ပါတိမောက်

မြတ်စွာဘုရားရှင်က တပည့်သာဝက သံဃာ့အဖွဲ့အစည်းကြီး အဓွန့်ရှည်စွာ တည်တန့်ခိုင် မြဲစေရန် အတွက်လည်းကောင်း၊ သံဃာတော်အရှင်သူမြတ်တို့ ကိုယ်စိတ်နှစ်ဖြာ ချမ်းချမ်းသာသာ သီတင်းသုံးနေထိုင် နိုင်စေခြင်းငှါလည်းကောင်း ဝိနည်းစည်းကမ်းချက်များဖြင့် ဆုံးမသြဝါဒပေးတော်မူပါသည်။ ထိုအဆုံးအမ သြဝါဒ များကို ပါတိမောက် ဟုခေါ်ပါသည်။

ပါတိမောက်သည် (က)သြဝါဒပါတိမောက်၊ (ခ)အာဏာပါတိမောက်-ဟူ၍ နှစ်မျိုးရှိပါသည်။ မြတ်စွာ ဘုရားရှင်က ဝါတော်(၂ဝ)အတွင်း ဝိနည်းစည်းကမ်းချက်များ မပညတ်သေးခင် ကာလအတွင်းမှာ သြဝါဒပါတိ မောက်ဖြင့် သံဃာတော်များ ကို သွန်သင်ဆုံးမသြဝါဒပေးတော်မူပါသည်။

အရှင်သာရိပုတ္တရာ နှင့် ရှင်မောဂ္ဂလာန် မထေရ်မြတ်ကြီးများ ရဟန္တာဖြစ် တော်မူပြီးသော အချိန်မှာ မြတ်စွာဘုရားရှင်က ထိုသာဝကကြီးများအား လက်ယာရံ၊ လက်ဝဲရံအကြီးမြတ်ဆုံး သာဝက ကြီးများအဖြစ် တာဝန်ပေးတော်မူပါသည်။ ထိုသာဝကသန္နိပါတ (တပည့်ပေါင်းစုံညီ) အစည်း အဝေးကြီးမှာ သြဝါဒပါတိမောက် ကို ဘုရားရှင် ကိုယ်တော်တိုင်ပြတော်မူပါသည်။

ပါတိမောက်ဆိုသည်မှာ ပါတိမောက္ခဆို ပါဠိစကားမှဖြစ်ပေါ်လာသည်။ ပါတိမောက္ခဆိုသည် မှာ ဝိနည်း စည်းကမ်းချက်များကို လုံခြုံအောင် စောင့်ထိန်းသူများကို အပါယ်အစရှိသော ဘေးဒုက္ခတို့မှ လွတ်မြောက်စေ နိုင်သောကြောင့် ပါတိမောက္ခ ဟုခေါ်ပါသည်။

သြဝါဒပါတိမောက်ကို ဘုရားရှင်တို့ကိုယ်တော်တိုင် ပြတော်မူကြပါသည်။ ဘုရားရှင်ပညတ်တော်မူ သော သိက္ခာများကို ပြန်လည်ရွတ်ဆို၍ပြရသော အာဏာပါတိမောက်ကို တပည့်သာဝကများက ပြကြပါသည်။ သက်တမ်းအလွန်ရှည်လျားသောကာလ၌ ပွင့်တော်မူသောဘုရားရှင်တို့ခေတ်၌ကား လူသားတို့၌ လောဘ ဒေါသ မောဟနည်းသည့် အတွက်ကြောင့် သိက္ခာပုဒ်များ ပညတ်ရန်မလိုချေ။ ထို့ကြောင့် ထိုခေတ်အခါကာလ၌ အာဏာပါတိ မောက်ဟူ၍မရှိပါ။ သြဝါဒပါတိမောက်သာလျှင်ရှိပါသည်။ ထိုသြဝါဒပါတိမောက်ကိုလည်း ဘုရားရှင် ကိုယ်တော်တိုင် သုံးနှစ်တစ်ကြိမ် (သို့) ငါးနှစ်တစ်ကြိမ် သာဝကသန္နိပါတ (သာဝကပေါင်းစုံညီ) အစည်းအဝေးကြီးကျင်းပ၍  ပြတော်မူပါသည်။

သြဝါဒပါတိမောက် ပထမဂါထာ

ခန္တီ ပရမံ တပေါ တိတိက္ခာ၊

နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။

န ဟိ ပဗ္ဗဇ္ဇိတော ပရူပဃာတီ၊

န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။

အဓိပ္ပါယ် – (က)အလွန်စွမ်းအားပြည့် ထက်မြက်သော သည်းခံခြင်းသည် မြတ်သော အကျင့်တည်း။

(ခ)နိဗ္ဗာန်သည် အမြတ်ဆုံးချမ်းသာဟု ဘုရားရှင်တို့ ဟောတော်မူကုန်၏။

(၈)သူတစ်ပါးကို သတ်ဖြတ်သောသူသည် ရဟန်းမဟုတ်။

(ဃ)သူတစ်ပါးတို့ကို ညှင်းဆဲနှိပ်စက်သော သူသည် ကိလေသာအပူခပ်သိမ်း ငြိမ်းအေးပြီး သောရဟန်း မဟုတ်။

