောင်း၊ အသောကာသည် လည်းကောင်း ထိုမြတ်စွာ ဘုရား၏ မြတ်သော တပည့်မ အဂ္ဂသာဝိကာ တို့ ဖြစ်ကုန်၏။ ထိုမြတ်စွာ ဘုရား၏ ဗောဓိပင်ကို ကံ့ကော်ပင်ဟူ၍ ခေါ်ဆို အပ်၏။

၂၅။ နန္ဒသည် လည်းကောင်း၊ ဝိသာခသည် လည်းကောင်း မြတ်သော အလုပ် အကျွေး ဒါယကာ အဂ္ဂဥပဋ္ဌက တို့ ဖြစ်ကုန်၏။ အနုလာသည် လည်းကောင်း၊ သုတနာသည် လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယိကာမ အဂ္ဂ ဥပဋ္ဌိကာ တို့ ဖြစ်ကုန်၏။

၂၆။ မြတ်စွာဘုရားသည် ရှစ်ဆယ့်ရှစ်တောင် မြင့်တော်မူ၏၊ ထိုမြတ်စွာဘုရားမှ အသိန်းမကကုန် သော ရောင်ခြည်တော်တို့သည် ထွက်ကြွ (ကွန့်မြူး)ကုန်၏။

၂၇။ ထိုအခါ အသက်တမ်းသည် အနှစ်ကိုးသောင်း ရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမျှလောက် တည်နေလျက် များစွာသော သတ္တဝါ အပေါင်းကို ကယ်တင်တော် မူ၏။

၂၈။ သမုဒ္ဒရာ၌ လှိုင်းတံပိုးတို့ကို ရေတွက်ခြင်းငှါ မစွမ်းနိုင်ကုန်သကဲ့သို့ ထို့အတူ ပင် ထိုမြတ်စွာဘုရား၏ ထိုတပည့် သာဝကတို့ကို ရေတွက်ခြင်းငှါ မစွမ်းနိုင်ကုန်။

၂၉။ လောက၏ ရှေ့သွား ဖြစ်တော်မူသော မင်္ဂလမြတ်စွာဘုရားသည် အကြင်မျှ လောက် တည်နေတော်မူ၏၊ ထိုမျှလောက် (မြတ်စွာဘုရား၏ သာသနာတော် တည်နေသရွေ့) ကာလပတ်လုံး (တပည့် သာဝကတို့သည်) ကိလေသာနှင့်တကွ သေခြင်းသည် မရှိချေ။ ၃၀။ များသော အခြံအရံ အကျော်အစောရှိသော ထိုမြတ်စွာဘုရားသည် တရား တည်းဟူသော ဆီမီးတိုင်ကို ညှိထွန်းတော်မူ၍ များစွာသော သတ္တဝါအပေါင်းကို ကယ်တင်ပြီးလျှင် ဆီမီးကဲ့သို့ ထွန်းတောက်ပ၍ ပရိနိဗ္ဗာန် စံတော်မူ၏။

၃၁။ နတ်နှင့် တကွသော လောက၌ သင်္ခါရတရားတို့၏ အနိစ္စသဘောကို ပြ၍ တောက်လောင်ပြီး မီးပုံကြီးကဲ့သို့ လည်းကောင်း၊ ဝင်သွားသော နေမင်းကဲ့သို့ လည်းကောင်း ထွန်းလင်းပြီး၍ (ပရိနိဗ္ဗာန် စံတော်မူလေပြီ)။

၃၂။ မင်္ဂလမြတ်စွာဘုရားသည် ၀ဿရ မည်သော ဥယျာဉ်၌ ပရိနိဗ္ဗာန်ပြုတော် မူ၏၊ ထိုဥယျာဉ်၌ပင် ထိုမြတ်စွာဘုရား၏ စေတီ (ပုထိုးတော်)သည် ယူဇနာ သုံးဆယ် မြင့်တော်မူ၏။

၇။ သုမနဘုရား

၁။ မင်္ဂလမြတ်စွာဘုရား၏ နောက်အဖို့၌ သုမနမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် အလုံးစုံသော တရားတို့ကြောင့် တူသော ပုဂ္ဂိုလ် ရှိတော်မမူ၊ အလုံးစုံသော သတ္တဝါတို့ထက် မြတ်တော်မူ၏။

၂။ ထိုအခါ ထိုမြတ်စွာဘုရားသည် မေခလမြို့၌ တရားခရုသင်းနှင့် ကောင်းစွာ ယှဉ်သော အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရား အဆုံးအမတည်းဟူသော အမြိုက် စည်ကြီးကို ရိုက်တီးတော်မူ၏။

၃။ ထိုမြတ်စွာဘုရားသည် ကိလေသာတို့ကို အောင်မြင်၍ သမ္မာသမ္ဗောဓိ ဉာဏ် တော်မြတ်သို့ ရောက်ပြီးလျှင် သူတော်ကောင်း တရားတည်းဟူသော မြတ်သော နိဗ္ဗာန်မြို့တော်ကို ဖန်ဆင်းတော်မူ၏။

၄။ ထိုမြတ်စွာဘုရားသည် ထိုမြို့၌ အကြားအလပ် မရှိဘဲ မကွေ့မကောက် ဖြောင့်တန်းလျက် ပြန့်ကျယ်သော သတိပဋ္ဌာန် တရားမြတ်တည်းဟူသော လမ်း မတော်ကြီးကို ဖန်ဆင်းတော်မူ၏။

၅။ ထိုလမ်းမတော်ကြီး၌ အရိယမဂ်ဖိုလ်လေးပါး၊ ပဋိသမ္ဘိဒါလေးပါး၊ အဘိညာဉ် ခြောက်ပါး၊ သမာပတ်ရှစ်ပါးတည်းဟူသော ကုန်ဈေးတို့ကို ဖြန့်ခင်းတော်မူ၏။

၆။ အကြင်သူတို့သည် မေ့လျော့ခြင်း မရှိကုန်၊ ကိလေသာ ငြောင့်တံသင်း ကင်း ကုန်၏။ ရှက်ခြင်း ဟိရီ၊ အားထုတ်ခြင်း ဝီရိယ တို့နှင့် ပြည့်စုံကုန်၏။ ထိုသူ တို့သည် ဤမြတ်သော ဂုဏ်တို့ကို လွယ်လွယ် ကူကူ ရယူနိုင်ကုန်၏။

၇။ ဤသို့ မြတ်စွာဘုရားသည် ဤအားထုတ်ခြင်း လုံ့လဖြင့် များစွာသော သတ္တဝါ အပေါင်းကို ထုတ်ဆောင်ကယ်တင်လျက် ကုဋေတစ်သိန်းသော လူ နတ် ဗြဟ္မာတို့ ကို ရှေးဦးစွာ သစ္စာလေးပါးကို သိစေတော်မူ၏။

၈။ အကြင်အခါ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရားသည် တိတ္ထိအပေါင်း တို့ကို ဆုံးမတော်မူ၏၊ နှစ်ကြိမ်မြောက် တရားဟောရာ ထိုအခါ၌ ကုဋေတစ်ထောင် သော လူ နတ် ဗြဟ္မာတို့သည် သစ္စာလေးပါးကို ထိုးထွင်းသိကုန်၏။

၉။ အကြင်အခါ နတ်ç ဗြဟ္မာတို့သည် လည်းကောင်း၊ လူတို့သည် လည်းကောင်း စိတ်တူ ကိုယ်မျှ ညီညွတ်ကြကုန်သည်ဖြစ်၍ စိတ်၌ ယုံမှားခြင်းရှိသော နိရောဓ (သမာပတ်) နှင့်စပ်သော ပြဿနာကို မေးလျှောက်ကြကုန်၏။

၁၀။ နိရောဓသမာပတ်ကို ဖြေရှင်းပြသ တရားဟောတော်မူရာ ထိုအခါ၌လည်း ကုဋေကိုးသောင်းသော လူ နတ် ဗြဟ္မာတို့၏ သုံးကြိမ်မြောက် သစ္စာလေးပါးကို ထိုးထွင်းသိခြင်းသည် ဖြစ်၏။

၁၁။ သုမနမြတ်စွာဘုရားအား ကိလေသာ အညစ်အကြေး ကင်းကုန်သော ငြိမ် သက်သောစိတ် ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်း အဝေးတို့သည် သုံးကြိမ်တို့ ဖြစ်ကုန်၏။

၁၂။ ဝါမှ ထတော်မူသော မြတ်စွာဘုရား၏ ပဝါရဏာကို ကြွေးကြော်ရာ (ပဝါရဏာ ပွဲ)၌ မြတ်စွာဘုရားသည် ကုဋေတစ်သိန်းသော ရဟန္တာတို့နှင့်အတူ ပဝါရဏာ ပြုတော်မူလေ၏။

၁၃။ ထို့နောက် စည်းဝေးရာဖြစ်သော အညစ်အကြေး ကင်းသော ကဉ္စန(ရွှေ) တောင်၌ ရဟန္တာ ကုဋေကိုးသောင်းတို့၏ အစည်းအဝေးသည် နှစ်ကြိမ်မြောက် အစည်းအဝေး ဖြစ်လေ၏။

၁၄။ အကြင်အခါ သိကြားနတ်မင်းသည် မြတ်စွာဘုရားအား ဖူးမြင်ခြင်းငှါ ချဉ်းကပ် ၏၊ ထိုအခါ ကုဋေရှစ်သောင်းသော ရဟန္တာတို့၏ အစည်းအဝေးသည် သုံးကြိမ် မြောက် အစည်းအဝေး ဖြစ်လေ၏။

၁၅။ ထိုအခါ ငါသည် အမည်အားဖြင့် အတုလ ဟု ထင်ရှားသော များစွာသော ကုသိုလ်ကို ဆည်းပူးခဲ့သော တန်ခိုးကြီးသော နဂါးမင်း ဖြစ်၏။

၁၆။ ထိုအခါ ငါသည် ဆွေမျိုးတို့နှင့်တကွ နဂါးဘုံမှ ထွက်၍ နဂါးတို့၏ နတ်၌ဖြစ် သော တူရိယာတို့ဖြင့် သံဃာနှင့်တကွသော မြတ်စွာဘုရားကို လုပ်ကျွေးပူဇော်ခဲ့ ၏။

၁၇။ ငါသည် ကုဋေတစ်သိန်းသော ရဟန္တာတို့အား ထမင်း အဖျော်ဖြင့် ရောင့်ရဲ နှစ်သက်စေခဲ့၏၊ အသီးအသီးသော ပုဆိုးအစုံကို လှူ၍ ထိုရတနာသုံးပါးကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ခဲ့၏။

၁၈။ လောက၏ ရှေ့သွားဖြစ်သော ထိုသုမနမြတ်စွာဘုရားသည်လည်း ငါ့ကို ဗျာဒိတ်စကား မိန့်ကြားတော်မူ၏- ဤနဂါးမင်သည် ဤကမ္ဘာမှ မရေတွက်နိုင် သော ကမ္ဘာ၌ ဘုရား ဖြစ်လတ္တံ့။

၁၉။ ကမ္မဋ္ဌာန်း စီးဖြန်းခြင်း လုံ့လကို အားထုတ်၍။ပ။ ဤ (ဂေါတမ) မြတ်စွာဘုရား ၏ မျက်မှောက်၌ ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)။

၂၀။ ငါသည် ထိုမြတ်စွာဘုရား၏ စကားကိုလည်း ကြားနာရ၍ စိတ်ကို အလွန် ကြည်ညိုစေခဲ့၏၊ ပါရမီဆယ်ပါးကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက်တည် ခဲ့၏။

၂၁။ သုမနမြတ်စွာဘုရား၏ မြို့တော်သည် မေခလ မည်၏၊ (ခမည်းတော်)သည် သုဒတ္တမင်း မည် ၏၊ မယ်တော်သည် သိရိမာမိဖုရား မည်၏။

၂၂။ ထိုဘုရားအလောင်းသည် အနှစ်ကိုးထောင်တို့ ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ ထိုဘုရားလောင်းအား စန္ဒ သုစန္ဒ ဝဋံသအားဖြင့် မြတ်သော ပြာသာဒ် သုံးဆောင်တို့သည် ရှိကုန်၏။

၂၃။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမပေါင်း ခြောက်သန်းသုံးသိန်း တို့သည် ရှိကုန်၏၊ (ထိုဘုရားလောင်း၏) မိဖုရားသည် ဝဋံသိကာ မည်၏၊ သား တော်သည် အနူပမ မည်၏။

၂၄။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ဆင်ယာဉ်ဖြင့် တော ထွက်တော် မူ၏၊ မယုတ်မလျော့ ဆယ်လတို့ပတ်လုံး ကမ္မဋ္ဌာန်း စီးဖြန်းခြင်း လုံ့လ ကို အားထုတ်တော်မူ၏။

၂၅။ ကြီးသော လုံ့လရှိတော်မူသော သုမနမြတ်စွာဘုရားသည် ဗြဟ္မာမင်းသည် တောင်းပန်အပ်သည် ဖြစ်၍ မေခလမြို့တော်၌ ဓမ္မစကြာကို ဟောတော်မူ၏။

၂၆။ သရဏသည် လည်းကောင်း၊ ဘာဝိတတ္တသည် လည်းကောင်း သုမနမြတ်စွာ ဘုရား၏ မြတ်သော တပည့် အဂ္ဂသာဝက တို့ ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ အလုပ်အကျွေးသည် ဥဒေန မည်၏။

၂၇။ သောဏာသည် လည်းကောင်း၊ ဥပသောဏာသည် လည်းကောင်း ထိုမြတ်စွာ ဘုရား၏ မြတ်သော တပည့်မ အဂ္ဂသာဝိကာ တို့ ဖြစ်ကုန်၏။ မနှိုင်းယှဉ်နိုင်သော အခြံအရံ အကျော်အစော ရှိတော်မူသော ထိုမြတ်စွာဘုရားသည်လည်း ကံ့ကော် ပင်ရင်း၌ ပွင့်တော်မူ၏။

၂၈။ ဝရုဏသည်လည်းကောင်း၊ သရဏသည်လည်းကောင်း မြတ်သော အလုပ် အကျွေး ဒါယကာ အဂ္ဂဥပဋ္ဌက တို့ ဖြစ်ကုန်၏။ စာလာသည်လည်းကောင်း၊ ဥပစာလာသည်လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယိကာမ အဂ္ဂဥပဋ္ဌိ ကာ တို့ ဖြစ်ကုန်၏။

၂၉။ ထိုမြတ်စွာဘုရားသည် အမြင့်အားဖြင့် အတောင်ကိုးဆယ် မြင့်လျက် ရွှေတု ရိုဏ်တိုင်ကြီးနှင့် တူသည်ဖြစ်၍ လောကဓာတ်တစ်သောင်း၌ တင့်တယ် တော်မူ၏။

၃၀။ ထိုအခါ အသက်တမ်းသည် အနှစ်ကိုးသောင်းရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမျှလောက် အသက် တည်နေလျက် များစွာသော သတ္တဝါအပေါင်းကို ကယ်တင် တော်မူ၏။

၃၁။ မြတ်စွာဘုရားသည် ကယ်တင်ထိုက်သော သူတို့ကို ကယ်တင်၍ (သစ္စာ လေးပါးကို) သိစေထိုက်သော သူတို့ကိုလည်း သိစေတော်မူ၏၊ လမင်းသည် ကွယ်ဝင်သွားသကဲ့သို့ ပရိနိဗ္ဗာန် ပြုတော်မူလေ၏။

၃၂။ အကြင်ရဟန္တာç အကြင်မြတ်စွာဘုရားတို့သည် များသော အခြံအရံ အကျော် အစော ရှိကုန်၏၊ ထိုရဟန္တာတို့သည် လည်းကောင်း၊ ထိုအတုမဲ့ မြတ်စွာဘုရား သည် လည်းကောင်း အတူမရှိသော အရောင်အလင်းကို ပြ၍ ပရိနိဗ္ဗာန် ပြုတော်မူ ကြလေကုန်ပြီ။

၃၃။ ထိုအတူမရှိသော ဉာဏ်တော်သည် လည်းကောင်း၊ ထိုအတူမရှိသော ရတနာ တို့သည် လည်းကောင်း ထိုအားလုံးတို့သည်ပင် ကွယ်ပျောက်ခဲ့လေပြီ။ အလုံးစုံ သော သင်္ခါရတို့သည် အချည်းနှီးတို့သာ ဖြစ်ကုန်သည် မဟုတ်ပါလော။

၃၄။ အခြံအရံ အကျော်အစောကို ဆောင်တော်မူသော သုမနမြတ်စွာဘုရားသည် အင်္ဂါရာမ ကျောင်းတိုက်၌ ပရိနိဗ္ဗာန် ပြုတော်မူလေ၏၊ ထိုအင်္ဂါ ရာမကျောင်းတိုက်၌ ပင် ထိုမြတ်စွာဘုရား၏ စေတီ(ပုထိုး)တော်သည် လေးယူဇနာ မြင့်တော်မူလေ၏။

၈။ ရေဝတဘုရား

၁။ သုမနမြတ်စွာဘုရား၏ နောက်အဖို့၌ ရေဝတမည်သော လောကရှေ့သွား မြတ်စွာဘုရားသည် ပွင့်တော်မူလေ၏၊ ထိုမြတ်စွာဘုရားသည် နှိုင်းယှဉ်စရာ ဥပမာ ရှိတော်မမူ၊ တူသောပုဂ္ဂိုလ် ရှိတော်မမူ၊ ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော်မမူ၊ အမြတ်ဆုံး ပုဂ္ဂိုလ် ဖြစ်တော်မူပေ၏။

၂။ ထိုမြတ်စွာဘုရားသည်လည်း ဗြဟ္မာမင်း တောင်းပန်အပ်သည် ဖြစ်၍ ဘဝကြီး ငယ်၌ မဖြစ်စေတတ်သော ခန္ဓာဓာတ်တို့ကို ပိုင်းခြားကြောင်း ဖြစ်သော တရားကို ဟောပြတော်မူ၏။

၃။ ထိုမြတ်စွာဘုရား တရားဟောတော်မူခြင်းကြောင့် (နတ်လူတို့၏ သစ္စာလေးပါး ကို) သိခြင်းတို့သည် သုံးကြိမ်တို့ ဖြစ်ကုန်၏၊ (နတ်လူတို့၏) သစ္စာလေးပါးကို ထိုးထွင်းသိခြင်းသည် ဂဏန်းသချင်္ာအားဖြင့် မပြောဆိုနိုင်သော ရှေးဦးစွာသော သိခြင်း ဖြစ်လေ၏။

၄။ အကြင်အခါ ရေဝတမြတ်စွာဘုရားသည် အရိန္ဒမမင်းကို ဆုံးမတော်မူ၏၊ ထို အခါ ကုဋေတစ်ထောင်သော လူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို)သိခြင်းသည် နှစ်ကြိမ်မြောက် သိခြင်းဖြစ်လေ၏။

၅။ လူတို့ထက် မြတ်သော မြတ်စွာဘုရားသည် ခုနစ်ရက်ပတ်လုံး တစ်ပါးတည်း ကိန်းအောင်းတော် မူရာ (နိရောဓသမာပတ်)မှ ထပြီးလျှင် ကုဋေတစ်ရာသော လူ နတ်တို့ကို မြတ်သော ဖိုလ်၌ တည်စေလျက် ဆုံးမတော်မူ၏။

၆။ ရေဝတမြတ်စွာဘုရားအား (ကိလေသာ) အညစ်အကြေး ကင်းကုန်သော (ဘဝမှ) ကောင်းစွာ လွတ်မြောက်ကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးတို့သည် သုံးကြိမ်တို့ တိုင်တိုင် ဖြစ်ကုန်၏။

၇။ ပထမအစည်းအဝေးသို့ ကြွရောက်သော ရဟန္တာတို့သည် ဂဏန်းစဉ် (အရေ အတွက်)ကို ကျော်လွန်ကုန်၏၊ ကုဋေတစ်သိန်းသော ရဟန္တာတို့၏ အစည်းအဝေး သည် ဒုတိယ (နှစ်ကြိမ်မြောက်) အစည်းအဝေး ဖြစ်၏။

၈။ ထိုမြတ်စွာဘုရား၏ တရားတည်းဟူသော စက်ကို လည်စေတော်မူသော ပညာ အားဖြင့် တူသောသူ မရှိသော အကြင် အဂ္ဂသာဝကသည် (ရှိ၏)၊ ထိုအခါ ထိုအဂ္ဂ သာဝကသည် မကျန်းမာသည် ဖြစ်၍ အသက်ရှင်ခြင်း၌ ယုံမှားခြင်းသို့ ရောက်လေ ၏။

၉။ ထိုအခါ ကုဋေတစ်ထောင်သော အကြင်ရဟန္တာရဟန်းတို့သည် ထိုအဂ္ဂသာဝက အား သူနာမေးခြင်းငှါ ကြွရောက်တော် မူလာကြကုန်၏၊ ထိုရဟန်းတို့၏ အစည်း အဝေးသည် တတိယ (သုံးကြိမ်မြောက်)အစည်းအဝေး ဖြစ်လေ၏။

၁၀။ ထိုအခါ၌ ငါသည် အတိဒေဝ မည်သော ပုဏ္ဏား(ဖြစ်၍) ရေဝတမြတ်စွာ ဘုရား (ထံ)သို့ ချဉ်းကပ်ပြီးလျှင် ထိုမြတ်စွာဘုရားအား ကိုးကွယ်ရာဟူ၍ ဆည်း ကပ်ခဲ့၏။

၁၁။ ငါသည် ထိုမြတ်စွာဘုရား၏ အမြတ်ဆုံးဖြစ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်ကို စွမ်းအား ရှိသမျှ ချီးမွမ်း၍ အပေါ်ရုံအဝတ်ကို ပေးလှူခဲ့၏။

၁၂။ လောက၏ ရှေ့သွား ဖြစ်တော်မူသော ထိုရေဝတမြတ်စွာဘုရားသည် လည်း ငါ့ကို ဗျာဒိတ် စကား မိန့်ကြားတော်မူ၏- ဤကမ္ဘာမှ မရေတွက်နိုင်သော ကမ္ဘာ၌ ဤ(ပုဏ္ဏား)သည် ဘုရားဖြစ်လတ္တံ့။

၁၃။ ကမ္မဋ္ဌာန်း စီးဖြန်းခြင်းလုံ့လကို အားထုတ်၍။ပ။ ဤ(ဂေါတမ)မြတ်စွာဘုရား၏ မျက်မှောက်၌ ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)။

၁၄။ ငါသည် ထိုမြတ်စွာဘုရား၏ စကားကိုလည်း ကြားနာရ၍ စိတ်ကို အလွန် ကြည်ညိုစေခဲ့၏၊ ပါရမီဆယ်ပါးကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက်တည် ခဲ့၏။

၁၅။ ထိုအခါ ၌လည်း ငါသည် ထိုဘုရားဖြစ်ကြောင်း ပါရမီတရားကို အောက်မေ့၍ ငါသည် အကြင်ဘုရား အဖြစ်ကို ဆုတောင်း၏၊ ထိုဘုရားဖြစ်ကြောင်း ပါရမီတရား ကို ကျင့်ဆောင်တော့အံ့ဟု အစဉ် ပွါးများစေခဲ့၏။

၁၆။ ရေဝတမြတ်စွာဘုရား၏ မြို့တော်သည် သုဓညဝတီ မည်၏၊ ခမည်းတော် သည် ဝိပုလမင်း မည်၏၊ မယ်တော်သည် ဝိပုလာမိဖုရား မည်၏။

၁၇။ ထိုဘုရားအလောင်းတော်သည် အနှစ်ခြောက်ထောင်တို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ အထူး တန်ဆာဆင်အပ်သော သုဒဿန ရတနဂ္ဃိ အာဝေဠဟူ သော မြတ်သော ပြာသာဒ် သုံးဆောင်တို့ သည် ဘုန်းကံကြောင့် ဖြစ်ပေါ်လျက် ရှိကုန်၏။

၁၈။ (ထိုဘုရားလောင်းအား) ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမပေါင်း သုံးသောင်း သုံးထောင်တို့သည် ရှိကုန်၏၊ မိဖုရားသည် သုဒဿနာ မည်၏၊ သားတော်သည် ဝရုဏ မည်၏။

၁၉။ ဘုရား (အလောင်း)သည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ရထားယာဉ်ဖြင့် တောထွက်တော် မူ၏၊ မယုတ်မလျော့ ခုနစ်လတို့ပတ်လုံး ကမ္မဋ္ဌာန်းအားထုတ်ခြင်း လုံ့လကို အား ထုတ်တော်မူ၏။

၂၀။ ကြီးသော လုံ့လရှိတော်မူသော ရေဝတမြတ်စွာဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည် ဖြစ်၍ ဝရုဏာရာမကျောင်းတိုက်တွင် အသရေရှိသော ကျောင်း၌ ဓမ္မစကြာကို ဟောတော်မူ၏။

၂၁။ ဝရုဏသည် လည်းကောင်း၊ ဗြဟ္မဒေဝသည် လည်းကောင်း ရေဝတမြတ်စွာ ဘုရား၏ မြတ်သော တပည့် အဂ္ဂသာဝက တို့ ဖြစ်ကုန်၏။ (ထိုမြတ်စွာဘုရား၏) အလုပ်အကျွေးသည် သမ္ဘဝ မည်၏။

၂၂။ ဘဒ္ဒါသည် လည်းကောင်း၊ သုဘဒ္ဒါသည် လည်းကောင်း ထိုမြတ်စွာဘုရား၏ မြတ်သော တပည့်မ အဂ္ဂသာဝိကာ တို့ ဖြစ်ကုန်၏။ အတုမရှိသော ဘုရားတို့နှင့် သာ တူတော်မူသော ထိုမြတ်စွာဘုရားသည်လည်း ကံ့ကော်ပင်ရင်း၌ ပွင့်တော်မူ ၏။

၂၃။ ပဒုမသည် လည်းကောင်း၊ ကုဥ္ဇရသည်လည်းကောင်း နှစ်ယောက်သော ဒါယကာတို့သည် မြတ်သော အလုပ်အကျွေး အဂ္ဂဥပဋ္ဌက တို့ ဖြစ်ကုန်၏။ သိရီမာသည် လည်းကောင်း၊ ယသဝတီသည် လည်းကောင်း နှစ်ယောက်သော ဒါယိကာမတို့သည် မြတ်သော အလုပ်အကျွေး အဂ္ဂဥပဋ္ဌိကာ တို့ ဖြစ်ကုန် ၏။

၂၄။ ထိုမြတ်စွာဘုရားသည် အမြင့်အားဖြင့် အတောင်ရှစ်ဆယ် မြင့်လျက် စိုက်ထူ အပ်သော သိကြားမင်း၏ (တံခွန်) မှန်ကင်းကဲ့သို့ အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေတော်မူ၏။

၂၅။ ထိုမြတ်စွာဘုရား၏ ကိုယ်တော်၌ဖြစ်သော အမြတ်ဆုံး ရောင်ခြည်တော် ပန်း နွယ်သည် နေ့၌လည်းကောင်း၊ ညဥ့်၌လည်းကောင်း ထက်ဝန်းကျင် တစ်ယူဇနာ တိုင်အောင် ပျံ့နှံ့လျက် ရှိပေ၏

၂၆။ ထိုအခါ အသက်တမ်းသည် အနှစ်ခြောက်သောင်းရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမျှလောက် အသက်တည်နေလျက် များစွာသော သတ္တဝါအပေါင်းကို ကယ်တင် တော်မူ၏။

၂၇။ (ထိုမြတ်စွာဘုရားသည်) ဘုရားတို့၏ အားအစွမ်းကို ပြ၍ လောက၌ အမြိုက် နိဗ္ဗာန်ကို ဟောပြလျက် မီးစာကုန်ခြင်းကြောင့် ငြိမ်းသော မီးကဲ့သို့ စွဲလမ်းခြင်း ဥပါဒါန် မရှိဘဲ ပရိနိဗ္ဗာန် စံတော်မူလေပြီ။

၂၈။ ရွှေရတနာနှင့် တူသော ထိုကိုယ်တော်သည် လည်းကောင်း၊ အတုမရှိသော ထိုသဗ္ဗညုတဉာဏ် တရားတော်သည် လည်းကောင်း ရှိ၏။ ထိုအားလုံးသည်ပင် ကွယ်ပျောက်ခဲ့လေပြီ၊ အလုံးစုံသော သင်္ခါရတို့သည် အချည်းနှီးတို့သာ ဖြစ်ကုန် သည် မဟုတ်ပါလော။

၂၉။ အခြံအရံ အကျော်အစောကို ဆောင်တော်မူသော ထိုရေဝတမြတ်စွာဘုရား သည် မြို့တော်(မဟာပုရ)၌ ပရိနိဗ္ဗာန် ပြုတော်မူ၏၊ ဓာတ်တော်သည် ထိုထိုအရပ် တို့၌ ပျံ့နှံ့လျက် ရှိလေသတည်း။

၉။ သောဘိတဘုရား

၁။ ရေဝတမြတ်စွာဘုရား၏ နောက်အဖို့၌ သောဘိတမည်သော မြတ်စွာဘုရား သည် ပွင့်တော်မူလေ၏၊ (ထိုမြတ်စွာဘုရားသည်) တည်ကြည်တော်မူ၏၊ ငြိမ်သက် သောစိတ် ရှိတော်မူ၏၊ တူသောပုဂ္ဂိုလ် ရှိတော်မမူ၊ ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော်မမူ။

၂။ ထိုမြတ်စွာဘုရားသည် မိမိအိမ်တော်၌ စိတ်ကို ဆုတ်နစ်စေတော်မူပြီ၊ (ထိုအခါ) အလုံးစုံသော သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်၍ ဓမ္မစကြာကို ဟောတော်မူ၏။

၃။ တရားဟောတော်မူသော အခါ၌ အောက်အဝီစိမှ အထက်ဘဝဂ်တိုင်အောင်၊ အထက်ဘဝဂ်မှလည်း အောက်အဝီစိတိုင်အောင် ဤအတွင်း၌ တစ်ခုတည်းသော ပရိသတ်သည် ဖြစ်၏။

၄။ မြတ်စွာဘုရားသည် ထိုပရိသတ်၌ ဓမ္မစကြာကို ဟောတော်မူ၏၊ (ထိုအခါ သစ္စာလေးပါးကို သိခြင်းသည်) ဂဏန်းသချင်္ာအားဖြင့် မပြောဆိုနိုင်သော ရှေးဦးစွာ သိခြင်း ဖြစ်လေ၏။

၅။ ထိုမှ နောက်၌လည်း နတ်တို့၏ အစည်းအဝေး၌ တရားဟောတော်မူသည် ရှိသော် ကုဋေကိုးသောင်းသော နတ်ဗြဟ္မာတို့၏ သစ္စာလေးပါးကို သိခြင်းသည် နှစ်ကြိမ်မြောက် သိခြင်းဖြစ်လေ၏။

၆။ နောက်တစ်ဖန် ရေမြေကို အစိုးရသော ဇယသေန မည်သော မင်းသား သည် အရံ (ကျောင်းတိုက်)ကို ဖန်ဆင်း၍ မြတ်စွာဘုရားအား အပ်နှင်းလှူဒါန်း လေ၏။

၇။ ထိုအခါ မြတ်စွာဘုရားသည် ထိုမင်းသား၏ အလှူကို ချီးမွမ်းလျက် တရားကို ဟောတော်မူ၏၊ ထိုအခါ ကုဋေတစ်ထောင်သော နတ်လူတို့၏ (သစ္စာလေးပါးကို သိခြင်းသည်) သုံးကြိမ်မြောက် သိခြင်းဖြစ်လေ၏။

၈။ သောဘိတမြတ်စွာဘုရားအား (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးတို့သည် သုံးကြိမ်တို့ တိုင်တိုင် ဖြစ်ကုန်၏။

၉။ ဥဂ္ဂတမည်သော ထိုမင်းသည် မြတ်စွာဘုရားအား အလှူကို ပေးလှူ၏၊ ထို အလှူ၌ (ရဟန္တာတို့၏) ကုဋေတစ်ရာတို့သည် အညီအညွတ် စည်းဝေးကုန်၏။

၁၀။ ထို့နောက် အသင်းအဖွဲ့ အပေါင်းသည် မြတ်စွာဘုရားအား အလှူကို ပေးလှူ ပြန်၏၊ ထိုအခါ ကုဋေကိုးဆယ်သော ရဟန္တာတို့၏ အစည်းအဝေးသည် နှစ်ကြိမ် မြောက် ဖြစ်လေ၏။

၁၁။ အကြင်အခါ၌ မြတ်စွာဘုရားသည် နတ်ပြည်၌ သီတင်းသုံးပြီးလှျင် (ထိုနတ် ပြည်မှ) သက်ဆင်းတော်မူ၏၊ ထိုအခါ ကုဋေရှစ်ဆယ်သော ရဟန္တာတို့၏ အစည်း အဝေးသည် သုံးကြိမ်မြောက်ဖြစ်လေ၏။

၁၂။ ထိုအခါ ငါသည် သုဇာတမည်သော ပုဏ္ဏား (ဖြစ်ခဲ့၏)၊ ထိုအခါ တပည့် သာဝကနှင့်တကွ ဖြစ်သော မြတ်စွာဘုရားကို ဆွမ်း အဖျော်ဖြင့် ရောင့်ရဲနှစ်သိမ့်စေ ခဲ့၏။

၁၃။ လောက၏ အကြီးအမှူးဖြစ်သော ထိုသောဘိတမြတ်စွာဘုရားသည်လည်း ငါ့ကို ဗျာဒိတ်စကား မိန့်ကြားတော်မူ၏-ဤကမ္ဘာမှ မရေမတွက်နိုင်သော ကမ္ဘာ၌ ဤပုဏ္ဏားသည် ဘုရားဖြစ်လတ္တံ။

၁၄။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုပ်ငန်းကို အားထုတ်၍။ပ။ ဤ (ဂေါတမ) မြတ်စွာ ဘုရား၏ မျက်မှောက်၌ ဖြစ်ရပါလိုကုန်၏ ဟု ဆုတောင်းကုန်၏။

၁၅။ ထိုမြတ်စွာဘုရား၏ စကားကိုလည်း ကြားနာရ၍ ငါသည် ရွှင်လန်းသောသူ တက်ကြွသောစိတ်ရှိသူဖြစ်၍ ထိုမြတ်စွာဘုရားဖြစ်ခြင်းဟူသော အကျိုးကို ရခြင်းငှါ ထက်မြက်သော လုံ့လဝီရိယကို ပြုခဲ့၏။

၁၆။ သောဘိတမြတ်စွာဘုရား၏ မြို့တော်သည် သုဓမ္မ မည်၏၊ (ခမည်းတော်) မင်းသည် သုဓမ္မ အမည်ရှိ၍ မယ်တော်သည်လည်း သုဓမ္မာ ပင် အမည်ရှိ၏။

၁၇။ ထိုဘုရားအလောင်းသည် အနှစ်ကိုးထောင်တို့ပတ်လုံး (ထီးနန်းကို) အုပ်စိုး၍ နေ၏၊ (ထိုဘုရားအလောင်းအား) ကုမုဒ နာဠိန ပဒုမအားဖြင့် မြတ်သော ပြာသာဒ် သုံးဆောင်တို့သည် ရှိကုန်၏။

၁၈။ (ထိုဘုရားလောင်းအား) ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမပေါင်း သုံးသောင်း ခုနစ်ထောင်တို့သည် ရှိကုန်၏၊ (ထိုဘုရားလောင်း၏) ထိုမိဖုရားသည် မဏိလာ မည်၏၊ သားတော်သည် သီဟ မည်၏။

၁၉။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ပြာသာဒ်ဖြင့် တောထွက် တော်မူ၏၊ ခုနစ်ရက်ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လအကျင့်ကို ကျင့်ပြီးလှျင် (ဘုရားအဖြစ်သို့ ရောက်တော် မူ၏)။

၂၀။ လောက၏ အကြီးအမှူး ဖြစ်တော်မူသော သောဘိတမြတ်စွာဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည်ဖြစ်၍ သုဓမ္မဥယျာဉ်တော်၌ ဓမ္မစကြာကို ဟော တော်မူ၏။

၂၁။ အသမသည် လည်းကောင်း၊ ဥနေတ္တသည် လည်းကောင်း သောဘိတ မြတ်စွာဘုရား၏ မြတ်သောတပည့် အဂ္ဂသာဝက တို့ ဖြစ်ကုန်၏။ (ထိုမြတ်စွာ ဘုရား၏) အလုပ်အကွျေးသည် အနောမ မည်၏။

၂၂။ နကုလာသည် လည်းကောင်း၊ သုဇာတာသည် လည်းကောင်း ထိုမြတ်စွာ ဘုရား၏ မြတ်သော တပည့်မ အဂ္ဂသာဝိကာ တို့ ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား သည်လည်း ပွင့်တော်မူလတ်သော် ကံ့ကော်ပင်ရင်း၌ ပွင့်တော်မူ၏။

၂၃။ ရမ္မသည် လည်းကောင်း၊ သုဒတ္တသည် လည်းကောင်း မြတ်သော အလုပ် အကွျေး ဒါယကာ အဂ္ဂဥပဋ္ဌက တို့ ဖြစ်ကုန်၏။ နကုလာသည် လည်းကောင်း၊ ဏိတ္တာသည်လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယိကာမ အဂ္ဂဥပဋ္ဌိကာ တို့ ဖြစ်ကုန်၏။

၂၄။ မြတ်စွာဘုရားသည် ငါးဆယ့်ရှစ်တောင်တိုင်အောင် မြင့်လျက် တက်သစ် သော နေမင်းကဲ့သို့ အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေတော်မူ၏။

၂၅။ ကောင်းစွာ ပွင့်သော တောအုပ်ကြီးသည် အထူးထူးသော ရနံ့တို့ဖြင့် မွှေးထုံသကဲ့သို့ ထို့အတူပင် ထိုမြတ်စွာဘုရား၏ စကားတော်သည် သီလရနံ့တို့ဖြင့် မွှေးထုံ၏။

၂၆။ သမုဒ္ဒရာမည်သည် ရှုကြည့်ခြင်းဖြင့် မရောင့်ရဲနိုင်သကဲ့သို့ ထို့အတူပင် ထိုမြတ်စွာဘုရား၏ စကားတော်သည် နာကြားခြင်းဖြင့် မရောင့်ရဲနိုင်ပေ။

၂၇။ ထိုအခါ အသက်တမ်းသည် အနှစ်ကိုးသောင်းရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမှျလောက် အသက်တည်နေလျက် များစွာသော သတ္တဝါအပေါင်းကို ကယ်တင် တော်မူ၏။

၂၈။ ထိုမြတ်စွာဘုရားသည် ကြွင်းသောသူတို့ကို တစ်ကြိမ် ဆုံးမခြင်းကို လည်း ကောင်း၊ အကြိမ်ကြိမ် ဆုံးမခြင်းကို လည်းကောင်းပေး၍ မီးသည် ထွန်းတောက်ပ ၍ ငြိမ်းသွားသကဲ့သို့ တပည့်သာဝကနှင့်တကွ ပရိနိဗ္ဗာန် စံတော်မူလေပြီ။

