၁။ ဂရုကံ – အလွန်ကြီးမားသောကံ ဖြစ်သည်။ အကုသိုလ်၌၎င်း၊ ကုသိုလ်၌၎င်း အလွန်ကြီးသောကံ ဖြစ်သည်။ ဘုရားရဟန္တာကို ဆွမ်းလှူရခြင်း၊ ဈာန် မဂ် ဖိုလ်ရခြင်း၊ အမိအဖကို သတ်ခြင်း၊ ရဟန္တာကိုသတ်ခြင်း၊ ဘုရားကို သွေးစိမ်းတည်အောင် ပြုခြင်း နှင့် သံဃာကို သင်းခွဲခြင်း… တို့သည် အလွန်းကြီးမားသော ဂရုကံဖြစ်သည်။
ဂရုကံကြောင့် ၇-ရက်၊ ၇-လ၊ ၇-နှစ်အတွင်း ဒိဋ္ဌဓမ္မဝေဒနိယကံ၏ အစွမ်းဖြင့် အကျိုး/အပြစ် ခံစားရသည်။
၂။ အာသန္နကံ – သေခါနီးဆဲဆဲကာလတွင် ဖြစ်ပေါ်လာသော အကျိုးပေးကံဖြစ်သည်။ ပထမဦးစွာ ဂရုကံက အကျိုးပေးရန် ခွင့်မသာလျှင် အာသန္နကံသည် အကျိုးပေးသည်။
၃။ အာစိဏ္ဏကံ – မသေမီ ကျန်းမာစဥ်က နေ့စဥ်ကြိမ်ဖန်များစွာ ပြုခဲ့သောကုသိုလ်၊ အကုသိုလ်ကံဖြစ်သည်။နေ့စဥ် ဆွမ်းလောင်းလှူခြင်း၊ နေ့စဥ် ဝိပဿနာအလုပ်လုပ်ခြင်း စသော ကုသိုလ်ကံမျိုးသည် ကုသိုလ်အာစိဏ္ဏကံ ဖြစ်သည်။ နေ့စဥ် လိမ်ညာနေခြင်း၊ နေ့စဥ် ခိုးဝှက်နေခြင်း၊ ညှင်းဆဲ သတ်ဖြတ်နေခြင်း စသည့် အကုသိုလ် အာစိဏ္ဏကံတို့သည် သေခါနီးဆဲဆဲအချိန်တွင် အာသန္နကံအဖြစ် အကျိုးပြုပါလိမ့်မည်။
၄။ ကဋတ္တာကံ – အမှုမဲ့၊ အမှတ်မဲ့ ပြုလုပ်မိသော ကုသိုလ်၊ အကုသိုလ်ကံ ဖြစ်သည်။ ရုတ်တရက် သေဆုံးခြင်း၊ ရုတ်တရက် စီးပွားပျက်သွားခြင်း၊ ရုတ်တရက် ထီဆုကြီး ပေါက်ခြင်း၊ ရုတ်တရက် အကုသိုလ် ဖိစီးခံရခံရခြင်း…စသည်တို့သည် ကြားမှဖြတ်၍ အကျိုးပေးသော ကဋတ္တာကံ၏ စွမ်းရည်ကြောင့်ဖြစ်သည်။