သည်းခံခြင်းသည် မြတ်သောအကျင့်

သည်းခံခြင်းဟုဆိုရာ၌ မိမိအပေါ် ဆန့် ကျင် တိုက်ခိုက်သူများကိုလည်း သည်းခံရသည်။ မိမိကိုယ်တွင်း အဇ္ဈတ္တမှာရှိနေသော ကိလေသာ ရန်သူများကိုလည်း မဖြစ်ပေါ်အောင် အောင့်အည်း သည်းခံရသည်။ ပြင်ပ ဆန့်ကျင်ဘက် ရန်သူများကို သည်းခံရာ၌ ကိုယ့်ထက် အသက်ဂုဏ်ဝါကြီးသူများကို ရိုသေသမှု ကရုဏာ မေတ္တာတရားတို့ဖြင့် သည်းခံစိတ်မွေးရသည်။ မိမိနှင့် အဆင့်အတန်းတူသူများကို မုဒိတာတရားဖြင့် သည်းခံရ သည်။ ကိုယ့်အောက် နိမ့်ကျသူများကို သနားကရုဏာဖြင့် သည်းခံရသည်။ ကိုယ့်ကို ဆန့်ကျင်ဘက်လုပ်ပြီး ရန်ရှာနေကြသူများကို “သူတို့က အခုဘဝမှာသာ ငါ့ကို ရန်ရှာနေကြတာ။ အရင် ဘဝသံသရာ အဆက်ဆက်က ငါ့ကို အသက်ပေးပြီး မွေးခဲ့တဲ့ မိခင်ဖခင်တွေလည်း ဖြစ်နိုင်တာပဲ။ ငါ့ကျေးဇူးရှင် တွေလည်းဖြစ်နိုင်တာပဲ” ဟု သူတစ်ပါး ကျေးဇူး တရားကို ကြံဖန်တွေးတောပြီး သည်းခံစိတ်မွေးရသည်။

မိမိကိုယ်တွင်းက ကိလေသာရန် သူများကို အနုသယ(တည်ကိန်း)ကိလေသာ အဆင့်မှ ထကြွ သောင်း ကျန်းလာသော ပရိယုဋ္ဌာနကိလေသာ အဆင့်သို့ မရောက်အောင် အောင့်အည်းသည်းခံရသည်။ ထကြွသောင်း ကျန်းလာသော ကိလေသာအဆင့်မှ ကိုယ်နှုတ်တို့ဖြင့် လွန်ကျူးသော ပရိယုဋ္ဌာန ကိလေသာအဆင့်သို့ မရောက်အောင် အောင့်အည်းသည်းခံရသည်။ အလိုမရှိအပ်သော မကောင်းသည့်အနိဋ္ဌာရုံများ ကြုံတွေ့လာ သည့်အခါ တရားရှုမှတ်မှုဖြင့် သည်းခံရသည်။ သို့မှသာ သည်းခံခြင်း အစစ်ဖြစ်ပေမည်။

သည်းခံခြင်းသည် သာသနာတော်၏ အနှစ်သာရများဖြစ်သော သီလ,သမာဓိ,ပညာ သိက္ခာသုံးပါး မြတ်တရားတို့၏ အဓိက ပဓာန အကြောင်းရင်းဖြစ်သည်။ သည်းခံမှုမရှိလျှင် သီလ သိက္ခာလည်း မပြည့်စုံနိုင်။ သမာဓိသိက္ခာ၊ပညာသိက္ခာ တို့လည်း မပြည့်စုံနိုင်။

သူတစ်ပါးကို သတ်ချင်သော ကိုယ့်ဒေါသ ကိလေသာကို သည်းမခံနိုင်လျှင်၎င်း၊ သူတစ်ပါး ပစ္စည်းများ ကို မတရားနည်းနဲ့ အချောင်လိုချင်သောစိတ်ကို ထိန်းသိမ်းသည်းခံ မထားနိုင်လျှင်၎င်း၊ ကာမဂုဏ်တို့၌ မှားယွင်း စွာ လွန်ကျူးလိုသောစိတ်ကို ထိန်းသိမ်းသည်းခံမထားနိုင်လျှင်၎င်း ကိုယ့်ကျင့်သီလပျက်စီးပါသည်။ လွန်ကျူး လိုသောစိတ်ကို ထိန်းသိမ်းသည်းခံခြင်းဖြင့်သာ သီလပြည့်စုံနိုင်ပါသည်။ ဖြစ်ပေါ်လာသော စိတ်ဆန္ဒကို သိက္ခာဖြင့် ထိန်းသိမ်းသည်ဟုလည်း ဆိုနိုင်ပါသည်။