၂၉။ အတုမရှိသော ရှေးဘုရားတို့နှင့်သာ တူတော်မူသော ထိုမြတ်စွာဘုရားသည် လည်းကောင်း၊ စွမ်းအားသို့ ရောက်သော ထိုတပည့်သာဝကတို့သည်လည်း ကောင်း ထိုအားလုံးပင် ကွယ်ပျောက်ခဲ့လေပြီ။ အလုံးစုံသော သင်္ခါရတို့သည် အချည်းနှီးတို့သာ ဖြစ်ကုန်သည် မဟုတ်ပါလော။

၃၀။ သောဘိတမြတ်စွာဘုရားသည် သီဟာရာမကျောင်းတိုက်၌ ပရိနိဗ္ဗာန် ပြု တော်မူလေ၏၊ ထိုမြတ်စွာဘုရား၏ ဓာတ်တော်သည် ထိုထို အရပ်တို့၌ ပျံ့နှံ့လျက် ရှိလေသတည်း။

၁၀။ အနောမဒဿီဘုရား

သောဘိတမြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူပြီးနောက် အန္တရကပ်တခုတွင် မ,သု,ရေ,သော ဟူ၍ ဘုရားလေးဆူပွင့်သော သာရမဏ္ဍကမ္ဘာသည် ကုန်ဆုံးသွား၏။ ထို့နောက် ဘုရားပွင့်ခြင်းမှ ဆိတ်သုဉ်းသော ဘုရားမပွင့်သော သုညကမ္ဘာကပ် အသင်္ချေဖြစ်ပျက် ကုန်လွန်သည်။ ၎င်းနောက် တက်ကပ်ကမ္ဘာ ဆုတ်ကပ်ကမ္ဘာ ဖြစ်ပျက်လာရာ တခုသော ဆုတ်ကပ်ကမ္ဘာတွင် အနောမဒဿီ၊ ပဒုမ၊ နရဒ (အ,ပ,နာ)ဟူ၍ ဘုရားသုံးဆူ ပွင့်ထွန်းတော်မူကြသည်။ ဘုရားသုံးဆူပွင့်သည် ဖြစ်၍ ဝရကမ္ဘာဟု ခေါ်တွင်သည်။

  • ဖြစ်စဉ်တော်

အနောမဒဿီဘုရားလောင်းသည် တုသိတာနတ်ပြည်မှ နတ်သက်ကြွေဆင်းပြီးနောက်၊ စန္ဒဝတီနေပြည်တော်၌ ယသဝါမင်းကြီး၏ နန်းတော်ဝယ်၊ ယသောဓရာဒေဝိ မိဖုရားကြီးမှ ဖွားမြင်လာသည်။ မင်းသားကို နာမကရဏကင်ပွန်းတပ်မင်္ဂလာပြုသည့် အခါဝယ်၊ ကောင်းကင်ယံ ရွှေငွေစသော ရတနာ ခုနစ်ပါးမိုး ရွာသွန်းချသည်ကို အကြောင်းပြု၍ အနောမဒဿီမင်းသားဟု မှည့်ခေါ်သည်။ အရွယ်ရောက်လျှင် သီရိမာဒေဝီမိဖုရားနှင့် သိရီ၊ ဥပသိရီ၊ သိရီဝုဍ္ဎနရွှေနန်း သုံးဆောင်၌ ဥပဝါနမင်းသား ဖွားမြင်သည်အထိ နှစ်ပေါင်း တသောင်းကာလပတ်လုံး နန်းစည်းစိမ်ကို စံစားတော်မူသည်။ နိမိတ်ကြီးလေးပါး ထင်သောအခါ သံဝေဂ ကြီးစွာ ရ၍ ရွှေထမ်းစင် (ဝေါယာဉ်) စီးကာ တောထွက်တော်မူသည်။ ဆယ်လပတ်လုံး ဒုက္ကရစရိယာ ကျင့်ပြီးနောက် အဇ္ဇုန ရုက္ခဗောဓိ ခေါ် ထောက်ကြံ့ (ဖောက်ကြံ့) ဗောဓိပင်ရင်း၌ သဗ္ဗညုတဉာဏ်တော်ကို ရတော်မူကာ၊ သမ္မာသမ္ဗုဒ္ဓဘုရားစင်စစ် ဖြစ်တော်မူသည်။ ဘုရားဉာဏ်တော် ၅၈ တောင် မြင့်၍ ရောင်ခြည်တော် ၁၂ ယူဇနာတိုင်အောင် ပျံ့နှံ့သည်။ လူတို့သက်တမ်း အနှစ်ရှစ်သောင်းမှာ ဓမ္မရာမဥယျာဉ်တော်၌ ပရိနိဗ္ဗာန်စံဝင်တော်မူသည်။

  • ဘုရားရှင်နှင့် ဂေါတမဘုရားလောင်း

အနောမဒဿီဘုရားလက်ထက်တော်အခါ ဂေါတမဘုရားအလောင်းလျာသည် ဘီလူးစစ်သေနာပတိကြီး ဖြစ်၍ ဘုရားရှင်ကို ဖူးတွေ့ရလျှင် ကြည်ညိုသဒ္ဓါပွားများကာ မိမိဘုံဗိမာန်၌ ဆန်းကြယ်သော မဏ္ဍပ် ဖန်ဆင်းပြီး ဘုရားရှင်ထံ အလှူကြီး ပေးသည် ရှိသော်၊ ဘုရားဖြစ်အံ့ဟူ၍ နိယတဗျာဒိတ်ကို ထပ်လောင်း ခံယူရရှိခဲ့သည်။ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်မထေရ်လောင်းတို့လည်း ဤဘုရားရှင်ထံမှ အဂ္ဂသာဝကဆုကို ပန်ဆင်ခဲ့ကြသည်။

  • တပည့်သာဝကများ

အဂ္ဂသာဝကကြီး ယာ+ဝဲ နှစ်ပါးမှာ အရှင်နိသဘထေရ်၊ အနောမထေရ်

အနီးနေ အလုပ်အကျွေးရဟန်းမှာ အရှင်ဝရုဏထေရ်

အဂ္ဂသာဝိကာမကြီး ယာ+ဝဲနှစ်ပါးမှာ သုန္ဒရီထေရီ၊ သုမနာထေရီ

အဂ္ဂဒါယကာ နှစ်ဦးမှာ နန္ဒိဝဍ္ဎနသူဌေး၊ သိရီဝဍ္ဎသူဌေး

အဂ္ဂဒါယိကာမကြီး နှစ်ဦးမှာ ဥပ္ပလာဥပါသိကာမ၊ ပဒုမာဥပါသိကာမ။

၁၁။  ပဒုမဘုရား

အနောမဒဿီဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် လူတို့သက်တမ်း အနှစ် တသိန်းတမ်းမှ ဆုတ်ချီတက်ချီဖြင့် နောက်ဆုတ်ကပ် အနှစ်တသိန်းတမ်းသို့ ပြန်ရောက်သော် ပဒုမဘုရားလောင်းတော်သည် တုသိတာနတ်ပြည်မှ နတ်သက်ကြွေပြီးလျှင်၊ စမ္ပကမြို့တော်၌ အသမမင်းကြီးနှင့် အသမဒေဝီမိဖုရားကြီးတို့မှ ဖွားမြင်လာပြီး၊ ရုပ်ဆင်းအင်္ဂါ စသည်တို့သည် တပါးသူနှင့် လားလားမျှ မတူဘဲ ဖွားစဉ်ကာလ ပဒုမ္မာကြာမိုးကြီး ရွာသွန်းသည်ကို အကြောင်းပြုကာ မဟာပဒုမမင်းသားဟု ဆွေမျိုးများက ခေါ်တွင်သည်။ အရွယ်ရောက်လျှင်၊ ဥတ္တရာဒေဝီမိဖုရားနှင့်အတူ နန္ဒတ္တရ၊ ဝသုတ္တရ၊ ယသုတ္တရ ဟူသော ရွှေနန်းသုံးဆောင်၌ နှစ်ပေါင်း ၃၃၀၀၀ တိုင် သားတော် ရမ္မမင်းသား ဖွားမြင်သည်ထိ နန်းစည်းစိမ်ကို စံစားတော်မူသည်။ ဥယျာဉ်တော်၌ ပျော်ပါးထွက်စဉ် နိမိတ်ကြီးလေးပါး မြင်၍ ထိတ်လန့်သံဝေဂ ဖြစ်ပြီး၊ အာဇာနည်မြင်း ကသော ရထားယာဉ် စီး၍ တောထွက်တော်မူသည်။ ရှစ်လကြာ ဒုက္ကရစရိယာ ကျင့်ပြီး မဟာသောဏာဗောဓိ ခေါ် ကြောင်လျှာပင်ဗောဓိပင်ရင်း၌ သဗ္ဗညုတဉာဏ်တော် ရကာ သမ္မာသမ္ဗုဒ္ဓဘုရား စင်စစ် ဖြစ်တော်မူသည်။ ဘုရားရှင်ဉာဏ်တော်မှာ ၅၈ တောင် မြင့်ကာ ကိုယ်တော်မှ ထွက်သော ရောင်ခြည်တော်သည် စကြာဝဠာတိုက်တသောင်းတိုင် ပျံ့နှံ့ ကွန့်မြူးတော်မူသည်။ ဝေနေယျသတ္တဝါတို့ကို တရားရေအေး တိုက်ကျွေးပြီးလတ်သော်၊ သက်တော် ရှစ်သောင်းတွင် ဓမ္မာရာမဥယျာဉ်တော်၌ ပရိနိဗ္ဗာန်စံဝင်တော်မူသည်။

  • ဘုရားရှင်နှင့် ဂေါတမဘုရားလောင်း

ဘုရားရှင်ပွင့်စဉ်အခါ ဂေါတမဘုရားလောင်းသည် ခြင်္သေ့မင်း ဖြစ်၍၊ ဖူးမြင်ရသည်တွင် ဘုရားရှင်လျှင် အာရုံ ပြုလျက် ဗုဒ္ဓါရမ္မဏပီတိဖြင့် အစာမစားဘဲ ကြည်ညို၍ နေရာ၊ ဘုရားရှင်က နောင်အခါ ဂေါတမမည်သော ဘုရားစင်စစ် ဖြစ်လတ္တံ့ဟု နိယတဗျာဒိတ် ပေးတော်မူသည်။

  • တပည့်သာဝကများ

အဂ္ဂသာဝကကြီး ယာ+ဝဲ နှစ်ပါးမှာ အရှင်သာလထေရ်၊ ဥပသာလထေရ်

အနီးနေ အလုပ်အကျွေးရဟန်းမှာ အရှင်ဝရုဏထေရ်

အဂ္ဂသာဝိကာမကြီး ယာ+ဝဲနှစ်ပါးမှာ ရာဇာထေရီ၊ သုရာဇာထေရီ

အဂ္ဂဒါယကာ နှစ်ဦးမှာ ဘိယျသူဌေး၊ အသမသူဌေး

အဂ္ဂဒါယိကာမကြီး နှစ်ဦးမှာ ရုစိဥပါသိကာမ၊ နန္ဒာရာမဥပါသိကာမ။

၁၂။  နာရဒဘုရား

ပဒုမဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် အန္တရကပ်တခု၏ ဆုတ်ကပ် လူတို့၏ သက်တမ်း ကိုးသောင်းသို့ ရောက်သောအခါ အနေမဒဿီမှအစ ဘုရားသုံးဆူပွင့်သော ဝရကမ္ဘာ၌ တတိယမြောက် နာရဒဘုရားရှင် ပွင့်တော်မူခဲ့သည်။

နာရဒဘုရားအလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်ပြီးသည်၏ အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအရ တုသိတာနတ်ပြည်၌ စံနေတော်မူခဲ့သည်။ ထိုသို့ စံနေတော်မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော်နတ်သားအား လောကတွင် ဘုရားဖြစ်တော်မူရန်အချိန်တန်ပြီဖြစ်၍ လူ့ပြည်သို့ဆင်းသက် ပဋိသန္ဓေယူရန် တောင်းပန်ခဲ့ကြသည်။ အလောင်းတော်သည် နတ်ဗြဟ္မာတို့ တောင်းပန်ချက်အရ တုသိတာနတ်ပြည်မှ စုတေ၍ လူ့ပြည်သို့ ဆင်းသက်ကာ ဓညဝတီမြို့တော် သုဒေဝမင်းကြီး၏ တောင်ညာစံဒေဝီအဂ္ဂမဟေသီ အနောမာအမည်ရှိသော မိဖုရားကြီး၏ဝမ်း၌ ပဋိသန္ဓေစွဲကပ်တော်မူသည်၏။ ဆယ်လလွန်မြောက် သောအခါ မယ်တော်မိဖုရားကြီးသည် အလောင်းတော်မင်းသားကို ဓနဉ္စယဥယျာဉ်တော်၌ ဖွားမြင်တော်မူခဲ့သည်။ အလောင်းတော်မင်းသားကို အမည်မှည့်အံ့သောနေ့၌ ဇမ္ဗူဒိပ်တကျွန်းလုံးတွင် လူတို့အသုံးအဆောင်ဖြသ်သော အဝတ်တန်ဆာအမျိုးမျိုးတို့သည် ကောင်းကင်မှ မိူးကြီးရွာချသည့်ပမာ အလိုလို ကြွေကျလာခဲ့၏‌။ ပညာရှိတို့သည် လူတို့အား လျောက်ပတ်သော အဝတ်တန်ဆာတို့ကို ပေးတတ်သည်ဟူသော အကြောင်းဗျုပ္ပတ်ကို အစွဲပြု၍ အလောင်းတော်မင်းသားအား “နာရဒ” ဟူသော အမည်ကို မှည့်ခေါ်ခဲ့ကြကုန်၏။ အလောင်းမင်းသားပဋိသန္ဓေနေတော်မူသောအခါ ဖွားမြင်တော်မူသောအခါတို့၌ နိမိတ်ကြီးများထင်ခဲ့သည့်အပြင် အလောင်းတော်ဟူသမျှတို့၌ ဖြစ်ပေါ်လေ့ရှိသည့် ဓမ္မတာအတိုင်း အထူးအံ့ဩဖွယ်ရာများဖြစ်ပေါ်ခဲ့သည်။

အလောင်းတော် နာရဒမင်းသားသည် တရွေ့ရွေ့ကြီးမြောက်အရွယ်ရောက်အခါ ဝိဇိတသေနာဒေဝီမင်းသမီးနှင့် ရွှေလက်ထပ်၍ နန်းရပ်ထီးဖြူ စိုးစံတော်မူခဲ့သည်။ ဥတုသုံးလီ ရာသီနှင့် လိုက်အောင် ဆောက်လုပ်ထားသော် ဇိတရွှေနန်းတော် ဝိဇိတရွှေနန်‌းတော်၊ အဘိရာမ ရွှေနန်းတော်တည်းဟူသော နန်းပြသာဒ်သုံးဆောင်တို့၌ ဝိဇိတသေနာမိဖုရား အမှူးပြုသော ရံရွေတော် တသိန်းနှစ်သောင်းတို့၏ ဖျော်ဖြေလုပ်ကျွေးခြင်းကို ခံယူလျက် ဝိဇိတသေနာမိဖုရားကြီးနှင့်အတူ နှစ်ပေါင်းကိုးထောင် ကာလပတ်လုံးထီးနန်းစည်းစိမ်ကို ခံစားတော်မူခဲ့သည်။ အလောင်းတော်၏ သားတော်မှာ နန္ဒုတ္တရမင်းသားဖြစ်၏။

  • တော်ထွက်တော်မူခြင်း

အလောင်းတော် နာရဒမင်းသားသည် ထိုသို့ မင်းစည်းစိမ်ကို ခံစားတော်မူနေစဉ် ဝိဇိတသေနာမိဖုရားကြီးမှ နန္ဒုတ္တရသားတော်ကို ဖွာမြင်တော်မူသောအခါ နတ်တို့ ဖန်ဆင်းပြသခဲ့သည့် သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူခဲ့ပြီး သတိသံဝေဂ ကြီးစွာရလျက် စစ်အင်္ဂါလေးပါး ခြံရံကာ မင်္ဂလာဥယျာဉ်တော်သို့ ခြေလျင်ထွက်ကြွတော်မူခဲ့သည်။ ဥယျာဉ်တော်သို့ ရောက်လေလျှင် အဆင်တန်ဆာတို့ကို ချွတ်၍ ဘဏ္ဍာစိုးလက်သို့ အပ်နှင်းပြီး လက်သုံးတော်သန်လျက်ဖြင့် ဆံတော်ကို ပယ်ကာ ကောင်းကင်သို့ ပစ်လွှတ်တော်မူခဲ့သည်။ သိကြားမင်းသည် ထိုဆံတော်ကို ရွှေပန်းတောင်းဖြင့် ခံယူတော်မူ၍ တာဝိံသာ နတ်ပြည်၌သုံးယူဇနာအမြင့်ရှိသော စေတီတော်ကြီး တည်ထားခဲ့သည်။ အလောင်းတော်မင်းသားသည် ဗြဟ္မာကြီး လှူဒါန်းသော သင်္ကန်းကို ဝတ်ရုံကာ ရဟန်းပြုတော်မူခဲ့သည်။ အလောင်းတော်မင်းသား ရဟန်းပြုသည်ကို ကြားသိခဲ့ကြကုန်သော ‌ေယာကျ်ားပေါင်း တစ်သိန်းတို့လည်း လိုက်ပါ ရဟန်းပြုခဲ့ကြကုန်၏။

နာရဒ ဘုရားအလောင်းတော်သည် ထိုမင်္ဂလာဥယျာဉ်တော်၌ပင် ခုနှစ်ရက်ပတ်လုံး ဒုက္ကရစရိယာ ကျင့်တော်မူ၍ ကဆုန်လပြည့် ဘုရားဖြစ်မည့်နေ့၌ ဝိဇိတသေနာမိဖုရားကြီးလှူသော ဃနာနို့ဆွမ်းကို ဘုဉ်းပေးတော်မူလျက် ထိုမင်္ဓလာဥယျာဉ်၌ပင် နေခိုတော်မူခဲ့သည်။

  • ဘုရားဖြစ်တော်မူခြင်း

ဘုရားအလောင်းတော်သည် မင်္ဂလာဥယျာဉ်တော်၌ နေခိုတော်မူပြီးနောက် ညနေချမ်းအချိန်သို့ရောက်သောအခါ အခြံအရံ ရဟန်းတို့ကို စွန့်ခွာခဲ့ပြီး ဗောဓိပင်ရှိရာအရပ်သို့ တစ်ပါတည်း ကြွတော်မူခဲ့၏။ လမ်းခရီးအကြား၌ သုဒဿနအမည်ရှိသော ဥယျာဉ်မှူးလှူဒါန်းသည့် မြက်ရှစ်ဆုပ်တို့ကို အလှူခံတော်မူကာ မဟာဗောဓိ ကြောင်လျှာကြီးပင် အရင်း၌ ထိုမြက် ရှစ်ဆုပ်တို့ကို ဖြန့်ခင်းလိုက်သည်နှင့် တပြိုက်နက် ငါးဆယ်ခုနှစ်တောင် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်တော်မူလာခဲ့သည်။ ထိုအပရာဇိတပလ္လင်ပေါ်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူပြီး အင်္ဂါလေးပါးရှိသော ဝီရိယတော်ကို ဆောက်တည်တော်မူခဲ့၏။ ထို့နေ့ နေမဝင်မီ မာရ်စစ်သည်တို့ကို ပယ်နှင်‌ေအာင်မြင်တော်မူပြီးနောက် ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသဉာဏ်၊ သန်းခေါင်းယံ၌ ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်ယံ နေအရုဏ်တက်သည်နှင့် တပြိုင်နက် အသာသဝက္ခဉာဏ်တော်ကို ရတော်မူကာ လောကသုံးပါး၌ သမ္မာသမ္ဗုဒ္ဓအစစ် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည။

  • ဓမ္မစကြာတရားဦး ဟောတော်မူခြင်း

နာရဒဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိပင်အနီးမှာပင် သတ္တသတ္တာဟ-လေးဆယ့်ကိုးရက်ပတ်လုံး အရဟတ္တဖိုလ်ချမ်းသားဖြင့် စံနေတော်မူခဲ့၏။ အဋ္ဌမသတ္တာဟသို့ ရောက်သောအခါ ဗြဟ္မာမင်း၏ တောင်းပန်မှုကို လက်ခံတော်မူ၍ တရားဟောရန် သတ္တလောကကို ဗုဒ္ဓစက္ခုဖြင့် ကြည့်ရှုတော်မူလေလျှင် ကိုယ်တော်မြတ် တောထွက်စဉ်က လိုက်ပါရဟန်းပြုခဲ့ကြသော ရဟန်းတော် တစ်သိန်းတို့ကို မြင်တော်မူ၍ ထိုရဟန်းတို့ရှိရာ ဓနဉ္ဇယဥယျာဉ်တော်ကြီးသို့ ကောင်းကင်ခရီးဖြင့် တခဏချင်း ကြွသွားတော်မူခဲ့၏။ ဓနဉ္ဇယဥယျာဉ်တော်ကြီးသို့ ရောက်လေလျှင် ရဟန်းတသိန်း ခြံရံလျက် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့ အလယ်၌ ဓမ္မစက္ကပဝတ္တနသုတ် ဒေသနာတော်ကို ဟောတော်မူခဲ့သည်။ ဒေသနာတော်အဆုံး၌ ကုဋေတသိန်းသော လူနတ်ဗြဟ္မာသတ္တဝါတို့ တရားထူးကို ရခဲ့ကြကုန်၏။

  • ဂေါတမဘုရားအလောင်းတော် ဗျာဒိတ်ခံခြင်း

နာရဒဘုရားရှင်လက်ထက်တော်၌ ဂေါတမဘုရားအလောင်းတော်သည် ရသေ့ဖြစ်၍ ဟိမဝန္တာတောင်ယံ၌ သင်္ခမ်းကျောင်းဆောက်လုပ်နေထိုင်ခဲ့၏။ အလောင်းတော်ရသေ့သည် အဘိညာဉ်ငါးပါး သမာပတ်ရှစ်ပါးတို့၌ လေ့လာနိုင်နင်းတော်မူခဲ့၏။ နာရဒ ဘုရားရှင်သည် ရဟန္တာပေါင်းကု‌ဋေရှစ်ဆယ်၊ အနာဂါမ်ဥပါသကာဒါယကာအပေါင်း တစ်သောင်းခြံရံလျက် အလောင်းတော်ရသေ့၏ သင်္ခမ်း‌ကျောင်းသို့ ကြွလာတော်မူခဲ့၏။ အလောင်းတော်ရသေ့သူမြတ်သည် ဘုရားရှင်ကို ဖူးမြင်ရသောအခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက် ဘုရားရှင်သီတင်းသုံးရန် သင်္ခမ်းကျောင်းကို ဖန်ဆင်း၍ ဘုရားနှင့်တကွ အခြံအရံတပည့်သာဝကနှင့် ဒါယကာများကို သီတင်းသုံးစေတော်မူခဲ့သည်။ တစ်ညဉ့်ပတ်လုံး မြတ်စွာဘုရားဂုဏ်တော်ကျေးဇူးတော်တို့ကို ချီးကျူးလျှောက်ထားခဲ့၏။ နံနက်မိုးသောက်အလင်းရောက်သော မြောက်ကျွန်းသို့ အဘိညာဉ်တန်ခိုးဖြင့် သွားရောက်ပြီး ဆွမ်းစသော အစာအဟာရကို ဆောင်ယူခဲ့၍ အခြံအရံသံဃာ၊ ဥပါသကာတို့နှင့်တကွ ဘုရားရှင်အား ဆွမ်းအလှူကြီးကို ပေး၍ ဟိမဝန္တာမှ အဖိုးများစွာ ထိုက်တန်သော စန္ဒကူးနီကို ဆောင်ယူကာ ထိုစန္ဒကူးနီဖြင့် ဘုရားရှင်ကို ပူဇော်ခဲ့၏။ ဘုရားရှင်သည် တရားဟောတော်မူပြီးနောက် “ဤရသေ့သည် နောင်အခါ ဘဒ္ဒကမ္ဘာဝယ် ‌ဂေါတမဘုရားစင်စစ် ဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကားမိန့်ကြားတော်မူခဲ့သည်။ အလောင်းတော် ရှင်ရသေ့သည် ဗျာဒိတ်စကားကို ကြားရလေလျှင် လွန်မင်းစွာ ရွှင်လန်းဝမ်းမြောက်လျက် ပါရမီတော်တို့ကို တိုးတက်ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်ခဲ့လေသည်။

  • နာရဒဘုရားရှင်၏ တပည့်သာဝကများ

နာရဒဘုရားရှင်၏(အဂ္ဂသာဝက) တပည့်မြတ်အစုံတို့သည် အရှင် ဘဒ္ဒသာလမထေရ်နှင့် အရှင်ဇိတမိတ္တမထေရ်တို့ ဖြစ်ခဲ့ကြကုန်၍ အလုပ်အကျွေးရဟန်းမှာ အရှင်ဝါသေဋ္ဌမထေရ်ဖြစ်ခဲ့သည်။ (အဂ္ဂသာဝိကာ) မြတ်သော တပည့်မအစုံတို့ကား အရှင်မ ဥတ္တရာထေရီနှင့် အရှင်မ ဖဂ္ဂုနီထေရီတို့ ဖြစ်ကြကုန်ပြီး ပွင့်တော်မူရာဗောဓိပင်သည် ကြောင်လျှာနီပင် ဖြစ်ခဲ့၏။ (အဂ္ဂဥပဋ္ဌာက)မြတ်သော အလုပ်အကျွေးဒါယကာတို့မှာ ဥဂ္ဂရိန္ဒသူဌေးနှင့် ဝသဘသူဌေးတို့ ဖြစ်ခဲ့ကြကုန်၍ (အဂ္ဂဥပဋ္ဌိကာ) မြတ်သော အလုပ်အကျွေးဒါယိကာမတို့မှာ ဣန္ဒာဝရီဥပါသိကာမနှင့် ဝဏ္ဍီဥပါသိကာမတို့ ဖြစ်ခဲ့ကြသည်။ နာရဒဘုရားရှင်၏ အရပ်တော်မှာ ရှစ်ဆယ့်ရှစ်တောင်မြင့်၍ ရွှေတိုင်ကြီးအလား တင့်တယ်တော်မူခဲ့ပါ၏။ ကိုယ်တော်မှထွက်သော ရောင်ခြည်တော်တို့သည် နေ့ညဉ့် စဉ်ဆက်မပြတ် တစ်ယူဇနာတိုင်အောင် ပျံ့နှံ့ကွန့်မြူးနေတော်မူခဲ့သည်။

  • ဓမ္မာဘိသမယ တရားပွဲကြီးများ

နာရဒဘုရားရှင်၏ ဓနဉ္ဇယဥယျာဉ်တော်ကြီး၌ လူနတ်ဗြဟ္မာသတ္တဝါတို့အား ဓမ္မစကြာတရားဦးဟောတော်မူသော တရားပွဲသည် ရှေးဦးစွာ (ဓမ္မာဘိသမယ) တရားပွဲကြီးဖြစ်တော်မူခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေတစ်သိန်းသော လူနတ်ဗြဟ္မာသတ္တဝါတို့ တရားထူးကို ရကြကာ ကျွတ်တမ်းဝင်ခဲ့ကြသည်။

ထို့နောက် ဒေါဏမည်သော နဂါမင်းသည် မဟာဒေါဏမြို့အနီး ဂင်္ဂါမြစ်ကမ်း၌ စိုးမိုး၍ နေခဲ့၏။ ထိုအရပ်၌ နေသော သူတို့သည် အကယ်၍ နဂါမင်းကို ပူဇော်မှုမပြုကြကုန်အံ့။ ထိုသူတို့၏ နေရာအရပ်ကို မိုးမရွာခြင်းဖြင့်လည်းကောင်း၊ အလွန်အမင်းမိုးရွာခြင်းဖြင့်လည်းကောင်း၊ ကျောက်စရစ်ခဲမိုးရွာစေခြင်းဖြင့်လည်းကောင်း ပျက်စီးစေခဲ့၏။ လူတို့ကို အလွန်ညှင်းဆဲနှိပ်စက်ခဲ့၏။ နာရဒဘုရားရှင်သည် ထိုလူအပေါင်းကို ကယ်မခြင်းငှာ နဂါမင်းနေရာသို့ ရဟန်းတော်များခြံရံ၍ ကြွတော်မူလာခဲ့၏။ နဂါမင်းသည် ၎င်းအတွက်ခင်းထားသော ပန်းအခင်းထက်၌ ထိုင်နေတော်မူသော မြတ်စွာဘုရားကို တွေ့ရသည့်အခါ ဒေါသအမျက်ထွက်၍ အခိုးလွှတ်ကာ ဘုရားရှင်ကို ညှင်းဆဲတော့သည်။ ဘုရားရှင်သည် အဘိညာဉ်တန်ခိုးဖြင့် အခိုးပြန်လွှတ်ကာ နဂါးမင်းကို ဆုံးမခဲ့၏။ နဂါမင်းသည် မီးတောက်မီးလျှံလွှတ်ပြန်၏။ ဘုရားရှင်ကလည်း မီးတောက်မီးလျှံပြန်လှန် လွှတ်၍ နဂါးမင်းကို ဆုံးမခဲ့၏။ နောက်ဆုံးတွင်နဂါမင်းသည် ဘုရားရှင်ကို အဆိပ်လွှတ်၍ တိုက်ခိုက်သော်လည်း ဘုရားရှင်၏ မွေးညင်းတော် တစ်ပင်မျှကိုပင် တုန်လှုပ်စေခြင်းငှာ မစွမ်းနိုင်ခဲ့၍ နဂါမင်းကြီး အရှုံးပေးကာ ဘုရားရှင်ကို ဆည်းကပ်ခဲ့ရလေတော့သည်။ နာရဒဘုရားရှင်၏ နဂါမင်းကို ဆုံးမ၍လူနတ်ဗြဟ္မာသတ္တဝါတို့အား တန်ခိုးပြာဋိဟာပြ၍ တရားဟောသောတရားပွဲသည် ဒုတိယမြောက် (ဓမ္မဘိသမယ) တရားပွဲကြီးဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေကိုးသောင်းသော လူနတ် ဗြဟ္မာ သတ္တဝါတို့ တရားထူးရကြကာ ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။

ထို့နောက် နာရဒဘုရားရှင်၏ သားတော် နန္ဒုတ္တရမင်းသားကို ဆုံးမသည့် တရားပွဲတော်သည် တတိယအကြိမ်မြောက် (ဓမ္မဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေရှစ်သောင်းသော နတ်လူဗြဟ္မာသတ္တဝါတို့ မဂ်ဖိုလ်တရားထူးကို ရကြကာကျွတ်တမ်းဝင်ခဲ့ကြသည်။

  • သာဝက (သန္နိပါတ) အစည်းအ‌ဝေးကြီးများ

ထုလ္လကောဋ္ဌိတမြို့တွင် အဂ္ဂသာဝကဖြစ်တော်မူကြမည့် ဘဒ္ဒသာလနှင့် ဇိတမိတ္တပုဏ္ဏားလုလင် နှစ်‌ေယာက်တို့သည် အမြိုက်တရားကို ရှာစဉ် နာရဒဘုရားရှင်ကို ဖူးတွေ့ခဲ့ရ၏။ ဘုရားရှင်၌ သဒ္ဓါတရားကြီးစွာဖြစ်ကုန်လျက် အခြံအရံပရိတ်သတ်နှင့်တကွ ရဟန်းပြုခဲ့ကြကုန်၏။ ထိုရဟန်းတော်တို့ အရဟတ္တဖိုလ်သို့ ရောက်သောအခါ ရဟန်းတော်ပေါင်း ကုဋေတစ်သန်းတို့၏ အလယ်၌ ဩဝါဒတိမောက်ကို ပြတော်မူခဲ့၏။ ထိုအစည်းအဝေးကား ရှေးဦးစွာသော သာဝက (သန္နိပါတ) အစည်းအဝေးကြီးပင်ဖြစ်ခဲ့၏။ အခါတပါးဝယ် နာရဒဘုရားရှင်သည် ဆွေတော်မျိုးတော်တို့၏ အလယ်၌ ကိုယ်တော်မြတ် ဘုရားဆုကို တောင်းတော်မူသည်မှစ၍ ဗုဒ္ဓဝင်‌ဒေသနာတော်ကို ဟောကြားတော်မူခဲ့၏။ ထိုအစည်းအဝေး၌ ရဟန္တာပေါင်း ကုဋေကိုးသောင်းတို့ စုဝေးမိခဲ့ကြကုန်၏။ ထိုအစည်းအဝေးသည် ဒုတိယအကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအ‌ေဝးကြီး ဖြစ်ခဲ့၏။ ထို့နောက် အခါတပါးဝယ် မဟာဒေါဏ နဂါးမင်းကို ဆုံးမတော်မူရာတွင် ဝေရောစန နဂါးမင်းသည် ဘုရားရှင်အား လွန်စွာကြည်ညိုခဲ့၏။ ဂင်္ဂါမြစ်ကမ်းအနီး သုံးဂါဝုတ် ပမာဏရှိသော မဏ္ဍပ်ကြီးကို ဖန်ဆင်းဆောက်လုပ်၍ အခြံအရံသံဃာတော်များနှင့်တကွ ဘုရားရှင်ကို သီတင်းသုံးစေတော်မူခဲ့၏။ ဇနပုဒ်နေ လူအပေါင်းတို့အားလည်း အလှူမဏ္ဍပ်သို့ လာရောက်ကြည့်ရှု့ကြရန်ဖိတ်ကြားခဲ့၏။ နဂါးကချေသည် အပေါင်းတို့ကို တီးမှုတ်ကခုန်စေလျက် ခြိမ့်ခြိမ့်သဲသဲ ပူဇော်ပွဲကျင်းပခဲ့၏။ အလှူကြီးကိုလည်း ပေးလှူခဲ့သည်။ ထိုအခါ နာရဒဘုရားရှင်သည် သတ္တဝါအပေါင်းတို့အား တရားဟောတော်မူခဲ့ရာ ကြည်ညိုသဒ္ဓါရှိသူ လူအပေါင်းတို့က ရဟန်းပြုခွင့်တောင်းခံခဲ့ရာ ဘုရားရှင်က ဧဟိဘိက္ခု ခေါ်တော်မူ၍ ရဟန်းပြုပေးတော်မူခဲ့သည်။ ထိုအခါ ဧဟိဘိက္ခုရဟန်းရှစ်သန်းတို့၏ အလယ်၌ ဩဝါဒပါတမောက်ပြတော်မူခဲ့သည်။ ထိုအစည်းအဝေးသည် တတိယအကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအဝေးကြီး ဖြစ်သည်။

  • ပရိတ်နိဗ္ဗာန်စံဝင်တော်မူခြင်း

ကောင်းကင်သည် ကြယ်တာရာတို့ဖြင့် ဆန်းကြယ်လျက် တင့်တယ်သကဲ့သို့ နာရဒဘုရားရှင်၏ သာသနာတော်သည် ရဟန္တာတို့ဖြင့် တင့်တယ်တော်မူခဲ့၏။ ရဟန္တာတို့မှ ကြွင်းသော ကျင့်ဆဲပုဂ္ဂိုလ်တို့ကို သံသရာရေအလျဉ်ကို ကူးမြောက်စေခြင်းငှာ မဂ်တရားတည်းဟူသော တံတားကို မြဲမြံစွာတည်ဆောက်၍ နိဗ္ဗာန်ပြုတော်မူခဲ့လေပြီ။ “နာရဒဘုရားရှင်သည်လည်းကောင်း၊ တန်ခိုးကြီးသော ဘုရားရှင်၏ တပည့်ရဟန်းတို့သည်လည်းကောင်း ထိုအားလုံးတို့သည် ကွယ်ပျောက်ခဲ့လေပြီ ခပ်သိမ်းသော သင်္ခါရတရားတို့သည် ခိုင်မြဲသော အနှစ်သာရမရှိကုန်။ အချည်းနှီး သာဖြစ်ကုန်စွ”

  • စေတီတည်ထား ကိုးကွယ်တော်မူခြင်း

မာရ်ငါးပါးကို အောင်မြင်တော်မူသော နာရဒဘုရားရှင်သည် သုဒဿနမြို့တော်၌ ပရိနဗ္ဗာန်စံလွန်တော်မူခဲ့၏။ ထိုမြို့တော်၌ပင် စေတီတော်ကို တည်ထားကိုးကွယ်တော်မူခဲ့ကြရာ စေတီတော်သည် လေးယူဇနာမြင့်တော်မူခဲ့၏။ သက်တော်ရှည်ကြာသော ဘုရားရှင်တို့၏ ဓမ္မတာအရ အစိတ်စိတ်မကွဲ၊ တလုံးတခဲတည်းသော အသမ္ဘိန္နဓာတ်တော်ကို ထိုစေတီတော်အတွင်း၌ ဌာပနာသွင်းခဲ့ကြကုန်၏။ ဇမ္ဗူဒိပ်ကျွန်းနေ လူအပေါင်းတို့သည် ရတနာ ခုနှစ်ပါးဖြင့် မွမ်းမံခြယ်လှယ်ကာ စေတီတော်ကို ပြီးဆုံးစေခဲ့ကြကုန်သတည်း။

၁၃။  ပဒုမုတ္တရဘုရား

နာရဒဘုရားရှင်၏ သာသနာကွယ်ခဲ့ပြီးနောက် နာရဒဘုရားရှင်အပါအဝင် ဘုရားသုံးဆူပွင့်တော်မူရာ ဝရကမ္ဘာသည် ပျက်ခဲ့လေသည်။ ထိုကမ္လာမှနောက် မရေမတွက်နိုင်အောင် များပြားသော ဘုရားမပွင့်သည့် သုညကမ္ဘာတစ်သင်္ချေကို လွန်ပြီးမှ ဘုရားတစ်ဆူသာ ပွင့်သော သာရကမ္ဘာတွင် ပဒုမုတ္တရဘုရားရှင်ပွင့်တော်မူခဲ့သည်။ ဤဘဒ္ဒကမ္ဘာမှ ပြန်၍ ‌ရေတွက်သော် ကမ္ဘာတစ်သိန်းအထက်၌ ဖြစ်ခဲ့၏။

