စိန်ရောင်ခြည် ဘုရားရှိခိုး

အင်္ဂီရသဿ ဥဏ္ဏာယ၊

ဒါဌာဟိ သေတရံသိယော၊

ဝဇိရာဝ ဝိရောစန္တိ၊

ဇိနော မေ ဌာတု သီသကေ။

အင်္ဂီရသဿ – အယုတ်၊ အလတ်၊ အမြတ်ပိုင်းခြင်း လွန်ကြီးမား၍ သုံးပါးဆယ်လီ ပါရမီ​တော်အဟုန် စာဂီ​တော်ဂုဏ်တို့​ကြောင့် ​ခြောက်​ရောင်စုံ ကွန့်မြူးလျက် “အင်္ဂီရသ” ဆို​သော ဘွဲ့ထူးကို အံ့ကျူးခံ့ခိုင် ဖက်မပြိုင်နိုင်​အောင် လက်ကိုင်ရရှိ​တော်မူ​သော ဘုရားရှင် ကိုယ်​တော်မြတ်ကြီး၏

ဘမုကန္တ​ရေ – မျက်ခုံး​တော်နှစ်သွယ် အလယ်ဗဟိုတည့်တည့်၌

သဥ္ဇာတာ – နုဖြူထွားထွား ​ကောင်းစွာ​ပေါက်ပွား ဖြစ်​ပေါ်၍ လာ​တော်မူ​သော

ဥဏ္ဏာယ စ – ဆွဲလို့ဆန့်လျှင် နှစ​တောင်ခန့် ရှည်လျားသဖြင့် စိန်သားနှစ်အသွင် ​ငွေနန်းချည်အမျှင်ကဲ့သို့ ဖြူစင်ဝင်းသစ် လက်ယာရစ်​ခွေရုံ စိန်ကြယ်ပွင့်အ​နေပုံလို ဥဏ္ဏလုံ​ခေါ် ​​မွေးရှင်​တော်ဓါတ် လွန်ထူးမြတ်သည့် အရပ်​တော်မှလည်း​ကောင်း

ဒါဌာဟိစ – ပတ္တမြား​ခေါင်ရမ်း၊ နှင်းဆီပန်းကဲ့သို့ နီမြန်း​သော နှုတ်ခမ်း​တော်တို့နှင့် မ​ပေါ်​အောင်ဖုံးပိတ်၍ ထားအပ်​သော သွား​တော်​လေးဆယ်၊ စွယ်​တော်​လေးဆူ ဖြူရာရာ ဓါတ်​တော်ထူးတို့မှ လည်း​ကောင်း

​သေတရံသိ​ယော – ပုလဲအနှစ် စိန်စစ်နမူ ​ဘော်ဖြူ​ငွေရွက် ဖြန့်ကြက်စီခြယ် ​ငွေကြယ်​ရောင်သန်း ​ကေလာသ​ငွေ​တောင်ကို ​နေအ​ရောင်လွှမ်းဘိသကဲ့သို့ မြတ်​​လေးပန်း စပယ်ငုံ ကြာဖြူပွင့် ဝတ်မှုန်လို ပုံပမာကပ် စိန်​တောင်ကို တိမ်​ရောင်ဟပ်ဘိသကဲ့သို့ တလျှပ်လျှပ် တဖိတ်ဖိတ် တရိပ်ရိပ် တလည်လည် ထိန်​ပြောင်ကြည်တဲ့ စိန်​ရောင်ခြည်ဓါတ် ဖြူ​ဖွေး​သော အဆင်း​တော်မြတ်တို့သည်

ဝဇီရာဝ – စိန်နှစ် စိန်​သွေး ဖြူ​ဖွေး​တောက်​ပြောင် စိန်သား​တောင်ကြီးကဲ့သို့

ဝိ​ရောစန္တိ – ဖူးမြင်ရသူတို့၏ စိတ်ဝယ်အထူး ဘဝင်မှာ ကြည်နူး​လောက်​အောင် ရွှင်မြူးတက်ကြွ ဘက်မမျှသဖြင့် လှပဆန်းကြယ် တင့်တယ်​တော်မူကြပါ​ပေကုန်​၏

​သော ဇိ​နော – ထူး​ထွေဆန်းလည် စိန်​ရောင်ခြည်တို့​ကြောင့် အင်္ဂီရသံ ဘွဲ့ထူးခံသည့် ငါးမာန်​အောင်ပြီး ထိုဘုရားရှင်ကိုယ်​တော်မြတ်ကြီးသည်

​မေ မမ – ရုပ်နှင့် နာမ်သာ ထိုနှစ်ဖြာကို သက္ကာယစွဲ အထင်လွဲ၍ ငါပဲသမုတ် အကျွန်ုပ်၏

သီသ​ကေ – ဦး​ခေါင်းရတနာ မြတ်ရာထားတင် ဦးထိပ်ပြင်၌

ဌာတု – ​​ဘေးရန်ခပ်သိမ်း ကင်းငြိမ်း​စေမှု ​မေတ္တာပြု၍ ကြည့်ရှုကိုယ်တိုင် ခိုင်ခိုင်မတ်မတ် တန့်ရပ်တည်​တော်မူလှည့်ပါ့  စိန်​ရောင်ခြည် ​နေတနှုန်းကဲ့သို့ ​ရွှေဘုန်း​တော်သခင် အရှင်မြတ်ကြီးဘုရား။

(လယ်တီပဏ္ဍိတ ဦး​မောင်ကြီး)