သမ္မာဒိဋ္ဌိမဟုတ်သဖြင့် ယင်း (၆၂)ပါးသည် မှားသောအယူများဖြစ်ကြသည်။
ပုဗ္ဗန္တကပ္ပိကဒိဋ္ဌိ (၁၈)ပါးနှင့် အပရန္တကပ္ပိကဒိဋ္ဌိ (၄၄)ပါး – ပေါင်း (၆၂) ပါးဖြစ်သည်။
ပုဗ္ဗန္တကပ္ပိကဒိဋ္ဌိ (၁၈)ပါးတွင် သဿတဒိဋ္ဌိ (၄)ပါး၊ ဧကစ္စသဿတဒိဋ္ဌိ (၄)ပါး၊ အန္တာနန္တာဒိဋ္ဌိ (၄)ပါး၊ အမရာဝိက္ခေပ ဒိဋ္ဌိ (၄)ပါး၊ အဓိစ္စသမုပ္ပန္နဒိဋ္ဌိ (၂)ပါး။
အပရန္တကပ္ပိကဒိဋ္ဌိ (၄၄)ပါးတွင် သညီဒိဋ္ဌိ (၁၆)ပါး၊ အသညီဒိဋ္ဌိ (၈)ပါး၊ နေဝသညီ နာသညီဒိဋ္ဌိ (၈)ပါး၊ ဥစ္ဆေဒဒိဋ္ဌိ (၇)ပါး၊ ဒိဋ္ဌိဓမ္မနိဗ္ဗာန ဒိဋ္ဌိ (၅)ပါး။
အထက်ပါဒိဋ္ဌိ (၆၂)ပါး၏ ရေသောက်မြစ်မှာ ဒိဋ္ဌိ (၃)ပါးသာဖြစ်သည်။ယင်းဒိဋ္ဌိ (၃)ပါးမှာ သက္ကာယဒိဋ္ဌိ၊ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒ ဒိဋ္ဌိတို့ဖြစ်သည်။
သက္ကာယဒိဋ္ဌိကို အကြောင်းခံပြီး (၆၂)ပါးသော ဒိဋ္ဌိတို့ ဖြစ်ပေါ်လာရသည်။
အကျယ်
ပုဗ္ဗန္တကပ္ပိက ဒိဋ္ဌိ (၁၈)ပါး
- မြဲ၏၊ ခိုင်၏ ဟုယူသော သဿတအယူ (၄)ပါး၊
- အချို့မြဲ၊ အချို့မမြဲ ဟုယူသော ဧကစ္စသဿတအယူ (၄)ပါး၊
- အဆုံးရှိ၊ အဆုံးမရှိ ဟုယူသော အန္တာနန္တာအယူ (၄)ပါး၊
- ဝေ့လည်ချောင်ပတ် ယူသော အမရာဝိက္ခေပအယူ (၄)ပါး၊
- အကြောင်းမရှိ ဟုယူဆသော အဓိစ္စသမုပန္နအယူ (၂)ပါး၊
အပရန္တကပ္ပိကံ ဒိဋ္ဌိ(၄၄)ပါး
- သေပြီးနောက် သညာရှိ၏ ဟုယူသော ဥဒ္ဓမာဃာတနိက သညီ (၁၆)ပါး၊
- သေပြီးနောက် သညာမရှိ ဟုယူသော ဥဒ္ဓမာဃာ တနိက အသညီ (၈)ပါး၊
- သေပြီးနောက် သညာရှိသည်လည်းမဟုတ်၊ မရှိသည်လည်း မဟုတ် ဟူ၍ ယူသော ဥဒ္ဓမာဃာတနိက နေဝသညီနာသညီ (၈)ပါး၊
- ပြတ်စဲသည် ဟူ၍ ယူသော ဥစ္ဆေဒ ဒိဋ္ဌိအယူ (၇)ပါး၊
- မျက်မှောက် နိဗ္ဗာန် အယူရှိသည့် ဒိဋ္ဌိဓမ္မ နိဗ္ဗာနအယူ (၅)ပါး