  • ပဒုမုတ္တရဘုရားအလောင်း ဖွားမြင်တော်မူခြင်း

ပဒုမုတ္တရဘုရားအလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်ပြီးသည့် အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအရ တုသိတာနတ်ပြည်၌ စံနေတော်မူခဲ့သည်။ ထိုသို့ စံနေတော်မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော်နတ်သားအား ဘုရားဖြစ်ချိန်တန်ပြီဖြစ်၍ လူပြည်သို့ ဆင်းသက်ကာ ပဋိသန္ဓေနေတော်မူရန်တောင်းပန်ခဲ့ကြသည်။ နတ်ဗြဟ္မာတို့ တောင်းပန်မှုကို ဝန်ခံတော်မူ၍ တုသိတာနတ်ပြည်မှ စုတေကာ လူ့ပြည် ဟံသာဝတီနေပြည်တော် အာနန္ဒမင်းကြီး၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ သုဇာတာမိဖုရားကြီး၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေ ကိန်းအောင်းတော်မူခဲ့သည်။ ဆယ်လလွန်မြောက်သောအခါ မိဖုရားကြီးသည် အလောင်းတော်မင်းသားကို ဟံသာဝတီမင်္ဂလာဥယျာဉ်တော်ကြီးအတွင်း၌ ဖွားမြင်တော်မူခဲ့သည်။ အလောင်းတော်မင်းသား ဖွားမြင်သော နေ့၌ ပဒုမာကြာပန်းမိုး ရွာသွန်းသောကြောင့် အလောင်းတော်မင်းသားကို ပဒုမုတ္တရမင်းသားဟု အမည်မဲ့ခေါ်ခဲ့ကြကုန်၏။

  • ထီးနန်းစိုးစံတော်မူခြင်း

အလောင်းတော် ပဒုမုတ္တရမင်းသားသည် အရွယ်သို့ရောက်သောအခါ ဝသုဒတ္တာဒေဝီမင်းသမီးနှင့် ရွှေလက်ထပ်၍ နန်းရပ်ထီးဖြူ စိုးစံတော်မူခဲ့သည်။ ဥတုသုံးလီ ရာသီနှင့်လိုက်အောင် ဆောက်လုပ်သော နရဝာဟနရွှေနန်းဆောင်၊ ယသဝါဟန ရွှေနန်းဆောင်၊ ဝသဝတီရွှေနန်းဆောင် သုံးဆောင်တို့၌ မိဖုရားအမှူးရှိသော ရံရွေတော် တစ်သိန်းနှစ်သောင်းတို့၏ အလုက်အကျွေးကို ခံယူလျက် နှစ်ပေါင်း တစ်သောင်းကာလပတ်လုံး ထီးနန်းစည်းစိမ်ကို ခံစားတော်မူခဲ့သည်။ သားတော်မှ ဥတ္တရမင်းသားဖြစ်သည်။

  • တောထွက်တော်မူခြင်း

အလောင်းတော် ပဒုမုတ္တရမင်းသားသည် ထိုသို့ မင်းစည်းစိမ်ကို ခံစားတော်မူနေစဉ် ဝသုဒတ္တာမိဖုရားကြီးမှ သားတော် ဥတ္တရမင်းသားကို ဖွားမြင်တော်မူသောအခါ နတ်တို့ ဖန်ဆင်းပြသသည့် သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူပြီး သတိသံဝေဂ ကြီးစွာဖြစ်ခဲ့၏။ ထိုအခါ မြတ်သော တော်ထွက်ခြင်းအမှု ငါပြုတော့အံ့ ဟု ကြံစည်တော်မူသည်နှင့် တပြိုနက် ဝသဝတီ ရွှေနန်းပြသာဒ်သည် အိုးထိန်းစက်ပမာ ချာချာလည်၍ ကောင်းကင်းသို့ ပျံတက်ခဲ့၏။ နန်းပြသာဒ်သည် ကောင်းကင်အပြင်ဖြင့် အစဉ်အတိုင်းသွား၍ မဟာဗောဓိပင်ကို အလယ်ဗဟိုပြုကာ မြေပြင်သို့ ဆင်းသက်ခဲ့၏။ အလောင်းတော်သည် ပြသာဒ်တော်မှ ဆင်းသက်၍ ဗြဟ္မာကြီး လှူဒါန်းသည့် ကြာသင်္ကန်းကို ဆင်မြန်းကာ ရဟန်းပြုတော်မူခဲ့၏။ ပြသာဒ်တော်သည် တိုင်းပြည်သို့ ပြန်သွား၍ ၎င်းမူလတည်နေရာတွင် တည်လေသည်။ ဘုရားလောင်းနှင့် အတူ ပါလာခဲ့ကြသည့် ယောက်ျားအားလုံးတို့သည် ရဟန်းပြုခဲ့ကြသည်။ ပဒုမုတ္တရဘုရားအလောင်းတော်သည် ခုနှစ်ရက်ပတ်လုံး ဒုက္ကရစရိယာ အကျင့်မြတ်ကို ကျင့်တော်မူခဲ့၏။ ကဆုန်လပြည့် ဘုရားဖြစ်မည့်နေ့တွင် ဥဇ္ဇေနီနိဂုံး၌ ရုစာနဒ္ဒသူဌေးသမီး လှူဒါန်းသည့် ဃနာနို့ဆွမ်းကို ဘုဉ်းပေးသုံးဆောင်တော်မူပြီး ထိုအရပ်ရှိ အင်ကြင်းတော်၍ နေခိုတော်မူခဲ့သည်။

  • ဘုရားဖြစ်တော်မူခြင်း

ဘုရားအလောင်းတော်သည် အင်ကြင်းတော၌ နေခိုတော်မူပြီးနောက် ညနေချမ်းအချိန်သို့ ရောက်သောအခါ အခြံအရံရဟန်းတို့ကို စွန့်ခွာခဲ့ပြီး ဗောဓိပင်ရှိရာ အရပ်သို့ တစ်ပါးတည်း ကြွတော်မူခဲ့သည်။ လမ်းခရီးအကြားတွင် သုမိတ္တတက္ကတွန်း လှူဒါန်းသော မြက်ရှစ်ဆုပ်ကို အလှူခံတော်မူခဲ့၍ မဟာဗောဓိ ထင်ရှူးပင်အရင်း၌ ဖြန့်ခင်းလျှင် သုံးဆယ့်ရှစ်တောင် ပမာဏရှိသော အပရာဇိတပလ္လင် ပေါ်တော်မူလာခဲ့သည်။ ထိုပလ္လင်ပေါ်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူပြီး အင်္ဂါလေးပါရှိသော ဝီရိယတော်ကို ဆောက်တည်တော်မူသည်။ ထို့နေ့ နေမဝင်မီ မာရ်စစ်သည်တို့ကို ပယ်နှင်အောင်မြင်တော်မူပြီးနောက် ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသဉာဏ်၊ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက် နေအရုဏ်တက်သည့်အချိန်၌ အာသဝက္ခယ ဉာဏ်တော်ကို ရရှိတော်မူပြီ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။ ဘုရားဖြစ်သည်နှင့် တပြိုင်နက် စကြဝဠာ တိုက်တစ်သောင်းအတွင်းပဒုမာကြာပန်းမိုး ရွာသွန်းဖြိုးခဲ့ပြန်သည်။

  • ဓမ္မစကြာတရားဦး ဟောတော်မူခြင်း

ပဒုမုတ္တရ ဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိပင်အနီးမှာပင် သတ္တသတ္တာဟ လေးဆယ့်ကိုးရက်ပတ်လုံး အရဟတ္တဖိုလ်ချမ်းသာဖြင့် စံနေတော်မူ၏။ အဋ္ဌမသတ္တာဟသို့ ရောက်သောအခါ ဗြဟ္မာမင်း၏ တောင်းပန်မှုကို လက်ခံတော်မူ၍ တရားဟောရန် သတ္တလောကကို ဗုဒ္ဓစက္ခုဖြင့် ကြည့်တော်မူလေလျှင် ကိုယ်တော်မြတ်နှင့် မိကွဲဖတူ ဒေဝလမင်းသားနှင့် သုဇာတမင်းသား အဂ္ဂသာဝက အလောင်းလျာတို့ကို မြင်တော်မူခဲ့သည်။ ထိုအခါ ဘုရားရှင်သည် ထိုမင်းသားနှစ်ပါနေထိုင်ရာ မိထိလာမြို့တော် ဥယျာဉ်တော်သို့ ကောင်းကင်ခရီးဖြင့် တခဏချင်း ကြွတော်မူခဲ့သည်။ ထိုသို့ရောက်လျှင် ဥယျာဉ်မှူးကို စေလွှတ်ကာမင်းသားနှစ်ယောက်တို့ကို ခေါ်စေ၏။ ထိုမင်းသား နှစ်ပါးတို့သည် အခြံအရ့များနှင့် တကွ ပဒုမုတ္တရ ဘုရားရှင်ကို ချဉ်းကပ်၍ အရိုအသေပြုကာ သင့်တော်သည့် နေရာအရပ်၌ ထိုင်ကြကုန်၏။ ဘုရားရှင်သည် လာရောက်ကုန်သော နတ်လူဗြဟ္မာ သတ္တဝါတို့အား ရှေးရှေးဘုရားတို့ ဟောကြားတော်မူမြဲဖြစ်သော ဓမ္မစက္ကပဝတ္တနသုတ်တော်ကို ဟောကြားတော်မူခဲ့သည်။ ထိုအခါ ကုဋေ တစ်သိန်းသော နတ်လူဗြဟ္မာတို့ မဂ်ဖိုလ် တရားထူးကို ရခဲ့ကြကုန်လေသည်။

  • ဂေါတမဘုရားလောင်း ဗျာဒိတ်ခံခြင်း

ပဒုမုတ္တရ ဘုရားရှင်လက်ထက်တော်၌ ဂေါတမဘုရားအလောင်းတော်သည် ပစ္စည်းဥစ္စာကြွယ်ဝသော ဇဋိလ မည်သည့် သူဌေးတစ်ဦးဖြစ်ပြီး ဘုရားအမှူးရှိသော တပည့်သံဃာတော်တို့အား ဆွမ်းဘောဇဉ်နှင့်တကွ သင်္ကန်းလျာ အဝတ်ပုဆိုးတို့ကို ပေးလှူတော်မူခဲ့၏။ ဘုရားရှင်သည် အလောင်းတော် ဇဋိလသူဌေးကြီးအား နောင်အခါ ကမ္ဘာတစ်သိန်းအထက်၌ ဂေါတမမည်သော ဘုရားဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူသည်တွင် သဌေးကြီးသည် ဘုရားရှင်၏ ဗျာဒိတ်စကားကို ကြားရတော်မူသောအခါ လွန်မင်းစွာ ရွှင်လန်းဝမ်းမြောက်တော်မူလေသည်။

  • တပည့်သာဝကများ

ပဒုမုတ္တရ ဘုရားရှင်၏ အဂ္ဂသာဝက တပည့်မြတ်တို့မှာ အရှင် ဒေဝလမထေရ်နှင့် အရှင်သုဇာတမထေရ် တို့ ဖြစ်ကြပြီး အလုပ်အကျွေး ရဟန်းတော်မှာ အရှင်သုမနမထေရ်ဖြစ်သည်။ တပည့်မ အစုံတို့မှာ အရှင်မအမိတာထေရီနှင့် အရှင်မအသမာထေရီတို့ဖြစ်ကြသည်။ အလုပ်အကျွေးဒါယကာတို့မှာ ဝိတိဏ္ဏသူဌေးနှင့် တိဿသူဌေးတို့ ဖြစ်ကြပြီး အလုပ်အကျွေးဒါယိကာမတို့မှာ အဋ္ဌာဥပါသိကာမနှင့် ဝိစိတ္တာဥပါသိကာမတို့ ဖြစ်ကြသည်။ ပဒုမုတ္တရ ဘုရားရှင်၏ အရပ်တော်မှာ ငါးဆယ့်ရှစ်တောင် မြင့်တော်မူ၍ သုံးဆယ်နှစ်ပါသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်တို့နှင့် ပြည့်စုံတော်မူ၏။ ကိုယ်တော်မှ ထွက်သော ရောင်ခြည်တော်သည် ကျောက်တောင်စသည်တို့ ပိတ်ပင်တားဆီးမှု မပြုနိုင်ဘဲ အထက်ဝန်းကျင် တစ်ဆယ့်နှစ်ယူဇနာအတွင်း ထွန်းလင်းပျံ့နှံ့တော်မူခဲ့၏။

  • တရားပွဲကြီးများ

ပဒုမုတ္တရ ဘုရားရှင်၏ မိထိလာမြို့တော် ဥယျာဉ်အတွင်း၌ လူနတ်ဗြဟ္မာသတ္တဝါတို့အား ဓမ္မစကြာ တရားဦးဟောတော်မူသော တရားပွဲသည် ရှေးဦးစွာသော ဓမ္မာဘိသမယ တရားပွဲကြီး ဖြစ်တော်မူခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေတစ်သိန်းသော နတ်လူတို့ မဂ်ဖိုတရား ရကာ ကျွတ်တမ်းဝင်ခဲ့ကြသည်။ ပဒုမုတ္တရ ဘုရားရှင်သည် သရဒရသေ့၏ အယူဝါဒတူမျှသော ပုဂ္ဂိုလ်တို့ စည်းဝေးရာ အစည်းအဝေးသို့ ကြွတော်မူ၍ ငရဲကျမည့်ဘေးကိုပြတော်မူကာ တရားဟောတော်မူခဲ့၏။ ထိုတရားပွဲသည် ဒုတိယအကြိမ်မြောက် တရားပွဲကြီးဖြစ်ပြီး သရဒရ ရသေ့၏ တပည့်များနှင့်တကွ နတ်လူဗြဟ္မာ သုံးသန်းခုနှစ်သိန်း မဂ်ဖိုလ်တရားထူးရကာ ကျွတ်တမ်းဝင်ခဲ့ကြသည်။ ‘အခါတပါး၌ ခမည်းတော် အာနန္ဒမင်းကြီးသည် အမတ်နှစ်ဆယ်၊ မင်းချင်းယောက်ျားနှစ်သောင်းတို့နှင့်အတူ ပဒုမုတ္တရ ဘုရားရှင်ရှိတော်မူရာ မိထိလာမြို့သို့ စေလွှတ်၍ ဘုရားရှင်အား မင်းကြီးနန်းတော်တည်ရှိရာ ဟံသာဝတီမြို့သို့ ကြွရောက်ချီးမြှောက်တော်မူစေရန်အတွက် ပင့်ဖိတ်ရန် စေလွှတ်ခဲ့သည်။ အမတ်များနှင့် မင်းချင်းယောက်ျားများ ဘုရားရှင်ထံရောက်သောအခါ ဘုရားရှင်က တရားဟောတော်မူပြီး ဧဟိဘိက္ခုရဟန်းအဖြစ်ဖြင့် ရဟန်းပြုပေးတော်မူခဲ့သည်။ ထိုရဟန်းအပေါင်းခြံရံလျက် ဘုရားရှင်သည်ဟံသာဝတီမြို့တော်သို့ ကြွတော်မူကာ ခမည်းတော်မင်းကြီးအား ချီးမြှောက်လို၍ ထိုမြို့မှာပင် သီတင်းသုံးနေတော်မူခဲ့၏။ ဆွေတော်မျိုးတော်တို့ စုံညီအစည်းအဝေးတွင် ကောင်းကင်၌ ရတနာစင်္ကြံတော်ကို ဖန်ဆင်းကာ စင်္ကြံကြွတော်မူလျက် ဗုဒ္ဓဝင်ဒေသနာတော်ကို ဟောတော်မူခဲ့၏။ ထိုတရားပွဲသည် တတိယအကြိမ်မြောက် တရာပွဲကြီးဖြစ်ကာ နတ်လူဗြဟ္မာ ငါးသန်းတို့ မဂ်ဖိုလ်တရားရကြကာ ကျွတ်တမ်းဝင်ကြကုန်သည်။

၁၄။ သုမေဓဘုရား

၁။ ပဒုမုတ္တရမြတ်စွာဘုရား၏ နောက်အဖို့၌ သုမေဓမည်သော မြတ်စွာဘုရားသည် ပွင့် တော်မူလေ၏၊ ထိုမြတ်စွာဘုရား (ထိပါးရန်) ချဉ်းကပ်ဝံ့သောသူ ရှိတော်မမူ၊ ထက်မြက်သော တန်ခိုးရှိတော်မူ၏၊ အလုံးစုံသော လောကထက် မြတ်တော်မူပါပေ၏။

၂။ (ထိုမြတ်စွာဘုရားသည် ) ကြည်လင်သော မျက်လုံး ရှိတော်မူ၏၊ လှပတင့်တယ်သောမျက်နှာရှိတော်မူ၏၊ ကြီးကျယ်ဖြောင့်စင်း ထွန်းလင်းသော ကိုယ် ‘ကာယ’ ရှိတော်မူ၏၊ အလုံး စုံသောသတ္တဝါတို့၏ အစီးအပွါးကို ရှာမှီးတော်မူတတ်၏၊ များစွာသော သတ္တဝါတို့ကို အနှောင်အဖွဲ့’သံယောဇဉ်’ မှ လွတ်မြောက်စေတော်မူ၏။

၃။ အကြင်အခါ မြတ်စွာဘုရားသည် အလုံးစုံသော မြတ်သော ဗောဓိဉာဏ်တော်သို့ ရောက်တော်မူ၏၊ ထိုအခါ သုဒဿနမြို့တော်၌ ဓမ္မစကြာကို ဟောတော်မူ၏။

၄။ ထိုမြတ်စွာဘုရား၏ တရားဟောပြမှုကြောင့် (သတ္တဝါတို့၏) သစ္စာလေးပါးကို သိခြင်း တို့သည်လည်းသုံးကြိမ်ဖြစ်ကုန်၏၊ ကုဋေတစ်သိန်းသော လူ, နတ်, ဗြဟ္မာတို့၏ သစ္စာ လေးပါးကို သိခြင်းသည်ရှေးဦးစွာ (သိခြင်း) ဖြစ်လေ၏။

၅။ နောက်တစ်ဖန် ထိုမြတ်စွာဘုရားသည် ကုမ္ဘကဏ္ဏဘီလူးကို ဆုံးမတော်မူ၏၊ (ထိုအခါ) ကုဋေကိုးသောင်းသော လူ, နတ်, ဗြဟ္မာတို့၏ သစ္စာလေးပါးကို သိခြင်းသည် နှစ်ကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၆။ နောက်တစ်ဖန် မနှိုင်းယှဉ်အပ်သော ကျော်စောခြင်း ရှိတော်မူသော မြတ်စွာဘုရား သည်သစ္စာလေးပါးကို ပြတော်မူ၏၊ (ထိုအခါ) ကုဋေရှစ်သောင်းသော လူ, နတ်, ဗြဟ္မာတို့၏ သစ္စာလေးပါးကိုသိခြင်းသည် သုံးကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၇။ သုမေဓမြတ်စွာဘုရားအား (ကိလေသာ) အညစ်အကြေးကင်းကုန်သော ငြိမ်သက်သောစိတ်ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးတို့သည် သုံးကြိမ်တို့ဖြစ်ကုန်၏။

၈။ အကြင်အခါ မြတ်စွာဘုရားသည် သုဒဿနမည်သော မြို့သို့ ချဉ်းကပ်တော်မူ၏၊ ထိုအခါကုဋေတစ်ရာသော ရဟန္တာရဟန်းတို့သည် (ရှေးဦးစွာ) စည်းဝေးကြကုန်၏။

၉။ နောက်တစ်ဖန် ဒေဝကူဋတောင်ဝယ် ကထိန်ခင်းရာ ထိုအခါ၌ ကုဋေကိုးဆယ်သော ရဟန်းတို့၏အစည်းအဝေးသည် နှစ်ကြိမ်မြောက် (အစည်းအဝေး) ဖြစ်လေ၏။

၁၀။ နောက်တစ်ဖန် အကြင်အခါ၌ မြတ်စွာဘုရားသည် ဒေသစာရီကို လှည့်လည်တော် မူ၏၊ ထိုအခါကုဋေရှစ်ဆယ်သော ရဟန်းတို့၏ အစည်းအဝေးသည် သုံးကြိမ်မြောက် (အစည်းအဝေး) ဖြစ်လေ၏။

၁၁။ ထိုအခါ ငါသည် ဥတ္တရမည်သော လုလင် (ဖြစ်၍) ငါ၏ အိမ်၌ သိုမှီးသိမ်းဆည်း ထားသောဥစ္စာသည် ကုဋေရှစ်ဆယ်တို့ ဖြစ်ကုန်၏။

၁၂။ သံဃာနှင့်တကွသော မြတ်စွာဘုရားအား ဥစ္စာအားလုံးကို အကြွင်းမဲ့ လှူဒါန်းပြီး လျှင်ထိုမြတ်စွာဘုရားအား ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခဲ့၏၊ ရဟန်းအဖြစ်ကိုလည်း အလွန် နှစ်သက် (ရဟန်းပြုခဲ့၏)။

၁၃။ ထိုမြတ်စွာဘုရားသည် လည်း အနုမောဒနာပြုလျက် ဤလုလင်သည် ကမ္ဘာ သုံးသောင်းထက်၌ဘုရားဖြစ်လတ္တံ့ဟု ငါ့ကို ဗျာဒိတ်စကား မိန့်ကြားတော်မူ၏။

၁၄။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုပ်ငန်းကို အားထုတ်၍။ပ။ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ဖြစ်ရပါလို၏ (ဟု ဆုတောင်းကုန်၏)။

၁၅။ ထိုမြတ်စွာဘုရား၏ စကားကို ကြားနာရ၍ စိတ်ကို အလွန် ကြည်ညိုစေခဲ့၏၊ ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက်တည်ခဲ့၏။

၁၆။ ငါသည် သုတ္တန်ကိုလည်းကောင်း၊ ဝိနည်းကိုလည်းကောင်း၊ အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရားအဆုံးအမအားလုံးကိုလည်းကောင်း သင်ကြား၍ မြတ်စွာဘုရားသာသနာကို တင့်တယ်စေခဲ့၏။

၁၇။ ငါသည် ထိုမြတ်စွာဘုရား သာသနာတွင် ထိုင်ခြင်း, ရပ်ခြင်း, စင်္ကြံသွားခြင်း၌မမေ့မလျော့နေသည်ရှိသော် အဘိညာဉ်တို့၌ အပြီးအဆုံးသို့ ရောက်၍ ဗြဟ္မာ့ပြည်သို့ ရောက်ခဲ့၏။

၁၈။ သုမေဓမြတ်စွာဘုရား၏ မြို့တော်သည် ‘သုဒဿန’ မည်၏၊ ခမည်းတော်သည် ‘သုဒတ္တမင်း’မည်၏၊ မယ်တော်သည် ‘သုဒတ္တာမိဖုရား’ မည်၏။

၁၉။ ထိုဘုရားလောင်းသည် အနှစ်ကိုးထောင်တို့ပတ်လုံး ထီးနန်းကို အုပ်စို်း၍ နေ၏၊ (ထိုဘုရားလောင်းအား) သုစန္ဒ, ကဉ္စန, သိရိဝဎ္ဍုနအားဖြင့် မြတ်သော ပြာသာဒ်သုံးဆောင် တို့သည်ရှိကုန်၏။

၂၀။ (ထိုဘုရားလောင်းအား) ကောင်းစွာ တန်ဆာဆင်ထားသော မောင်းမပေါင်း လေးသောင်းရှစ်ထောင်တို့သည် ရှိကုန်၏၊ (ထိုဘုရားလောင်း၏) မိဖုရားသည်ကား ‘သုမနာ’ မည်၏၊ သားတော်သည် ‘ပုနဗ္ဗသု (မိတ္တ) ‘မည်၏။

၂၁။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ဆင်ယာဉ်ဖြင့် တောထွက်တော်မူ၏၊ မယုတ်မလျော့သော လ, ဝက်ပတ်လုံး (ကမ္မဋ္ဌာန်းစီးဖြန်းခြင်း) လုံ့လကို အားထုတ်တော်မူ၏။

၂၂။ လောက၏ အကြီးအမှူးဖြစ်သော သုမေဓမြတ်စွာဘုရားသည် ဗြဟ္မာမင်းတောင်းပန် အပ်သည်ဖြစ်၍သုဒဿနဥယျာဉ်တော်၌ ဓမ္မစကြာကို ဟောတော်မူ၏။

၂၃။ သရဏသည်လည်းကောင်း၊ သဗ္ဗကာမသည်လည်းကောင်း သုမေဓမြတ်စွာဘုရား၏ မြတ်သောတပည့် ‘အဂ္ဂသာဝက’ တို့ ဖြစ်ကုန်၏။ (ထိုမြတ်စွာဘုရား၏ ) အလုပ်အကျွေးသည် ‘သာဂရ’ မည်၏။

၂၄။ ရာမာသည်လည်းကောင်း၊ သုရာမာသည်လည်းကောင်း (သုမေဓမြတ်စွာဘုရား၏ ) မြတ်သောတပည့်မ ‘အဂ္ဂသာဝက’ တို့ ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို တမာကြီးပင်ဟူ၍ခေါ်ဆိုအပ်၏။

၂၅။ ဥရုဝေလာသည်လည်းကောင်း၊ ယသဝါသည်လည်းကောင်း မြတ်သော အလုပ် အကျွေး ဒါယကာ’အဂ္ဂဥပဋ္ဌက’တို့ ဖြစ်ကုန်၏။ ယသောဓရာသည်လည်းကောင်း၊ သိရိမာ သည်လည်းကောင်း မြတ်သောအလုပ်အကျွေး ဒါယိကာမ ‘အဂ္ဂဥပဋ္ဌိကာ’ တို့ ဖြစ်ကုန်၏။

၂၆။ မြတ်စွာဘုရားသည် ရှစ်ဆယ့်ရှစ်တောင်တိုင်အောင် မြင့်တော်မူ၏၊ ‘ကြယ်တာရာ အပေါင်းတို့၏အလယ်၌ လမင်းကဲ့သို့’ အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေတော်မူ၏။

၂၇။ စကြဝတေးမင်း၏ ပတ္တမြားမည်သည် တစ်ယူဇနာတိုင်အောင် ထွန်းလင်းတောက်ပ သကဲ့သို့ထို့အတူပင် ထိုမြတ်စွာဘုရား၏ ရောင်ခြည်တော်ရတနာသည် ထက်ဝန်းကျင် တစ်ယူဇနာတိုင်အောင်ပျံ ့နှံ့၏။

၂၈။ ထိုအခါ အသက်တမ်းသည် အနှစ်ကိုးသောင်းရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမျှ လောက်အသက်တည်နေလျက် များစွာသော သတ္တဝါအပေါင်းကို ကယ်တင်တော်မူ၏။

၂၉။ ဤသာသနာတော်သည် ဝိဇ္ဇာသုံးပါး, အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံကုန်သော တန်ခိုးစွမ်းအားသို့ရောက်ကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာသူတော်ကောင်း တို့ဖြင့် ကောင်းစွာရောပြွမ်းလျက် ရှိလေ၏။

၃၀။ မနှိုင်းယှဉ်နှိုင်သော အခြံအရံ အကျော်အစောရှိကုန်သော ကိလေသာမှ ကင်းလွတ် ကုန်သောဥပဓိလေးပါး မရှိကုန်သော ထိုရဟန္တာအားလုံးတို့သည်ပင် ဉာဏ်အလင်းရောင်ကို ပြုပြီး၍ များမြတ်သောအခြံအရံ အကျော်အစောရှိသော ထိုဘုရားရဟန္တာတို့သည် ပရိနိဗ္ဗာန် ပြုတော်မူကုန်ပြီ။

၃၁။ (သစ္စာလေးပါးကို) သိတော်မူသော သုမေဓမြတ်စွာဘုရားသည် မေဓာရာမကျောင်း တိုက်၌ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ဓာတ်တော်သည် ထိုထိုအရပ်တို့၌ ပျံ့နှံ့လျက် ရှိလေ သတည်း။ ။

၁၅။ သုဇာတဘုရား

၁။ ထိုမဏ္ဍကမ္ဘာ၌ပင် သုဇာတမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူလေ၏၊ ထို မြတ်စွာဘုရားသည် ‘ခြင်္သေ့မင်း၏ မေးကဲ့သို့’ မေးရှိတော်မူ၏၊ ‘ (နွားလား) ဥသဘပခုံးကဲ့သို့’ ပခုံးရှိတော်မူ၏၊ မနှိုင်းယှဉ်နိုင်သောဂုဏ် ရှိတော်မူ၏၊ (ထိပါးရန်) ချဉ်းကပ်ဝံ့သူ ရှိတော် မမူချေ။

၂။ အညစ်အကြေး ကင်းလျက် စင်ကြယ်သော လမင်းကဲ့သို့လည်းကောင်း၊ ထွန်းလင်း တောက်ပသောနေမင်းကဲ့သို့လည်းကောင်း ဤအတူ မြတ်စွာဘုရားသည် အသရေဖြင့် အခါ ခပ်သိမ်း တောက်ပလျက်တင့်တယ်တော်မူ၏။

၃။ မြတ်စွာဘုရားသည် အလုံးစုံသော မြတ်သော ဗောဓိဉာဏ်တော်သို့ ရောက်၍ သုမင်္ဂလမြို့တော်၌ဓမ္မစကြာကို ဟောတော်မူ၏။

၄။ သုဇာတမြတ်စွာဘုရားသည် မြတ်သော တရားကို ဟောတော်မူသည်ရှိသော် ရှေးဦး စွာဓမ္မစကြာတရားဟောရာ၌ ကုဋေရှစ်ဆယ်သော လူ, နတ်, ဗြဟ္မာတို့သည် (သစ္စာလေးပါး ကို) သိကြလေကုန်၏။

၅။ အကြင်အခါ မနှိုင်းယှဉ်နိုင်သော အခြံအရံ အကျော်အစောရှိတော်မူသော သုဇာတမြတ်စွာဘုရားသည် နတ်ပြည်၌ ဝါကပ်တော်မူ၏၊ (ထိုအခါ) သုံးသန်းခုနစ်သိန်းသော လူ, နတ်, ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် နှစ်ကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၆။ အကြင်အခါ အတုမရှိသော ရှေးဘုရားတို့နှင့်သာ တူတော်မူသော သုဇာတမြတ်စွာ ဘုရားသည် ခမည်းတော်အထံသို့ ချဉ်းကပ်တော်မူ၏၊ (ထိုအခါ) ခြောက်သန်းသော လူ, နတ်, ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် သုံးကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၇။ သုဇာတမြတ်စွာဘုရားအား (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက် သောစိတ်ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးတို့သည် သုံးကြိမ်တို့ဖြစ်ကုန်၏။

၈။ အဘိညာဉ်စွမ်းအားသို့ ရောက်လျက် ဘဝကြီးငယ်၌ မဖြစ်မရောက်လတ္တံ့သော ခြောက်သန်းသောထိုရဟန္တာတို့သည် ရှေးဦးစွာ စည်းဝေးကြကုန်၏။

၉။ ထို့နောက် မြတ်စွာဘုရား၏ တာဝတိံသာနတ်ပြည်မှ ဆင်းသက်ရာ အစည်းအဝေး၌ ငါးသန်းသောရဟန္တာတို့၏ အစည်းအဝေးသည် နှစ်ကြိမ်မြောက် (အစည်းအဝေး) ဖြစ်လေ၏။

၁၀။ ထိုမြတ်စွာဘုရား၏ အဂ္ဂသာဝကသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်တော်မူသည် ရှိသော် လေးသိန်းသော ရဟန္တာတို့နှင့်အတူ မြတ်စွာဘုရားသို့ ချဉ်းကပ်တော်မူ၏၊ (ထိုအခါတတိယအစည်းအဝေး ဖြစ်လေ၏)။

၁၁။ ထိုအခါ ငါသည် လေးကျွန်းလုံးကို အစိုးရသော ကောင်းကင်၌ လှည့်လည်နိုင်သော စစ်သည်ဗိုလ်ပါများစွာရှိသော စကြဝတေးမင်း ဖြစ်ခဲ့၏။

၁၂။ ထိုငါသည် လောက၌ အံ့ဖွယ်ရှိသော ကြက်သီးမွေးညင်းကို ထစေတတ်သောသုဇာတမြတ်စွာဘုရားကို ဖူးမြင်၍ ချဉ်းကပ်လျက် ရှိခိုးခဲ့၏။

၁၃။ လေးကျွန်းလုံး၌ မြတ်သော မင်းအဖြစ်ကိုလည်းကောင်း၊ မြတ်သော ရတနာခုနစ်ပါးတို့ကို လည်းကောင်း မြတ်စွာဘုရားအား အပ်နှင်းလှူဒါန်း၍ ထိုမြတ်စွာဘုရား၏ အထံ ၌့ရဟန်းပြုခဲ့၏။

၁၄။ အရံစောင့် (ကပ္ပိယ) တို့သည် ဇနပုဒ် (မြို့နယ်ခရိုင်) (တစ်ကျွန်းလုံး) ၌ ထွက်သော အခွန်အတုတ်ကိုစုပေါင်း၍ ရဟန်းသံဃာ၏ ပစ္စည်းလေးပါးအကျိုးငှါ ကျောင်းသို့ ပို့ဆောင် လှူဒါန်းကြကုန်၏။

၁၅။ လောကဓာတ်တစ်သောင်း၌ အစိုးရသော ထိုမြတ်စွာဘုရားသည် လည်း ငါ့ကို ဤစကြဝတေးမင်းသည် ကမ္ဘာသုံးသောင်းထက်၌ ဘုရားဖြစ်လတ္တံ့ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ၏။

၁၆။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုပ်ငန်းကို အားထုတ်၍။ပ။ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)။

၁၇။ ထိုမြတ်စွာဘုရား၏ စကားကိုလည်း ကြားနာရ၍ ငါသည် အလွန်ရွှင်လန်းခြင်းကို ဖြစ်စေခဲ့၏၊ ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှါ ထက်မြက်သော အကျင့်ကို ဆောက်တည် ခဲ့၏။

၁၈။ ငါသည် သုတ္တန်ကိုလည်းကောင်း၊ ဝိနည်းကိုလည်းကောင်း၊ အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရားအဆုံးအမတော် အားလုံးကိုလည်းကောင်း သင်ကြား၍ မြတ်စွာဘုရားသာသနာ တော်ကိုတင့်တယ်စေခဲ့၏။

၁၉။ ငါသည် ထိုမြတ်စွာဘုရားသာသနာ၌ မမေ့မလျော့ဘဲ နေလျက် ဗြဟ္မဝိဟာရဘာဝနာ ကို ပွါး၍အဘိညာဉ်တို့၌ အပြီးအဆုံးသိုု့ ရောက်ပြီးလျှင် ဗြဟ္မာ့ပြည်သို့ ရောက်ခဲ့၏။

၂၀။ သုဇာတမြတ်စွာဘုရား၏ မြို့တော်သည် ‘သုမင်္ဂလ’ မည်၏၊ ခမည်းတော်သည် ‘ဥဂ္ဂတမင်း’မည်၏၊ မယ်တော်သည် ‘ပဘာဝတီမိဖုရား’မည်၏။

၂၁။ ထိုဘုရားလောင်းသည် အနှစ်ကိုးထောင်တို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) သိရီ, ဥပသိရီ, နန္ဒအားဖြင့် မြတ်သော ပြာသာဒ် သုံးဆောင်တို့ သည် ရှိကုန်၏။

၂၂။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမပေါင်း နှစ်သောင်းသုံးထောင်တို့သည် လည်း ရှိကုန်၏၊ (ထိုဘုရားလောင်း၏) မိဖုရားသည် ‘သိရိနန္ဒာ’ မည်၏၊ သားတော်သည် ‘ဥပသေန’ မည်၏။

၂၃။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ မြင်းယာဉ်ဖြင့် တောထွက်တော်မူ၏၊ မယုတ်မလျော့ ဆယ်လတို့ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လကို အားထုတ်တော်မူ၏။

၂၄။ လောက၏ အကြီးအမှူးဖြစ်တော်မူသော သုဇာတမြတ်စွာဘုရားသည် ဗြဟ္မာမင်းတောင်းပန်အပ်သည်ဖြစ်၍ သုမင်္ဂလဥယျာဉ်တော်၌ ဓမ္မစကြာကို ဟောတော်မူ၏။

၂၅။ သုဒဿနသည်လည်းကောင်း၊ သုဒေဝသည်လည်းကောင်း သုဇာတမြတ်စွာဘုရား၏ မြတ်သောတပည့် ‘အဂ္ဂသာဝက’တို့ ဖြစ်ကုန်၏၊ ထိုမြတ်စွာဘုရား၏ အလုပ်အကျွေးသည် ‘နာရဒ’မည်၏။

၂၆။ နာဂါသည်လည်းကောင်း၊ နာဂသမာလာသည်လည်းကောင်း မြတ်သော တပည့်မ ‘အဂ္ဂသာဝိကာ’တို့ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို မြတ်သော ကြခတ်ဝါးဟူ၍ ခေါ်ဆိုအပ်၏။

၂၇။ ထိုကြခတ်ဗောဓိပင်သည်ကား တစ်ခဲနက် (စိမ်းညိုသော) အရောင်ရှိ၏၊ သေးငယ် သောအပေါက်ရှိ၏၊ အရွက်တို့ဖြင့် ဖုံးအုပ်လျက် ရှိ၏၊ ဖြောင့်မတ်သော ဝါးပင်သည် ကြီး ထွားလျက် ရှိ၏၊ ရှုချင်ဖွယ်ကောင်း၏၊ စိတ်ကို ပျော်မွေ့စေတတ်၏။

၂၈။ ပင်စည်တစ်ခုတည်း ကြီးပွါး၍ ထိုပင်စည်မှ ခက်မငါးဖြာသည် ဖြာထွက်၏၊ ထို ဗောဓိပင်သည်’ကောင်းစွာ ဖွဲ့အပ်သော ဥဒေါင်းမြီးစည်းကဲ့သို့’ တင့်တယ်လှပ၏။

၂၉။ ထိုဗောဓိပင်အား ဆူးတို့သည်လည်း မရှိကုန်၊ ကျယ်သော အခေါင်းအပေါက်လည်း မရှိချေ၊ ကျယ်ပြန့်သော အခက်လည်း ရှိ၏၊ မကြဲသော အရွက်လည်း ရှိ၏၊ အေးမြသော အရိပ်လည်း ရှိ၏၊ စိတ်ကိုလည်း ပျော်မွေ့စေတတ်၏။

၃၀။ သုဒတ္တသည်လည်းကောင်း၊ စိတ္တသည်လည်းကောင်း ထိုမြတ်စွာဘုရား၏ မြတ်သော အလုပ်အကျွေးဒါယကာ ‘အဂ္ဂဥပဋ္ဌက’ တို့ ဖြစ်ကုန်၏။ သုဘဒ္ဒါသည်လည်းကောင်း၊ ပဒုမာ သည်လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယိကာမ ‘အဂ္ဂဥပဋ္ဌိကာ’ တို့ ဖြစ်ကုန်၏။

၃၁။ ထိုမြတ်စွာဘုရားသည် အမြင့်အားဖြင့် အတောင်ငါးဆယ် ရှိတော်မူ၏၊ အလုံးစုံ မြတ်သောအခြင်းအရာနှင့် ပြည့်စုံတော်မူ၏၊ အလုံးစုံသော ဂုဏ်တို့နှင့်လည်း ပြည့်စုံတော် မူ၏။

