ပုဂ္ဂလပညတ်ကျမ်း

ပိဋကသုံးပုံတွင် ဝိနည်း၊ သုတ္တန် တရားတော်များသည် ပညတ်ကို ဦးစားပေး ဟောတော်မူသော တရားများဖြစ်ကြသည်။ အဘိဓမ္မ တရားတော်များသည် ခန္ဓာ၊ အာယတန စသော ပရမတ္ထ သဘာဝဓမ္မတို့ကို ဦးစားပေး ဟောသောတရားများ ဖြစ်ကြသည်။

ပုဂ္ဂလ ပညတ်ကျမ်းသည် အဘိဓမ္မာကျမ်းမျိုးဖြစ်ပြီး အဘိဓမ္မာ ခုနှစ်ကျမ်းတွင် လေးခုမြောက် ကျမ်းတစ်ကျမ်းဖြစ်သည်။ ထိုကျမ်းသည် အခြားသော အဘိဓမ္မာကျမ်းများနှင့် မတူပဲ ထူးးခြားသည်။ အခြားသော အဘိဓမ္မကျမ်းများသည် ခန္ဓာ၊ အာယတန စသော ပရမတ္ထ သဘာဝဓမ္မတို့ကို ဦးစားပေးဟောထားသည်။ ပုဂ္ဂလပညတ်ကျမ်းတွင် ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ စသော နာမပညတ် အကြောင်းကို ဟောထားပါသည်။

ပုဂ္ဂလပညတ်ကျမ်းကို ဟောကြားရာတွင် ရည်ရွယ်ချက် (၈)မျိုး ရှိကြောင်းကို ပဥ္စပကရဏအနုဋီကာကျမ်းတွင် ဖွင့်ဆိုပြထားပါသည်။

  • သတ္တဝါများ မကောင်းမှုမှ ရှက်ကြောက်တတ်စေရန်၊
  • သတ္တဝါအများ ကံသာမိမိဥစ္စာဖြစ်ကြောင်း သိစေရန်၊
  • သတ္တဝါတို့၏ စွမ်းဆောင်ချက်ကို ပြရန်၊
  • အမိသတ်ခြင်း၊ အဖသတ်ခြင်း၊ ရဟန္တာသတ်ခြင်း၊ ဘုရားရှင်ကို သွေးစိမ်းတည်အောင်ပြုခြင်း၊ သံဃာသင်းခွဲခြင်းစသော အနန္တရိယဖြစ်သော ကြီးလေးသော အပြစ်ကိုပြခြင်း၊
  • ဗြဟ္မစိုရ်တရား လေးပါးကိုပြခြင်း၊
  • ရှေးရှေးဘဝများကို အောက်မေ့မှု ပုဗ္ဗေနိဝါသာ နုဿတိဉာဏ်ကိုပြခြင်း၊
  • အလှူဒါန၏ စင်ကြယ်ကြောင်း အမှုကို ပြခြင်း၊
  • လောကဓလေ့ထုံးစံ ပြောရိုးစဉ်လာကို မပယ်သင့်ကြောင်းကို ပြခြင်း တို့ဖြစ်သည်။

ပုဂ္ဂလပညတ်ကျမ်းတွင် အဘိဓမ္မာကို နာယူသူ၊ လေ့လညသူတို့လွယ်ကူစွာ နားလည်ပါစေခြင်းငှါ အဘိဓမ္မာ သဘာဝတရားများကို ဆိုင်ရာဆိုင်ရာ အမည်နာမများ သတ်မှတ်ခြင်း၊ အဘိဓမ္မာကို နာယူသူတို့၏ ငြီးငွေ့မှုကို အကြားအကြားတွင် ပညတ်တရားများကို ထည့်သွင်းဟောကြားခြင်းဖြင့် ပယ်ဖျောက်လိုခြင်း၊ အဘိဓမ္မာနာယူသူတို့ ပညတ်ကို ပစ်ပယ်၍ ပရမတ် အစွန်းရောက်သမားများ ဖြစ်သွားကြမည်ကို မလိုလားခြင်း၊ ပညတ်နှင့် ပရမတ်နှစ်မျိုး အညီအမျှ ဆင်ခြင်ခြင်းဖြစ်သော မဇ္ဈိမ ပဋိပဒါလမ်းကို ထင်ရှားပြတော်မူလိုသောကြောင့် ပုဂ္ဂလပညတ်ကျမ်းကို အဘိဓမ္မာ ခုနှစ်ကျမ်းတွင် ထည့်သွင်းထားခြင်းဖြစ်သည်။

ကိုးကား-မဟာဓမ္မာစရိယ ဦးသိန်းထွန်း