လောကီအာရုံ ကာမဂုဏ်တို့၌ ပျော်မွေ့တတ်သောစိတ်ကလေးကို ထိန်းသိမ်းလေ့ကျင့်ပေးရသော အလုပ်သည် သမာဓိအလုပ်ဖြစ်သည်။ သမာဓိအလုပ်ဆိုသည်မှာ မျောက်လိုဆော့တတ်သော၊ ယောက်ယက် ခတ် ပြေးလွှားနေတတ်သော စိတ်ကလေးကို ထိန်းရသောကြောင့် ကြိမ်ဖန်များ စွာလေ့ကျင့်ရသည်။ သည်းခံ စိတ်မရှိသူများ စိတ်မရှည်တတ်သူများ သမာဓိသိက္ခာ မပြည့်စုံနိုင်ပါ။ အရာရာတိုင်း ချုပ်တည်းသည်းခံမှုဖြင့်သာ သမာဓိ သိက္ခာပြည့်စုံစေနိုင်ပါ၏။

တည်ကြည်ငြိမ်သက်သော သမာဓိနှင့် ပြည့်စုံမှသာ ရုပ်နာမ်တို့၏ ဖြစ်မှုပျက်မှု သဘာဝ အမှန်တရားကို ထင်ထင်ရှားရှား မြင်နိုင်ပါသည်။ ဥပမာအားဖြင့် ကန်ရေပြင် ကြည်လင်ငြိမ်သက်နေမှ ကန်ထဲက ငါးလိပ် ကျောက်ခဲစသည်များကို မြင်ရသကဲ့သို့ပင်။ ရုပ်နာမ်တရားတို့၏ ဖြစ်မှုပျက်မှုများကို ကြိမ်ဖန်များစွာ ရှုမှတ် ဆင်ခြင်ခြင်းဖြင့် ဝိပဿနာဉာဏ်စဉ်များ အဆင့်ဆင့်တက်လာပါမည်။ အဆင့်အမြင့်ဆုံး မဂ်ဉာဏ် ဖိုလ်ဉာဏ် များသို့ ဆိုက်ရောက်လာပါမည်။ ထိုသို့ မဂ်ဉာဏ်ဖိုလ် ဉာဏ်များသို့ ဆိုက်ရောက်လာခြင်းသည် သည်းခံ ခြင်းတရားကြောင့်ပင်မဟုတ်ပါလော။ ထို့ကြောင့် ဘုရားရှင်က သည်းခံခြင်းသည် မြတ်သောအကျင့် တည်း-ဟု ဟောတော်မူပါသည်။

နိဗ္ဗာန်သည် အမြတ်ဆုံးချမ်းသာ

လူ့ချမ်းသာ နတ်ချမ်းသာ ဗြာဟ္မာ့ချမ်းသာတို့သည် မည်မျှပင် ချမ်းသာသည်ဖြစ်စေ ချမ်းသာစစ် ချမ်းသာမှန်မဟုတ်။ အိုနာသေဆင်းရဲဒုက္ခတို့နှင့် အမြဲတမ်း ရစ်ပတ်နှောင်ဖွဲ့နေသောကြောင့်ပင်။ မတည်မမြဲ ဖောက်ပြန်ပြောင်းလဲတတ်သော သဘောလည်းရှိပါသည်။ ယနေ့သူဋ္ဌေးဖြစ်သော်လည်း နောက်တစ်နေ့ ခွေးဖြစ်ချင်လည်းဖြစ်သွားနိုင်ပါသည်။ အဆင့်အမြင့်ဆုံး ဗြဟ္မာဘဝကနေ အဆင့်အနိမ့်ဆုံး အပါယ်ဘုံသို့လည်း ရောက်နိုင်ပါသည်။ (တိုက်ရိုက်ရောက်ခြင်းမျိုးမဟုတ်၊ ဗြဟ္မာ့ ပြည်ကနေ လူ့ပြည်၊ လူ့ပြည်ကနေ အပါယ်ဘုံသို့)။ နိဗ္ဗာန်မရောက်သေးသမျှ အိုနာသေဒုက္ခတို့မှ မလွတ်သကဲ့သို့ အပါယ်ဘေး၊ ကပ်ကြီးသုံးပါးဘေး၊ ရန်သူမျိုး ငါးပါးဘေးမှလည်း စိတ်မချရသေးပါ။ နိဗ္ဗာန်ချမ်းသာကို ရရှိမှသာလျှင် ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်နိုင် ပါသည်။ ထို့ကြောင့် မြတ်စွာဘုရားက နိဗ္ဗာန်ချမ်းသာသည်သာ အမြတ်ဆုံးဟု ဟောတော်မူပါသည်။