၃၂။ ထိုမြတ်စွာဘုရားသည် အတူမရှိသော အရောင်တို့နှင့်သာ တူသော ရောင်ခြည်တော် သည်ထက်ဝန်းကျင်မှ ပြေးသွား (ကွန့်မြူး) လျက် ရှိ၏၊ မနှိုင်းယှဉ်နိုင်သော ဂုဏ်ရှိတော်မူ၏၊ အတုမရှိသောပုဂ္ဂိုလ်ဖြစ်တော်မူ၏၊ ဥပမာတို့ဖြင့် မနှိုင်းယှဉ်နိုင်သော ပုဂ္ဂိုလ်ဖြစ်တော်မူ၏။

၃၃။ ထိုအခါ အသက်တမ်းသည် အနှစ်ကိုးသောင်းရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမျှ လောက်အသက်တည်နေလျက် များစွာသော သတ္တဝါအပေါင်းကို ကယ်တင်တော်မူ၏။

၃၄။ သမုဒ္ဒရာ၌ လှိုင်းတံပိုးကဲ့သို့လည်းကောင်း၊ ကောင်းကင်၌ ကြယ်တာရာတို့ကဲ့သို့ လည်းကောင်းဤအတူ ထိုအခါ (မြတ်စွာဘုရား) သာသနာတော်သည် ရဟန္တာတို့ဖြင့် ဆန်း ကြယ်၏။

၃၅။ အတူမရှိသော ဘုရားရှင်တို့နှင့်သာ တူသော ထိုမြတ်စွာဘုရားသည် လည်းကောင်း၊ အတူမရှိသောထိုဂုဏ်တို့သည်လည်းကောင်း (ရှိကုန်၏)။ ထိုအားလုံးသည်ပင် ကွယ်ပျောက် ခဲ့လေပြီ၊ အလုံးစုံသောသင်္ခါရတို့သည် အချည်းနှီးတို့သာ ဖြစ်ကုန်သည် မဟုတ်ပါလော။

၃၆။ (သစ္စာလေးပါးကို) သိတော်မူသော သုဇာတမြတ်စွာဘုရားသည် သီလာရာမကျောင်း တိုက်၌ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ထိုကျောင်းတိုက်၌ပင် ထိုမြတ်စွာဘုရား၏ စေတီ (ပုထိုး) တော်သည်သုံးဂါဝုတ်တို့တိုင်အောင် မြင့်လေသတည်း။

၁၆။ ပိယဒဿီဘုရား

၁။ သုဇာတမြတ်စွာဘုရား၏ နောက်အဖို့၌ ပိယဒဿီမြတ်စွာဘုရားသည် ပွင့်တော်မူလေ၏၊ ထိုမြတ်စွာဘုရားသည် လောကကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်၏၊ (ထိပါးရန်) ချဉ်း ကပ်ဝံ့သူရှိတော်မမူ၊ အတုမရှိသော ဘုရားရှင်တို့နှင့်သာ တူတော်မူ၏၊ များသော အခြံအရံ အကျော်အစောရှိတော်မူ၏။

၂။ မနှိုင်းယှဉ်နိုင်သော အခြံအရံအကျော်အစောရှိတော်မူသော ထိုမြတ်စွာဘုရားသည် လည်း’နေမင်းကဲ့သို့’ တင့်တယ်တော်မူ၏၊ အလုံးစုံသော (မောဟ) အမိုက်မှောင်ကို ပယ် ဖျောက်၍ ဓမ္မစကြာကိုဟောတော်မူ၏။

၃။ အတုမရှိ တန်ခိုးကြီးတော်မူသော ထိုမြတ်စွာဘုရားအား လူ, နတ်တို့၏ (သစ္စာ လေးပါးကို) သိခြင်းသည် သုံးကြိမ်တို့ ဖြစ်ကုန်၏၊ ကုဋေတစ်သိန်းသော လူ, နတ်, ဗြဟ္မာ တို့၏ (သစ္စာလေးပါးကို) သိခြင်းသည် ရှေးဦးစွာ သိခြင်းဖြစ်လေ၏။

၄။ သုဒဿနနတ်မင်းသည် မှားသော အယူ ‘မိစ္ဆာဒိဋ္ဌိ’ ကို နှစ်သက်၏၊ မြတ်စွာဘုရား သည်ထိုနတ်မင်း၏ မှားသော အယူ ‘ဒိဋ္ဌိ’ ကို ပယ်ဖျောက်လျက် တရားကို ဟောတော်မူ၏။

၅။ အတုမရှိ ကြီးကျယ်သော သတ္တဝါအပေါင်းသည် စည်းဝေးလေ၏၊ ထိုအခါ ကုဋေကိုးသောင်းသောလူ, နတ်, ဗြဟ္မာ တို့၏ (သစ္စာလေးပါးကို) သိခြင်းသည် နှစ်ကြိမ်မြောက် သိခြင်း ဖြစ်လေ၏။

၆။ အကြင်အခါ လူတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည် ဒေါဏမုခဆင်ကို ဆုံးမတော်မူ၏၊ ထိုအခါ ကုဋေရှစ်သောင်းသော လူ, နတ်, ဗြဟ္မာ တို့၏ (သစ္စာလေးပါးကို) သိခြင်းသည် သုံးကြိမ်မြောက် သိခြင်း ဖြစ်လေ၏။

၇။ ထိုပိယဒဿီမြတ်စွာဘုရားအားလည်း (သာဝက) အစည်းအဝေးတို့သည် သုံးကြိမ်တို့ ဖြစ်ကုန်၏၊ ကုဋေတစ်သိန်းသော ရဟန္တာတို့၏ အစည်းအဝေးသည် ပထမ အစည်းအဝေး ဖြစ်လေ၏။

၈။ ထို့နောက် ကုဋေကိုးဆယ်သော ရဟန်းတို့သည် (နှစ်ကြိမ်မြောက်) တစ်ပေါင်းတည်းစည်းဝေးကြကုန်၏၊ သုံးကြိမ်မြောက် အစည်းအဝေး၌ ကုဋေရှစ်ဆယ်သော ရဟန်းတို့သည် ရှိကုန်၏။

၉။ ထိုအခါ ငါသည် ကဿပမည်သော ပုဏ္ဏား (ဖြစ်၍) ဗေဒင်ကို သရဇ္ဈ ာယ်တတ်၏၊ ဗေဒင်ကိုဆောင်နိုင်၏၊ သုံးပါးသော ဝေဒကျမ်းတို့၏ တစ်ဖက်ကမ်းသို့ ရောက်၏။

၁၀။ ထိုမြတ်စွာဘုရား၏ တရားကို နာကြားရ၍ ကြည်ညိုခြင်းကို ဖြစ်စေခဲ့၏၊ ငါသည်ကုဋေတစ်သိန်းသော အသပြာတို့ဖြင့် သံဃာ့အရံကို ပြုလုပ်ဖန်ဆင်းခဲ့၏။

၁၁။ ငါသည် ရွှင်လန်းတက်ကြွသော စိတ်ရှိသည်ဖြစ်၍ ထိုမြတ်စွာဘုရားအား အရံ (ကျောင်းတိုက်) ကိုလှူပြီးလျှင် သရဏဂုံသုံးပါးတို့ကို လည်းကောင်း၊ ငါးပါးသီလတို့ကို လည်းကောင်း မြဲမြံစွာ ပြု၍ဆောက်တည်ခဲ့၏။

၁၂။ ထိုမြတ်စွာဘုရားသည် လည်း သံဃာ့အလယ်၌ ထိုင်နေ၍ ငါ့ကို ”ဤပုဏ္ဏားသည်ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ ဘုရားဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကား ကြားတော်မူ၏။

၁၃။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုပ်ငန်းကို အားထုတ်၍။ပ။ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)။

၁၄။ ထိုမြတ်စွာဘုရား၏ စကားကို ကြားနာရ၍ စိတ်ကို အလွန် ကြည်ညိုစေခဲ့၏၊ ပါရမီဆယ်ပါးတို့ကိုဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက်တည်ခဲ့၏။

၁၅။ ပိယဒဿီမြတ်စွာဘုရား၏ မြို့တော်သည် ‘သုဓည’ မည်၏၊ (ခမည်းတော်) မင်းသည် ‘သုဒတ္တမင်း’မည်၏၊ မယ်တော်သည် ‘စန္ဒာမိဖုရား’မည်၏။

၁၆။ ထိုဘုရားလောင်းသည် အနှစ်ကိုးထောင်တို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) သုနိမ္မလ, ဝိမလ, ဂိရိဂုဟာ (ဗြဟ္မာ) အားဖြင့် မြတ်သော ပြာသာဒ်သုံးဆောင်တို့သည် ရှိကုန်၏။

၁၇။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမပေါင်း သုံးထောင်တို့သည်လည်း ရှိကုန်၏၊ (ထိုဘုရားလောင်း၏) မိဖုရားသည်ကား ‘ဝိမလာ’မည်၏၊ သားတော်သည် ‘ကဉ္စနာဝေဠ’ မည်၏။

၁၈။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ရထားယာဉ်ဖြင့် တောထွက်တော်မူ၏၊ ခြောက်လပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လအကျင့်ကို ကျင့်တော်မူ၏။

၁၉။ ကြီးမြတ်သော လုံ့လရှိတော်မူသော ပိယဒဿီမြတ်စွာဘုရားသည် ဗြဟ္မာမင်းတောင်းပန်အပ်သည်ဖြစ်၍ စိတ်ကို ပျော်မွေ့စေတတ်သော ဥသဘ (ဝတီ) ဥယျာဉ်၌ ဓမ္မစကြာ ကိုဟောတော်မူ၏။

၂၀။ ပါလိတသည်လည်းကောင်း၊ သဗ္ဗဒဿီသည်လည်းကောင်း ပိယဒဿီမြတ်စွာဘုရား၏ မြတ်သောတပည့် ‘အဂ္ဂသာဝက’တို့ ဖြစ်ကုန်၏၊ မြတ်စွာဘုရား၏ အလုပ်အကျွေးသည် ‘သောဘိတ’မည်၏။

၂၁။ သုဇာတာသည်လည်းကောင်း၊ ဓမ္မဒိန္နာသည်လည်းကောင်း မြတ်သော တပည့်မ ‘အဂ္ဂသာဝိကာ’တို့ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို ရေခံတက်ပင်ဟူ၍ ခေါ်ဆို အပ်၏။

၂၂။ သန္ဓကသည်လည်းကောင်း၊ ဓမ္မကသည်လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယကာ’အဂ္ဂဥပဋ္ဌက’ တို့ ဖြစ်ကုန်၏။ ဝိသာခါသည်လည်းကောင်း၊ ဓမ္မဒိန္နာသည်လည်းကောင်း မြတ်သောအလုပ်အကျွေး ဒါယိကာမ ‘အဂ္ဂဥပဋ္ဌိကာ’တို့ ဖြစ်ကုန်၏။

၂၃။ ထိုမြတ်စွာဘုရားသည် လည်း မနှိုင်းယှဉ်နိုင်သော အခြံအရံအကျော်အစော ရှိတော် မူ၏၊ ယောက်ျားမြတ်တို့၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတို့နှင့် ပြည့်စုံတော်မူ၏၊ အတောင်ရှစ်ဆယ်မြင့်တော်မူ၏၊ (ထိုမြတ်စွာဘုရားကို) ‘အင်ကြင်းပင်မင်းကဲ့သို့’ ဖူးမြင်ရ ပေ၏။

၂၄။ ထိုအတူမရှိသော မြတ်စွာဘုရားအား ဖြစ်ပေါ်သည့် ရောင်ခြည်တော်ကဲ့သို့သော အရောင်အဝါမျိုးသည် မီး, လ, နေ တို့အား မရှိချေ။

၂၅။ လောက၌ မြတ်စွာဘုရားသည် အနှစ်ကိုးသောင်းတို့ပတ်လုံး တည်နေတော်မူ၏၊ ထိုမြတ်စွာဘုရား၏ အသက်တမ်းသည်လည်း ထိုမျှလောက်ပင် ဖြစ်လေ၏။

၂၆။ အတုမရှိသော ဘုရားရှင်တို့နှင့်သာ တူသော မြတ်စွာဘုရားသည် လည်းကောင်း၊ ထိုအတုမရှိကုန်သော (အဂ္ဂသာဝက) အစုံတို့သည်လည်းကောင်း ထိုအားလုံးသည်ပင် ကွယ်ပျောက်ခဲ့လေပြီ၊ အလုံးစုံသော သင်္ခါရတို့သည် အချည်းနှီးတို့သာ ဖြစ်ကုန်သည် မဟုတ်ပါ လော။

၂၇။ ပိယဒဿီမြတ်စွာဘုရားသည် အဿတ္ထာရာမကျောင်းတိုက်၌ ပရိနိဗ္ဗာန် ပြုတော် မူ၏၊ ထိုကျောင်းတိုက်၌ပင် ထိုမြတ်စွာဘုရား၏ စေတီ (ပုထိုးတော်) သည် သုံးယူဇနာတိုင် အောင် မြင့်လျက်တည်ရှိလေသတည်း။ ။

၁၇။ အတ္ထဒဿီဘုရား

၁။ ထိုမဏ္ဍကမ္ဘာ၌ပင်လျှင် အတ္ထဒဿီမြတ်စွာဘုရားသည် (မောဟ) အမိုက်မှောင်ကြီးကို ပယ်ဖျောက်၍သမ္မာသမ္မောဓိဉာဏ်တော်မြတ်သို့ ရောက်တော်မူ၏။

၂။ (ထိုမြတ်စွာဘုရားသည် ) ဗြဟ္မာမင်းသည် တောင်းပန်အပ်သည်ဖြစ်၍ ဓမ္မစကြာကို ဟောတော်မူ၏၊ လောကဓာတ်တစ်သောင်း၌ နတ်နှင့်တကွသော လောကကို အမြိုက်နိဗ္ဗာန်ဖြင့် နှစ်သိမ့်ရောင့်ရဲစေတော်မူ၏။

၃။ ထိုမြတ်စွာဘုရားအား (လူ, နတ်, ဗြဟ္မာတို့၏ သစ္စာလေးပါးကို) သိခြင်းတို့သည် သုံးကြိမ်တို့ဖြစ်ကုန်၏၊ ကုဋေတစ်သိန်းသော လူ, နတ်, ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် ရှေးဦးစွာ (သိခြင်း) ဖြစ်လေ၏။

၄။ အကြင်အခါ အတ္ထဒဿီမြတ်စွာဘုရားသည် နတ်ပြည်သို့ လှည့်လည်ကြွသွားတော်မူ၏၊ (ထိုအခါ) ကုဋေတစ်သိန်းသော နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် နှစ်ကြိမ် မြောက် (သိခြင်း) ဖြစ်လေ၏။

၅။ နောက်တစ်ဖန် အကြင်အခါ မြတ်စွာဘုရားသည် ခမည်းတော်အထံ၌ တရားကို ဟောတော်မူ၏၊ (ထိုအခါ) ကုဋေတစ်သိန်းသော လူ, နတ်, ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် သုံးကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၆။ ထိုမြတ်စွာဘုရားအား (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သောတာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးတို့သည်လည်း သုံးကြိမ်တို့ ဖြစ်ကုန်၏။

၇။ ကိုးသောင်းရှစ်ထောင်သော ရဟန္တာတို့၏ အစည်းအဝေးသည် ပထမအစည်းအဝေး ဖြစ်လေ၏၊ ရှစ်သောင်းရှစ်ထောင်သော ရဟန္တာတို့၏ အစည်းအဝေးသည် နှစ်ကြိမ်မြောက် ဖြစ်လေ၏။

၈။ စွဲယူခြင်း မရှိဘဲ (ကိလေသာမှ) လွတ်မြောက်ကုန်သော အညစ်အကြေး ကင်းကုန် သောခုနစ်သောင်းရှစ်ထောင်သော ရဟန္တာတို့၏ အစည်းအဝေးသည် သုံးကြိမ်မြောက် (အစည်းအဝေး) ဖြစ်လေ၏။

၉။ ထိုအခါ ငါသည် ထက်မြက်သော အကျင့်ရှိသော ရသေ့ဖြစ်၏၊ အမည်အားဖြင့် ‘သုသီမ’ မည်၏၊ မြေအပြင်၌ မြတ်သော သူဟု သမုတ်အပ်သူ ဖြစ်၏။

၁၀။ ငါသည် နတ်၌ ဖြစ်သော မန္ဒာရဝပန်း, ပဒုမ္မာကြာပန်း, ပင်လယ်ကသစ်ပန်းတို့ကို နတ်ပြည်မှယူဆောင်၍ မြတ်စွာဘုရားကို ရိုသေစွာ ပူဇော်ခဲ့၏။

၁၁။ ရဟန်းမြတ်ဖြစ်သော ထိုအတ္ထဒဿီမြတ်စွာဘုရားသည် လည်း ငါ့ကို ”ဤရသေ့သည်ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ မြတ်စွာဘုရား ဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ၏။

၁၂။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုံ့လကို အားထုတ်၍။ပ။ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ဖြစ်ရပါလို၏ (ဟု ဆုတောင်းကုန်၏)။

၁၃။ ငါသည် ထိုမြတ်စွာဘုရား၏ စကားကို ကြားနာရသည် ရှိသော် ရွှင်လန်းတက်ကြွ သောစိတ်ရှိသည်ဖြစ်၍ ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက်တည်ခဲ့၏။

၁၄။ အတ္ထဒဿီမြတ်စွာဘုရား၏ မြို့တော်သည် ‘သောဘဏ’မည်၏၊ (ခမည်းတော်) မင်းသည်’သာဂရမင်း’မည်၏၊ မယ်တော်သည် ‘သုဒဿနာမိဖုရား’မည်၏။

၁၅။ ထိုဘုရားလောင်းသည် အနှစ်တစ်သောင်းတို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ ထိုဘုရားလောင်းအား အမရဂိရိ, သုဂိရိ, ဝါဟန၁အားဖြင့် မြတ်သော ပြာသာဒ် သုံးဆောင် တို့ သည်ရှိကုန်၏။

၁၆။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမပေါင်း သုံးသောင်းသုံးထောင်တို့သည် လည်း ရှိကုန်၏၊ (ထိုဘုရားလောင်း) ၏ မိဖုရားသည်ကား ‘ဝိသာခါ’ မည်၏၊ သားတော် သည် ‘သေလ’အမည်ရှိသူ ဖြစ်၏။

၁၇။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ မြင်းယာဉ်ဖြင့် တောထွက်တော်မူ၏၊ မယုတ်မလျော့ ရှစ်လတို့ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လကို အားထုတ်တော် မူ၏။

၁၈။ ကြီးသောလုံ့လရှိသော လူတို့ထက်မြတ်သော များသော အခြံအရံရှိသောအတ္ထဒဿီမြတ်စွာဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည် ဖြစ်၍ အနောမဥယျာဉ်၌ ဓမ္မစကြာကိုဟောတော်မူ၏။

၁၉။ သန္တသည်လည်းကောင်း၊ ဥပသန္တသည်လည်းကောင်း အတ္ထဒဿီမြတ်စွာဘုရား၏ မြတ်သောတပည့် ‘အဂ္ဂသာဝက’တို့ ဖြစ်ကုန်၏၊ မြတ်စွာဘုရား၏ အလုပ်အကျွေးသည် ‘အဘယ’မည်၏။

၂၀။ ဓမ္မာသည်လည်းကောင်း၊ သုဓမ္မာသည်လည်းကောင်း မြတ်သော တပည့်မ ‘အဂ္ဂ သာဝိကာ’တို့ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို စံကားပင်ဟူ၍ ခေါ်ဆိုအပ်၏။

၂၁။ နကုလသည်လည်းကောင်း၊ နိသဘသည်လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယကာ’အဂ္ဂဥပဋ္ဌက’တို့ ဖြစ်ကုန်၏။ မကိလာသည်လည်းကောင်း၊ သုနန္ဒာသည်လည်းကောင်း မြတ်သောအလုပ်အကျွေး ဒါယိကာမ ‘အဂ္ဂဥပဋ္ဌိကာ’တို့ ဖြစ်ကုန်၏။

၂၂။ အတုမရှိသော ဘုရားရှင်တို့နှင့်သာ တူတော်မူသော ထိုမြတ်စွာဘုရားသည် လည်းအတောင်ရှစ်ဆယ်မြင့်လျက် အင်ကြင်းပင်မင်းကဲ့သို့လည်းကောင်း၊ ပြည့်သော လမင်းကဲ့သို့ လည်းကောင်းတင့်တယ်တော်မူ၏။

၂၃။ ထိုမြတ်စွာဘုရား၏ ကုဋေအရာမက များစွာသော ပြကတေ့သော ရောင်ခြည်တော် တို့သည်အထက်, အောက် အရပ်ဆယ်မျက်နှာတို့၌ တစ်ယူဇနာတိုင်အောင် အခါခပ်သိမ်း ပျံ့နှံ့ကုန်၏။

၂၄။ လူတို့ထက် မြတ်တော်မူသော အလုံးစုံသော သတ္တဝါတို့ထက် မြတ်တော်မူသော (အလုံးစုံကို) သိတော်မူသော စက္ခု (ငါးမျိုး) နှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားသည် လည်းအနှစ်တစ်သိန်းတို့ပတ်လုံး လောက၌ တည်နေတော်မူ၏။

၂၅။ ထိုမြတ်စွာဘုရားသည် လည်း အတုမရှိသော အရောင်အဝါကို ပြ၍ နတ်နှင့် တကွ သော လောက၌ထွန်းလင်းစေပြီးလျှင် ‘မီးစာကုန်ခြင်းကြောင့် ငြိမ်းရသော မီးကဲ့သို့’ အမြဲ မရှိခြင်းသို့ရောက်တော်မူလေပြီ။

၂၆။ အတ္ထဒဿီမြတ်စွာဘုရားသည် အနောမာရာမကျောင်းတိုက်၌ ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ဓာတ်တော်သည်ထိုထိုအရပ်တို့၌ ပျံ့နှံ့လျက် ရှိလေသတည်း။ ။

၁။ အမရဂိရိ၊ သုဂိရိ၊ ဂိရိဝါဟန (အဋ္ဌကထာ)။

၁၈။ ဓမ္မဒဿီဘုရား

၁။ ထိုမဏ္ဍကမ္ဘာ၌ပင်လျှင် များသော အခြံအရံရှိတော်မူသော ဓမ္မဒဿီမြတ်စွာဘုရားသည် (မောဟ) အမိုက်မှောင်ကို ပယ်ဖျောက်၍ နတ်နှင့် တကွသော လောက၌ အလွန်တင့်တယ်တော်မူ၏။

၂။ အတုမရှိ တန်ခိုးကြီးတော်မူသော ထိုမြတ်စွာဘုရား၏ ဓမ္မစကြာကို ဟောတော်မူရာ၌ကုဋေတစ်သိန်းသော လူနတ်ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် ရှေးဦးစွာ (သိခြင်း) ဖြစ်လေ၏။

၃။ အကြင်အခါ ဓမ္မဒဿီမြတ်စွာဘုရားသည် သဉ္ဇယရသေ့ကို ဆုံးမတော်မူ၏၊ ထိုအခါ ကုဋေကိုးဆယ်သော လူနတ်ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် နှစ်ကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၄။ အကြင်အခါ သိကြားမင်းသည် ပရိသတ်နှင့်တကွ မြတ်စွာဘုရား (ထံ) သို့ ချဉ်းကပ် လေ၏၊ ထိုအခါ ကုဋေရှစ်ဆယ်သော လူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် သုံးကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၅။ နတ်ထက်နတ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရား၏ လည်း (ကိလေသာ) အညစ်အကြေး ကင်းကုန်သောငြိမ်သက်သော စိတ်ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးတို့သည်သုံးကြိမ်ဖြစ်ကုန်၏။

၆။ အကြင်အခါ ဓမ္မဒဿီမြတ်စွာဘုရားသည် သရဏမြို့၌ ဝါကပ်တော်မူ၏၊ ထိုအခါ ကုဋေတစ်သိန်းသောရဟန္တာတို့၏ အစည်းအဝေးသည် ပထမအစည်းအဝေး ဖြစ်လေ၏။

၇။ နောက်တစ်ဖန် အကြင်အခါ၌ မြတ်စွာဘုရားသည် နတ်ပြည်မှ လူ့ပြည်သို့ ကြွလာတော်မူ၏၊ ထိုအခါ ၌လည်း ကုဋေတစ်ရာသော ရဟန္တာတို့၏ အစည်းအဝေးသည် နှစ်ကြိမ် မြောက် (အစည်းအဝေး) ဖြစ်လေ၏။

၈။ နောက်တစ်ဖန် အကြင်အခါ၌ မြတ်စွာဘုရားသည် ဓူတင်ဂုဏ်တို့ကို ပြတော်မူ၏၊ ထိုအခါ ကုဋေရှစ်ဆယ်သော ရဟန္တာတို့၏ အစည်းအဝေးသည် သုံးကြိမ်မြောက် (အစည်း အဝေး) ဖြစ်လေ၏။

၉။ ထိုအခါ ငါသည် ရှေး၌ (အလှူကို) လှူခဲ့သော သိကြားမင်း ဖြစ်၏။ (ငါသည် မြတ်စွာဘုရားကို) နတ်၌ ဖြစ်သော နံ့သာပန်းဖြင့်လည်းကောင်း၊ တူရိယာဖြင့်လည်းကောင်း ရိုသေစွာ ပူဇော်ခဲ့၏။

၁၀။ ထိုမြတ်စွာဘုရားသည် လည်း နတ်တို့၏ အလယ်၌ ထိုင်နေ၍ ငါ့ကို ဤသိကြားမင်း သည်ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ ဘုရားဖြစ်လတ္တံ့ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ၏။

၁၁။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုပ်ငန်းကို အားထုတ်၍။ပ။ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)။

၁၂။ ထိုမြတ်စွာဘုရား၏ စကားကိုလည်း ကြားနာရ၍ စိတ်ကို အလွန် ကြည်ညိုစေခဲ့၏၊ ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက်တည်ခဲ့၏။

၁၃။ ဓမ္မဒဿီမြတ်စွာဘုရား၏ မြို့တော်သည် ‘သရဏ’ မည်၏၊ (ခမည်းတော်) မင်းသည် ‘သရဏမင်း’မည်၏၊ မယ်တော်သည် ‘သုနန္ဒာမိဖုရား’ မည်၏။

၁၄။ ထိုဘုရားလောင်းသည် အနှစ်ရှစ်ထောင်တို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) အရဇ, ဝိရဇ, သုဒဿနအားဖြင့် မြတ်သော ပြာသာဒ်သုံးဆောင်တို့ သည်ရှိကုန်၏။

၁၅။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမပေါင်း လေးသောင်းသုံးထောင်၁တို့လည်း ရှိကုန်၏၊ မိဖုရားသည် ‘ဝိစိကောဠိ’ မည်၏၊ သားတော်သည် ‘ပုညဝဎ္ဍန’ မည်၏။

၁၆။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ပြာသာဒ်ဖြင့် တောထွက်တော် မူ၏၊ ခုနစ်ရက်ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လအကျင့်ကို ကျင့်တော်မူ၏။

၁၇။ ကြီးမြတ်သော လုံ့လရှိတော်မူသော လူတို့ထက်မြတ်တော်မူသော ဓမ္မဒဿီမြတ်စွာ ဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည်ဖြစ်၍ မိဂဒါဝုန် (သမင်တော) ၌ ဓမ္မစကြာကို ဟောတော်မူ၏။

၁၈။ ပဒုမသည်လည်းကောင်း၊ ဖုဿဒေဝသည်လည်းကောင်း ဓမ္မဒဿီမြတ်စွာဘုရား၏ မြတ်သောတပည့် ‘အဂ္ဂသာဝက’တို့ ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ အလုပ်အကျွေးသည် ‘သုနေတ္တ’ မည်၏။

၁၉။ ခေမာသည်လည်းကောင်း၊ သစ္စနာမာသည်လည်းကောင်း မြတ်သော တပည့်မ ‘အဂ္ဂသာဝိကာ’တို့ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို သံသတ်ပင်ဟူ၍ ခေါ်ဆို အပ်၏။

၂၀။ သုဘဒ္ဒသည်လည်းကောင်း၊ ကဋိဿဟသည်လည်းကောင်း မြတ်သော အလုပ် အကျွေး ဒါယကာ’အဂ္ဂဥပဋ္ဌက’ တို့ ဖြစ်ကုန်၏။ သာဠိယာသည်လည်းကောင်း၊ ကဠိယာသည် လည်းကောင်း မြတ်သောအလုပ်အကျွေး ဒါယိကာမ ‘အဂ္ဂဥပဋ္ဌိကာ’ တို့ ဖြစ်ကုန်၏။

၂၁။ အတုမရှိသော ဘုရားရှင်နှင့်သာ တူတော်မူသော ထိုမြတ်စွာဘုရားသည် လည်းအတောင်ရှစ်ဆယ်မြင့်လျက် လောကဓာတ်တစ်သောင်း၌ တန်ခိုးဖြင့် အလွန်တင့်တယ်တော်မူ၏။

၂၂။ ထိုမြတ်စွာဘုရားသည် ကောင်းစွာ ပွင့်သော အင်ကြင်းပင်မင်းကဲ့သို့လည်းကောင်း၊ ကောင်းကင်၌လျှပ်စစ်နွယ်ကဲ့သို့လည်းကောင်း၊ နေမွန်းတည့်ချိန်၌ နေမင်းကဲ့သို့လည်းကောင်း ဤအတူအလွန်တင့်တယ်တော်မူလေ၏။

၂၃။ အတုမဲ့ တန်ခိုးရှိတော်မူသော ထိုမြတ်စွာဘုရား၏ အသက်သည် (လူတို့ အသက် နှင့်) အညီအမျှပင်ဖြစ်လေ၏၊ မြတ်စွာဘုရားသည် အနှစ်တစ်သိန်းတို့ပတ်လုံး လောက၌ တည်နေတော်မူ၏။

၂၄။ ထိုမြတ်စွာဘုရားသည် အလင်းရောင်ကို ပြ၍ သာသနာတော်ကို အညစ်အကြေး ကင်းအောင်ပြုပြီးလျှင် ‘ကောင်းကင်၌ ရွေ့လျောသွားသော လမင်းကဲ့သို့’ တပည့်သာဝကနှင့် တကွပရိနိဗ္ဗာန်ပြုတော်မူ၏။

၂၅။ ဓမ္မဒဿီမြတ်စွာဘုရားသည် သာလာရာမကျောင်းတိုက်၌ ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ထိုကျောင်းတိုက်၌ပင် ထိုမြတ်စွာဘုရား၏ စေတီ (ပုထိုး) တော်သည် သုံးယူဇနာမြင့်လျက်တည်ရှိလေသတည်း။ ။

၁။ အဋ္ဌကထာ၌ သာဓိကံ သတသဟဿံ ရှိ၏။

၁၉။ သိဒ္ဓတ္ထဘုရား

၁။ ဓမ္မဒဿီမြတ်စွာဘုရား၏ နောက်အဖို့၌ လူတို့၏ ရှေ့သွား ဖြစ်တော်မူသော သိဒ္ဓတ္ထ မည်သော မြတ်စွာဘုရားသည် ပွင့်တော်မူလေ၏၊ ထိုအခါ ထိုမြတ်စွာဘုရားသည် အလုံးစုံ သော (မောဟ) အမိုက်မှောင်ကို ပယ်ဖျောက်၍ ‘နေမင်းကဲ့သို့’ တက်ထွန်းတော်မူ၏။

၂။ ထိုမြတ်စွာဘုရားသည် လည်း သမ္မာသမ္ဗောဓိဉာဏ်တော်သို့ ရောက်၍ နတ်နှင့် တကွ သော လူတို့ကို ကယ်တင်တော်မူသည်ရှိသော် နတ်နှင့် တကွသော လောကကို ငြိမ်းချမ်းစေ လျက် တရားမိုးဖြင့်ရွာသွန်းတော်မူ၏။

၃။ အတုမရှိသော တန်ခိုးရှိတော်မူသော ထိုမြတ်စွာဘုရား၏ လည်း လူနတ်တို့၏ (သစ္စာ လေးပါးကို) ့သိခြင်းတို့သည်လည်း သုံးကြိမ်ဖြစ်ကုန်၏။ ကုဋေတစ်သိန်းသော လူနတ်ဗြဟ္မာ တို့၏ (သစ္စာလေးပါးကို) သိခြင်းသည် ရှေးဦးစွာ (သိခြင်း) ဖြစ်လေ၏။

၄။ နောက်တစ်ဖန် အကြင်အခါ ဘီမရထမြို့ (ဟိမတိုင်းနိုင်ငံ) ၌ (တရား) စည်ကို တီးတော်မူ၏၊ ထိုအခါ ကုဋေကိုးဆယ်သော လူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် နှစ်ကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၅။ အကြင်အခါ ထိုမြတ်စွာဘုရားသည် ဝေဘာရမြို့တော်၌ တရားကို ဟောတော်မူ၏၊ ထိုအခါ ကုဋေကိုးဆယ်သော လူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် သုံးကြိမ် မြောက် (သိခြင်း) ဖြစ်လေ၏။

၆။ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ထက် မြတ်တော်မူသော ထိုမြတ်စွာဘုရားလက်ထက် တော်၌ (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သော တာဒိဂုဏ်နှင့်ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးတို့သည် သုံးကြိမ် ဖြစ်ကုန်၏။

၇။ ကုဋေတစ်ရာသော ရဟန္တာတို့၏လည်းကောင်း၊ ကုဋေကိုးဆယ်သော ရဟန္တာတို့၏ လည်းကောင်း၊ ကုဋေရှစ်ဆယ်သော ရဟန္တာတို့၏လည်းကောင်း အစည်းအဝေး၌ သုံးပါး သောဤစည်းဝေးခြင်းအကြောင်းအရာတို့သည် ဖြစ်ကုန်၏။

၈။ ထိုအခါ ငါသည် မင်္ဂလမည်သော ရသေ့ဖြစ်၍ ထက်မြက်သော တန်ခိုးရှိသူ၊ (သူတစ်ပါးတို့) မလွှမ်းမိုးနိုင်သူ၊ အဘိညာဉ်စွမ်းအားနှင့် ပြည့်စုံသူ ဖြစ်ခဲ့၏။

၉။ ငါသည် ဇမ္ဗုသပြေပင်မှ အသီးကို ကောင်းစွာ ဆောင်ယူ၍ သိဒ္ဓတ္ထမြတ်စွာဘုရားအား ပေးလှူ၏၊ မြတ်စွာဘုရားသည် ခံယူပြီးလျှင် ဤစကားကို မိန့်တော်မူ၏-

၁၀။ ဆံကျစ်ရှိလျက် အကျင့်ထက်သော ဤရသေ့ကို ရှုကြည့်ကုန်လော့၊ ဤရသေ့သည် ဤကမ္ဘာမှကိုးဆယ့်လေးကမ္ဘာထက်၌ ဘုရား ဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။

၁၁။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုပ်ငန်းကို အားထုတ်၍။ပ။ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)။

၁၂။ ထိုမြတ်စွာဘုရား၏ စကားကို ကြားနာရ၍ စိတ်ကို အလွန်ကြည်ညိုစေခဲ့၏၊ ပါရမီ ဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက်တည်ခဲ့၏။

၁၃။ သိဒ္ဓတ္ထမြတ်စွာဘုရား၏ မြို့တော်သည် ‘ဝေဘာရ’မည်၏၊ (ခမည်းတော်) မင်းသည် ‘ဥဒေနမင်း’၁ မည်၏၊ မယ်တော်သည် ‘သုဖဿာမိဖုရား’ မည်၏။

၁၄။ ထိုဘုရားလောင်းသည် အနှစ်တစ်သောင်းတို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) ကောက, သုပ္ပလ, ကောကနဒအားဖြင့် မြတ်သော ပြာသာဒ်သုံးဆောင် တို့သည်ရှိကုန်၏။

၁၅။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမပေါင်း လေးသောင်းရှစ်ထောင်တို့လည်း ရှိကုန်၏၊ ထို (ဘုရားလောင်း၏) မိဖုရားသည်ကား ‘သောမနဿာ’ မည်၏၊ သားတော်သည် ‘အနူပမ’ မည်၏။

၁၆။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ဝေါယာဉ်ဖြင့် တောထွက်တော် မူ၏၊ မယုတ်မလျော့ ဆယ်လတို့ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လကို အားထုတ်တော် မူ၏။

၁၇။ ကြီးမားသော လုံ့လရှိတော်မူသော လူတို့ထက်မြတ်တော်မူသော သိဒ္ဓတ္ထမြတ်စွာ ဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည်ဖြစ်၍ မိဂဒါဝုန် (သမင်တော) ၌ ဓမ္မစကြာကို ဟောတော်မူ၏။

၁၈။ သမ္ဗလသည်လည်းကောင်း၊ သုမိတ္တသည်လည်းကောင်း သိဒ္ဓတ္ထမြတ်စွာဘုရား၏ မြတ်သော တပည့်’အဂ္ဂသာဝက’ တို့ ဖြစ်ကုန်၏၊ (ထိုမြတ်စွာဘုရား၏ ) အလုပ်အကျွေးသည် ‘ရေဝတ’ မည်၏။

၁၉။ သီဝလာသည်လည်းကောင်း၊ သုရာမာသည်လည်းကောင်း မြတ်သော တပည့်မ ‘အဂ္ဂသာဝိကာ’တို့ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို ‘တောင်ဖက်ဝန်း’ မဟာ လှေကားဟု ခေါ်ဆိုအပ်၏။

၂၀။ သုပ္ပိယသည်လည်းကောင်း၊ သမုဒ္ဒသည်လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယကာ’အဂ္ဂဥပဋ္ဌက’တို့ ဖြစ်ကုန်၏။ ရမ္မာသည်လည်းကောင်း၊ သုရမ္မာသည်လည်းကောင်း မြတ်သောအလုပ်အကျွေး ဒါယိကာမ ‘အဂ္ဂဥပဋ္ဌိကာ’တို့ ဖြစ်ကုန်၏။

၂၁။ ထိုမြတ်စွာဘုရားသည် လည်း အတောင်ခြောက်ဆယ်တိုင်အောင် ကောင်းကင်သို့ မြင့်တက်တော်မူ၏၊ ရွှေတုရိုဏ်တိုင်နှင့် တူလျက် လောကဓာတ်တစ်သောင်း၌ အထူးတင့်တယ်တော်မူ၏။

၂၂။ အတုမရှိသော ဘုရားရှင်တို့နှင့်သာ တူတော်မူသော တုဘက်ပုဂ္ဂိုလ်ရှိတော်မမူသော ပြိုင်ဘက်ပုဂ္ဂိုလ်ရှိတော်မမူသော စက္ခု (ငါးမျိုး) နှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားသည် လည်းလောက၌ အနှစ်တစ်သိန်းတို့ပတ်လုံး တည်နေတော်မူ၏။

