၁။ ခန္ဓါငါးပါးကို ဤကားရုပ်၊ ဤကားနာမ်ဟု ကွဲပြားစွာသိလျှင် နာမ ရူပ ပရိစ္ဆေဒဉာဏ်ဖြစ်သည်။
၂။ ခန္ဓါငါးပါး ရုပ်နာမ်နှစ်ပါးသည် ရှေးရှေးအတိတ်က အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံ ဟူသော အကြောင်း (၄)ပါးကြောင့် ရရှိလာသော အကျိုးတရားပဲဟု သိမြင်လျှင် အကြောင်းနှင့် အကျိုးကို သိမ်းဆည်းသိသော ဉာဏ် (ဝါ) ပစ္စယပရိဂ္ဂဟဉာဏ် ရသည် ဖြစ်သည်။
၃။ ရုပ်နာမ် ခန္ဓါကြီး၏ ရှေးရှေးအတိတ်၊ ယခုပစ္စုပ္ပန်၊ နောင်လာမည့် အနာဂတ်ဟူ၍ ကာလသုံးပါးကို ပိုင်းခြားပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာတို့ကို ဆင်ခြင်သည့် သမ္မသနဉာဏ်ဖြစ်သည်။
၄။ ယခုဖြစ်ဆဲ ပေါ်ဆဲဖြစ်သော ခန္ဓါငါးပါး၏ ဖြစ်ပျက်နေမှုကို ရှုမှတ်နေ၍ ဖြစ်ပျက်ကို မြင်သောဉာဏ် (ဝါ) အနိစ္စကိုမြင်သောဉာဏ်သည် ဥဒယဗ္ဗဉာဏ်ဖြစ်သည်။
၅။ ဖြစ်-ပျက် (ဝါ) အနိစ္စကိုမြင်ပြီး ဉာဏ်ရင့်သန်လာသောအခါ အဖြစ်ကိုမမြင်ပဲ၊ အပျက်ချည်းသာမြင်သောဉာဏ်သည် ဘင်္ဂဉာဏ်ဖြစ်သည်။
၆။ အပျက်ချည်း မြင်နေ၍ ကြောက်မက်ဖွယ်ရာ ဘေးကြီးပဲဟူ၍ တွေ့မြင်လာသေး ဉာဏ်သည် ဘယဉာဏ် ဖြစ်သည်။
၇။ ရုပ်၊ နာမ်တို့၏ ဖြစ်မှု၊ ပျက်မှုကို အပြစ်မြင်သော အာဒီနဝဥာဏ်ဖြစ်သည်။
၈။ ရုပ်၊ နာမ် ခန္ဓါ၏ ဖြစ်မှု၊ ပျက်မှုကို ရှုနေပြီး ငြီးငွေ့မုန်းတီးလာသော နိဗ္ဗိန္ဒဉာဏ်ဖြစ်သည်။
၉။ မိမိခန္ဓါတည်းဟူသော ရုပ်နာမ်ဓမ္မသင်္ခါရတို့မှ လွတ်ခြင်းငှာ အလိုရှိသော မုဥ္စိတုကမျတာဉာဏ် ဖြစ်သည်။
၁၀။ ထိုမှတဆင့် အပြင်းအထန်အားထုတ်မှုကြောင့် ရုပ်နာမ်တို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေကို အလွန်ထင်မြင်လာသော ပဋိသင်္ခါဉာဏ် ဖြစ်သည်။
၁၁။ ဒီနောက်မှာတော့ သင်္ခါရဓမ္မတွေကို မချစ်၊ မမုန်းပဲ ဥပေက္ခါပြုသော သင်္ခါရုပေက္ခါဉာဏ်ပေါ်လာပါမည်။
၁၂။ နောက်တော့ သစ္စာနှင့်လျော်သောဉာဏ် (ဝါ) ဘယ်ဘုံ၊ ဘယ်ဘဝ၊ ဘယ်ခန္ဓါပဲရရ ဒုက္ခသစ္စာပါပဲလားဟု သိလာရသော သစ္စာအနု လောမိကဉာဏ်ကို ရောက်လာပါမည်။
၁၃။ ထို့နောက် ပုထုဇဥ် အနွယ်ကိုဖြတ်၍ အရိယာတို့၏ အနွယ်ကိုဖြစ်စေသော ဂေါတြဘူဉာဏ်ပေါ်လာသည်။
၁၄။ ထိုမှဆက်သော် သဥပါဒိသေသနိဗ္ဗာန်ကိုသိမြင်သော မဂ်ဉာဏ်စစ်စစ်ပေါ်လာပါမည်။
၁၅။ ထို့နောက် ဖိုလ်ဉာဏ်။
၁၆။ ထို့နောက် ပစ္စဝေက္ခဏာဉာဏ်တို့ ပေါ်လာမည်။
မိုးကုတ်ဆရာတော်ကြီးက အတိုဆုံး၊ အရှင်းဆုံး ဉာဏ် (၃) ဉာဏ်ကိုသာ ဟောကြားခဲ့သည်။
- ဖြစ်ပျက်မြင်သောဉာဏ်
- ဖြစ်ပျက်မုန်းသောဉာဏ်
- ဖြစ်ပျက်ဆုံးသောဉာဏ် ဟူ၍ ဖြစ်သည်။