စုစုပေါင်း (၆၂)ပါး ဖြစ်သည်။ ယင်း(၆၂)ပါးသော ဒိဋ္ဌိအယူသည် သမ္မာဒိဋ္ဌိမဟုတ်၍ မှားသော အယူဖြစ်သည်။ ထို (၆၂)ပါးသော ဒိဋ္ဌိတို့၏ ရေသောက်မြစ် သုံးပါးသည် သက္ကာယဒိဋ္ဌိ၊ သဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိ တို့ဖြစ်သည်။ ခန္ဓါငါးပါး သက္ကာယတရားသည် ပရမတ် အရှိတရားဖြစ်သည်။ ထို့ကြောင့် သက္ကာယတရားကို ပယ်ဖို့မလိုပါ။ ဒိဋ္ဌိဟူသော အယူမှားကိုသာ ပယ်ရပါမည်။
ဒိဋ္ဌိဖြစ်ရခြင်း အကြောာင်း(၈)ပါး
၁။ မသိမှု အဝိဇ္ဇာကြောင့် ဒိဋ္ဌိဖြစ်ရပါသည်။ ခန္ဓါရကြောင်း၊ ခန္ဓါ ဖြစ်ကြောင်းကို မသိဘူး၊ ခန္ဓါချုပ်ငြိမ်းကြောင်း အကျင့်ကိုလည်း မသိပါဘူး၊ ထို့ကြောင့် ဥစ္ဆေဒ ဒိဋ္ဌိဖြစ်ရပါသည်။
၂။ ခန္ဓါဆိုတာကိုလည်းမသိဘူး၊ အမေက မွေးလိုက်သော ခန္ဓါ ကိုယ်ကာယကြီးကိုပဲ ခန္ဓါဟု ထင်နေကြသည်။ ခန္ဓါ ငါးပါး၊ ရုပ်နာမ် နှစ်ပါးကိုလည်း မသိဘူး။ မဟာဘုတ် ရုပ်ကိုလည်း မသိဘူး၊ မဟာဘုတ် ရုပ်ကိုမှီပြီးဖြစ်တဲ့ ဥပါဒါနက္ခန္ဓါကိုလည်း မသိဘူး။
၃။ “ယောနိသော မနသိကာရ” သင့်တင့်တာကို နှလုံးသွင်းမိခြင်း မရှိ၍ ရုပ်နာမ် ဓမ္မကို “ငါ”ထင်နေသည်။ ဓါတ်အာယတနကိုလည်း “ငါ” ထင်နေသည်။ အကြောင်းအကျိုး ဓမ္မကိုလည်း နားမလည်။ ဖြစ်ပျက်ကိုလည်း မသိ။ ဖြစ်ပျက်ကိုလည်း မသိတော့ ခိုင်တယ် မြဲတယ်ဟု ယူဆပြီး ဒိဋ္ဌိဖြစ်ရသည်။
၄။ ဖဿကို ဖဿမှန်း မသိ၍လည်း ဒိဋ္ဌိဖြစ်ရသည်။
၅။ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ကို လည်းကောင်း၊ ရုပ်ကိုလည်းကောင်း ငါစွဲပြီး “ငါ” ထင်နေသည်။
၆။ အတိတ်ကို၎င်း၊ အနာဂတ်ကို၎င်း ကြံစည်မှု ဝိတက်မှား၍လည်း ဒိဋ္ဌိဖြစ်ရသည်။
၇။ ပါပမိတ္တ(ခေါ်) မကောင်းသော မိတ်ဆွေကြောင့်၊ အယူလွဲသော မိတ်ဆွေကြောင့် ဒိဋ္ဌိဖြစ်ရသည်။
၈။ ပရတော စ ဃောတော ဆိုသလို တရားစစ်၊ တရားမှန်ကို မကြားဖူး၊ မနာဖူး၍၎င်း၊ မနာကြားတတ်၊ မကြိုက်တတ်၍၎င်း၊ သူတပါးပြော၊ သူတပါး ပါးစပ်၌လမ်းဆုံး၍၎င်း ဒိဋ္ဌိဖြစ်ရသည်။
ဒိဋ္ဌိရှိနေပါလျက် ဒိဋ္ဌိကို ဒိဋ္ဌိမှန်းမသိ၊ ဒိဋ္ဌိကို မပယ်တတ် မဖြုတ်တတ်ပါက ဘာလှူလှူ၊ သီလပဲ စောင့်စောင့် ဒိဋ္ဌိကြောင့် အပါယ်သို့ ကျရောက်ရပါအုံးမည်။