၂၃။ ထိုမြတ်စွာဘုရားသည် ပြန့်ပြောသော အလင်းရောင်ကို ပြ၍ တပည့်သာဝကတို့ကို ပွင့်စေပြီးလျှင် မြတ်သော သမာပတ်ဖြင့် တင့်တယ်စံပယ်လျက် တပည့်သာဝကနှင့် တကွ ပရိနိဗ္ဗာန်ပြုတော်မူလေပြီ။

၂၄။ ရဟန်းမြတ်ဖြစ်တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားသည် အနောမာရာမ (ဥယာဉ်) ၌ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ထိုဥယျာဉ်၌ပင် ထိုမြတ်စွာဘုရား၏ စေတီ (ပုထိုး) တော်သည် လေးယူဇနာမြင့်လျက်တည်ရှိလေသတည်း။ ။

၁။ ဇယသေနမင်းလည်း မည်၏ (အဋ္ဌကထာ)။

၂၀။ တိဿဘုရား

၁-၂။ သိဒ္ဓတ္ထမြတ်စွာဘုရား၏ နောက်အဖို့၌ တူသောပုဂ္ဂိုလ် ရှိတော်မမူသော ပြိုင်ဘက်ပုဂ္ဂိုလ်ရှိတော်မမူသော အဆုံးမရှိသော တန်ခိုးရှိတော်မူသော မနှိုင်းယှဉ်နိုင်သော အခြံအရံအကျော်အစောရှိတော်မူသော အစဉ်သနားစောင့်ရှောက်တော်မူတတ်သော ကြီးသောလုံ့လရှိ တော်မူသော စက္ခုငါးမျိုးနှင့် ပြည့်စုံတော်မူသော တိဿမြတ်စွာဘုရားသည် (မောဟ) အမိုက် မှောင်ကို ပယ်ဖျောက်၍နတ်နှင့်တကွသော လောကကို ထွန်းလင်းစေလျက် လောက၌ ပွင့်တော်မူ၏။

၃။ ထိုမြတ်စွာဘုရားအားလည်း အတုမရှိသော တန်ခိုးတော်သည်လည်းကောင်း၊ အတုမရှိ သောသီလတော်, သမာဓိတော်သည်လည်းကောင်း ရှိတော်မူပါပေ၏။ (ထိုမြတ်စွာဘုရား သည်) အလုံးစုံသောတရားတို့၌ အထွတ်အထိပ်သို့ ရောက်၍ ဓမ္မစကြာကို ဟောတော်မူ၏။

၄။ ထိုမြတ်စွာဘုရားသည် လောကဓာတ်တစ်သောင်း၌ စင်ကြယ်သော တရားစကားကိုအထူးသိစေတော်မူ၏၊ ရှေးဦးစွာ (ဓမ္မစကြာ) တရားဟောရာ၌ ကုဋေတစ်ရာသော လူ နတ်ဗြဟ္မာတို့သည် (သစ္စာလေးပါးကို) သိကြကုန်၏။

၅။ ကုဋေကိုးဆယ်သော လူ နတ် ဗြဟ္မာတို့၏ နှစ်ကြိမ်မြောက် သစ္စာလေးပါးကို သိခြင်းသည်လည်းကောင်း၊ ကုဋေခြောက်ဆယ်သော လူ နတ် ဗြဟ္မာတို့၏ သုံးကြိမ်မြောက် (သစ္စာ လေးပါးကို) သိခြင်းသည်လည်းကောင်း ဖြစ်၏။ ထိုအခါ လူ နတ် ဗြဟ္မာသတ္တဝါတို့ကို သံယောဇဉ်အနှောင်အဖွဲ့မှလွတ်စေတော်မူ၏။

၆။ တိဿမြတ်စွာဘုရား၏ (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သောတာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးတို့သည် သုံးကြိမ်တို့ ဖြစ်ကုန်၏။

၇။ ထိုသုံးပါးတို့တွင် တစ်သိန်းသော ရဟန္တာတို့၏ အစည်းအဝေးသည် ပထမအစည်း အဝေး ဖြစ်လေ၏၊ ကိုးသန်းသော ရဟန္တာတို့၏ အစည်းအဝေးသည် နှစ်ကြိမ်မြောက် အစည်းအဝေး ဖြစ်လေ၏။

၈။ (ကိလေသာ) အညစ်အကြေး ကင်းကုန်လျက် အရဟတ္တဖိုလ် ‘ဝိမုတ္တိ’ ဖြင့် ပွင့်ကုန်သော ရှစ်သန်းသောရဟန္တာတို့၏ အစည်းအဝေးသည် သုံးကြိမ်မြောက် အစည်းအဝေး ဖြစ်လေ၏။

၉။ ထိုအခါ ငါသည် သုဇာတမည်သော မင်းဖြစ်၍ များစွာသော မင်းစည်းစိမ်ကို စွန့်ပြီး လျှင်ရသေ့, ရဟန်းအဖြစ်သို့ ဝင်ရောက်ခဲ့၏။

၁၀။ ငါ ရသေ့, ရဟန်းပြုပြီးလတ်သော် မြတ်စွာဘုရားသည် ပွင့်တော်မူလေ၏၊ ”မြတ်စွာဘုရား”ဟူသော အသံကို ကြားရ၍ ငါ့အား နှစ်သက်ခြင်း ‘ပီတိ’ ဖြစ်ပေါ်ခဲ့၏။

၁၁။ ငါသည် နတ်ပြည်၌ ဖြစ်သော မန္ဒာရဝပန်း, ပဒုမ္မာကြာပန်း, ပင်လယ်ကသစ်ပန်း တို့ကို လက်နှစ်ဖက်တို့ဖြင့် ယူပြီးလျှင် (လျှော်တေသင်္ကန်းကို) ခါတွက်လျက် တိဿဘုရားထံ ချဉ်းကပ်ခဲ့၏။

၁၂။ ငါသည် ပန်းကို အမျိုးလေးပါးဖြင့် ခြံရံလျက်ရှိသော မာရ် (ငါးပါး) ကို အောင်တော် မူသော လောက၏ အမြတ်ဆုံး ရှေ့သွားဖြစ်တော်မူသော ထိုတိဿမြတ်စွာဘုရားထံသို့ ဆောင်ယူခဲ့၍ ဦးထိပ်၌ဆောင်းမိုးခဲ့၏။

၁၃။ ထိုအခါ မြတ်စွာဘုရားသည် လည်း လူတို့၏ အလယ်၌ ထိုင်နေ၍ ငါ့ကို ဤရသေ့ သည် ဤကမ္ဘာမှကိုးဆယ့်နှစ်ကမ္ဘာထက်၌ ဘုရားဖြစ်လတ္တံ့ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ၏။

၁၄။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုပ်ငန်းကို အားထုတ်၍။ပ။ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)။

၁၅။ ထိုမြတ်စွာဘုရား၏ စကားကို ကြားနာရ၍ စိတ်ကို အလွန်ကြည်ညိုစေခဲ့၏၊ ပါရမီ ဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက်တည်ခဲ့၏။

၁၆။ တိဿမြတ်စွာဘုရား၏ မြို့တော်သည် ‘ခေမက’ မည်၏၊ (ခမည်းတော်) မင်းသည် ‘ဇနသန္ဓမင်း’မည်၏၊ မယ်တော်သည် ‘ပဒုမာမိဖုရား’ မည်၏။

၁၇။ ထိုဘုရားလောင်းသည် အနှစ်ခုနစ်ထောင်တို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) ဂုဟာသေလ, နာရိသယ, နိသဘအားဖြင့် မြတ်သော ပြာသာဒ်သုံးဆောင်တို့သည် ရှိကုန်၏။

၁၈။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမတို့သည်လည်း သုံးသောင်းတိတိ ရှိကုန်၏၊ (ထိုဘုရားလောင်း၏) မိဖုရားသည် ‘သုဘဒ္ဒါ’ မည်၏၊ သားတော်သည် ‘အာနန္ဒာ’ မည်၏။

၁၉။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ မြင်းယာဉ်ဖြင့် တောထွက်တော် မူ၏၊ မယုတ်မလျော့ ရှစ်လတို့ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လကို အားထုတ်တော်မူ၏။

၂၀။ ကြီးမြတ်သော လုံ့လရှိတော်မူသော တိဿမြတ်စွာဘုရားသည် ဗြဟ္မာမင်းတောင်း ပန်အပ်သည်ဖြစ်၍ယသဝတီဥယျာဉ်တော်၌ ဓမ္မစကြာကို ဟောတော်မူ၏။

၂၁။ ဗြဟ္မဒေဝသည်လည်းကောင်း၊ ဥဒယသည်လည်းကောင်း တိဿမြတ်စွာဘုရား၏ မြတ်သော တပည့်’အဂ္ဂသာဝက’တို့ ဖြစ်ကုန်၏။ (ထိုမြတ်စွာဘုရား) အလုပ်အကျွေးသည် ‘သမင်္ဂ’ မည်၏။

၂၂။ ဖုဿာသည်လည်းကောင်း၊ သုဒတ္တာသည်လည်းကောင်း မြတ်သော တပည့်မ ‘အဂ္ဂသာဝိကာ’တို့ဖြစ်ကုန်၏၊ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို ပိတောက်ပင်ဟူ၍ ခေါ်ဆိုအပ်၏။

၂၃။ သမ္ဗလသည်လည်းကောင်း၊ သိရိမာသည်လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယကာ’အဂ္ဂဥပဋ္ဌက’တို့ ဖြစ်ကုန်၏။ ကိသာဂေါတမီသည်လည်းကောင်း၊ ဥပသေနာသည် လည်းကောင်းမြတ်သော အလုပ်အကျွေး ဒါယိကာမ ‘အဂ္ဂဥပဋ္ဌိကာ’ တို့ ဖြစ်ကုန်၏။

၂၄။ မာရ် (ငါးပါး) ကို အောင်တော်မူသော ထိုမြတ်စွာဘုရားသည် လည်း အမြင့်အားဖြင့်အတောင်ခြောက်ဆယ် ရှိတော်မူ၏၊ မနှိုင်းယှဉ်နိုင်သော ဂုဏ်နှင့် ပြည့်စုံလျက် တူသောပုဂ္ဂိုလ့်ရှိတော်မမူသော ထိုမြတ်စွာဘုရားသည် ‘ဟိမဝန္တာတောင်ကဲ့သို့’ ထင်ရှားတော်မူ၏။

၂၅။ အတုမဲ့ တန်ခိုးရှိတော်မူသော ထိုမြတ်စွာဘုရား၏ အသက်တော်သည်လည်း အမြတ် ဆုံး (မရှည်လွန်း, မတိုလွန်း) ဖြစ်တော်မူ၏၊ မြတ်စွာဘုရားသည် လောက၌ အနှစ်တစ်သိန်း တို့ပတ်လုံးတည်နေတော်မူ၏။

၂၆။ ထိုမြတ်စွာဘုရားသည် အလွန်မြင့်မြတ်၍ အထူးသဖြင့် ချီးမွမ်းအပ်သော များစွာ သော အခြံအရံအကျော်အစောကို ခံစားတော်မူ၍ ‘မီးပုံကြီးကဲ့သို့’ ထွန်းလင်းတောက်ပလျက် တပည့်သာဝကနှင့်တကွပရိနိဗ္ဗာန်စံတော်မူလေပြီ။

၂၇။ ထိုမြတ်စွာဘုရားသည် လေကြောင့် (ကင်းပျောက်ရသော) မိုးတိမ်ကဲ့သို့လည်းကောင်း၊ နေကြောင့် (ချုပ်ပျောက်ရသော) ဆီးနှင်းပေါက်ကဲ့သို့လည်းကောင်း၊ ဆီမီးကြောင့် (ကွယ်ပျောက်ရသော) အမိုက်မှောင်ကဲ့သို့လည်းကောင်း (မမြဲသည့်အဖြစ်ကြောင့်) တပည့် သာဝကနှင့်တကွပရိနိဗ္ဗာန်စံတော်မူလေပြီ။

၂၈။ (သစ္စာလေးပါးကို) သိတော်မူသော တိဿမြတ်စွာဘုရားသည် နန္ဒာရာမကျောင်း တိုက်၌ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ထိုကျောင်းတိုက်၌ပင် ထိုမြတ်စွာဘုရား၏ ဘုရားစေတီ (ပုထိုး) တော်သည်သုံးယူဇနာမြင့်လျက် တည်ရှိလေသတည်း။

၂၁။ ဖုဿဘုရား

၁။ ထိုမဏ္ဍကမ္ဘာ၌ပင် အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်တော်မူသော မနှိုင်းယှဉ်နိုင်သော ဂုဏ်နှင့် ပြည့်စုံတော်မူသော အတုမရှိသော ဘုရားရှင်တို့နှင့်သာ တူတော်မူသော လောက၌ အမြတ် ဆုံး အကြီးအမှူးဖြစ်တော်မူသော ဖုဿမြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၂။ ထိုမြတ်စွာဘုရားသည် လည်း အလုံးစုံသော (မောဟ) အမိုက်မှောင်ကို ပယ်ဖျောက်၍ ကြီးစွာသော (တဏှာ) အရှုပ်အထွေးကို ဖြေရှင်းပြီးလျှင် နတ်နှင့် တကွသော လောကကို နှစ်သိမ့်စေလျက်အမြိုက်ရေစင်ဖြင့် ရွာသွန်းတော်မူလေ၏။

၃။ နက္ခတ်ဟူသော မင်္ဂလာအမည်ရှိသော ဖုဿမြတ်စွာဘုရားသည် (သင်္ကဿမြို့၌) ဓမ္မစကြာကိုဟောတော်မူလတ်သော် ကုဋေတစ်သိန်းသော လူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါး ကို) သိခြင်းသည်ရှေးဦးစွာ (သိခြင်း) ဖြစ်လေ၏။

၄။ ကိုးသန်းသော လူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် နှစ်ကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏၊ ရှစ်သန်းသော လူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် သုံးကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၅။ ဖုဿမြတ်စွာဘုရားအား (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သောတာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးတို့သည်လည်း သုံးကြိမ် ဖြစ်ကုန်၏။

၆။ ခြောက်သန်းသော ရဟန္တာတို့၏ အစည်းအဝေးသည် ရှေးဦးစွာ (အစည်းအဝေး) ဖြစ်လေ၏၊ ငါးသန်းသော ရဟန္တာတို့၏ အစည်းအဝေးသည် နှစ်ကြိမ်မြောက် (အစည်း အဝေး) ဖြစ်လေ၏။

၇။ စွဲလမ်းခြင်းမရှိဘဲ (ကိလေသာမှ) လွတ်မြောက်ကုန်သော ပဋိသန္ဓေကို ဖြတ်တောက် ပြီးကုန်သောလေးသန်းသော ရဟန္တာတို့၏ အစည်းအဝေးသည် သုံးကြိမ်မြောက် (အစည်း အဝေး) ဖြစ်လေ၏။

၈။ ထိုအခါ ငါသည် ဝိဇိတာဝီမည်သော မင်း (ဖြစ်၍) ကြီးကျယ်သော မင်းစည်းစိမ်ကို စွန့်၍ထိုမြတ်စွာဘုရား၏ အထံ၌ ရဟန်းပြုခဲ့၏။

၉။ လောက၌ အမြတ်ဆုံး အကြီးအမှူးဖြစ်တော်မူသော ထိုဖုဿမြတ်စွာဘုရားသည် လည်း ငါ့ကို ဤမင်းသည် ဤကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ဘုရားဖြစ်လတ္တံ့ (ဟု) ဗျာဒိတ်စကားမိန့်ကြားတော်မူ၏။

၁၀။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုပ်ငန်းကို အားထုတ်၍။ပ။ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)။

၁၁။ ငါသည် ထိုမြတ်စွာဘုရား၏ စကားတော်ကို ကြားနာရ၍ စိတ်ကို အလွန်ကြည်ညို စေခဲ့၏၊ ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက်တည်ခဲ့၏။

၁၂။ ငါသည် သုတ္တန်ကိုလည်းကောင်း၊ ဝိနည်းကိုလည်းကောင်း၊ အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရား၏ အဆုံးအမအားလုံးကိုလည်းကောင်း သင်ကြား၍ မြတ်စွာဘုရားသာသနာကို တင့်တယ်စေခဲ့၏။

၁၃။ ငါသည် ထိုမြတ်စွာဘုရားသာသနာတော်၌ မမေ့မလျော့ နေလျက် ဗြဟ္မဝိဟာရ ဘာဝနာကို ပွား၍အဘိညာဉ်တို့၌ အပြီးအဆုံးအထွတ်အထိပ်သို့ ရောက်ပြီးလျှင် ဗြဟ္မာ့ပြည် သို့ ရောက်ခဲ့၏။

၁၄။ ဖုဿမြတ်စွာဘုရား၏ မြို့တော်သည် ‘ကာသိက’ မည်၏၊ (ခမည်းတော်) မင်းသည်’ဇယသေနမင်း’ မည်၏၊ မယ်တော်သည် ‘သိရိမာမိဖုရား’ မည်၏။

၁၅။ ထိုဘုရားလောင်းသည် အနှစ်ကိုးထောင်တို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) ဂရုဠပက္ခ, ဟံသ, သုဝဏ္ဏဘာရအားဖြင့် မြတ်သော ပြာသာဒ်သုံးဆောင် တို့သည်ရှိကုန်၏။

၁၆။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမပေါင်း သုံးသောင်းတို့သည်လည်း ရှိကုန်၏၊ (ထိုဘုရားလောင်း၏) မိဖုရားသည် ‘ကိသာဂေါတမီ’ မည်၏၊ သားတော်သည် ‘အနူပမ’ မည်၏။

၁၇။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ဆင်ယာဉ်ဖြင့် တောထွက်တော် မူ၏၊ ခြောက်လပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လအကျင့်ကို ကျင့်တော်မူ၏။

၁၈။ ကြီးမြတ်သော လုံ့လရှိတော်မူသော လူတို့ထက် မြတ်တော်မူသော ဖုဿမြတ်စွာ ဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည်ဖြစ်၍ မိဂဒါဝုန် (သမင်တော) ၌ ဓမ္မစကြာကို ဟောတော်မူ၏။

၁၉။ သုရက္ခိတသည်လည်းကောင်း၊ ဓမ္မသေနသည်လည်းကောင်း ဖုဿမြတ်စွာဘုရား၏ မြတ်သောတပည့် ‘အဂ္ဂသာဝက’ တို့ ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ အလုပ်အကျွေးသည် ‘သဘိယ’ မည်၏။

၂၀။ စာလာသည်လည်းကောင်း၊ ဥပစာလာသည်လည်းကောင်း မြတ်သော တပည့်မ ‘အဂ္ဂသာဝိကာ’တို့ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို သျှိသျှားပင်ဟူ၍ ခေါ်ဆိုအပ်၏။

၂၁။ ဓနဉ္စယသည်လည်းကောင်း၊ ဝိသာခသည်လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယကာ’အဂ္ဂဥပဋ္ဌက’တို့ ဖြစ်ကုန်၏။ ပဒုမာသည်လည်းကောင်း၊ နာဂါသည်လည်းကောင်း မြတ်သောအလုပ်အကျွေး ဒါယိကာမ ‘အဂ္ဂဥပဋ္ဌိကာ’ တို့ ဖြစ်ကုန်၏။

၂၂။ ထိုမြတ်စွာဘုရားသည် လည်း ငါးဆယ့်ရှစ်တောင်တိုင်အောင် မြင့်လျက် ‘နေမင်းကဲ့သို့လည်းကောင်း၊ ပြည့်သော လမင်းကဲ့သို့လည်းကောင်း’ တင့်တယ်တော်မူ၏။

၂၃။ ထိုအခါ အသက်တမ်းသည် အနှစ်ကိုးသောင်း ရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမျှ လောက်အသက်တည်နေလျက် များစွာသော သတ္တဝါအပေါင်းကို ကယ်တင်တော်မူ၏။

၂၄။ အတုမရှိသော အခြံအရံ အကျော်အစောရှိတော်မူသော ထိုမြတ်စွာဘုရားသည် လည်း များစွာသောသတ္တဝါတို့ကို ဆုံးမ၍ များစွာသော လူတို့ကို ကယ်တင်ပြီးလျှင် တပည့် သာဝကနှင့် အတူတကွပရိနိဗ္ဗာန်ပြုတော်မူလေပြီ။

၂၅။ နတ်လူတို့ကို ဆုံးမတော်မူသော ဖုဿမြတ်စွာဘုရားသည် သေနာရာမကျောင်း တိုက်၌ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ဓာတ်တော်သည် ထိုထိုအရပ်မျက်နှာတို့၌ ပျံ့နှံ့လျက် ရှိလေ သတည်း။

၂၂။ ဝိပဿီဘုရား

၁။ ဖုဿမြတ်စွာဘုရား၏ နောက်အဖို့၌လည်း အခြေနှစ်ချောင်းရှိသူ နတ်လူတို့ထက် မြတ်တော်မူသော စက္ခုငါးမျိုးနှင့် ပြည့်စုံတော်မူသော အမည်အားဖြင့် ”ဝိပဿီ”ဟု ထင်ရှား သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏။

၂။ ထိုမြတ်စွာဘုရားသည် အဝိဇ္ဇာအားလုံးကို ဖျက်ဆီး၍ မြတ်သော ဗောဓိဉာဏ်တော်သို့ရောက်တော်မူလတ်သော် ဓမ္မစကြာကို ဟောခြင်းငှါ ဗန္ဓုမတီမြို့သို့ ကြွသွားတော်မူ၏။

၃။ မြတ်စွာဘုရားသည် ဓမ္မစကြာကို ဟော၍ (ခန္ဓနှင့်တိဿ) နှစ်ဦးတို့ကို (သစ္စာလေးပါး ကို) သိစေတော်မူ၏၊ ရှေးဦးစွာ (နတ်လူတို့၏ သစ္စာလေးပါးကို) သိခြင်းသည် ဂဏန်း (အရေအတွက်) အားဖြင့် မပြောဆိုနိုင်သော သိခြင်း ဖြစ်လေ၏။

၄။ နောက်တစ်ဖန် မနှိုင်းယှဉ်နိုင်သော အခြံအရံ အကျော်အစောရှိတော်မူသော မြတ်စွာ ဘုရားသည် ထိုဗန္ဓုမတီမြို့၌ သစ္စာလေးပါးကို ပြတော်မူ၏၊ (ထိုအခါ ) ရှစ်သောင်းလေးထောင် သောလူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် နှစ်ကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၅။ ရှစ်သောင်းလေးထောင်သော လူအပေါင်းတို့သည် မြတ်စွာဘုရားကို အတုလိုက်၍ ရဟန်းပြုကုန်၏၊ မြတ်စွာဘုရားသည် ကျောင်းတိုက်သို့ ရောက်လာသော ထိုသူတို့အား တရားကို ဟောတော်မူ၏။

၆။ ထိုသူတို့သည်လည်း အလုံးစုံသော အခြင်းအရာအားဖြင့် ဟောတော်မူသော မြတ်စွာ ဘုရားကို မှီ၍တရားမြတ်ကို ကြားနာရကုန်သည်ရှိသော် သစ္စာလေးပါးကို သိကြကုန်၏၊ ထိုသူတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် သုံးကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၇။ ဝိပဿီမြတ်စွာဘုရားအား (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက် သောစိတ်ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးတို့သည် သုံးကြိမ်ဖြစ်ကုန်၏။

၈။ ခြောက်သန်းရှစ်သိန်းသော ရဟန်းတို့၏ အစည်းအဝေးသည် ရှေးဦးစွာ ဖြစ်လေ၏၊ တစ်သိန်းသောရဟန်းတို့၏ အစည်းအဝေးသည် နှစ်ကြိမ်မြောက် အစည်းအဝေး ဖြစ်လေ၏။

၉။ ရှစ်သောင်းသော ရဟန်းတို့၏ အစည်းအဝေးသည် သုံးကြိမ်မြောက် အစည်းအဝေး ဖြစ်လေ၏၊ ထိုရဟန်းအပေါင်းတို့၏ အလယ်၌ မြတ်စွာဘုရားသည် အလွန်တင့်တယ်တော်မူ၏။

၁၀။ ထိုအခါ ငါသည် တန်ခိုးကြီးသော ဘုန်းရှိသော အလင်းရောင်ကို ဆောင်သော အမည်အားဖြင့်’အတုလ’ မည်သော နဂါးမင်း ဖြစ်ခဲ့၏။

၁၁။ ထိုအခါ ငါသည် အကုဋေမက များစွာသော နဂါးတို့ဖြင့် ခြံရံ၍ နတ်၌ ဖြစ်သော တူရိယာတို့ဖြင့်တီးမှုတ်လျက် လောက၏ အမြတ်ဆုံးဖြစ်သော မြတ်စွာဘုရားသို့ ဆည်း ကပ်ခဲ့၏။

၁၂။ ငါသည် လောက၏ အကြီးအမှူးဖြစ်သော ဝိပဿီမြတ်စွာဘုရား (ထံ) သို့ ချဉ်းကပ် ပြီးလျှင် မြတ်စွာဘုရားအား ပင့်ဖိတ်၍ ပတ္တမြား, ပုလဲရတနာတို့ဖြင့် ချယ်စီအပ်သော အလုံးစုံ သောအဆင်တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော ရွှေအင်းပျဉ်ကို လှူဒါန်းခဲ့၏။

၁၃။ ထိုမြတ်စွာဘုရားသည် လည်း သံဃာ့အလယ်၌ ထိုင်နေ၍ ငါ့ကို ဤနဂါးမင်းသည် ဤသာရကမ္ဘာမှကိုးဆယ့်တစ်ကမ္ဘာထက်၌ ဘုရားဖြစ်လတ္တံ့ဟု ဗျာဒိတ်စကား မိန့်ကြားတော် မူ၏။

၁၄။ ထိုအခါ ဘုရားလောင်းသည် ပျော်မွေ့ဖွယ်ကောင်းသော ကပ္ပိလမြို့မှ ထွက်၍ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုံ့လကို အားထုတ်လျက် ပြုနိုင်ခဲသော အကျင့်ကို ပြုကျင့်ပြီးလျှင် ဘုရား ဖြစ်လတ္တံ့။

၁၅။ မြတ်စွာဘုရားသည် ဆိတ်ကျောင်းညောင်ပင်ရင်း၌ ထိုင်နေ၍ ထိုညောင်ပင်ရင်း၌ နို့ဃနာကိုခံယူပြီးလျှင် နေရဉ္ဇရာမြစ်သို့ ချဉ်းကပ်လတ္တံ့။

၁၆။ ထိုမြတ်စွာဘုရားသည် နေရဉ္ဇရာမြစ်ကမ်း၌ နို့ဃနာကို ဘုဉ်းပေးပြီးလျှင် (နတ်တို့) စီရင်အပ်သောမြတ်သော ခရီး (လမ်း) ဖြင့် ဗောဓိပင်ရင်းသို့ ချဉ်းကပ်လတ္တံ့။

၁၇။ ထို့နောက် အတုမရှိသော များသော အခြံအရံရှိသော မြတ်စွာဘုရားသည် ဗောဓိ မဏ္ဍိုင်ကိုလက်ယာရစ်လှည့်ပြီးလျှင် ညောင်ဗုဒ္ဓဟေပင်ရင်း၌ သမ္မာသမ္ဗောဓိဉာဏ်ကို သိလတ္တံ့။

၁၈။ ဤမြတ်စွာဘုရား၏ မယ်တော်ရင်းသည် ‘မာယာ’မည်သော မိဖုရားဖြစ်၍ ခမည်း တော်သည်’သုဒ္ဓေါဒန’မည်သော မင်း ဖြစ်လတ္တံ့၊ ဤမြတ်စွာဘုရား၏ အမည်သည် ‘ဂေါတမ’ ဖြစ်လတ္တံ့။

၁၉။ ကောလိတသည်လည်းကောင်း၊ ဥပတိဿသည်လည်းကောင်း အာသဝေါ မရှိကုန် သောရာဂကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သော တည်တံ့ကုန်သော အမြတ်ဆုံး တပည့်’အဂ္ဂသာဝက’တို့ ဖြစ်ကုန်လတ္တံ့။ အာနန္ဒာမည်သော ရဟန်းသည် အလုပ်အကျွေး ဖြစ်၍ဤမြတ်စွာဘုရားကို လုပ်ကျွေးလတ္တံ့။

၂၀။ ခေမာသည်လည်းကောင်း၊ ဥပ္ပလဝဏ္ဏာသည်လည်းကောင်း အာသဝေါ မရှိကုန်သောရာဂကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သော တည်တံ့ကုန်သော အမြတ်ဆုံးတပည့်မ’အဂ္ဂသာဝိကာ’တို့ ဖြစ်ကုန်လတ္တံ့။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို ညောင်ဗုဒ္ဓဟေဟု ခေါ်ဆို အပ်လတ္တံ့။

၂၁။ စိတ္တသူကြွယ်သည်လည်းကောင်း၊ ဟတ္ထာဠဝကမင်းသားသည်လည်းကောင်း မြတ် သောအလုပ်အကျွေးဒါယကာ ‘အဂ္ဂဥပဋ္ဌက’ တို့ ဖြစ်ကုန်လတ္တံ့။ နန္ဒမာတာသည်လည်းကောင်း၊ ဥတ္တရာသည်လည်းကောင်း မြတ်သော အလုပ်အကျွေးဒါယိကာမ ‘အဂ္ဂဥပဋ္ဌိကာ’ တို့ ဖြစ်ကုန် လတ္တံ့။ မြတ်သော အခြံအရံ အကျော်အစောရှိသော ထိုဂေါတမမြတ်စွာဘုရား၏ အသက်တမ်း သည်တစ်ရာရှိလတ္တံ့ဟု (မိန့်တော်မူ၏)။

၂၂။ ဤစကားကို ကြားနာရ၍။ပ။ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ ဖြစ်ရပါ လိုကုန်၏ (ဟုဆုတောင်းကုန်၏)။

၂၃။ ငါသည် ထိုမြတ်စွာဘုရား၏ စကားကို ကြားနာရ၍ စိတ်ကို အလွန် ကြည်ညိုစေ ခဲ့၏၊ ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက်တည်ခဲ့၏။

၂၄။ ဝိပဿီမြတ်စွာဘုရား၏ မြို့တော်သည် ‘ဗန္ဓုမတီ’ မည်၏၊ (ခမည်းတော်) မင်းသည် ‘ဗန္ဓုမာမင်း’မည်၏၊ မယ်တော်သည် ‘ဗန္ဓုမတီမိဖုရား’ မည်၏။

၂၅။ ထိုဘုရားလောင်းသည် အနှစ်ရှစ်ထောင်တို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) နန္ဒ, သုနန္ဒ, သိရိမာအားဖြင့် မြတ်သော ပြာသာဒ်သုံးဆောင် တို့သည် ရှိကုန်၏။

၂၆။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမပေါင်း လေးသောင်းသုံးထောင်၁တို့သည် လည်းရှိကုန်၏၊ (ထိုဘုရားလောင်း၏) မိဖုရားသည်ကား ‘သုဒဿနာ’ မည်၏၊ သားတော် သည်’သမဝတ္တက္ခန္ဓ’ မည်၏။

၂၇။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ရထားယာဉ်ဖြင့် တောထွက်တော်မူ၏၊ မယုတ်မလျော့ ရှစ်လတို့ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လကို အားထုတ်တော် မူ၏။

၂၈။ ကြီးသော လုံ့လရှိတော်မူသော လူတို့ထက် မြတ်တော်မူသော ဝိပဿီမြတ်စွာ ဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည်ဖြစ်၍ မိဂဒါဝုန် (သမင်တော) ၌ ဓမ္မစကြာကို ဟောတော်မူ၏။

၂၉။ ခဏ္ဍသည်လည်းကောင်း၊ တိဿအမည်ရှိသူသည်လည်းကောင်း ဝိပဿီမြတ်စွာ ဘုရား၏ မြတ်သောတပည့် ‘အဂ္ဂသာဝက’ တို့ ဖြစ်ကုန်၏။ (ထိုမြတ်စွာဘုရား၏ ) အလုပ် အကျွေးသည် ‘အသောက’ မည်၏။

၃၀။ စန္ဒာသည်လည်းကောင်း၊ စန္ဒမိတ္တာသည်လည်းကောင်း မြတ်သော တပည့်မ ‘အဂ္ဂ သာဝိကာ’တို့ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို သခွတ်ပင်ဟူ၍ ခေါ်ဆိုအပ်၏။

၃၁။ ပုနဗ္ဗသုမိတ္တသည်လည်းကောင်း၊ နာဂသည်လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယကာ့’အဂ္ဂဥပဋ္ဌက’ တို့ ဖြစ်ကုန်၏။ သိရိမာသည်လည်းကောင်း၊ ဥတ္တရာသည်လည်းကောင်း မြတ်သောအလုပ်အကျွေး ဒါယိကာမ ‘အဂ္ဂဥပဋ္ဌိကာ’ တို့ ဖြစ်ကုန်၏။

၃၂။ ဝိပဿီမြတ်စွာဘုရားသည် အတောင်ရှစ်ဆယ် မြင့်တော်မူ၏၊ ထိုမြတ်စွာဘုရား၏ ရောင်ခြည်တော်သည် ထက်ဝန်းကျင် ခုနစ်ယူဇနာတိုင်အောင် ပြေးသွား (ကွန့်မြူး) လျက် ရှိ၏။

၃၃။ ထိုအခါ အသက်တမ်းသည် အနှစ်ရှစ်သောင်း ရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမျှ လောက်အသက်တည်နေလျက် များစွာသော သတ္တဝါအပေါင်းကို ကယ်တင်တော်မူ၏။

၃၄။ များစွာသော နတ်လူတို့ကို သံယောဇဉ်အနှောင်အဖွဲ့မှ လွန်မြောက်စေတော်မူ၏၊ ကြွင်းသောပုထုဇဉ်တို့အား လမ်းဟုတ်သည်, လမ်းမဟုတ်သည်ကိုလည်း ဟောကြားတော် မူ၏။

၃၅။ ထိုမြတ်စွာဘုရားသည် အလင်းရောင်ကို ပြ၍ အမြိုက်နိဗ္ဗာန်ကို ဟောပြီးလျှင် ‘မီးပုံကြီးကဲ့သို့’ထွန်းလင်းတောက်ပ၍ တပည့်သာဝကနှင့်တကွ ပရိနိဗ္ဗာန်ပြုတော်မူလေပြီ။

၃၆။ (ထိုမြတ်စွာဘုရား၏ ) မြတ်သော တန်ခိုးတော်သည်လည်းကောင်း၊ မြတ်သော ဘုန်းတော်သည်လည်းကောင်း၊ ပွင့်သော လက္ခဏာတော်သည်လည်းကောင်း ရှိပေ၏။ ထိုအားလုံး သည်ပင်ကွယ်ပျောက်ခဲ့လေပြီ၊ အလုံးစုံသော သင်္ခါရတို့သည် အချည်းနှီးတို့သာ ဖြစ်ကုန် သည် မဟုတ်ပါလော။

၃၇။ (သစ္စာလေးပါးကို) သိတော်မူသော ဝိပဿီမြတ်စွာဘုရားသည် သုမိတ္တာရာမကျောင်း တိုက်၌ပရိနိဗ္ဗာန်ပြုတော်မူလေ၏၊ ထိုကျောင်းတိုက်၌ပင် ထိုမြတ်စွာဘုရား၏ စေတီ (ပုထိုး) တော်သည်ခုနစ်ယူဇနာမြင့်လျက် တည်ရှိလေသတည်း။ ။

(အဋ္ဌကထာ)။

၂၃။ သိခီဘုရား

၁။ ဝိပဿီမြတ်စွာဘုရား၏ နောက်အဖို့၌ ကိုယ်တိုင် (အလုံးစုံသော တရားတို့ကို ) သိတော်မူသော အခြေနှစ်ချောင်းရှိသူ နတ်လူတို့ထက် မြတ်တော်မူသော အတုမရှိ, ပြိုင်ဘက် ကင်းသောပုဂ္ဂိုလ်ဖြစ်တော်မူသော သိခီမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူလေ၏။

၂။ (ထိုမြတ်စွာဘုရားသည် ) မာရ်စစ်သည်ကို နှိမ်နင်း၍ မြတ်သော ဗောဓိဉာဏ်သို့ ရောက်သည်ဖြစ်၍သတ္တဝါတို့ကို အစဉ်သနားစောင့်ရှောက်ခြင်းငှါ ဓမ္မစကြာကို ဟောတော် မူ၏။

၃။ မာရ်ငါးပါးကို အောင်တော်မူ၍ ရှေ့သွားဖြစ်တော်မူသော သိခီမြတ်စွာဘုရားသည် ဓမ္မစကြာကိုဟောတော်မူသည်ရှိသော် ကုဋေတစ်သိန်းသော လူ နတ် ဗြဟ္မာတို့၏ (သစ္စာ လေးပါးကို) သိခြင်းသည်ရှေးဦးစွာ (သိခြင်း) ဖြစ်လေ၏။

၄။ နောက်၌လည်း မြတ်သော ဂိုဏ်းသံဃာရှိတော်မူသည်ဖြစ်၍ လူတို့ထက်မြတ်တော် မူသော မြတ်စွာဘုရားသည် တရားကို ဟောတော်မူသည်ရှိသော် ကုဋေကိုးသောင်းသော လူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် နှစ်ကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၅။ မြတ်စွာဘုရားသည် နတ်နှင့်တကွသော လောက၌ (ရေ မီး) အစုံအစုံဟူသော တန်ခိုး ပြာဋိဟာကိုပြတော်မူလတ်သော် ကုဋေရှစ်သောင်းသော လူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါး ကို) သိခြင်းသည်သုံးကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၆။ သိခီမြတ်စွာဘုရား၏ လည်း (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက် သောစိတ်ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးတို့သည် သုံးကြိမ့်ဖြစ်ကုန်၏။

၇။ (ထိုသုံးကြိမ်တို့တွင်) တစ်သိန်းသော ရဟန်းတို့၏ အစည်းအဝေးသည် ပထမ အစည်းအဝေးဖြစ်လေ၏၊ ရှစ်သောင်းသော ရဟန်းတို့၏ အစည်းအဝေးသည် နှစ်ကြိမ် မြောက်အစည်းအဝေးဖြစ်လေ၏။

၈။ ခုနစ်သောင်းသော ရဟန်းတို့၏ အစည်းအဝေးသည် သုံးကြိမ်မြောက်အစည်းအဝေး ဖြစ်လေ၏၊ (ထိုအစည်းအဝေးသည်) ရေ၌ ကြီးပွားသော ပဒုမ္မာကြာကဲ့သို့ (လောကဓံတို့ဖြင့်) လိမ်းကျံခြင်း မရှိပေ။

၉။ ငါသည် ထိုအခါ အရိန္ဒမမည်သော မင်းဖြစ်၍ မြတ်စွာဘုရားအမှူးရှိသော သံဃာ တော်ကိုဆွမ်းအဖျော်ဖြင့် နှစ်သိမ့်ရောင့်ရဲစေ၏။

