ဝိပဿနာ၏ ဥပဒေသ
ဝိပဿနာ၏ အာရုံသည် ပရမတ်ရုပ်နာမ် ဖြစ်သည်။ ရုပ်နာမ်ဆိုသည်မှာလည်း ဝေါဟာရပညတ် ဖြစ်ပြီး အားထုတ်ရသည့်အခါ တကယ်သိမှာက ရုပ်နာမ်၏ သဘောသက်သက်မျှကို သိရမှာဖြစ်သည်။ ထို့ကြောင့် –
ပထမအနေဖြင့် –
ရုပ်နာမ်၏ သဘောလက္ခဏတို့ကို ရှင်းရှင်းလင်းလင်း ကြိုတင်သိထားရမည် ဖြစ်သည်။ ရုပ်နာမ်ကို ကွဲပြားစွာ သိရပါမည်။ ရုပ်နာမ်ကို ကွဲသည်ဆိုသည်မှာ အရှုခံ ရုပ်အာရုံကတခြား ရှုသိနေသော စိတ်ကလေးကတခြား ဖြစ်နေတာကို သိနေလျှင် ရုပ်နာပ်ကွဲသည်ဟု ခေါ်သည်။ ဒီလို အာရုံတခြား သိမှုကတခြားကို သိမြင်လျှင် ရုပ်နာမ်ကွဲပြီဖြစ်သည်။
ဒုတိယအနေဖြင့် – ရုပ်ခန္ဓါ (၁) ပါးနှင့် နာမ်ခန္ဓါ (၄)ပါး ပေါင်း ခန္ဓါငါးပါးကို တဏှာ၊ ဒိဋ္ဌိတို့ဖြင့် ငါ၊ ငါ့ဥစ္စာ၊ ငါ့ခန္ဓါဟူ၍ စွဲလမ်းနေသဖြင့် ဥပါဒါနက္ခန္ဓါဟု ခေါ်သည်။ ခန္ဓါအပေါ်တွငိ ဒိဋ္ဌိစွဲပြီး အတ္တငါ၊ အတ္တနိယငါ့ဥစ္စာဟု ဥပါဒါန် စွဲနေလျှင် အဝိဇ္ဇာ၊ သင်္ခါရဖြစ်ပြီး မပါယ်ဘေးမှ မလွတ်နိုင်ပါ။
တတိယအနေဖြင့် – မည်ကဲ့သို့ ရှုမှတ်ရမည်နည်းဆိုလျှင် သတိပဋ္ဌာန်မှ သတိပဋ္ဌာန်ဘာဝနာဖြစ်အောင် ရှုမှတ်ရပါမည်။ ပေါ်တိုင်းသိ၊ ဖြစ်တိုင်းသိအောင် အသိလိုက်ပေးနေလျှင် သတိပဋ္ဌာန်ဖြစ်သည်။ သတိပဋ္ဌာန်ဘာဝနာဖြင့် ပေါ်လာဖြစ်လာသော ဓမ္မဟူသ၍ ပေါပြီး ပေါ်သည့်နေရာတွင်ပင် ပျောက်သွား ပျက်သွားတာကို နောက်ကဥာဏ်ဖြင့်မြင်အောင် စောင့်ကြည့်ပေးလျှင် ဘာဝနာမှ ပညာဖြစ်လာပါသည်။ ထို့နောက်မှာတော့ ဘာဝနာ၏ လမ်းဆုံးအကျင့်ကို လိုက်နိုင်ရမည်။ လမ်းဆုံးအကျင့်ဆိုသည်မှာ ဖြစ်ပြီးပျက်နေတာကို ဉာဏ်နှင့်ကြည့်နေရင်း ဖြစ်-ပျက် အစဥ်ကြီးကို ငြီးငွေ့မုန်းတီးလာပြီး မုန်းတီးလျက်နှင့် ပေပြီး ဖြစ်-ပျက် ချုပ်ဆုံးသွားတာကို ရောက်အောင် ဝိပဿနာမဂ်ဖြင့် စောင့်ကြည့်တာပဲ ဖြစ်သည်။
ထို့ကြောင့် ဝိပဿနာဆိုသည်မှာ သင်္ခါရဖြစ်သော ရုပ်နာမ်တရားတို့၏လက္ခဏာကို မြင်အောင်ကြည့်ရသောအလုပ် ဖြစ်ပါသည်။
ရုပ်နာမ်လက္ခဏာတွေကတော့
၁။ ရုပ်နာမ်၏ ကိုယ်ပိုင်လက္ခဏာ၊ သဘာဝလက္ခဏာ၊
၂။ ရုပ်နာမ်၏ သင်္ခတလက္ခဏာ၊
၃။ ရုပ်နာမ်၏ သာမညလက္ခဏာဟူ၍ (၃)မျိုးရှိသည်။
၁။ ရုပ်နာမ်၏ ကိုယ်ပိုင်လက္ခဏာ၊ သဘာဝလက္ခဏာ
