ဧဟိဘိက္ခု ရဟန်းတော်များ

“ဧဟိဘိက္ခု” သည် “ရဟန်း လာလော့”ဟု အဓိပ္ပါယ်ရသည်။ ဧဟိဘိက္ခု ဟု ခေါ်ခံရသည်နှင့် တပြိုင်နက် အခေါ်ခံရသော အမျိုးသားသည် လူ၏အသွင်၊ လူ၏ အဝတ်အစား ဆင်ယင်မှု အားလုံး ကွယ်ပျောက်ပြီး ရဟန်းအသွင် ရဟန်းဝတ်စား ဆင်ယင်မှုအားလုံး ပေါ်ပေါက်လာသည်။ ဆံ၊ မုတ်ဆိတ်လည်း ရိတ်ပြီးသား ဖြစ်သွားသည်။ ဖန်ရည်ဆိုးထားသော သင်္ကန်းသုံးထည်တွင် တစ်ထည်ကို ဝတ်၊ တစ်ထည်ကို ရုံ၊ တစ်ထည်ကို ပခုံးတွင် တင်ကာ လက်ဝဲ ပခုံးစွန်တွင် ကြာညိုပန်း အဆင်းရှိသော သပိတ်ကိုလွယ်လျက် ပရိက္ခရာ ရှစ်ပါးနှင့် ဝါတော် ခြောက်ဆယ်ရှိသော မထေရ်ကြီးတစ်ပါးကဲ့သို့ ကြည်ညိုဖွယ်ရာ အသွင်ဖြင့် ဖြစ်ပေါ်လာသည်။

ဧဟိဘိက္ခုရဟန်း ဖြစ်ရန် အကြောင်းသုံးပါးနှင့် ပြည့်စုံရန် လိုအပ်သည်။

  1. အရိယာပုဂ္ဂိုလ်ကို ဖြစ်စေ၊ စီလရှိသော ပုထုဇဥ်ကို ဖြစ်စေ ပရိက္ခရာရှစ်ပါးကို ဖြစ်စေ၊ သပိတ်၊ သင်္ကန်းကို ဖြစ်စေ ပေးလှူခဲ့ဖူးခြင်း၊
  2. ပေးလှူသောအခါ “ဤပရိက္ခရာ အလှူဒါနသည် နောင်ပွင့်မည့် ဘုရားရှင် သာသနာတော်တွင် ဧဟိဘိက္ခု ရဟန်းပြုရခြင်း၏ အကူအညီ အထောက်အပံ့ ဖြစ်စေသတည်း”ဟု ဆုတောင်းခဲ့ဖူးခြင်း၊
  3. နောက်ဆုံးဘဝတွင် (ပစ္ဆိမ ဘဝိက ပုဂ္ဂိုလ်) ဖြစ်ခြင်း- တို့ဖြစ်သည်။

မြတ်စွာဘုရားရှင် ဝါတော် (၂၀) ကာလအတွင်း ဧဟိဘိက္ခုရဟန်းအဖြစ် ရရှိခဲ့ကြသော အမျိုးသားပေါင်း (၂၈၆၃၆)ပါး ရှိကြောင်း သုတေသန သရုပ်ပြ အဘိဓါန်တွင် ​ဖော်ပြပါရှိသည်။

ကိုးကား-မဟာဓမ္မာစရိယ ဦးသိန်းထွန်း