၁၀။ ငါသည် ကောင်းမွန်သော အဝတ်ပုဆိုးပေါင်း ကုဋေများစွာကို လှူဒါန်းပြီးလျှင် တန်ဆာဆင်အပ်သောဆင်ယာဉ်ကိုလည်း မြတ်စွာဘုရားအား ပေးလှူခဲ့၏။

၁၁။ ငါသည် ဆင်ယာဉ် (ပမာဏ) ကို နှိုင်းချိန်၍ အပ်စပ်သော ဘဏ္ဍာကို ဆက်ကပ် လှူဒါန်းခဲ့၏၊ မြဲမြံတည်တံ့သော ငါ၏ စိတ်ကို ပီတိဖြင့် အမြဲပြည့်စေခဲ့၏။

၁၂။ လောက၌ မြတ်သော အကြီးအမှူးဖြစ်တော်မူသော ထိုသိခီမြတ်စွာဘုရားသည် လည်း ငါ့ကိုဤမင်းသည် ဤကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ဘုရား ဖြစ်လတ္တံ့ဟု ဗျာဒိတ်စကားမိန့်ကြားတော်မူ၏။

၁၃။ ထိုအခါ ပျော်မွေ့ဖွယ် ကောင်းသော ကပိလမြို့မှ ထွက်၍။ပ။ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)။

၁၄။ ငါသည် ထိုမြတ်စွာဘုရား၏ စကားကို ကြားနာရ၍ စိတ်ကို အလွန်ကြည်ညိုစေခဲ့၏၊ ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက်တည်ခဲ့၏။

၁၅။ သိခီမြတ်စွာဘုရား၏ မြို့တော်သည် ‘အရုဏဝတီ’မည်၏၊ (ခမည်းတော်) မင်းသည်’အရုဏမင်း’မည်၏၊ မယ်တော်သည် ‘ပဘာဝတီမိဖုရား’မည်၏။

၁၆။ ထိုဘုရားလောင်းသည် အနှစ်ခုနစ်ထောင်တို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) သုစန္ဒက, ဂိရိ, ဝသဘ၁အားဖြင့် မြတ်သော ပြာသာဒ်သုံးဆောင်တို့ သည်ရှိကုန်၏။

၁၇။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမတို့သည် နှစ်သောင်းလေးထောင် ရှိကုန်၏၊ (ထိုဘုရားလောင်း၏) မိဖုရားသည် ‘သဗ္ဗကာမာ’ မည်၏၊ သားတော်သည် ‘အတုလ’ မည်၏။

၁၈။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ဆင်ယာဉ်ဖြင့် တောထွက်တော် မူ၏၊ ရှစ်လပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လအကျင့်ကို ကျင့်တော်မူ၏။

၁၉။ ကြီးသော လုံ့လရှိတော်မူ၍ လောက၌ မြတ်သော အကြီးအမှူးဖြစ်တော်မူသော လူတို့ထက်မြတ်သော သိခီမြတ်စွာဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည်ဖြစ်၍ မိဂဒါဝုန် (သမင်တော) ၌ဓမ္မစကြာကို ဟောတော်မူ၏။

၂၀။ အဘိဘူသည်လည်းကောင်း၊ သမ္ဘဝသည်လည်းကောင်း သိခီမြတ်စွာဘုရား၏ မြတ် သော တပည့်’အဂ္ဂသာဝက’ တို့ ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ အလုပ်အကျွေးသည် ‘ခေမင်္ကရ’မည်၏။

၂၁။ သခိလာသည်လည်းကောင်း၊ ပဒုမာသည်လည်းကောင်း မြတ်သော တပည့်မ ‘အဂ္ဂသာဝိကာ’တို့ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို သရက်ဖြူပင်ဟူ၍ ခေါ်ဆို အပ်၏။

၂၂။ သိရိဝဎ္ဍသည်လည်းကောင်း၊ နန္ဒသည်လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယကာ’အဂ္ဂဥပဋ္ဌက’ တို့ ဖြစ်ကုန်၏။ စိတ္တာသည်လည်းကောင်း၊ သုဂုတ္တာသည်လည်းကောင်း မြတ်သောအလုပ်အကျွး ဒါယိကာမ ‘အဂ္ဂဥပဋ္ဌိကာ’ တို့ ဖြစ်ကုန်၏။

၂၃။ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာနှင့် ပြည့်စုံသော ထိုမြတ်စွာ ဘုရားသည် အမြင့်အားဖြင့် အတောင်ခုနစ်ဆယ် မြင့်လျက် ရွှေတုရိုဏ်တိုင်နှင့် တူတော်မူ၏။

၂၄။ ထိုမြတ်စွာဘုရား၏ ကိုယ်မှ တစ်လံမျှလောက်သော ရောင်ခြည်တော်သည် နေ့ညဉ့် ပတ်လုံးမပြတ်ထွက်လျက် ရှိ၏၊ (ထိုရောင်ခြည်တို့သည်) အရပ်မျက်နှာတိုင်းသို့ သုံးယူဇနာ တိုင်အောင် ထွက်ကြွ (ကွန့်မြူး)ကုန်၏။

၂၅။ ထိုမြတ်စွာဘုရား၏ အသက်တမ်းသည် အနှစ်ခုနှစ်သောင်း ရှိ၏၊ ထိုမြတ်စွာဘုရား သည်ထိုမျှလောက် အသက်တည်နေလျက် များစွာသော သတ္တဝါအပေါင်းကို ကယ်တင်တော်မူ၏။

၂၆။ ထိုမြတ်စွာဘုရားသည် တရားမိုးကို ရွာသွန်း၍ နတ်နှင့် တကွသော သတ္တဝါတို့ကို ဆွတ်ဖျန်းလျက်ဘေးကင်းရာ နိဗ္ဗာန်သို့ ရောက်စေပြီးလျှင် တပည့်သာဝကနှင့် တကွ ပရိနိဗ္ဗာန်ပြုတော်မူလေ၏။

၂၇။ (ထိုမြတ်စွာဘုရား၏ ) ပြည့်စုံသော လက္ခဏာတော်ငယ် ရှစ်ဆယ်သည်လည်းကောင်း၊ ယောက်ျားမြတ်တို့၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်သည်လည်းကောင်း ထိုအားလုံးပင်ကွယ်ပျောက်ခဲ့လေပြီ။ အလုံးစုံသော သင်္ခါရတို့သည် အချည်းနှီးတို့သာ ဖြစ်ကုန်သည် မဟုတ် ပါလော။

၂၈။ သစ္စာလေးပါးကို သိတော်မူသော သိခီမြတ်စွာဘုရားသည် အဿာရာမကျောင်း တိုက်၌ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ထိုကျောင်းတိုက်၌ပင် ထိုမြတ်စွာဘုရား၏ စေတီ (ပုထိုး) တော် သည်သုံးယူဇနာမြင့်လျက် တည်ရှိလေသတည်း။

၁။ သုစန္ဒကသိရိ ဂိရိယသ နာရိဝသဘ (အဋ္ဌကထာ)။

၂၄။ ဝေဿဘူဘုရား

၁။ ထိုမဏ္ဍကမ္ဘာ၌ပင်လျှင် တူသောသူ ရှိတော်မမူသော ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော် မမူသော အမည်အားဖြင့် ဝေဿဘူ မည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏။

၂။ ထိုအခါ အနှောင်အဖွဲ့ကို ဖြတ်တောက်၍ သွားသော ဆင်ပြောင်ကြီးကဲ့သို့ ထိုမြတ်စွာဘုရားသည် ရာဂမီးဖြင့် တောက်လောင်လျက်ရှိသော တဏှာတို့၏ နိုင်ငံ ကို ဖြတ်၍ မြတ်သော ဗောဓိဉာဏ်သို့ ရောက်တော်မူလေ၏။

၃။ ဝေဿဘူမြတ်စွာဘုရားသည် ဓမ္မစကြာကို ဟောတော်မူသည်ရှိသော် ကုဋေ ရှစ်သောင်းသော လူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် ရှေးဦးစွာ သိခြင်း ဖြစ်လေ၏။

၄။ လောက၏ အကြီးအမှူးဖြစ်သော လူတို့ထက်မြတ်သော မြတ်စွာဘုရားသည် တိုင်း နိုင်ငံ၌ ဒေသစာရီ လှည့်လည်တော်မူလတ်သော် ကုဋေခုနစ်သောင်းသော လူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် နှစ်ကြိမ်မြောက် သိခြင်း ဖြစ်လေ၏။

၅။ ထိုမြတ်စွာဘုရားသည် ကြီးစွာသော မိစ္ဆာအယူကို ပယ်ဖျောက်လျက် တန်ခိုး ပြာဋိဟာကို ပြုတော်မူ၏၊ ထိုအခါ နတ်နှင့်တကွသော လောကဓာတ်တစ်သောင်း၌ အညီအညွတ် စည်းဝေး ရောက်လာသော လူ နတ်တို့သည်-

၆။ ကြက်သီးမွေးညင်း ထစေတတ်သော မဖြစ်စဖူးဖြစ်သော ကြီးစွာသော အံ့ဩ ဖွယ်ကို တွေ့မြင်ကုန်သည်ရှိသော် ကုဋေခြောက်ဆယ်သော လူ နတ် ဗြဟ္မာတို့ သည် (သစ္စာလေးပါးကို) သိကြကုန်၏။

၇။ ဝေဿဘူမြတ်စွာဘုရားအား (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက်သောစိတ်ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးတို့သည် သုံးကြိမ်တို့ဖြစ်ကုန်၏။

၈။ ထိုသုံးပါးတို့တွင် ကုဋေရှစ်သောင်းသော ရဟန္တာတို့၏ အစည်းအဝေးသည် ရှေးဦးစွာ (အစည်းအဝေး) ဖြစ်လေ၏၊ ခုနစ်သောင်းသော ရဟန္တာတို့၏ အစည်း အဝေးသည် နှစ်ကြိမ်မြောက် (အစည်းအဝေး) ဖြစ်လေ၏။

၉။ မြတ်စွာဘုရား၏ တပည့်သား ဖြစ်ကုန်သော အိုခြင်းစသော ဘေးကို ကြောက် ကုန်သော ခြောက်သောင်းသော ရဟန္တာတို့၏ အစည်းအဝေးသည် သုံးကြိမ် မြောက် (အစည်းအဝေး) ဖြစ်လေ၏။

၁၀။ ထိုအခါ ငါသည် သုဒဿနမည်သောမင်း (ဖြစ်၍) မြတ်စွာဘုရားကို ပင့်ဖိတ် ပြီးလျှင် အဖိုးများစွာထိုက်သော (ကျောင်း) အလှူကို လှူ၍ သံဃာနှင့်တကွသော မြတ်စွာဘုရားကို ဆွမ်း အဖျော်ဖြင့် လည်းကောင်း၊ အဝတ်သင်္ကန်းဖြင့် လည်း ကောင်း ပူဇော်ခဲ့၏။

၁၁။ အတုမရှိသော ထိုမြတ်စွာဘုရားသည် ဟောတော်မူအပ်သော မွန်မြတ်သော ဓမ္မစကြာ တရားတော်ကို နာကြားရ၍ ရဟန်းအဖြစ်ကို အလွန်နှစ်သက်ခဲ့၏။

၁၂။ ငါသည် ညဥ့်နေ့ပတ်လုံး မပျင်းမရိဘဲ ကြီးစွာသော အလှူကို ဖြစ်စေပြီးလျှင် ရဟန်းအဖြစ်သည်ဂုဏ်နှင့် ပြည့်စုံ၏၊ (ဂုဏ်ရှိ၏ဟု သိ၍) မြတ်စွာဘုရား အထံ၌ ရဟန်းပြု ခဲ့၏။

၁၃။ ငါသည် သဗ္ဗညုတဉာဏ်ကို ရှာမှီးစဉ် အကျင့်ဂုဏ်တို့နှင့် ပြည့်စုံသူဖြစ်၍ ကျင့်ဝတ် သီလတို့၌ ဆောက်တည်လျက် မြတ်စွာဘုရား သာသနာတော်၌ ပျော်မွေ့ခဲ့၏။

၁၄။ ငါသည် ကြည်ညိုခြင်း နှစ်သက်ခြင်းသို့ ကပ်ရောက်၍ ဆရာဖြစ်သော မြတ်စွာဘုရားကို ရှိခိုးခဲ့၏၊ သမ္မာသမ္ဗောဓိဉာဏ်၏ အကြောင်းကြောင့်သာလျှင် နှစ်သက်ခြင်း {ပီတိ} သည် ငါ့အား ဖြစ်ပေါ်ခဲ့ပေ၏။

၁၅။ မြတ်စွာဘုရားသည်(ငါ၏)မဆုတ်နစ်သောစိတ်ကိုသိ၍ ဤမင်းသည် ဤကမ္ဘာ မှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ဘုရားဖြစ်လတ္တံ့ဟု ဤစကားကို မိန့်တော်မူ၏။

၁၆။ ထိုအခါ မွေလျော့်ဖွယ် ကောင်းသော ကပိလမြို့မှ။ပ။ ဤဂေါတမ မြတ်စွာ ဘုရား၏ မျက်မှောက်၌ ဖြစ်ရပါလိုကုန်၏ ဟု ဆုတောင်းကုန်၏။

၁၇။ ငါသည် ထိုမြတ်စွာဘုရား၏ စကားကို ကြားနာရ၍ စိတ်ကို အလွန်ကြည်ညို စေခဲ့၏၊ ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက် တည်ခဲ့၏။

၁၈။ ဝေဿဘူမြတ်စွာဘုရား၏ မြို့တော်သည် အနောမ မည်၏၊ (ခမည်းတော်) မင်းသည် သုပ္ပတီတမင်း မည်၏၊ မယ်တော်သည် ယသဝတီမိဖုရား မည်၏။

၁၉။ ထိုဘုရားလောင်းသည် အနှစ်ခြောက်ထောင်တို့ ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) ရုစိ သုရုစိ ရတိဝဎ္ဍနအားဖြင့် မြတ်သော ပြာသာဒ် သုံးဆောင် တို့သည် ရှိကုန်၏။

၂၀။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမတို့သည် မယုတ်မလျော့ သုံးသောင်း (တိတိ) ရှိကုန်၏၊ ထိုဘုရားလောင်း၏ မိဖုရားသည်ကား သုစိတ္တာ မည်၏၊ သားတော်သည် သုပ္ပဗုဒ္ဓ မည်၏။

၂၁။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ဝေါယာဉ်ဖြင့် တောထွက် တော်မူ၏၊ ခြောက်လပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လအကျင့်ကို ကျင့်တော် မူ၏။

၂၂။ ကြီးမြတ်သော လုံ့လရှိသော လူတို့ထက် မြတ်သော လောက၏ ရှေ့သွားဖြစ် သော ဝေဿဘူ မြတ်စွာဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည်ဖြစ်၍ အရုဏာရာမကျောင်းတိုက်၌ ဓမ္မစကြာကို ဟောတော်မူ၏။

၂၃။ သောဏသည် လည်းကောင်း၊ ဥတ္တရသည် လည်းကောင်း ဝေဿဘူမြတ်စွာ ဘုရား၏ မြတ်သော တပည့် အဂ္ဂသာဝက တို့ ဖြစ်ကုန်၏၊ (ထိုမြတ်စွာဘုရား၏ ) အလုပ်အကျွေးသည် {ဥပသန္တ}မည်၏။

၂၄။ ရာမာသည်လည်းကောင်း၊ သမာလာသည်လည်းကောင်း မြတ်သော တပည့်မ အဂ္ဂသာဝိကာ တို့ ဖြစ်ကုန်၏၊ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို ကြီးသော အင်ကြင်းပင်ဟူ၍ ခေါ်ဆိုအပ်၏။

၂၅။ သောတ္ထိကသည် လည်းကောင်း၊ ရမ္ဘသည် လည်းကောင်း မြတ်သော အလုပ် အကျွေး ဒါယကာ အဂ္ဂဥပဋ္ဌက တို့ ဖြစ်ကုန်၏။ ဂေါတမီသည် လည်းကောင်း၊ သိရိမာသည်လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယိကာမ အဂ္ဂဥပဋ္ဌိကာ တို့ ဖြစ်ကုန်၏။

၂၆။ ထိုမြတ်စွာဘုရားသည် အတောင်ခြောက်ဆယ် မြင့်လျက် ရွှေတိုင်နှင့် တူတော်မူ၏၊ ညဥ့်အချိန်ဝယ်တောင်ထိပ်၌ မီးလျှံကဲ့သို့ ရောင်ခြည်တော်သည် ကိုယ်မှ ပြေးသွား (ကွန့်မြူး) လျက် ရှိပေ၏။

၂၇။ ထိုမြတ်စွာဘုရား၏ အသက်သည် အနှစ်ခြောက်သောင်းရှိ၏၊ ထိုမြတ်စွာ ဘုရားသည် ထိုမျှလောက် အသက်တည်နေလျက် များစွာသော သတ္တဝါအပေါင်း ကို ကယ်တင်တော်မူ၏။

၂၈။ ထိုမြတ်စွာဘုရားသည် တရားကို ပျံ့နှံ့အောင် ပြုတော်မူလျက် များစွာသော လူအပေါင်းကို ဝေဖန်၍ တရားတည်းဟူသော လှေကို ထားခဲ့ပြီးလျှင် တပည့် သာဝကနှင့်တကွ ပရိနိဗ္ဗာန် ပြုတော် မူလေ၏။

၂၉။ ဖူးမြော်ထိုက်သော မြတ်စွာဘုရားနှင့်တကွ တပည့်သာဝကသည် လည်း ကောင်း၊ (ထိုမြတ်စွာဘုရား၏) ဣရိယာပုထ်မျှရာ ကျောင်းတိုက်သည် လည်း ကောင်း ထိုအားလုံးသည်ပင် ကွယ်ပျောက်ခဲ့လေပြီ။ အလုံးစုံသော သင်္ခါရတို့သည် အချည်းနှီးတို့သာ ဖြစ်ကုန်သည် မဟုတ်ပါလော။

၃၀။ နတ်လူတို့၏ ဆရာဖြစ်သော ဝေဿဘူမြတ်စွာဘုရားသည် ခေမာရာမ ကျောင်းတိုက်၌ ပရိနိဗ္ဗာန် ပြုတော်မူလေ၏၊ ဓာတ်တော်သည် ထိုထို အရပ်မျက်နှာ တို့၌ ပျံ့နှံ့လျက် ရှိလေသတည်း။

၂၅။ ကကုသန်ဘုရား

ဘုရားငါးဆူပွင့်ရာ ဤ ဘဒ္ဒကမ္ဘာအတွင်း ပွင့်တော်မူခဲ့ပြီးသော ဘုရားလေးဆူအနက် ပထမဦးဆုံး ပွင့်တော်မူသော ဘုရားရှင်ဖြစ်သည်။

ခေမံပြည်မှ အဂ္ဂိဒတ္ထပုဏ္ဏားနှင့် ဝိသာခါပုဏ္ဏားမတို့၏သားဖြစ်။ အရွယ်ရောက်သော် သင့်မြတ်သော သတို့သမီးနှင့် လက်ထပ်ထိမ်းမြား၏၊ သားတော်ဥတ္တရကို ဖွားမြင်ပြီးနောက် လောကီ စည်းစိမ်ကို စွန့်ပယ်ကာ တောထွက်တော်မူသည်။ ရှစ်လ-ကာမ~ ဒုက္ကရစရိယာ ကျင့်တော်မူပြီးနောက် ကိုက္ကိုဗောဓိပင်ရင်းဝယ် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူသည်။ ထိုမြတ်စွာဘုရား၏ အဂ္ဂသာဝက တပည့်နှစ်ပါးကား ရှင်ဝိဓူရနှင့် ရှင်သိဉ္စီဝတို့ဖြစ်သည်။ အလုပ် အကြွေး (တပည့်)ကား ရှင်ဗဒ္ဓိဇော ဖြစ်သည်။ ထိုမြတ်စွာဘုရား၏ ဉာဏ်တော်အမြင့်သည် အတောင် လေးဆယ် ဖြစ်၏၊ သက်တော် အနှစ်သုံးသောင်း နှစ်ထောင်တွင် ခေမာရုံတွင် ပရိနိဗ္ဗာန်စံတော်မူရာ ကြွင်းသောဓာတ်တော်အစုကို ဌာပနာ၍ တစ်ဂါဝုတ် မြင့်သော စေတီတော်ကို တည်ထားကိုးကွယ်ကြသည်။ ထိုခေတ်ထိုအခါက လူတို့၏သက်တမ်းမှာ နှစ်ပေါင်း ၄ သောင်းဖြစ်သည်။

၂၆။ ကောဏဂုံဘုရား

၁။ ကကုသန်မြတ်စွာဘုရား၏ နောက်အဖို့၌ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော အခြေနှစ်ချောင်းရှိသူ နတ်လူတို့ထက် မြတ်တော်မူသော လောက၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်တော်မူသော ကောဏာဂုံမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူလေ၏။

၂။ ထိုမြတ်စွာဘုရားသည် ပါရမီ တရားဆယ်ပါးတို့ကို ဖြည့်ကျင့်၍ ဘဝခရီးခဲကို လွန်မြောက်တော်မူလေ၏၊ (ကိလေသာ) အညစ်အကြေး အားလုံးကို မျှော၍ မြတ်သော ဗောဓိဉာဏ်သို့ ရောက်တော်မူလေ၏။

၃။ ကောဏာဂုံမြတ်စွာဘုရားသည် ဓမ္မစကြာကို ဟောတော်မူသည်ရှိသော် ကုဋေသုံးသောင်းသော လူနတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် ရှေးဦးစွာ (သိခြင်း) ဖြစ်လေ၏။

၄။ သူတစ်ပါးတို့၏ အယူဝါဒကို နှိမ်နင်းလျက် တန်ခိုးပြာဋိဟာကို ပြတော်မူသည် ရှိသော် ကုဋေနှစ်သောင်းသော လူနတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်း သည် နှစ်ကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၅။ ထို့နောက် မြတ်စွာဘုရားသည် (တန်ခိုး) အမျိုးမျိုး ဖန်ဆင်းခြင်းကို ပြုပြီးလျှင် တာဝတိံသာနတ်ပြည်သို့ ကြွသွားတော်မူ၏၊ ထိုနတ်ပြည်တွင် မြတ်စွာဘုရားသည် ပဏ္ဍုကမ္ဗလာကျောက်ဖျာ၌ (သီတင်းသုံး)နေတော်မူ၏။

၆။ ထိုမြတ်စွာဘုရားသည် (အဘိဓမ္မာ) ခုနစ်ကျမ်းတို့ကို ဟောတော်မူလျက် မိုးလပတ် လုံးနေတော်မူ၏၊ (ထိုအခါ) ကုဋေတစ်သောင်းသော နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် သုံးကြိမ်မြောက်(သိခြင်း) ဖြစ်လေ၏။

၇။ နတ်ထက် နတ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရား၏လည်း (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးသည် တစ်ကြိမ်သာ ဖြစ်လေ၏။ ၈။ ထိုအခါ (ထိုအစည်းအဝေးသည်) ဩဃလေးပါးတို့ကို လွန်မြောက်လျက် သေခြင်းကို ဖျက်ဆီးပြီးကုန်သော သုံးသောင်းသော ရဟန္တာတို့၏ အစည်းအဝေး သည် ဖြစ်လေ၏။

၉။ ထိုအခါ ငါသည် မိတ်ဆွေအမတ်တို့နှင့် ပြည့်စုံလျက် စစ်သည် ဗိုလ်ပါ များစွာရှိ သော ပဗ္ဗတမည်သော မင်းဖြစ်ခဲ့၏။

၁၀။ ငါသည် မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ သွား၍ တရားတော်ကို နာကြားပြီး သည် ရှိသော် မြတ်စွာဘုရားနှင့်တကွသော သံဃာကို ပင့်ဖိတ်လျက် အလိုရှိတိုင်း အလှူကို ပေးလှူပြီးလျှင် –

၁၁။ မြတ်စွာဘုရားနှင့် တပည့်သာဝကတို့အား ပဋ္ဋုဏ္ဏတိုင်းဖြစ် အထည် စိန့်တိုင်း ဖြစ် အထည်ကို လည်းကောင်း၊ ပိုးထည် ကမ္ဗလာ (သက္ကလတ်) ထည်ကို လည်းကောင်း၊ ရွှေခြေနင်းကို လည်းကောင်း ပေးလှူခဲ့၏။

၁၂။ ထိုမြတ်စွာဘုရားသည်လည်း သံဃာ့အလယ်၌ ထိုင်နေ၍ ငါ့ကို ဤမင်းသည် ဤ ဘဒ္ဒကမ္ဘာ၌ပင် ဘုရား ဖြစ်လတ္တံ့ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ၏။

၁၃။ ထိုအခါ ပျော်မွေ့ဖွယ်ကောင်းသော ကပိလမြို့မှ ထွက်၍။ပ။ ဤ(ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)။

၁၄။ (ငါသည်) မြတ်စွာဘုရား၏ စကားကို ကြားနာရ၍ စိတ်ကို အလွန်ကြည်ညို စေခဲ့၏၊ ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက် တည် ခဲ့၏။

၁၅။ ငါသည် သဗ္ဗညုတဉာဏ်ကို ရှာမှီးစဉ် မြတ်စွာဘုရားအား အလှူကို ပေးလှူ၍ ကြီးကျယ်သော မင်းစည်းစိမ်ကို စွန့်ပြီးလျှင် မြတ်စွာဘုရားအထံ၌ ရဟန်းပြုခဲ့၏။

၁၆။ (ကောဏာဂုံမြတ်စွာဘုရား၏) မြို့တော်သည် {သောဘဝတီ} မည်၏၊ မင်းသည် {သောဘ} အမည် ရှိသူဖြစ်၏၊ ထိုမြို့၌ မြတ်စွာဘုရား၏ ဆွေတော် မျိုးတော် အပေါင်းသည် နေ၏။

၁၇။ နတ် လူတို့၏ ဆရာဖြစ်တော်မူသော ကောဏာဂုံ မြတ်စွာဘုရား၏ ခမည်း တော်သည် {ယညဒတ္တပုဏ္ဏား} ဖြစ်၏၊ မယ်တော်သည် {ဥတ္တရာ}မည်၏။

၁၈။ ထိုဘုရားလောင်းသည် အနှစ်သုံးထောင်တို့ပတ်လုံး နန်းတော်ကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) တုသိတ သန္တုသိတ သန္တုဋ္ဌအားဖြင့် မြတ်သော ပြာသာဒ် သုံးဆောင်တို့သည် ရှိကုန်၏။

၁၉။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမတို့သည် မယုတ်မလျော့ တစ်သောင်း ခြောက်ထောင်(တိတိ) ရှိကုန်၏၊ မိဖုရားသည် {ရုစိဂတ္တာ} မည်၏၊ သားတော်သည် {သတ္ထဝါဟ} မည်၏။

၂၀။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ဆင်ယာဉ်ဖြင့် တော ထွက်တော်မူ၏၊ ခြောက်လပတ်လုံး ကမ္မဋ္ဌာန်း စီးဖြန်းခြင်း လုံ့လကို အားထုတ် တော်မူ၏။

၂၁။ ကြီးသော လုံ့လ ရှိတော်မူသော လူတို့ထက် မြတ်သော ကောဏာဂုံမြတ်စွာ ဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည်ဖြစ်၍ မိဂဒါဝုန် (သမင်တော) ၌ ဓမ္မစကြာကို ဟောတော်မူ၏။

၂၂။ ဘိယျသသည် လည်းကောင်း၊ ဥတ္တရသည် လည်းကောင်း ကောဏာဂုံ မြတ်စွာ ဘုရား၏ မြတ်သောတပည့် {အဂ္ဂသာဝက}တို့ ဖြစ်ကုန်၏။ ကောဏာဂုံ မြတ်စွာဘုရား၏ အလုပ် အကျွေးသည် {သောတ္ထိဇ}မည်၏။

၂၃။ သမုဒ္ဒါသည် လည်းကောင်း၊ ဥတ္တရာသည် လည်းကောင်း မြတ်သော တပည့်မ {အဂ္ဂသာဝိကာ} တို့ ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို ရေသဖန်းပင် ဟူ၍ ခေါ်ဆိုအပ်၏။

၂၄။ ဥဂ္ဂသည် လည်းကောင်း၊ သောမဒေဝသည် လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယကာ {အဂ္ဂဥပဋ္ဌက}တို့ ဖြစ်ကုန်၏။ သီဝလာသည် လည်း ကောင်း၊ သာမာသည် လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယိကာမ {အဂ္ဂဥပဋ္ဌိကာ} တို့ ဖြစ်ကုန်၏။

၂၅။ ထိုမြတ်စွာဘုရားသည် အရပ်တော် အမြင့်အားဖြင့် အတောင်သုံးဆယ် မြင့်တော်မူ၏၊ ဖို (မိုက်ခွက်)၌ (တည်သော) ရွှေကဲ့သို့ ဤအတူ ရောင်ခြည်တို့ဖြင့် တန်ဆာဆင်လျက် ရှိတော်မူ၏။

၂၆။ ထိုအခါ မြတ်စွာဘုရား၏ အသက်သည် အနှစ်သုံးသောင်း ရှိ၏၊ ထိုမြတ်စွာ ဘုရားသည် ထိုမျှလောက် အသက်တည်နေလျက် များစွာသော သတ္တဝါအပေါင်း ကို ကယ်တင်တော် မူ၏။

၂၇။ ထိုမြတ်စွာဘုရားသည် (ဗောဓိပက္ခိယတရားဟူသော) ဓမ္မစေတီကို တည် ဆောက်၍ (သစ္စာလေးပါး) တရားတံခွန်ဖြင့် တန်ဆာဆင်အပ်သော တရားပန်းကုံး ကို ကုံးပြီးလျှင် တပည့်သာဝကနှင့်တကွ ပရိနိဗ္ဗာန် ပြုတော်မူလေ၏။

၂၈။ ထိုမြတ်စွာဘုရား၏ ကြီးစွာသော (တန်ခိုး၏) ပြန့်ပြောခြင်းရှိသော တပည့် {သာဝက} အပေါင်းသည် လည်းကောင်း၊ အသရေရှိသော (လောကုတ္တရာ) တရားကို ပြတော်မူသော မြတ်စွာဘုရားသည် လည်းကောင်း ထိုအားလုံးသည်ပင် ကွယ်ပျောက်ခဲ့လေပြီ။ အလုံးစုံသော သင်္ခါရတို့သည် အချည်းနှီးတို့သာ ဖြစ်ကုန် သည် မဟုတ်ပါလော။

၂၉။ ကောဏာဂုံမြတ်စွာဘုရားသည် ပဗ္ဗတာရာမကျောင်းတိုက်၌ ပရိနိဗ္ဗာန် ပြုတော်မူ၏၊ (ထိုမြတ်စွာဘုရား၏) ဓာတ်တော်သည် (ထိုထိုအရပ်မျက်နှာတို့၌ ) ပျံ့နှံ့လျက်ရှိလေသတည်း။

၂၇။ ကဿပဘုရား

ကဿပဘုရား သည် ကကုသန်ဘုရား၊ ကောဏဂုံဘုရား၊ ဂေါတမဘုရား နှင့် အရိမေတ္တေယျဘုရား စသည့် ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူမည့် ဘုရားကြီးငါးဆူမှ ပွင့်ပြီးခဲ့သောဘုရားဖြစ်သည်။

၁။ ကောဏာဂုံမြတ်စွာဘုရား၏ နောက်အဖို့၌ အခြေနှစ်ချောင်းရှိသူ နတ်, လူတို့ ထက် မြတ်တော်မူသော တရားမင်း ဖြစ်တော်မူသော အလင်းရောင်ကို ပြုတော်မူ တတ်သော အနွယ်အားဖြင့် ကဿပမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၂။ ထိုမြတ်စွာဘုရားသည် အလှူခံသူတို့အား များစွာသော ထမင်း အဖျော် ဘောဇဉ်အလှူကို ပေးလှူ၍ စိတ် အလို ကို ပြည့်စေပြီးလျှင် နွားခြံကို ဖျက်ဆီး၍ သွားသော နွားလားကဲ့သို့ အမျိုးအိမ်ကို စွန့်လွှတ်လျက် မြတ်သောဗောဓိဉာဏ်သို့ ရောက်တော်မူ၏။

၃။ လောက၏ ရှေ့သွား ဖြစ်တော်မူသော ကဿပမြတ်စွာဘုရားသည် ဓမ္မစကြာ ကို ဟောတော်မူသည် ရှိသော် ကုဋေနှစ်သောင်းသော လူ နတ် ဗြဟ္မာတို့၏ သစ္စာလေးပါးကို သိခြင်းသည် ရှေးဦးစွာ (သိခြင်း)ဖြစ်လေ၏။

၄။ အကြင်အခါ မြတ်စွာဘုရားသည် လောက၌ လေးလပတ်လုံး ဒေသစာရီ လှည့်လည်တော်မူ၏၊ ထိုအခါ ကုဋေတစ်သောင်းသော လူ နတ် ဗြဟ္မာတို့၏ သစ္စာလေးပါးကို သိခြင်းသည် နှစ်ကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၅။ အကြင်အခါ မြတ်စွာဘုရားသည် ရေမီးအစုံ အစုံဖြစ်သော တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်းကို ပြု၍ (သဗ္ဗညုတ) ဉာဏ်သဘောကို မိန့်ကြားတော်မူ၏၊ ထိုအခါ ကုဋေငါးထောင်သော လူ နတ် ဗြဟ္မာတို့၏ သစ္စာလေးပါးကို သိခြင်းသည် သုံးကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၆။ ပျော်မွေ့ဖွယ်ကောင်းသော တာဝတိံသာနတ်ပြည်၌ သုဓမ္မာသဘင်သည် ရှိ၏၊ ထိုသုဓမ္မာသဘင်၌ အဘိဓမ္မာတရားကို ဟောတော်မူ၏၊ ထိုအခါ မြတ်စွာဘုရား သည် ကုဋေသုံးထောင်သောနတ် (ဗြဟ္မာ)တို့အား သစ္စာလေးပါးကို သိစေတော် မူ၏။

၇။ နောက်အခါ နရဒေဝဘီလူးအား တရားဟောတော်မူရာ၌ ထိုနတ် လူတို့၏ သစ္စာလေးပါးကို သိခြင်းတို့သည် ဂဏန်းသင်္ချာအားဖြင့် မရေတွက်နိုင်ကုန်။

၈။ ထိုမြတ်စွာဘုရားအား ကိလေသာ အညစ်အကြေး ကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးသည် တစ်ကြိမ် သာ ဖြစ်လေ၏။

၉။ ထိုအစည်းအဝေးသည် ရှက်ခြင်း ဟိရီ အကျင့် သီလ အားဖြင့် တူညီကုန်သော ပုထုဇဉ် သောတာပန်စသည်ကို လွန်မြောက်ကုန်သော နှစ် သောင်းသော ရဟန္တာတို့၏ အစည်းအဝေး ဖြစ်လေ၏။

၁၀။ ထိုအခါ ငါသည် ဇောတိပါလလုလင်ဟု ကျော်ကြားလျက် ဗေဒင်ကို သရဇ္ဈာယ်တတ်သူ၊ ဗေဒင်ကို ဆောင်နိုင်သူ၊ သုံးမျိုးသော ဝေဒကျမ်းတို့၏ တစ်ဖက်ကမ်းသို့ ရောက်သူ ဖြစ်ခဲ့၏။

၁၁။ ငါသည် လက္ခဏာကျမ်း၌ လည်းကောင်း၊ ဣတိဟာသ (ပုရာဏ်) ကျမ်း၌ လည်းကောင်း၊ မိမိ(ပုဏ္ဏားတို့) အကျင့်တရား၌ လည်းကောင်း ကမ်းတစ်ဖက်သို့ ရောက်သူ မြေ အတတ် ကောင်းကင်အတတ်၌ လိမ္မာသူ ဝိဇ္ဇာပညာကို သင်ကြားပြီးသူ အပြည့်အစုံ တတ်မြောက်သူ ဖြစ်၏။

၁၂။ ကဿပမြတ်စွာဘုရားအား ရိုသေလေးစားခြင်း ရှိသော တုပ်ဝပ်ကျိုးနွံခြင်း ရှိသော သုံးခုမြောက် (အနာဂါမိ) ဖိုလ်ကြောင့် တဏှာမီး ငြိမ်းပြီးသော ဃဋိကာရ မည်သော အလုပ် အကျွေးသည် ရှိလေ၏။

၁၃။ ဃဋိကာရသည် ငါ့ကို ခေါ်ယူ၍ ကဿပမြတ်စွာဘုရားထံသို့ ချဉ်းကပ်၏၊ (ငါသည်) ထိုမြတ်စွာဘုရား၏ တရားကို နာကြားရ၍ ထိုမြတ်စွာဘုရား၏ အထံ၌ ရဟန်း ပြုခဲ့၏။

၁၄။ ငါသည် လုံ့လဝီရိယကို အားထုတ်သူ ဖြစ်၍ ဝတ်ကြီးဝတ်ငယ်တို့၌ လိမ္မာ လျက် တစ်စုံတစ်ရာမျှ မဆုတ်ယုတ်စေဘဲ မြတ်စွာဘုရားသာသနာတော်ကို ဖြည့်ကျင့်ခဲ့၏။

၁၅။ အကြင်မျှလောက် မြတ်စွာဘုရား မိန့်တော်မူသည့် အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရား အဆုံးအမ အားလုံးကို သင်ကြား၍ မြတ်စွာဘုရား သာသနာတော် ကို တင့်တယ်စေခဲ့၏။

၁၆။ ထိုမြတ်စွာဘုရားသည်လည်း ငါ၏ အံ့ဩဖွယ်အကျင့်ကို မြင်၍ ဗျာဒိတ်စကား မိန့်ကြားတော်မူ၏- ဤရဟန်းသည် ဤဘဒ္ဒကမ္ဘာ၌ပင် ဘုရားဖြစ်လတ္တံ့။

၁၇။ ထိုအခါ ဘုရားလောင်းသည် ပျော်မွေ့ဖွယ်ကောင်းသော ကပိလမြို့မှ ထွက်၍ ကမ္မဋ္ဌာန်း စီးဖြန်းခြင်း လုံ့လကို အားထုတ်၍ ပြုနိုင်ခဲသော အကျင့်ကို ပြုကျင့်ပြီးလျှင် ဘုရား ဖြစ်လတ္တံ့။

၁၈။ မြတ်စွာဘုရားအလောင်းသည် ဆိတ်ကျောင်း ညောင်ပင်ရင်း၌ ထိုင်၍ ထိုညောင်ပင်ရင်း၌ နို့ဃနာဆွမ်းကို ခံယူပြီးလျှင် နေရဉ္ဇရာမြစ်သို့ ချဉ်းကပ်လတ္တံ့။