ဤတွင် ရုပ်၏ကိုယ်ပိုင် သဘာဝလက္ခဏာနှင့် နာမ်၏ ကိုယ်ပိုင် သဘာဝ လက္ခဏာဟူ၍ ရှိသည်။ ဖောက်ပြန်ပျက်စီးတတ်သော သဘောရှိ၍ ရုပ်ဟုခေါ်သည်။ ရုပ်၏ ဖောက်ပြန်တတ်သော ရုပ္ပနသဘောကို သိမြင်ပါမှလည်း “ရုပ်” ကို သိမြင်သာ ဖြစ်ပါသည်။ ရုပ်သည် မူလဘူတ(ခေါ်) အခြေခံ ဘူတရုပ် လေးပါးရှိသည်။ ၎င်းတို့မှာ ပထဝီဓါတ်၊ တေဇောဓါတ်၊ အာပေါဓါတ်၊ ဝါယောဓါတ် စသည့် ဓါတ်ကြီးလေးပါး ဖြစ်သည်။
ပထဝီဓါတ်
ပထဝီသည် ပညတ်။ ပထဝီဓါတ်၏ ကိုယ်ပိုင်လက္ခဏာက မာခြင်း-ပျော့ခြင်း သဘောရှိသည်။ ၎င်း မာသဘော- ပျော့သဘောသည် ဖောက်ပြန်တတ်သော သဘောရှိ၍ “ရုပ်” ဟုခေါ်သည်။ မာသဘော-ပျော့သဘောသည် ပရမတ်ဖြစ်သည်။
တေဇောဓါတ်
တေဇောသည် ပညတ်။ တေဇော၏ ကိုယ်ပိုင် လက္ခဏာက ပူခြင်း- အေးခြင်းသဘော ရှိသည်။ အေးသဘော- ပူသဘောသည် ဖောက်ပြန်တတ်သော သဘောရှိ၍ “ရုပ်” ဟုခေါ်သည်။ အေးသဘော-ပူသဘောက ပရမတ်ဖြစ်သည်။
အာပေါဓါတ်
အာပေါသည် ပညတ်။ အာပေါ၏ ကိုယ်ပိုင်လက္ခဏာက ဖွဲ့စေးခြင်း-ယိုစီးခြင်းသဘောရှိသည်။ ၎င်းဖွဲ့စေးခြင်းသဘော-ယိုစီးခြင်းသဘောသည် ဖောက်ပြန်တတ်သော သဘောရှိ၍ “ရုပ်”ဟုခေါ်သည်။ ဖွဲ့စေးခြင်းသဘော- ယိုစီးခြင်းသဘာက ပရမတ်ဖြစ်သည်။
ဝါယောဓါတ်
ဝါယောသည် ပညတ်။ ဝါယောဓါတ်၏ ကိုယ်ပိုင်လက္ခဏက တောင့်တင်းခြင်း၊ ငြိမ်သက်ခြင်း၊ လှုပ်ရှားခြင်း သဘောရှိသည်။ လှုပ်ရှားခြင်း-ငြိမ်သက်ခြင်းသဘောသည် ပရမတ်ဖြစ်သည်။
ဤကဲ့သို့ ကိုယ်ပိုင်လက္ခဏာရှိကြသော မဟာဘုတ် ရုပ်လေးပါးသည် ဖောက်ပြန်တတ်သော သဘောရှိသည့် လက္ခဏာထဲတွင် အကျုံးဝင် ပါရှိနေသောကြောင့် “ရုပ်” ဟူ၍ ခေါ်သည်။
တစ်ဖန် “နာမ်”ဆိုတာ အာရုံညွတ်၍ သိတတ်သော သဘောလက္ခဏာရှိသဖြင့် နာမ်ဟုခေါ်သည်။
ခံစားတတ်သော သဘော သက်သက်မျှကို ဝေဒနာ၊ ခံစားတတ်သော သဘောအစုကို ဝေဒနာက္ခန္ဓါဟု လည်းကောင်း။
မှတ်သားတတ်သော သဘောသက်သက်မျှကို သညာ၊ မှတ်သားတတ်သော သဘောအစုကို သညာက္ခန္ဓါဟုလည်းကောင်း။
ပြုပြင်စီရင်တတ်သော သဘောသက်သက်မျှကို သင်္ခါရ၊ ပြုပြင်စီရင်အပ်သော သဘောအစုကို သင်္ခါရက္ခန္ဓါ ဟုလည်းကောင်း။
အာရုံကိုသိတတ်သော သဘောသက်သက်မျှကို ဝိညာဏ်၊ အာရုံကို သိတတ်သော သဘောအစုကို ဝိညာဏက္ခန္ဓါ ဟုလည်းကောင်း ခေါ်ဆိုသည်။
