အဆွေခင်ပွန်းတု

အဆွေခင်ပွန်း အစစ်နှင့်အတု

အဆွေခင်ပွန်းစစ်

  • မိမိက ကောင်းမှုကုသိုလ် ဆောင်ရွက်ရန် မေ့လျှော့နေလျှင် သတိပေး၍ ကောင်းမှုကုသိုလ် ဆောင်ရွက်စေတတ်သူ။
  • မိမိဥစ္စာကိုပင် သူပိုင်ပစ္စည်းကဲ့သို့ လေလွင့် ပျက်စီးခြင်းမရှိအောင် ထိန်းသိမ်းစောင့်ရှောက် ကူညီပေးတတ်သောသူ။
  • မိမိ ဘေးဒုက္ခကြုံတွေ့ချိန်တွင် အားကိုးစရာတစ်ခု အနေဖြင့် ကူညီစောင့်ရှောက် ဖေးမ အားပေးတတ်သူ။
  • မိမိတွင် ပြုဖွယ်ကိစ္စများရှိ၍ ငွေကြေးဥစ္စာ လိုအပ်သည့်အခါ၌ မိမိအလိုရှိသော အတိုင်းအတာထက် သာလွန်၍ ပေးကမ်းချေးငှါးတတ်သူ။

“မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ပြုဖွယ်ရှိက၊ နှစ်ဆဥစ္စာ၊ ချေးပေးလာသည်၊ လေးဖြာဥပကာရတည်း။”

(ပါထိကဝဂ္ဂပါဠိ – ၁၅၂။)

  • မကောင်းသော အမှုကို မပြုလုပ်မိစေရန် စေတနာဖြင့် တားမြစ်ပေးသူ၊
  • ကောင်းသောအမှုကိုသာ ပြုလုပ်တတ်စေရန် ကူညီအားပေး တိုက်တွန်းတတ်သူ၊
  • မကောင်းသော သတင်းဆိုးများကို ပြောကြားခြင်း မရှိပဲ ကောင်းသော သတင်းများကိုသာ သူတပါး ဝမ်းသာအောင် အကြောင်းကြား လာတတ်သူ၊
  • ထက်ဘုံနတ်ရွာသို့ သွားမည့် လမ်းကောင်းလမ်းမြတ်ကိုသာ ညွှန်ပြတတ်သူ၊

“မကောင်းမြစ်ထာ၊ ကောင်းရာသွင်းထား၊ မကြားစတောင်း၊ အကြောင်းကြားလာ၊ နတ်ရွာလမ်းပြ၊ ဤလေးဝကား၊ မည်ရအတ္ထက္ခာယီတည်း။”

(ပါထိကဝဂ္ဂပါဠိ – ၁၅၃။)

အဆွေခင်ပွန်းတု

  • မိမိထံသို့လာသောအခါတွင် လက်ချည်းသက်သက်သာလာ၍ မိမိထံမှ ပြန်သောအခါဝယ် ဥစ္စာပစ္စည်း များများကို တောင်းရမ်းရယူသွားတတ်သောသူ
  • သူပိုင်ပစ္စည်းလက်ဆောင် အနည်းငယ်ကိုသာ ပေးပြီး မိမိထံမှ ပစ္စည်းအများအပြားကို ပြန်လည်ရယူသွားတတ်သောသူ
  • ၎င်းဘေးဒုက္ခရောက်သည့် အခါတွင် မိမိထံသို့ အားမနာတမ်း ချည်းကပ်ပြောဆိုတတ်သော်လည်း မိမိဘေးဒုက္ခရောက်သည့်အချိန်တွင် မသိဟန်ဆောင်၍ ရှောင်ထွက်သွားတတ်သောသူ
  • ကိုယ်ကျိုးစီးပွားကိုသာကြည့်၍ လာရောက်မှီခို ပေါင်းသင်းတတ်သောသူ

“လက်ချည်းလာ၍၊ ဥစ္စာဆောင်သယ်၊ နည်းငယ်ဖြင့်သာ၊ များစွာလိုရှိ၊ ဘေးထိရောက်ကာ၊ ပြုလာတုံဘိ၊ မိမိအကျိုးငှါ၊ မှီလာပေါင်းယှဥ်၊ လေးယောက်စဥ်ကား၊ အညဒတ္ထဟရတည်း။

  • မိမိမသိနားမလည်၍ မကောင်းမှုလမ်းမှားကို လွဲမှားစွာပြုလုပ်နေသည်ကိုပင် ကောင်းပါသည်ဟု ပြောဆိုတတ်သောသူ၊
  • မကောင်းသောအမှုကို မိမိမသိနားမလည်၍ ပြုလုပ်ရန် ကြံရွယ်တိုင်ပင်လျှင်လည်း ၎င်းအနေဖြင့် ဆင်ခြင်သုံးသပ် တားမြစ်ခြင်းမရှိ၊ ခွင့်ပြုအားပေးတတ်သောသူ၊
  • မကောင်းမှုပြုလုပ်သည်ကို ကောင်းမှုပြုလုပ်သယောင် ဖုံးကွယ်ပြီး ရှေ့တွင်ချီးမွမ်းစကား ပြောဆိုတတ်သူ၊
  • ရှေ့တွင်ချီးမွမ်းထားသော မကောင်းမှုမျိုးကို မျက်ကွယ်ရောက်မှ ကဲ့ရဲ့ပြောဆိုတတ်သူ၊

(ပါထိကဝဂ္ဂပါဠိ – ၁၅၁။)