၁၉။ နေရဉ္ဇရာ မြစ်ကမ်း၌ နို့ဃနာကို ဘုဉ်းပေးပြီးလျှင် နတ်တို့ စီရင်အပ်သော မြတ်သော လမ်းခရီးဖြင့် ဗောဓိပင်ရင်းသို့ ချဉ်းကပ်လတ္တံ့။

၂၀။ ထို့နောက် လူတို့ထက် မြတ်သော များသော အခြံအရံ ရှိတော်မူသော မြတ်စွာ ဘုရားအလောင်းသည် ဗောဓိမဏ္ဍိုင်ကို လက်ယာရစ် လှည့်ပြီးလျှင် မာရ်ငါးပါး ကို အောင်မြင်ရာ မြတ်သော နေရာဖြစ်သော ဗောဓိပလ္လင်မြတ်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၍ ပွင့်လတ္တံ့။

၂၁။ ဤမြတ်စွာဘုရား၏ မတ်တော်အရင်းသည် မာယာ မည်သော မိဖုရားဖြစ်၍ ခမည်းတော်သည် သုဒ္ဓေါဒန မည်သော မင်း ဖြစ်လတ္တံ့၊ ဤမြတ်စွာဘုရားသည် ဂေါတမ အမည်ရှိသည် ဖြစ်လတ္တံ့။

၂၂။ ကောလိတသည် လည်းကောင်း၊ ဥပတိဿသည် လည်းကောင်း အာသဝေါ မရှိကုန်သော ရာဂကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သော တည်တံ့ကုန် သော မြတ်သော တပည့် အဂ္ဂသာဝက တို့ ဖြစ်ကုန်လတ္တံ့။ အာနန္ဒာ မည်သော ရဟန်းသည် အလုပ်အကျွေးဖြစ်၍ ဤမြတ်စွာဘုရားကို လုပ်ကျွေးလတ္တံ့။

၂၃။ ခေမာသည် လည်းကောင်း၊ ဥပ္ပလဝဏ်သည် လည်းကောင်း အာသဝေါ မရှိကုန်သော ရာဂကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သော တည်တံ့ကုန် သော မြတ်သောတပည့်မ အဂ္ဂသာဝိကာတို့ ဖြစ်ကုန်လတ္တံ့။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို ညောင်ဗုဒ္ဓဟေပင်ဟု ခေါ်ဆိုအပ်၏။

၂၄။ စိတ္တသည် လည်းကောင်း၊ ဟတ္ထာဠဝကသည် လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယကာ အဂ္ဂဥပဋ္ဌက တို့ ဖြစ်ကုန်လတ္တံ့။ နန္ဒမာတာသည် လည်းကောင်း၊ ဥတ္တရာသည် လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယိကာမ အဂ္ဂဥပဋ္ဌိကာ တို့ ဖြစ်ကုန်လတ္တံ့ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ၏။

၂၅။ လူ နတ်တို့သည် တူသောသူ မရှိသော ကဿပမြတ်စွာဘုရား၏ ဤစကားကို ကြားနာရကုန်သည်ရှိသော် ဤရဟန်းကား ဘုရားလောင်း ဖြစ်သတတ်ဟု အလွန်ဝမ်းမြောက် ကုန်လျက်-

၂၆။ ကြွေးကြော်သံတို့ကို ဖြစ်စေကြကုန်၏၊ လက်ပန်းပေါက်လည်း ခတ်ကြကုန်၏၊ ရွှင်လန်းလည်း ရွှင်လန်းကြကုန်၏၊ လောကဓာတ် တစ်သောင်း၌ နတ်နှင့်တကွ သော လူတို့သည် လက်အုပ်ချီ၍ ရှိခိုးကြကုန်၏။

၂၇။ အကယ်၍ ငါတို့သည် ဤမြတ်စွာဘုရား၏ သာသနာတော်ကို လွဲချော်ကုန်အံ့၊ အနာဂတ်အဓွန့် ကာလတွင် ဤ ဂေါတမ မြတ်စွာဘုရား၏ မျက်မှောက်၌ ဖြစ်ရပါ လိုကုန်၏။

၂၈။ မြစ်ကို ကူးကုန်သော လူတို့သည် မျက်နှာချင်းဆိုင် (တူရူ) ဆိပ်ကမ်းကို လွဲချော်ကုန်သည်ရှိသော် အောက်ဆိပ်ကမ်းတို့ကို ယူ၍ မြစ်ကြီးကို ကူးကုန် သကဲ့သို့-

၂၉။ ဤအတူပင် ငါတို့အားလုံးသည် ဤမြတ်စွာဘုရားကို အကယ်၍ လက်လွှတ်ရ ကုန်အံ့၊ အနာဂတ် အဓွန့်ကာလတွင် ဤ ဂေါတမ မြတ်စွာဘုရား၏ မျက်မှောက်၌ ဖြစ်ရပါ လိုကုန်၏ (ဟုဆုတောင်းကုန်၏)။

၃၀။ ထိုမြတ်စွာဘုရား၏ စကားကိုလည်း ကြားနာရ၍ စိတ်ကို အလွန်ကြည်ညို စေခဲ့၏၊ ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက် တည်ခဲ့၏။

၃၁။ ငါသည် ဤသို့ သံသရာ၌ ကျင်လည်ရသည်ရှိသော် မလျော်သော အကျင့်ကို ရှောင်ကြဉ်လျက် သမ္မာသမ္ဗောဓိဉာဏ်၏ အကြောင်းကြောင့်သာလျှင် ပြုနိုင်ခဲသော (စွန့်ခြင်းကြီးငါးပါးစသော) အမှုကိုလည်း ပြုအပ်ခဲ့လေပြီ။

၃၂။ မြို့တော်သည် ဗာရာဏသီ မည်၏၊ မင်းသည် ကိကီ အမည်ရှိသူ ဖြစ်၏၊ မြတ်စွာဘုရား၏ ဆွေတော်မျိုးတော် အပေါင်းသည် ထိုမြို့၌ နေ၏။

၃၃။ မြတ်သော သီလစသော ဂုဏ်ကို ရှာမှီးလေ့ရှိသော ကဿပမြတ်စွာဘုရား၏ ထိုခမည်းတော်သည် ဗြဟ္မဒတ္တပုဏ္ဏား ဖြစ်၏၊ မယ်တော်သည် ဓနဝတီ မည်၏။

၃၄။ ထိုဘုရားလောင်းသည် အနှစ်နှစ်ထောင်တို့ပတ်လုံး နန်းတော်ကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) ဟံသ ယသ သိရိနန္ဒအားဖြင့် မြတ်သော ပြာသာဒ် သုံးဆောင်တို့သည် ရှိကုန်၏။

၃၅။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမတို့သည်လည်း လေးသောင်း ရှစ်ထောင်ရှိကုန်၏၊ မိဖုရားသည် သုနန္ဒာ မည်၏၊ သားတော်သည် ဝိဇိတသေန မည်၏။

၃၆။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ပြာသာဒ်ဖြင့် တောထွက် တော်မူ၏၊ ခုနစ်ရက်ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လကို အားထုတ်တော်မူ၏။

၃၇။ ကြီးသော လုံ့လရှိတော်မူသော ၊ လူတို့ထက် မြတ်သော ၊ လူတို့၏ ရှေ့သွား ဖြစ်သော ကဿပမြတ်စွာဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည် ဖြစ်၍ မိဂဒါဝုန် (သမင်တော)၌ ဓမ္မစကြာကို ဟောတော်မူ၏။

၃၈။ တိဿသည် လည်းကောင်း၊ ဘာရဒွါဇသည် လည်းကောင်း ကဿပမြတ်စွာ ဘုရား၏ မြတ်သောတပည့် အဂ္ဂသာဝက တို့ ဖြစ်ကုန်၏။ အလုပ်အကျွေးသည် သဗ္ဗမိတ္တ မည်၏။

၃၉။ အနုဠာသည် လည်းကောင်း၊ ဥရုဝေဠာသည် လည်းကောင်း မြတ်သော တပည့်မ အဂ္ဂသာဝိကာတို့ ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို ပညောင်ပင်ဟူ၍ ခေါ်ဆို အပ်၏။

၄၀။ သုမင်္ဂလသည် လည်းကောင်း၊ ဃဋိကာရသည် လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယကာ အဂ္ဂဥပဋ္ဌက တို့ ဖြစ်ကုန်၏။ ဝိဇိတသေနာသည် လည်းကောင်း၊ သဒ္ဒါသည် လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယိကာမ အဂ္ဂဥပဋ္ဌိကာ တို့ ဖြစ်ကုန်၏။

၄၁။ ထိုမြတ်စွာဘုရားသည် အမြင့်အားဖြင့် အတောင်နှစ်ဆယ် မြင့်လျက် ကောင်းကင်၌ လျှပ်စစ်နွယ်ကဲ့သို့ လည်းကောင်း၊ ဂြိုဟ်တို့ဖြင့်ပြည့် ခြံရံအပ်သော လမင်းကဲ့သို့ လည်းကောင်း တင့်တယ်တော်မူ၏။

၄၂။ ထိုမြတ်စွာဘုရား၏ အသက်တမ်းသည် အနှစ်နှစ်သောင်းရှိ၏၊ ထိုမြတ်စွာ ဘုရားသည် ထိုမျှလောက် အသက်တည်နေလျက် များစွာသော သတ္တဝါအပေါင်း ကို ကယ်တင်တော်မူ၏။

၄၃။ (ပရိယတ္တိ) တရားတည်းဟူသော တစ်ဖက်ဆည်ကန်ကို ဖန်ဆင်းလျက် (စတုပါရိသုဒ္ဓိစသော) သီလဟူသော နံ့သာပျောင်းကို ပေး၍ (ဟိရိ ဩတ္တပ္ပ) တရားဝတ်စုံကို ဝတ်စေကာ (ဗောဓိပက္ခိယ) တရားပန်းကို ခွဲဝေပြီးလျှင် –

၄၄။ လူများအကျိုးငှါ အညစ်အကြေးကင်းသော (သောတာပတ္တိမဂ်)တရားကြေးမုံ (မှန်)ကို တည်ထား၍ နိဗ္ဗာန်ကို တောင့်တသော အချို့သူတို့သည် ငါ၏ (သီလစသော) အဆင်တန်ဆာကို ကြည့်ရှုကုန်လော့ဟု (တိုက်တွန်းပြီးလျှင် ) –

၄၅။ သီလသင်တိုင်း (အင်္ကျီ)ကို ပေး၍ ဈာန် ချပ်ဝတ်မိန်ညိုကို (ဖွဲ့စေလျက်) မဂ္ဂင်တရားဟူသော သားရေဝတ်ရုံကို ခြုံစေပြီးလျှင် မြတ်သော လုံ့လဟူသော ချပ်ဝတ်ကို လည်းကောင်း-

၄၆။ သတိဟူသော ကာကို လည်းကောင်း၊ ထက်သော ဝိပဿနာဉာဏ် လှံမကို လည်းကောင်း၊ ကိလေသာရောယှက်ခြင်းကို နှိမ်နင်းနိုင်သော (လောကုတ္တရာ) သီလကို လည်းကောင်း၊ (အရဟတ္တမဂ်ဉာဏ်) တရားသန်လျက်မြတ်ကို လည်း ကောင်း ပေး၍-

၄၇။ ဝိဇ္ဇာသုံးပါးဟူသော အဆင်တန်ဆာကို ပေးပြီးလျှင် ဖိုလ်လေးပါးတို့ကို ဦးဆောက်ပန်း (ပြုလျက်) အဘိညာဉ်ခြောက်ပါးဟူသော အဆင်တန်ဆာကို လည်းကောင်း၊ (လောကုတ္တရာ) တရားပန်းပွင့် အဆင်တန်ဆာကို လည်းကောင်း ပေးလျက်-

၄၈။ မကောင်းမှုကို တားမြစ်နိုင်သော (အရဟတ္တဖိုလ်) သူတော်ကောင်းတရားဟူ သော ထီးဖြူကို ပေး၍ ဘေးမဲ့ရာသို့ ရောက်ကြောင်း (အဋ္ဌင်္ဂိကမဂ်) ပန်းပွင့်ကို ဖန်ဆင်းပြီးလျှင် ထိုမြတ်စွာဘုရားသည် တပည့် သာဝကနှင့်တကွ ပရိနိဗ္ဗာန် ပြုတော်မူပြီ။

၄၉။ မနှိုင်းယှဉ်နိုင်သော ဂုဏ်နှင့် ပြည့်စုံတော်မူသော (ထိပါးရန်) ချဉ်းကပ်ဝံ့သူ ရှိတော်မမူသော ဤမြတ်စွာဘုရားသည် လည်းကောင်း၊ ကောင်းစွာ ဟောကြား တော်မူအပ်သော လာလှည့် ရှုလှည့်ဟု ဆိုထိုက်သော ဤတရားရတနာသည် လည်းကောင်း-

၅၀။ ကောင်းသော အကျင့်ရှိသော ဤအမြတ်ဆုံး သံဃာရတနာသည် လည်း ကောင်း ထိုအားလုံးသည်ပင် ကွယ်ပျောက်ခဲ့လေပြီ။ အလုံးစုံသော သင်္ခါရတို့သည် အချည်းနှီးတို့သာ ဖြစ်ကုန်သည် မဟုတ်ပါလော။

၅၁။ မာရ်ငါးပါးကို အောင်တော်မူသော မဟာကဿပ မြတ်စွာဘုရားသည် သေတဗျာရာမ ကျောင်းတိုက်၌ ပရိနိဗ္ဗာန် စံတော်မူ၏။ ထိုကျောင်းတိုက်၌ပင် ထိုမြတ်စွာဘုရား၏ ပုထိုး(စေတီ)သည် အစောက် တစ်ယူဇနာ မြင့်လျက် တည်ရှိလေသတည်း။

၂၈။ ဂေါတမဗုဒ္ဓ

ဂေါတမဗုဒ္ဓ[၄] (ဘီစီ ၅၆၃/၄၈၀ ခန့်– ၄၈၃/၄၀၀ ခန့်) သိဒ္ဓတ္ထဂေါတမ[၅] သကျမုနိဗုဒ္ဓ,[၆][၇] သို့မဟုတ် ဗုဒ္ဓ သည် ဤ ဘဒ္ဒကမ္ဘာ တွင် ပွင့်တော်မူခဲ့သော ကကုသန် ဗုဒ္ဓမြတ်စွာဘုရား၊ ကောဏဂုံ ဗုဒ္ဓမြတ်စွာဘုရား၊ ကဿပ ဗုဒ္ဓမြတ်စွာဘုရား၊ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရား ဟူ၍ ဗုဒ္ဓမြတ်စွာဘုရား(၄) ဆူတွင် နောက်ဆုံး ပွင့်တော်မူခဲ့သော ဗုဒ္ဓမြတ်စွာဘုရား ဖြစ်သည်။

  • ဗျာဒိတ်တော်ခံယူနေပုံ

ဘုရားလောင်းသည် ဗျာဒိတ်ခံယူမည့်ဘ၀၌ အမရ၀တီမည်သော မင်းနေပြည်တော်ဝယ် သုမေဓါ အမည်ရှိသော သူဌေးသား ဖြစ်ခဲ့သည်။ သူ၏ အမိအဖတို့သည် သူငယ်ရွယ်စဉ်ကပင် သေဆုံးကြရာ ရွှေငွေ ပစ္စည်းဥစ္စာ များစွာ ကျန်ရစ်ခဲ့သည်။ ပညာတတ်မြောက်၍ တစ်ဆယ့်ခြောက်နှစ်အရွယ်ရောက်သောအခါ ဘဏ္ဍာထိန်းအမတ်က ပစ္စည်းအား လုံးကို သူ့အား လွှဲအပ်လေသည်။ သုမေဓါသူဌေးသားလေး စဉ်းစားသည်မှာ “ငါ၏ ဘိုးဘွားမိဘတို့သည် ပစ္စည်းကို ရှာရုံသာ ရှာတတ်၍ ယူမသွားတတ်ကြပါတကား။ ငါသည် စွန့်ကြဲပေးကမ်း၍ ကုသိုလ်ကို ငါ့နောက်ပါအောင် ယူသွားမည်။” ဤသို့စဉ်းစားပြီးလျှင် ရတနာတိုက်တို့ကို ဖွင့်၍ “အလိုရှိသူတို့ ယူကြကုန်လော့” ဟုကြွေးကြော်ကာ မိမိ၏ စည်းစိမ်အားလုံးကို လှူဒါန်းလေသည်။ ထို့နောက် ဟိမဝန္တာတောသို့ ထွက်ခွါကာ ရသေ့ ရဟန်း ပြုသည်။

ဘုရားလောင်း သုမေဓာရှင်ရသေ့သည် ဈာန်အဘိညာဉ်ရ၍ ကောင်းကင်ခရီးဖြင့် ကြွသွားစဉ် ဒီပင်္ကရာ မြတ်စွာဘုရား ကြွတော်မူရန် ရမ္မာမြို့သူမြို့သားတို့ လမ်းပြင်နေကြသည်ကို မြင်ရ၍ ကောင်းကင်မှဆင်းကာ မိမိ လည်း ပါဝင်လုပ်အားပေးလိုသောကြောင့် နေရာတစ်ကွက် တောင်းယူ လေသည်။ ဘုရားလောင်းရသေ့သည် တန်ခိုးဖြင့် ပြင်ဆင်လျှင် လွယ်ကူစွာပြီးနိုင်သော်လည်း ကိုယ်ဖြင့် အပင်ပန်းခံ၍ပြုမှ သာ၍အကျိုးများဖွယ် ရှိသောကြောင့် သူများနည်းတူ မြေကိုထမ်း၍ ရွှံ့ညွန်ဗွက်ကို ဖို့နေစဉ် ရဟန္တာလေးသိန်း နှင့်အတူ ဘုရားရှင် ကြွလာတော်မူသောကြောင့် ပြင်၍ မပြီးသေးသော ရွှံ့ညွန်ပေါ်မှာ မိမိကိုယ်ကို တံတားခင်း၍ မှောက်စင်းနေလေသည်။

ဤအချိန်တွင် သုမိတ္တာမည်သော အမျိုးသမီးကလည်း ကြာပန်းရှစ်စည်းတွင် ၅ စည်းကို ရသေ့အား ဘုရားရှင်ကိုလှူရန်ပေး၍ ၃စည်းကို မိမိကိုယ်တိုင် လှူဒါန်းလေသည်။ ဘုရားရှင်သည် အနာဂတံသဉာဏ်ဖြင့် အနာဂတ်ကို ဆင်ခြင်တော်မူကာ “ဤရသေ့သည် ဂေါတမဘုရား ဖြစ်လိမ့်မည်။ ဤအမျိုးသမီးကား ပါရမီဖြည့်ဖက် ဖြစ်လိမ့်မည်” ဟု ဗျာဒိတ်ပေးတော်မူသည်။ ထို့နောက် လှူဒါန်းထားသော ကြာပန်းရှစ်စည်းကို ရသေ့အပေါ် ကြဲဖြန့်ကာ ရသေ့၏ နံပါးမှ ရှောင်လွှဲ၍ ကြွတော်မူလေ သည်။

  • ဖွားတော်မူပုံ

ဘုရားအလောင်းသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီဖြည့်၍ ဘုရားမဖြစ်မီ တစ်ဘ၀အလို၌ တုသိတာနတ်ပြည်ဝယ် သေတကေတု မည်သော နတ်မင်း ဖြစ်လေသည်။ ဘုရားလောင်း နတ်မင်းသည် နတ်စည်းစိမ်ကို နှစ်ပေါင်း ၅၇၆သန်းပတ်လုံး ခံစားတော်မူပြီးနောက် နတ်သက်စေ့၍ စုတေဖို့ရန် စုတိနိမိတ်ငါးပါးထင်လာသောအခါ စကြာ၀ဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာတို့သည် တုသိတာနတ်ပြည်သို့ စုပေါင်းလာရောက်ကာ ဘုရားဖြစ်ရန် လူ့ပြည်သို့ ဆင်းသက်ဖို့ လျှောက်ထားတောင်းပန် ကြသည်။ နတ်မင်းလည်း-

ကာလ – တစ်သိန်းတမ်းနှင့် တစ်ရာတမ်းတွင်းဟူသော ဘုရားဖြစ်ချိန်ကာလကို ကြည့်ခြင်း

ဒီပ – ဇမ္ဗူဒီပါတောင်ကျွန်းကို ကြည့်ခြင်း

ဒေသ – မဇ္ဈိမဒေသကို ကြည့်ခြင်း

ကုလ – မင်းမျိုး၊ ပုဏ္ဏားမျိုးတို့တွင် လူတို့အလေးအမြတ်ပြုသော အမျိုးကို ကြည့်ခြင်း

ဇနေတ္တိယာအာယု – မယ်တော်၏ အသက်ကို ကြည့်ခြင်း

ဟူသော ကြည့်ခြင်းကြီးငါးပါးကို ကြည့်ပြီးနောက် လူ့ပြည်၌ ပဋိသန္ဓေနေဖို့ရန် ဝန်ခံတော်မူလေသည်။ ဝါဆိုလပြည့်နေ့၌ မယ်တော်မာယာသည် နံနက်စောစောကပင် အလှူဒါနကြီးကိုပြု၍ ဥပုသ်စောင့်ထိန်း ပြီးလျှင် တိုက်ခန်းသို့ဝင်၍ သလွန်တော်၌ လျောင်းစက်အိပ်တော်မူသည်။ အိပ်ပျော်နေစဉ် အောက်ပါအိမ်မက်ကို မြင်မက်လေသည်။

နတ်မင်းကြီးလေးယောက်တို့သည် မိဖုရားကို ဟိမဝန္တာတော၌ရှိသော ဆေးဒန်းမြင်းသီလာ ကျောက်ဖျာ သို့ သလွန်နှင့်တကွ ယူဆောင်၍ အင်ကြင်းပင်ကြီးအောက်၌ ချထားကြလေသည်။ ထို့နောက် နတ်မိဖုရား များက အန၀တတ်အိုင်သို့ ဆောင်ယူ၍ မိဖုရားကို ရေချိုးပေးကြသည်။ ထို့နောက် နတ်ဝတ်တန်ဆာများ ဆင်ယင်ပေးကာ ငွေတောင်အတွင်း၌ ရှိသော ရွှေဗိမာန်သို့သွင်း၍ အိပ်ရာ၌ အိပ်စက်ကြစေသည်။ ထိုအခါ ဘုရားလောင်းဆင်ဖြူတော်သည် သူ၏နေရာ ရွှေတောင်မှ သက်ဆင်းကာ ငွေတောင်သို့ လာပြီးလျှင် ရွှေဗိမာန် သို့ ဝင်ပြီးနောက် မယ်တော်၏ လက်ယာနံပါးကို ဖောက်၍ဝင်သကဲ့သို့ အိမ်မက်မြင်မက်လေသည်။ ထိုအချိန်မှာပင် မာယာဒေဝီ မိဖုရား၏ဝမ်း၌ ဘုရားလောင်း ပဋိသန္ဓေယူ လေသည်။ အချိန်ကာလမှာ မဟာသက္ကရာဇ် ၆၇ ခု ဝါဆိုလပြည့်နေ့ ကြာသပတေးနေ့ပင် ဖြစ်သည်။

ဘုရားလောင်းပဋိသန္ဓေနေ၍ ဆယ်လပြည့်ရာ ကဆုန်လပြည့်နေ့တွင် မယ်တော်မာယာသည် ဆွေတော်မျိုးတော်များရှိရာ ဒေ၀ဒဟပြည်သို့ သွားလိုပါကြောင်း သုဒ္ဓေါဒနမင်းကြီးအား အခွင့်တောင်းလေ သည်။ မင်းကြီးသည် ကပိလဝတ်ပြည်မှ ဒေ၀ဒဟပြည်သို့ သွားရာလမ်းတစ်လျှောက်လုံးတွင် တန်ဆာဆင် စေ၍ မင်းခမ်းမင်းနားဖြင့် ထွက်တော်မူစေလေသည်။ ခရီးအကြား၌ လုမ္ဗိနီအင်ကြင်းဥယျာဉ်တော်ကို ခေတ္တ ဝင်တော်မူလေသည်။ မယ်တော်မာယာသည် အင်ကြင်းကိုင်းကို လက်ဖြင့် လှမ်းကိုင်လိုက်တုန်းမှာ ဝမ်းတော် လှုပ်လာ သောကြောင့် အဝတ်အကာအရံကို ကာရံစေ၍ မတ်မတ်ရပ်လျက်သာပင် ဘုရားအလောင်းတော်ကို ဖွားမြင်လေသည်။ ဤအချိန်သည် မဟာသက္ကရာဇ် ၆၈ ခု (ဘီစီ ၆၂၃) ကဆုန်လပြည့် သောကြာနေ့ ဖြစ်သည်။

ဖွားမြင်ပြီးသောအခါ သုဒ္ဓါဝါသဗြဟ္မာ့ဘုံမှ ရဟန္တာဗြဟ္မာမင်းက ဇာတဘက်ဖြင့် ခံယူ၍ မယ်တော် ၏ ရှေ့၌ပြကာ “အရှင်မိဖုရား၊ ဝမ်းမြောက်တော်မူပါ။ သားရတနာကို ဖွားမြင်ပါပြီ” ဟုဆို၏။ ထို့နောက် စတုမဟာရာဇ်နတ်မင်းကြီးများက သစ်နက်သားမွေးထည်ဖြင့် လှမ်းယူ၍ လူတို့လက်ကို လှမ်းလိုက်လေသည်။ ထို့နောက် လူတို့လက်မှ ဆင်းလျက် မြေ၌ တည့်မတ်စွာရပ်တော်မူ၍ အရပ်ဆယ်မျက်နှာသို့ ရှုစားတော်မူလေရာ အားလုံးသောနတ်ဗြဟ္မာတို့က အရိုအသေပေးကြသဖြင့် မြောက်အရပ်သို့ ခုနစ်ဖဝါးကြွ ပြီးလျှင် “အဂ္ဂေါဟမသ္မိ လောကဿ” ( တစ်လောကလုံး၌ ငါသာလျှင် အမြတ်ဆုံး) ဟု ကြုံးဝါး၏။

ဘုရားလောင်း ဖွားမြင်သောအချိန်မှာပင် ယသော်ဓရာမင်းသမီး၊ ညီတော် အာနန္ဒာ၊ ကာဠုဒါယီ အမတ်၊ ဆန္နအမတ်လောင်း တို့ကိုလည်း အသီးသီးဖွားမြင်သည်။ ကဏ္ဍကမြင်းကိုလည်း မွေးသည်။ ရွှေအိုး ကြီးလေးလုံးလည်း ပေါ်လေသည်။ ဗောဓိပင်လည်း ပေါက်သည်။

  • အမည်ပေးတော်မူပုံ

ဘုရားလောင်း ဖွားမြင်သည်ကြားသဖြင့် ကပိလဝတ်ပြည်နှင့် ဒေ၀ဒဟပြည်မှ ဆွေတော်မျိုးတော်များ စုဝေးရောက်လာကြပြီး မာယာဒေဝီနှင့် ဘုရားလောင်းကို ကပိလဝတ်ပြည်သို့ ခေါ်ဆောင်သွားကြ သည်။ သုဒ္ဓေါဒနမင်းကြီး ကိုးကွယ်သော ကာလဒေဝီလ ရသေ့ကြီးသည် နန်းတော်သို့ ကြွရောက်လာရာ မင်းကြီးက သားတော်ကို ရသေ့ကြီးအား ပြ၍ “သားတော် ဆရာမြတ်ကို ရှိခိုးလော့” ဟုဆို၏။ ဘုရားလောင်းက ရှိမခိုး။ ရသေ့ကြီး၏ ဦးခေါင်းထက်၌ ခြေစုံရပ်လျက် တည်သည်။ ထူးကဲလှသဖြင့် ရသေ့ကြီးက ဘုရားလောင်းကို ရှိခိုးသလို မင်းကြီးကလည်း သားတော်ကို ပထမဆုံးအကြိမ် ရှိခိုးသည်။ ရသေ့ကြီးသည် ဘုရားလောင်းကို စူးစိုက်ကြည့်ကာ ရယ်လည်း ရယ်သည်။ ငိုလည်း ငိုသည်။ မင်းကြီးက မေးသောအခါ ရသေ့ကြီးက “မင်းမြတ်၊ သင့်သားတော်သည် ဘုရားဖြစ်လိမ့်မည်။ ထို့ကြောင့် ငါဝမ်းသာ၍ ရယ်သည်။ သို့ရာတွင် သားတော် ဘုရားဖြစ်ချိန်၌ ငါသေလွန်ပြီး ဖြစ်နေမည်။ ထို့ကြောင့် ဝမ်းနည်း၍ ငိုသည်” ဟု ဆို၏။

ဘုရားလောင်းဖွားမြင်ပြီး ငါးရက်မြောက်သောနေ့တွင် မင်းကြီးက ပုဏ္ဏားတော်များကို ဖိတ်ကာ သားတော်၏ လက္ခဏာတော်တို့ကို ကြည့်ရှုဖတ်သားစေသည်။ ပုဏ္ဏားတော် ခုနစ်ယောက်တို့က “သားတော်သည် စကြ၀တေးမင်းသော်လည်းကောင်း၊ ဘုရားသော်လည်းကောင်း ဖြစ်လိမ့်မည်” ဟူ၍ နှစ်ခွ ဆိုကြသည်။ အငယ်ဆုံးဖြစ်သော ကောဏ္ဍည ပုဏ္ဏားကမူ “အရှင့်သားတော်သည် တောထွက်၍ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်” ဟူ၍ တစ်ခွန်းတည်းသာ ဆိုလေသည်။ မင်းကြီးက “ငါ့သားတော်သည် အဘယ်အရာကို မြင်၍ တောထွက်မည်နည်း” ဟုမေးသည်။ “သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ် ကြီးလေးပါးကို မြင်၍ တောထွက်ပါမည်” ဟူ၍ ကောဏ္ဍည ပုဏ္ဏားက ဖြေသည်။ ထို့နောက် ဘုရားလောင်း ကို “သိဒ္ဓတ္ထ” ဟု အမည်ပေးသည်။ အဓိပ္ပာယ်မှာ အကျိုးအားလုံးကို ပြီးစီးစေသောသူ ဟူ၍ ဖြစ်သည်။ ဂေါတမအနွယ်ဖြစ်သောကြောင့် “သိဒ္ဓတ္ထဂေါတမ” ဟုလည်း ခေါ်ကြသည်။

  • ကြင်ရာတော်ရွေးခန်း

ဘုရားအလောင်း တစ်ဆယ့်ခြောက်နှစ် အရွယ်ရောက်သောအခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး သည် ဆွေတော်မျိုးတော်မင်းများထံသို့ သမီးရတနာ ပို့ဆက်လာရန် ရာဇသံ ပေးသည်။ သမီးရှင် မင်းများက ဘုရားလောင်းမင်းသားကို “အဆင်းသာလှ၍ ပညာမတတ်” ဟု ကဲ့ရဲ့ကာ သမီးရတနာ မပို့ဘဲနေကြ လေသည်။ ထိုအကြောင်းကို သုဒ္ဓေါဒနမင်းကြီးက သားတော်အားပြောပြလေရာ ဘုရားလောင်းက အခက်ဆုံး လေးအတတ်ကို ပြရန် ဝန်ခံလိုက်လေသည်။ ထို့နောက် တိုင်းပြည်ရှိ ထင်ရှားသော လေးဆရာတို့ကို နန်းတော်မြေပြင်၌ စုရုံးစေကာ လေးဆရာလေးယောက်ကို လေးမျက်နှာကထား၍ ဘုရားလောင်းကိုယ်တိုင် အလယ်ကနေပြီးလျှင် “အသင် တို့က ငါ့ကို တစ်ပြိုင်နက်ပစ်ကြလော့” ဟု ဆိုလေသည်။ လေးဆရာလေးယောက် ပစ်လိုက်သော မြားတို့ မိမိအားမထိအောင် မြှားတစ်ဆင်းတည်းဖြင့် ကာကွယ်နိုင်လေသည်။ ဤသို့ လေးအတတ်ပြပြီးမှ ဆက်သလာသော သမီးကညာတို့တွင် သုဒ္ဓေါဒနမင်းကြီး၏ ညီမတော် အမိတ္တာနှင့် ဒေဝဒဟပြည့်ရှင် သုပ္ပဗုဒ္ဓမင်း၏ သမီးတော် ယသော်ဓရာ အမည်ရှိသော မင်းသမီးနှင့် လက်ဆက်ကာ နန်းသိမ်းပွဲ ခံယူလေသည်။

  • ထီးနန်းစံတော်မူခန်း

ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သားတော်အတွက် ဆောင်းဥတုတွင် စံမြန်းရန် ရမ္မ မည်သော ဘုံ ၉ ဆင့် နန်းဆောင်၊ နွေရာသီတွင် စံမြန်းရန် သုရမ္မ မည်သော ဘုံ ၅ ဆင့် နန်းဆောင်၊ မိုးဥတုတွင် စံမြန်းရန် သုဘ မည်သော ဘုံ ၇ ဆင့် နန်းဆောင် ဟူသော နန်းဆောင်ကြီးသုံးဆောင်ကို ဥတုအလိုက် ခံစားရန် ဆောက်လုပ်ပေးလေသည်။ ဤသို့ဖြင့် ဘုရားလောင်းသည် မင်းစည်းစိမ်ကို သက်တော် ၂၉ နှစ်အထိ ၁၄နှစ်မျှ စံစားတော်မူလေသည်။

  • သံဝေဂယူတော်မူခန်း

ဘုရားလောင်းသည် မင်းစည်းစိမ်ကို ၁၄နှစ်မျှ ခံစားပြီးနောက် သက်တော် ၂၉ နှစ် အရွယ်သို့ ရောက်သောအခါ များစွာသော အခြွေအရံတို့ဖြင့် ဥယျာဉ်တော်သို့ ထွက်တော်မူလေရာ ဗြဟ္မာမင်းတို့က သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နမိတ်ကြီးလေးပါးကို အစဉ်တိုင်းဖန်ဆင်းလျက် ဘုရားလောင်းနှင့် ရထားထိန်းမြင်ရုံမျှ ပြကြလေသည်။ ထိုအခါ သူအို၊ သူနာ၊ သူသေ တို့ကို တစ်ကြိမ်မျှ မမြင်ဖူးသော ဘုရားလောင်းသည် မိမိနှင့်တကွ ဆွေတော်မျိုးတော် အားလုံးပင် အိုကြရ နာကြရ သေကြရဦးမည်ဟူ၍ သံဝေဂဖြစ်တော်မူတုန်း သပ္ပါယ်သော ရဟန်းတော်ကို ဖူးမြင်ရသောအခါ ဘ၀အဆက်ဆက်က နှစ်သက်ခဲ့သော အသွင်ဖြစ်ရကား အားရရွှင်လန်းလျက် ရဟန်းပြုဖို့ရန် အဓိဋ္ဌာန်ပြုတော်မူလေသည်။ ထို့နောက် ညနေချမ်း၌ ဥယျာဉ်တော်မှ ပြန်တော်မူလေသည်။ ထိုပြန်ခါနီး၌ သားတော်ဖွားမြင်ကြောင်းကို သံတော်ဦးတင်လာသဖြင့် “ရာဟုဇာတော – အနှောင်အဖွဲ့ဖြစ်ပါပကော” ဟု ညည်းတွားတော်မူလေသည်။ ထိုစကားကို အကြောင်းပြု၍ သားတော် လေးကို ရာဟုလာ ဟု အမည်ပေးတော်မူလေသည်။

  • တောထွက်တော်မူပုံ

ဘုရားလောင်းသည် နန်းတော်သို့ ရောက်တော်မူပြီးနောက် ကချေသည် မောင်းမတို့ ကပြတီးမှုတ်လျက် ဖျော်ဖြေကြသည်ကို ရှေးကလို စိတ်ဝင်စားတော်မမူဘဲ သလွန်တော်၌ လျောင်းစက် တော်မူလေသည်။ ထိုအခါ ကချေသည်မောင်းမတို့လည်း သီဆိုတီးမှုတ်မှုများကို ရပ်တန့်၍ အိပ်ကြလေသည်။ ထိုသို့ မောင်းမများ ဒူးပေါ်ပေါင်ပေါ် စသည်ဖြင့် အိပ်ပျော်နေကြပုံကို ဘုရားလောင်း စက်တော်ခေါ်ရာမှ အထတွင် မြင်တော်မူ၍ ရှေးကထက် သံဝေဂရပြီးလျှင် “ယနေ့ညတွင်ပင် တောထွက်တော့အံ့” ဟု ကြံတော်မူကာ ငယ်ကျွန်တော်ရင်း ဆန္နအမတ်ကို နှိုးလျက် ကဏ္ဍကမြင်းကို ဆက်ဖို့ရန် အမိန့်ပေးလေသည်။

ထိုအခါ နန်းတော်၏ အတွင်းအပြင်၌ နတ်ဗြဟ္မာများတို့ ရောက်နေကြ၏။ နန်းတော်အတွင်းရှိ လူအများနှင့်တကွ တစ်မြို့လုံး မနိုးကြရအောင် နတ်များက စီမံထား၏။ ဘုရားလောင်းသည် တောသို့ ထွက်ခွာတော်မူခါနီးဝယ် သားတော်ကို ရှုစားတော်မူလိုသောကြောင့် ယသော်ဓရာမိဖုရား၏ အဆောင်တော်သို့ ကြွတော်မူလေသည်။ ဘုရားလောင်းသည် အဆောင်တော်အတွင်းသို့ ရောက်လာသောအခါ သားတော်လေးနှင့် ကြင်ယာတော်မိဖုရားတို့ စက်တော်ခေါ်နေပုံကို ရှုစားတော်မူရသောအခါ ရင်သွေးတော်လေးအား အားရပါးရ ပွေ့ယူတော်မူလိုသော်လည်း မိဖုရားနိုးလျှင် ထွက်နိုင်ဖို့ လမ်းမမြင်သောကြောင့် “ဘုရားဖြစ်မှ သားတော်ကို ရှုတော့အံ့” ဟု ဆုံးဖြတ်တော်မူကာ အဆောင်တော်မှ ထွက်ခွာတော်မူပြီးလျှင် ကဏ္ဍကမြင်းတော်ပေါ်သို့ တက်လေသည်။ ဤအချိန်သည်ကား မဟာသက္ကရာဇ် ၉၇ ခု ဝါဆိုလပြည့်နေ့ တနင်္လာနေ့ ဖြစ်သည်။