အထက်ပါ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ် စသည့် လေးပါးသည် အာရုံညွတ်၍ သိတတ်သော သဘောလက္ခဏာရှိကြသဖြင့် နာမ်လေးပါး ဖြစ်ကြကုန်၏။
အထက်ဖော်ပြပါရှိသော ရုပ်၏ကိုယ်ပိုင် လက္ခဏာနှင့် နာမ်၏ကိုယ်ပိုင် လက္ခဏာတို့ကို ရုပ်နာမ်၏သဘာဝ လက္ခဏာဟု ခေါ်သည်။
၂။ ရုပ်နာမ်တို့၏ သင်္ခတလက္ခဏာ
ဥပါဒ် – ဌီ – ဘင် ဟူသည့် ဖြစ်မှုသဘော – ပျက်မှုသဘောတည်းဟူသော သဘောလက္ခဏာ သုံးပါးကို ခေါ်သည်။ သင်္ခတ တရားမှန်သရွေ့ ရုပ်ဖြစ်စေ၊ နာမ်ဖြစ်စေ ဥပါဒ် – ဌီ – ဘင် လက္ခဏာ သုံးပါးရှိကြသည်ဟု သင်္ခတလက္ခဏာသုတ်၌ အဆိုရှိပါသည်။ ဝိပဿနာရှုရာတွင် ဌီ = တည်ရှိသောသဘောကို မရှုရပါ။ ဥပါဒ်စွန်း – ဘင်စွန်း ဖြစ်သဘောနှင့် ပျက်သဘောကိုသာ ရှုရပါသည်။ ဖြစ်ပျက်ကို ရှုခိုင်းတာသည် သင်္ခတလက္ခဏာကို မြင်အောင်ရှုခိုင်းတာ ဖြစ်ပါသည်။
၃။ နာမ်တို့၏ သာမညလက္ခဏာ
ရုပ်နာမ်တို့၏ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာ ဟူသော လက္ခဏာသုံးပါးကို ဝိပဿနာဉာဏ်ဖြင့် ရှုပွားရပါသည်။ ဝိပဿနာအလုပ်တွင် ရုပ်နာမ်တို့၏ သဘာဝလက္ခဏာ၊ သင်္ခတလက္ခဏာ၊ သာမညလက္ခဏာတို့ကို အစဥ်အလိုက် ထင်မြင်အောင် ရှုမှတ်ရပါသည်။ ခုန်ကျော်၍ မရှုရပါ။
သဘာဝ လက္ခဏာကို မမြင်ပဲ သင်္ခတလက္ခဏာကို မမြင်နိုင်ပါ။ ထို့အတူ သင်္ခတလက္ခဏာကို မမြင်ပဲ သာမညလက္ခဏာဖြစ်သည့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏတို့ကို မမြင်နိုင်ပါ။ ယင်း သာမည လက္ခဏာတို့ကို မမြင်ရလျှင် ဝိပဿနာဆိုင်ရာ အနုပဿနာများကို ရှုပွား၍ မရနိုင်တော့ပါ။
သဘာဝလက္ခဏာမှ သင်္ခတ လက္ခဏာ၊ သာမည လက္ခဏာဟူ၍ ရှိသောအစီအစဥ်ကိုကျော်၍ ရှုပွားခြင်းငှာ မဖြစ်ကောင်းပါ။
သင်္ခတလက္ခဏာကို ဝိပရိဏာမလက္ခဏာ ဒုက္ခသစ္စာဟု ခေါ်သည်။ ဖောက်ပြန်ပျက်စီးနေသည့် သဘောကို ဝိပရိဏာမ လက္ခဏာဟု ခေါ်သည်။
ဝိပဿနာ ဉာဏ်စဥ်ဆိုသည်မှာ ရုပ်နာမ်ဓမ္မများ၏ လက္ခဏများကို ရှုမှတ်ပွားများရင်း အသိဉာဏ်များ ပြောင်းပြောင်းသွားခြင်းကို ဉာဏ်စဥ်တက်သွားသည်ဟု ဆိုသည်။
ဝိပဿနာကို “လက္ခဏာ ပနဇ္ဈာန” ဟုခေါ်သည်။ အဓိပ္ပါယ်မှာ လက္ခဏာတို့ကိုသာ ကပ်ပြီးရှုသိနေရသည့် ဈာန်ဟုခေါ်သည်။ ဈာန်ဆိုသည်မှာ နီဝရဏ အစရှိသော ကိလေသာတို့ကို လောင်မြိုက်ဖျက်ဆီးနိုင်သည့် အစွမ်းကို ခေါ်သည်။
ကိုးကား။ ။ ဦးသန်းတင်