ဘုရားလောင်းသည် နတ်ဗြဟ္မာများ ခြံရံလျက် ဖွားဖက်တော် ဆန္နအမတ်အား မြင်းမြီးကို ကိုင်ဆွဲစေပြီးလျှင် ကဏ္ဍကမြင်းကို စီးလျက် မြို့တော်မှ ထွက်လေသည်။ မြို့တံခါးအနီးသို့ ရောက်သော အခါ မြို့စောင့်နတ်များက လူတစ်ထောင်ဖွင့်မှ ပွင့်နိုင်သော တံခါးကို တန်ခိုးဖြင့် ဖွင့်ပေးကြသည်။ ထိုအချိန် တွင် မာရ်နတ်ရောက်လာ၍ “အသင်မင်းသား ….. တောထွက်ဖို့ မလိုပါ။ မကြာခင် ခုနစ်ရက်မြောက်၌ စကြာရတနာ ဆိုက်ရောက်ပါလိမ့်မည်” ဟုပြော၍ တားလေသည်။ သို့သော် ဘုရားလောင်းကမူ ဂရုမထားဘဲ သွားမြဲအတိုင်းသွားလေသည်။ ထိုသို့ တောထွက်တော်မူလာရာ အနော်မာမြစ်ကမ်းသို့ ဆိုက်ရောက်တော်မူလျှင် မြင်းတော်ကို အချက်ပေး၍ ရှစ်ဥသဘ (၆၃.၉၈ မီတာ) ဝေးသော တစ်ဖက်ကမ်းသို့ ခုန်ပျံစေ၏။ တစ်ဖက်ကမ်းသို့ ရောက်သော် သဲသောင်ပြင်တွင် ထိုင်တော်မူ၍ သန်လျက်ဖြင့် ဆံတော်ကို ကိုယ်တိုင်ပယ်လေသည်။ ထိုသို့ ပယ်၍ “ဘုရားဖြစ်မည်မှန်လျှင် ဆံတော်သည် ကောင်းကင်မှာ တည်ပါစေသား” ဟု အဓိဋ္ဌာန်၍ မြှောက် လိုက်ရာ ဆံတော်သည် ကောင်းကင်၌ တည်လေသည်။ ကောင်းကင်၌ တည်နေသော ဆံတော်ကို သိကြားမင်းက ခံယူ၍ တာဝတိံသာနတ်ပြည်တွင် စူဠာမဏိစေတီ တည်ထားလေသည်။ ထို့နောက် ယဋိကာရ ဗြဟ္မာ ဆက်ကပ်လာသော သင်္ကန်းဖြင့် ရဟန်းပြုတော်မူ၍ ဝတ်လဲတော်ပုဆိုးကိုလည်း ယဋိကာရဗြဟ္မာမင်း ယူ၍ ဗြဟ္မာ့ပြည်ဝယ် ဒုဿစေတီ တည်ထားကိုးကွယ်လေသည်။

  • ဒုက္ကရစရိယာကျင့်တော်မူခန်း

ဘုရားလောင်းသည် ရဟန်းပြုပြီးနောက် ဒေသစာရီ လှည့်လည်တော်မူစဉ် အာဋ္ဌာရ ရသေ့နှင့် ဥဒကရသေ့တို့ထံ ဝင်၍ တရားထူးကို စုံစမ်းတော်မူရာ လောကီဈာန်လောက်ကိုသာ ထိုရသေ့တို့အထံမှ ရရှိ သဖြင့် တင်းတိမ်အားရတော်မမူသေးသောကြောင့် ဥရုဝေဠတောသို့ ကြွ၍ ဒုက္ကရစရိယာအကျင့်ကို ကျင့် တော်မူသည်။ ရှေးဦးစွာ သေနာ မည်သော နိဂုံးသို့ ဆွမ်းခံဝင်ကာ ဆွမ်းဘုဉ်းပေး တော်မူပြီးလျှင် မေတ္တာဘာ၀နာကို ပွားများလျက် ထိုနေ့ကာလကို လွန်စေတော်မူသည်။ ထို့နောက် ဆွမ်းအာဟာရကို သုံးဆောင်တော်မမူတော့ဘဲ အလိုအလျောက် ကြွေကျလာသော သစ်သီးကိုသာ ကောက်ယူ၍ ဘုဉ်းပေးတော်မူ၏။ ထို့နောက် ထိုထိုဤဤ သစ်ပင်အောက် လှည့်လည်ကောက်ယူ၍ စားရ ခြင်းကိုပင် အလုပ်ပျက်သည်ဟု အယူရှိသဖြင့် ကိုယ်တော်မြတ်နေရာ သစ်ပင်အောက်၌သာ ကြွေကျသော သစ်သီးများဖြင့်ပင် မျှတတော်မူလေသည်။ ထို့နောက် အစာအာဟာရ စားသောက်နေခြင်းကိုပင် အလုပ်ပျက်သည်ဟု ထင်တော်မူ၍ လုံး၀ အစာမစားဖို့ရန် ကြံတော်မူသည်။ သို့သော် နတ်များက အစာမစားလျှင် နတ်ဩဇာသွင်းပေးမည်ဟု လျှောက်လေသည်။ ထိုသို့ နတ်ဩဇာအသွင်းအခံလိုသောကြောင့် တစ်လက်ခုပ်လောက် ပဲရည်၊ ဆီးသီး လေးကိုမျှ ဘုဉ်းပေးတော်မူလေသည်။ ထိုသို့ ကြီးစွာသော ဝီရိယဖြင့် အစာအနည်းငယ်သာ စားကာ အားထုတ်မှုကြောင့် ဘုရားလောင်း၏ ရွှေအဆင်းကဲ့သို့ ဝါဝင်းသော ခန္ဓာကိုယ်သည် ညိုမဲခြောက်ကပ်၍ နေလေသည်။ သွေးသားဟူ၍ မရှိတော့ ဘဲ အရိုးနှင့် အရေသာ ကျန်လေတော့၏။ ဤသို့ ဘုရားဖြစ်ရန် ခက်ခဲပင်ပန်းစွာ ကျင့်တော်မူလေသည်။ ဘုရားလောင်းသည် ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်တိုင်တိုင်ကျင့်သော်လည်း တရားထူး မရသောကြောင့် ထိုအကျင့်ကို စွန့်လိုက်လေသည်။ ထို့နောက် သေနာနိဂုံး၌ ဆွမ်းခံ၍ အာဟာရကို ပြန်လည် မှီဝဲလေသည်။ ထို့ကြောင့် မကြာမီပင် အားအင်တိုးပွား၍ ယခင်အသားအရေများ ပြန်လည်ဖြစ် ပေါ်လာလေသည်။

  • မာရ်နတ်ကို အောင်တော်မူခန်း

ဘုရားလောင်းသည် ကဆုန်လပြည့်နေ့ ဗုဒ္ဓဟူးနေ့တွင် သေနာနိဂုံးနေ သူဌေးကတော် သုဇာတာ၏ နို့ဃနာဆွမ်းကို ရွှေခွက်နှင့်တကွ အလှူခံတော်မူ၍ နေရဉ္စရာမြစ်ကမ်း၌ ၄၉လုတ်မျှ ဘုဉ်းပေးတော်မူပြီးလျှင် “ယနေ့ ဘုရားဖြစ်မည်မှန်လျှင် ဤရွှေခွက်သည် ရေညာသို့ ဆန်တက်စေသား” ဟု အဓိဋ္ဌာန်၍ မျှောလိုက် ရာ ရွှေခွက်သည် ရေညာသို့ ဆန်တက်သွား၍ ကာဠနဂါးမင်းဗိမာန်တွင်းသို့ သက်ဆင်းကာ ရှေးဘုရားရှင်တို့ ၏ ရွှေခွက်အောက်၌ တည်လေသည်။ ထို့နောက် ဘုရားလောင်းသည် နေရဉ္စရာမြစ်ကမ်းဘေးရှိ အင်ကြင်းဥယျာဉ်တွင်း၌ နေ့ဘက်တွင် သီတင်းသုံးတော်မူ၍ ညနေချမ်းတွင် ဗောဓိပင်သို့ ကြွတော်မူစဉ် လမ်းခရီးအကြားတွင် မြတ်ရိတ်သမား ပုဏ္ဏားထံမှ မြက်ရှစ်ဆုပ်ကို အလှူခံလျက် ဗောဓိညောင်ပင်အောက်သို့ ရောက်သောအခါ ထိုမြက်များကို ခင်းလိုက်လေသည်။ ထိုအခါ ဆယ့်လေးတောင်ကျယ်သော မြက်ဖြင့်ပြုသော ပလ္လင်တော် ပေါ်လာ လေသည်။ ဤကဲ့သို့ နွေကာလဝယ် စိမ်းစိုသော မြက်ခင်းပေါ်တွင် “ဘုရားမဖြစ်သမျှ ဤထက်ဝယ်ဖွဲ့ခွေထား သော တင်ပျဉ်ကို မဖျက်တော့အံ့” ဟု ဓိဋ္ဌာန်၍ထိုင်နေတော်မူသောအခါ နတ်သိကြားများ ရောက်လာလေ သည်။ သိကြားမင်းသည် ဝိဇယုတ္တရ အမည်ရှိ ခရုသင်းကို မှုတ်လျက် အောင်သံပေးနေလေ၏။ ပဉ္စသီခနတ်သားသည် ဗေဠု၀စောင်းကို တီးနေလေသည်။ သုယာမနတ်မင်းနှင့် သန္တုသိတနတ်မင်းတို့ကမူ သားမြီးယပ် နှင့် ပတ္တမြားရပ်များကို တငြိမ့်ငြိမ့် ခတ်နေ၏။ သဟမ္ပတိဗြဟ္မာမင်းမှာ ထီးဖြူတော်ကို ဆောင်းမိုးနေ၏။ ကာဠနဂါးမင်း၏ ကိုယ်ရံတော် နဂါးပျိုမလေးများက ဘုန်းတော်ဘွဲ့များကို သာယာစွာ ရွတ်ဆိုနေကြ၏။ အခြားသော နတ်ဗြဟ္မာအပေါင်းတို့သည် ပန်းနံ့သာအမျိုးမျိုးဖြင့် ပူဇော်ကြလေသည်။

ဤသို့သော အခြင်းအရာကို မာရ်နတ်မင်းမြင်သော် ချက်ချင်းပင် နတ်ပြည်တက်၍ မိမိစစ်သည် တပ်သားများကို စုစည်းလျက် မိမိကိုယ်တိုင်က လက်နက်အမျိုးမျိုးဆွဲကိုင်သော လက်ရုံးတစ်ထောင် ဖန်ဆင်းပြီးလျှင် ဂီရိမေခလာ ဆင်ပြောင်ကြီးကို စီးကာ ဗောဓိပင်သို့ ချီတက်လာလေသည်။ သို့သော် ဗောဓိပင်အနားသို့ မကပ်ဝံ့ဘဲ အဝေးကနေသာ အမျိုးမျိုးသော လက်နက်များဖြင့် ပစ်ခတ်ကြ လေသည်။ မာရ်နတ်၏ စစ်သည်များ တက်လာကာစကပင် နတ်ဗြဟ္မာတို့သည် ဝေးရာအရပ်မှ ရှောင်လွှဲ၍ အောင်ပွဲကို ကြည့်ရှုကြလေသည်။ ဘုရားလောင်းသည် တစ်ပါးတည်းကျန်ရစ်သော်လည်း အနည်းငယ်မျှ စိုးရွံ့တော်မမူဘဲ မာရ်နတ်ကို မေတ္တာဖြင့် ကြည့်တော်မူလျက် နှစ်သက်ဖွယ်စကားများကို တုံ့ပြန်ပြောဆို တော်မူပြီးလျှင် “ဤပုလ္လင်နေရာရဖို့အတွက် မရေမတွက်နိုင်သော ကာလတုန်းက စွန့်လွှတ်ခဲ့ရသည်ကို ထားလိုက်ပါဦးတော့။ နောက်ဆုံးဖြစ်သော ဝေဿန္တရာဘ၀ဝယ် ကြင်ရာတော်မဒ္ဒီမိဖုရားကို လှူတုန်းက ဤမဟာပထဝီမြေကြီးသည် ပဲ့တင်ဟီးလျက် ရိုက်တီးဆော်ခတ် အသိအမှတ်ပြုခဲ့ဖူးလေပြီ” ဟု မိန့်တော်မူလျက် လက်တော်ဖြင့် မြေကိုသုံးသပ်တော်မူလိုက်သောအခါ မြေကြီးသည် ပြင်းထန်စွာ လှုပ်ခတ်လေသည်။ မဟာပထဝီမြေကြီး၏ တုန်လှုပ်သံမှာ ပြင်းစွာ ဆူညံသည့်အပြင် ကောင်းကင်တစ်ပြင်လုံးလည်း တဂျုံးဂျုံးထစ်ခြုန်းလျက် မိုးကြိုးများ ကျရောက်လေ၏။ ထိုသို့ တစ်ပြိုင်နက် အကြီးအကျယ် ကြောက်မက် ဖွယ်များ ဖြစ်ပေါ်လာသောအခါ မာရ်နတ်သည် ကြောက်လန့်၍ ထွက်ပြေးလေသည်။ နောက်လိုက်နောက် ပါ စစ်သည်များအားလုံးလည်း အစုအရုံးပျက်ပြား၍ နတ်ပြည်သို့ တက်ပြေးကြလေသည်။ ဤသို့ဖြင့် ဘုရားလောင်းသည် မာရ်နတ်ကို နေမဝင်မီ အောင်တော်မူလေသည်။

  • ဘုရားဖြစ်တော်မူပုံ

ဘုရားလောင်းသည် မာရ်နတ်ကို အောင်တော်မူပြီးနောက် အာနာပါန ကမ္မဋ္ဌာန်းကို ဆက်လက်၍ အားထုတ်လေသည်။ ညဉ့်ဦးယံသို့ ရောက်သောအခါ ရှေးဘ၀များကို ပြန်လည်အောက်မေ့သတိရနိုင်သော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရတော်မူ၏။ ထို့နောက် သန်းခေါင်ယံအချိန်တွင် တစ်လောကလုံး၌ ရှိသော သတ္တဝါအပေါင်းကို တွေ့မြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်ကို ရတော်မူ၏။ ထို့နောက် မိုးသောက်ယံတွင် ကိလေသာဟူသမျှကို အကြွင်းမရှိ ပယ်သတ်နိုင်သော အာသဝက္ခဉာဏ်ကို ရတော်မူသည်။ နေအရုဏ် တက်သည်နှင့် တစ်ပြိုင်နက် တရားအလုံးစုံကို ဆရာမကူ ကိုယ်တိုင်သိတော်မူသော သဗ္ဗညုတဘုရား အဖြစ်သို့ ရောက်တော်မူလေသည်။ အချိန်ကား မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်နေ့ ဗုဒ္ဓဟူးနေ့ ဖြစ်သည်။

  • ဓမ္မစကြာတရားဟောတော်မူခြင်း

ဘုရားလောင်း ဖွားမြင်စ၌ လက္ခဏာဖတ် ပုဏ္ဏားရှစ်ယောက် တို့အနက် ငါးယောက်က ဘုရားလောင်းသည် ဧကန်မုချ ဘုရားဖြစ်မည်ဟု ယုံကြည်သောကြောင့် ဘုရားလောင်း တောထွက် သောအခါ ရသေ့ရဟန်းပြု၍ ဘုရားလောင်းကို လုပ်ကျွေးပြုစုကြလေသည်။ သို့သော် ခြောက်နှစ်ကြာ ပြီးနောက် ဘုရားလောင်း ဆွမ်းအာဟာရ ဘုဉ်းပေးသည်ကို မြင်သောအခါ ဘုရားဖြစ်တော့မည်မဟုတ်ဟု ထင်သောကြောင့် ဘုရားလောင်းထံမှ ထွက်ခွါကာ ဗာရာဏသီအနီး မိဂဒါဝုန်တော၌ နေကြလေသည်။

ဘုရာလောင်းသည် ဘုရားဖြစ်တော်မူပြီးနောက် တရားဦးဟောထိုက်သူကို ဆင်ခြင်တော်မူသော အခါ ထိုရသေ့ငါးဦးကို မြင်တော်မူ၍ ဗောဓိပင်မှ တစ်ဆယ့်ရှစ်ယူဇနာ (၂၂၈.၉၆ မိုင်) ဝေးကွာသော ဣသိပတန မိဂဒါဝုန်တော (ဘုရား ပစ္စေကဗုဒ္ဓါတို့ ဆင်းသက်ရာ၊ သားသမင်တို့အား ဘေးမဲ့ပေးရာတော) သို့ ခြေကျင်ကြွတော်မူသည်။ ရှေးရှေးသော ဘုရားရှင်တို့သည် ဓမ္မစကြာ တရားကို ဟောကြားရန် ကောင်းကင်ခရီးဖြင့် ကြွတော်မူသော်လည်း ဂေါတမဘုရားရှင်ကမူ မဂ်ဖိုလ်မျိုးစေ့ရှိသော ဥပကနှင့် တွေ့လို၍ ၂၂ မိုင် ခရီးကို ခြေဖြင့်သာ ကြွတော်မူလေသည်။ ထို့နောက် မဟာသက္ကရာဇ် ၁၀၃ ခု ဝါဆိုလပြည့်နေ့ စနေနေ့၏ ညနေချမ်း၊ အနောက်ဘက်၌ နေဝင်၍ အရှေ့ဘက်၌ အာသဠီနက္ခတ်နှင့် ယှဉ်လျက် လပြည့်ဝန်းပေါ်ထွက်လာသော အချိန်တွင် ပဉ္စဝဂ္ဂီရသေ့ငါးပါးအား ဓမ္မစကြာ တရားဦးကို ဟောကြားတော်မူလေသည်။ တရားအဆုံး၌ တစ်ဆယ့်ရှစ်ကုဋေသော နတ်ဗြဟ္မာတို့ နှင့်အတူ အရှင်ကောဏ္ဍည သောတာပန် တည်လေသည်။ ထို့နောက် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် အရှင်ဝပ္ပ၊ ၂ ရက်နေ့တွင် အရှင်ဘဒ္ဒိယ၊ ၃ ရက်နေ့တွင် အရှင်မဟာနာမ်၊ ၄ ရက်နေ့တွင် အရှင်အဿဇိတို့ အသီးသီး သောတာပန်တည်ကြလေသည်။ ထို့နောက် ဝါဆိုလပြည့်ကျော် ၅ ရက်နေ့တွင် အနတ္တလက္ခဏာ သုတ်တော်ကို ဟောတော်မူသောအခါ ပဉ္စဝဂ္ဂီငါးပါးလုံး ရဟန္တာဖြစ်သွားကြလေသည်။

  • သာသနာပြုတော်မူခြင်း

ပဉ္စဝဂ္ဂီတို့အား ရဟန်းပြုပေးပြီးသောအခါ ဗုဒ္ဓ၊ ဓမ္မ၊ သံဃဟူ၍ ရတနာသုံးပါး အစုံအလင် ပေါ်ထွန်း လာပြီး မကြာမီမှာပင် ဗာရာဏသီမှ ယသသူဋ္ဌေးသားအမှူးပြုသော သူငယ်ချင်း ၅၅ ဦးတို့သည် ဘုရားရှင် ၏ တရားတော်ကို နာကြားရကာ ဧဟိဘိက္ခူ ရဟန္တာများ ဖြစ်လာခဲ့ကြသည်။ ဤအရှင်မြတ် အပါး၆၀သည် ဗုဒ္ဓသာသနာတွင် အဦးဆုံးသော သံဃအဖွဲ့အစည်းပင် ဖြစ်သည်။ ဘုရားရှင်နှင့်တကွ ထိုသံဃာတော်များသည် ရှေးဦးစွာ မိဂဒါဝုန်တော၌ သီတင်းသုံး နေထိုင်ခဲ့ကြ သည်။ မိုးလေကင်းလွတ် ဝါကျွတ်သောအခါ ဘုရားရှင်သည် ဝေနေယျတို့အား ဆုံးမသွန်သင်ရန် သံဃာ တော်အားလုံးကို ဒေသအသီးသီးသို့ သာသနာပြု စေလွှတ်တော်မူသည်။ စေလွှတ်ရာ၌ ရဟန်းတစ်ပါးလျှင် ခရီးတစ်ကြောင်းကျစီဖြင့် ခရီးထွက်ကြရန် ညွှန်ကြားတော်မူသည်။ ဘုရားရှင်ကိုယ်တော်တိုင်လည်း ဥရုဝေဠ တောသို့ ကြွတော်မူကာ သာသနာပြုလေသည်။ ဤအချိန်မှစ၍ ဘုရားရှင်သည် ၄၅ ဝါပတ်လုံး သာသနာပြု တော်မူခဲ့သည်။

  • ပရိနိဗ္ဗာန်စံတော်မူခြင်း

ဂေါတမမြတ်စွာဘုရား၏ နောက်ဆုံးခရီးကို ဒီဃနိကာယ်၊ မဟာပရိနိဗ္ဗာနသုတ်၌ မှတ်တမ်းတင် ထားသည်။ ဤမှတ်တမ်းကို ရာဇဂြိုဟ်ပြည်၊ ဂိဇ္ဈကုဋ်တောင်မှ စတင်ထားသည်။ မှတ်တမ်းအရ ရာဇဂြိုဟ်ပြည်အနီး၊ ဂိဇ္ဈကုဋ်တောင်တွင် ဘုရားရှင်သီတင်းသုံးနေစဉ် ဘုရားရှင်ထံ သို့ ဝေသာကာရအမတ်ချုပ်ကြီး ရောက်ရှိလာသည်။ ဝေသာကာရမှာ အဇာတသတ်ဘုရင်၏ အမတ်ချုပ်ကြီး ဖြစ်ပြီး ဝေသာလီပြည်ကို တိုက်ခိုက်လျှင် အောင်နိုင်၊ မအောင်နိုင် အဇာတသတ်က ဘုရားရှင်ထံ မေးမြန်း ခိုင်းသောကြောင့် ရောက်ရှိလာခြင်း ဖြစ်သည်။ ဝေသာကာရ၏ စုံစမ်းမှုကို ဘုရားရှင်က တိုက်ရိုက်အဖြေ မပေးဘဲ ဝေသာလီပြည်သားများသည် အပရိဟာနိယတရားခုနစ်ပါးတို့ကို ကျင့်သုံးနေသမျှ ကာလပတ်လုံး ၎င်းတို့အား မည်သည့်ရန်သူကမျှ အောင်မြင်မည်မဟုတ်ကြောင်း အရှင်အာနန္ဒာအား မိန့်ကြားခဲ့သည်။ ထို့နောက် ဗုဒ္ဓသည် အမ္ဗလဠီကာဥယျာဉ်နှင့် နာဠန္ဒာမြို့သို့ ထွက်ခွာတော်မူခဲ့သည်။ ထိုနှစ်နေရာတွင် တရား ဟောခဲ့ပြီးနောက် ပါဋလိရွာသို့ ခရီးဆက်တော်မူသည်။ ထိုရွာတွင် အဇာတသတ်၏ အမတ်ကြီးများဖြစ် သော သုနိဓနှင့် ဝေဿတာရတို့ ကပ်လှူသော ဆွမ်းကို အလှူခံခဲ့သည်။ တရားဓမ္မများ ဟောကြားခဲ့သည်။ ထို့နောက် ဂင်္ဂါမြစ်ကို ဖြတ်ကူးပြီးလျှင် မြစ်တစ်ဖက်ကမ်းရှိ ကောဋိရွာနှင့် နာတိကရွာတို့၌ ခေတ္တနားနေတော် မူသည်။ ထို့နောက် ဝေသာလီပြည်သို့ ကြွတော်မူသည်။

ဝေသာလီပြည်တွင် အမ္ဗပါလီ၏ သရက်ဥယျာဉ်၌ သီတင်းသုံးတော်မူပြီး တရားဟောတော်မူသည်။ အမ္ဗပါလီလှူဒါန်းသော ဆွမ်းကို အလှူခံတော်မူသည်။ ထိုအချိန်၌ ဝေသာလီကို အုပ်စိုးသော လိစ္ဆဝီမင်းတို့ သည် ဘုရားရှင်အား လာရောက်ဖူးမြော်ကြသည်။ ထို့နောက် ဘုရားရှင်သည် ဝေသာလီပြည်အနီး တောင်ဘက်ရှိ ဝေဠု၀ရွာသို့ ဆက်လက်ကြွတော်မူသည်။ ဘုရားရှင်သည် ဝေဠု၀ရွာတွင် ၄၅ဝါမြောက် နောက်ဆုံးဝါကို ကပ်ဆိုတော်မူသည်။ ဝေဠု၀ရွာ၌ သီတင်းသုံးတော်မူစဉ် ဘုရားရှင်သည် နာမကျန်းဖြစ်ကာ ဝေဒနာပြင်းစွာ ဖြစ်သည်။ ဖလသမာပတ်ဝင်စား၍ ဝေဒနာကို ထိန်းချုပ်တော်မူသည်။ တပည့်သာ၀က ရဟန်းများကို စုဝေးစေကာ နောက်သုံးလလွန်လျှင် ပရိနိဗ္ဗာန်စံတော်မူမည် ဖြစ်ကြောင်း အသိပေးတော်မူသည်။ ဝါကျွတ်သောအခါ ဗုဒ္ဓသည် သာဝတ္ထိပြည်သို့ ကြွတော်မူသည်။ ထိုစဉ် လက်ယာတော်ရံ အရှင်သာရိပုတ္တရာသည် မိမိ၏ဇာတိ နာဠကရွာရှိ မယ်တော်၏ တိုက်ခန်း၌ တန်ဆောင်မုန်းလပြည့်နေ့ညတွင် ပရိနိဗ္ဗာန်ပြုတော်မူသည်။ ထို့နောက် တန်ဆောင်မုန်းလကွယ်နေ့ညတွင် လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလာန် ပရိနိဗ္ဗာန်ပြုတော်မူသည်။ ထို့နောက် ဘုရားရှင်သည် ဝေသာလီပြည်သို့ ကြွတော်မူ သည်။ ထို့နောက် ဝေသာလီမှ ထွက်ခွာတော်မူသည်။

ဘုရားရှင်သည် ဘဗ္ဗုရွာ၊ ဟတ္ထိရွာ၊ အမ္ဗရွာ၊ ဇမ္ဗုရွာတို့တွင် ခရီးတစ်ထောက်စီနားပြီး ဘောဂမြို့သို့ ရှေးရှုကြွတော်မူသည်။ ထိုမှတစ်ဆင့် မလ္လာမင်းတို့၏ နေပြည်တော်ဖြစ်သော ပါဝါမြို့သို့ ဘုရားရှင် ရောက်ရှိ တော်မူသည်။ ပါဝါမြို့တွင် ခေတ္တသီတင်းသုံးနေစဉ် ပန်းထိမ်သည် စုန္ဒလှူဒါန်းသော ဆွမ်းကို အလှူခံဘုဉ်း ပေးတော်မူသည်။ ဤဆွမ်းသည် ဘုရားရှင် ဘုဉ်းပေးတော်မူသော နောက်ဆုံးဆွမ်း ဖြစ်သည်။ ဘုရားရှင်သည် ဝမ်းသွေးသွန် ရောဂါဖြစ်တော်မူသည်။ သို့ရာတွင် ဘုရားရှင်သည် ရောဂါကို သမာပတ်ဖြင့် ထိန်းချုပ်လျက် ကုသိနာရုံမြို့သို့ ခရီးဆက်တော်မူသည်။ ၃ ဂါဝုတ်နီးပါး (၉.၅၄ မိုင်ခန့်) ဝေးသောဤခရီးတွင် ဘုရားရှင်သည် ၂၅ ကြိမ်ခန့် နားတော်မူသည်။ တစ်ကြိမ်နားနေစဉ် ဘုရားရှင်သည် ရေအလွန်မွတ်သိပ်တော်မူသဖြင့် အနီးနားရှိချောင်းငယ်မှရေကို ခပ်ယူဆပ်ကပ်ရန် အရှင်အာနန္ဒာအား တိုက်တွန်းစေခိုင်းတော်မူသည်။ ထို့နောက် ကကုဓာမြစ်သို့ ရောက်ရှိသောအခါ ရေသုံးသပ်တော်မူပြီး ခေတ္တ မျှ လဲလျောင်းအပန်းဖြေတော်မူသည်။ ထို့နောက် နေဝင်ပြီး မှောင်စပျိုးချိန်တွင် ကုသိနာရုံသို့ ဘုရားရှင်ရောက်ရှိတော်မူသည်။ မလ္လာမင်း တို့၏ အင်ကြင်းတောအတွင်း အင်ကြင်းပင်ပျိုနှစ်ပင်ကြား ခင်းထားသော ညောင်စောင်းပေါ်တွင် ဘုရားရှင် လဲလျောင်းတော်မူသည်။ ဘုရားရှင်၏ သတင်းကို ကြားသောအခါ မလ္လာမင်းတို့သည် စုဝေးရောက်ရှိလာကြသည်။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော့မည်ဖြစ်ကြောင်း သိကြသောအခါ ပူဆွေးငိုကြွေးကြ သည်။ ဘုရားရှင်အား နောက်ဆုံးဖူးမြော်ရန် ရောက်ရှိလာသော မလ္လာမင်းများကို အရှင်အာနန္ဒာသည် တစ်သုတ်ပြီးတစ်သုတ် ဘုရားရှင်ထံသို့ ပို့ပေးသည်။ ဤသို့ဖြင့် ညဉ့်၏ ပထမယံ ကုန်လွန်သွားသည်။

သန်းခေါင်ယံတွင် သုဘဒ္ဒအမည်ရှိ ပရိဗ္ဗိုဇ်ရောက်ရှိလာပြီး ဘုရားရှင်ထံ ပြဿနာမေးခွင့် တောင်းသည်။ ဘုရားရှင် ပင်ပန်းတော်မူမည်စိုးသောကြောင့် အရှင်အာနန္ဒာက ခွင့်ပြုတော်မမူ။ ထိုအကြောင်းကို ဘုရားရှင်သိတော်မူသောအခါ သုဘဒ္ဒအား ခေါ်စေတော်မူပြီး မေးလျှောက်သမျှ ပြဿနာ များကို ကောင်းစွာဖြေကြားတော်မူသည်။ သုဘဒ္ဒစိတ်တွင် မတင်မကျ ဖြစ်နေသော သံသယများ ရှင်းလင်း သွားကာ ရဟန်းပြုခွင့်တောင်းသည်။ ဘုရားရှင်က ချက်ချင်းပင် ရဟန်းပြုခွင့် ပေးတော်မူသည်။ ထို့နောက် တရားအားထုတ်လေရာ ဘုရားရှင် ပရိနိဗ္ဗာန်မစံတော်မူမီပင် ရဟန္တာဖြစ်သွားလေသည်။ ထို့နောက် ရဟန်းတော်များကို မိမိဟောကြားခဲ့သော တရားများသည် မိမိမရှိသည့်နောက် ရဟန်း တော်တို့အတွက် ဆရာဖြစ်တော်မူသည်ဟု မိန့်တော်မူသည်။ ထို့နောက် တရားတော်အပေါ် သံသယတစ်စုံ တစ်ရာရှိလျှင် ယခုပင်မေးရန် လျှောက်ထားတော်မူသည်။ သို့သော် မည်သူမှ မမေးဘဲ ဆိတ်ဆိတ်နေတော် မူကြသည်။ ထိုအခါ ဘုရားရှင်က ယခုစု‌ေ၀းနေသော ရဟန်းတော်တို့အနက် အနိမ့်ဆုံးမှာ သောတာပန်များ သာဖြစ်ကြောင်း မိန့်ကြားတော်မူသည်။ ထို့နောက် “ဟန္ဒ ဒါနိ ဘိက္ခေဝ အာမန္တယာမိဝေါ၊ ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ” (ရဟန်းတို့ ယခုအခါ၌ အကျဉ်းအားဖြင့် သင်တို့ကို ငါဘုရားမှာကြားတော်မူမည်။ ကံ စိတ် ဥတု အာဟာရ တည်းဟူသော အကြောင်းလေးပါး သင်္ခါရတရားတို့သည် ပျက်တတ်သော သဘောရှိကုန်၏။ သင်တို့သည် မမေ့လျော့သောသတိဖြင့် ပြည့်စုံကြစေကုန်လော့) ဟု နောက်ဆုံးတရားတော်ကို ဟောတော်မူပြီးနောက် စတုတ္ထဈာန်ဝင်စားကာ ပဋိသန္ဓေနေ တော်မူစဉ်က စိတ်နှင့်တူသော စုတိစိတ်ဖြင့် ပရိနိဗ္ဗာန်စံတော်မူသည်။ ထိုအခါ မဟာပထဝီမြေကြီးသည် ပြင်းထန်စွာ မြည်ဟီး၍ အကြီးအကျယ်တုန်လှုပ်လေသည်။ ဤအချိန်သည်ကား မဟာသက္ကရာဇ် ၁၄၈ခု (ဘီစီ – ၅၄၃) ကဆုန်လပြည့်နေ့ အင်္ဂါနေ့ မိုးသောက်ယံအချိန် ဖြစ်သည်။ သက်တော် ၈၀၊ ဝါတော် ၄၅ ဝါအရတွင် ပရိနိဗ္ဗာန်ပြုတော်မူခြင်းဖြစ်သည်။

မဟာသက္ကရာဇ် ၁၄၈ခု၊ ကဆုန်လဆုတ် ၁၂ ရက် တနင်္ဂနွေနေ့တွင် တေဇောဓာတ် လောင်တော် မူသည်။ ကြွင်းကျန်ရစ်သော ဓာတ်တော်များကို ဒေါဏပုဏ္ဏားက ရှစ်ပြည်ထောင်မင်းများကို ရှစ်ပုံစီ ခွဲဝေပေး လေသည်။

၂၉။ မေတ္တေယျဘုရား

မေတ္တေယျဘုရားဗုဒ္ဓမြတ်စွာဘုရားသည် ဗုဒ္ဓဘာသာ၌ နောင်ပွင့်လတ္တံ့သော ဗုဒ္ဓဘုရားတစ်ဆူဖြစ်လေသည်။ ဤဘဒ္ဒကမ္ဘာတွင် ကကုသန် ဗုဒ္ဓမြတ်စွာဘုရား၊ ကောဏဂုံ ဗုဒ္ဓမြတ်စွာဘုရား၊ ကဿပ ဗုဒ္ဓမြတ်စွာဘုရား၊ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရား ဟူ၍ ဗုဒ္ဓမြတ်စွာဘုရား(၄) ဆူ ပွင့်တော်မူခဲ့ပြီး ဖြစ်သည်။ ဤ ဘဒ္ဒကမ္ဘာ တွင် ပဉ္စမမြောက် ဗုဒ္ဓမြတ်စွာဘုရား အဖြစ် မေတ္တေယျဗုဒ္ဓမြတ်စွာဘုရား သည် ပွင့်တော်မူ လတ္တံ့ ဖြစ်သည်။ မေတ္တယျမြတ်စွာဘုရားသည် ဤ ဘဒ္ဒကမ္ဘာအတွင်း ငါးကြိမ်မြောက် ပွင့်တော်မူ လတ္တံ့သော ဘုရားရှင် ဖြစ်သည်။

မေတ္တေယျမြတ်စွာဘုရားကို အရိမေတ္တေယျ (အရိယ မေတ္တယျ) ဟု ခေါ်ကြသည်။ အဇိတ ဟုလည်း ‌ခေါ်ကြသည်။

  • ဘုရားဆုကိုတောင်းခြင်း

လွန်လေပြီးသောအတိတ်က ကပ်ကမ္ဘာတစ်ခုတွင် သိရိမနတ ဘုရား ပွင့်တော်မူခဲ့သည်။ ထိုမြတ်စွာဘုရားလက်ထက်တော်တွင် မေတ္တေယျဘုရားသည် သင်္ခ မည်သော စကြာဝတေးမင်း ဖြစ်ခဲ့သည်။ တစ်နေ့သောအခါ ထိုစကြဝတေးမင်းသည် သာမဏေတစ်ဦးနှင့် တွေဆုံခဲ့သည်။ ထိုသာမဏေသည် မြတ်စွာဘုရားသည် ပုဗ္ဗာရုံကျောင်းတော်၌ နေတော်မူသည်ကိုလျှောက်သောအခါ သင်္ခသည် သာမဏေအား မင်းအရာကို အပ်ပြီး ဘုရားရှိရာအရပ်သို့ သွားလေသည်။

ထိုသို့သွားသောအခါ ပင်ပန်းကြီးစွာဖြစ်၍ ထိုမြတ်စွာဘုရားထံသို့ မရောက်မည်ကို စိုးရိမ်လေ၏။ ထိုစဉ် သိရိမနတ ဘုရားသည် ဒိဗ္ဗစက္ခုဉာဏ်တော်ဖြင့် ဆင်ခြင်တော်မူသောအခါ ထိုစကြဝတေးမင်း၏အဖြစ်ကိုမြင်၍ မြတ်စွာဘုရားသည် လှည်းသမားလူအိုအသွင် ဖန်ဆင်း၍ခေါ်‌ဝောာ်မူခဲ့လေသည်။

ကျောင်းသို့ရောက်သော် မြတ်စွာဘုရားသည် တရားကို‌ ဟောတော်မူလေ၏။ ထိုအခါ သင်္ခစကြဝတေးမင်းသည် မိမိ၏ ဦးခေါင်းကို လက်သည်းဖြင့်ဖြတ်၍ ဘုရားဆုကို တောင်း၍ အလှူပြုပြီးစုတေ‌‌လေသည်။

ကေတုမတီပြည်မှ သင်္ခစကြာမင်း၏ ပုရောဟိတ် သုဗြဟ္မာပုဏ္ဏားနှင့် ဗြဟ္မဝတီပုဏ္ဏေးမတို့၏ သားတော်ဖြစ်လတ္တံ့။

အရွယ်ရောက်သော် စန္ဒမုခီ အမည်ရှိသော မင်းသမီးနှင့် လက်ထက်ထိမ်းမြား လတ္တံ့။ သားတော်ဗြဟ္မဝဒ္ဓနတစ်ပါး ဖွားမြင်ပြီးနောက် လောကီစည်းစိမ်ကို ပယ်စွန့်ကာ ပြသာဒ်ယာဉ်ဖြင့်တောထွက်တော်မူလတ္တံ့။

၇ ရက်ကြာမျှ ဒုက္ကရစရိယာ ကျင့်တော်မူပြီးနောက် ကံ့ကော်ဗောဓိပင်ရင်းဝယ် သဗ္ဗညုတဉာဏ်ကိုရ၍ ဘုရားဖြစ်တော်မူ လတ္တံ့။ ထိုမြတ်စွာဘုရား၏ အဂ္ဂသာဝက ၂ ပါးကား အသောက မထေရ်နှင့် ဗြဟ္မဒေဝမထေရ်ဖြစ်လတ္တံ့။ အဂ္ဂသာဝိကာ ၂ ပါးကားပဒုမာထေရီနှင့် သုမနထေရီဖြစ်လတ္တံ့။ အလုပ်အကျွေးကား သီဟမထေရ် ဖြစ်လတ္တံ့။

ထိုမြတ်စွာဘုရား၏ ဉာဏ်တော် အမြင့်ကား ၈၈ တောင် မြင့်လတ္တံ့။ သက်တော် ရှစ်သောင်း နေရလတ္တံ့ ။ ထိုမြတ်စွာဘုရား၏ သာသနာသည် အနှစ်တစ်သိန်း ရှစ်သောင်းတိုင်တိုင် တည်လတ္တံ့။