သူတစ်ပါး အသက်ကို သတ်ဖြတ်သောသူသည် ရဟန်းမဟုတ်

သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းအမှုသည် သူတော်ကောင်းတရား ကျင့်ကြံပွားများကြ ကုန်သော ရဟန်းတော်များနှင့် လုံးဝမအပ်စပ်သော အမှုပင်ဖြစ်ပါသည်။ “ကိုယ်တိုင်,တိုက်တွန်း,ချီးမွမ်း စိတ်တူ”ဆိုသည့် အတိုင်း ကိုယ်တိုင်လည်း မသတ်ရပါ။ သူတစ်ပါးကိုလည်း မသတ်ခိုင်းရပါ။ သူတစ်ပါး သတ်နေသည်ကိုလည်း မချီးကျူးရပါ။ သူတစ်ပါးတို့ သတ်ဖြတ်နေသည်ကိုလည်း သဘောမတူရပါ။ သူတစ်ပါး အသက်ကို သတ်ဖြတ် ခြင်းနှင့် ပတ်သက်၍ ဘုရားရှင်က ဝိနည်းပါဠိတော်များ၌ အကျယ်တဝင့် အဆင့်ဆင့်မိန့်ကြားထားပါသည်။

သူတစ်ပါးအသက်ကို သတ်ဖြတ်နေသမျှ သီလမပြည့်စုံ။ သီလမပြည့်စုံလျှင် သမာဓိမရ။ သမာဓိမရ လျှင် ဝိပဿနာဉာဏ်ဖြင့် မဂ်ဉာဏ်သို့ မဆိုက်ရောက်နိုင်။ မဂ်ဉာဏ်မရလျှင် နိဗ္ဗာန်ကို မရနိုင်ပါ။ ထို့ကြောင့် မြတ်စွာဘုရားက သြဝါဒပါတိမောက်ကို မိန့်ကြားစဉ်မှာပင် သူတစ်ပါးအသက်ကို မသတ်ဖို့ရန် အကျဉ်းဆုံး နည်းဖြင့် ဆုံးမတော်မူပါ သည်။

သူတစ်ပါးကို ညှင်းဆဲသူသည် သမဏမဟုတ်

သမဏ (ရဟန်း) ဆိုသည်မှာ ကိလေသာတို့မှ ငြိမ်းအေးပြီးသူ ငြိမ်းအေးအောင် ကျင့်ဆောင်နေသူ များကို ဆိုလိုပါသည်။ သူတစ်ပါး ကိုညှင်းဆဲသည်ဆိုရာ၌ သူတစ်ပါး ထိခိုက်နစ်နာအောင်၊ ဒဏ်ရာအနာတရ ဖြစ်အောင် ညှင်းဆဲခြင်းကိုသာ ဆိုလိုသည်မဟုတ်ပါ။ သူတစ်ပါး စိတ်ဆင်းရဲအောင် ကိုယ်အမူအရာ နှုတ်အမူ အရာတို့ဖြင့် လုပ်ဆောင်နေသည်ကိုလည်း ညှင်းဆဲသည်ဟု ဆိုလိုပါသည်။ ပညာရှိနည်းဖြင့် သူတစ်ပါး စိတ်ဓာတ်ကျအောင်၊ စိတ်ဖိစီးမှုများအောင် အပြစ်ဒဏ်ပေးခြင်းကိုလည်း ညှင်းဆဲသည်ဟု ဆိုနိုင်ပါသည်။ ရဟန်းဆိုသည်မှာ လူသားတွေထက် မေတ္တာကရုဏာတရား များစွာပိုမိုလွန်ကဲ နေရမည်သာဖြစ်၏။ ထို့ကြောင့် မေတ္တာကရုဏာ၏ ဆန့်ကျင်ဘက် ညှင်းပန်းနှိပ်စက်ခြင်း ပြုလုပ်နေသူသည် ရဟန်းမဟုတ်ဟု မြတ်စွာ ဘုရားက မိန့်ကြားတော်မူခြင်း ဖြစ်ပါသည်။

သြဝါဒပါတိမောက် ဒုတိယဂါထာ

သဗ္ဗပါပဿ အကရဏံ၊

ကုသလဿူပသမ္ပဒါ။

သစိတ္တ ပရိယောဒါပနံ၊

ဧတံ ဗုဒ္ဓါန သာသနံ။

အဓိပ္ပါယ် – (က)မကောင်းမှုမှန်သမျှ မပြု လုပ်ရ။ (ခ)ကောင်းမှုမှန်သမျှ ပြည့်စုံအောင် ပြုလုပ် ရာ၏။ (ဂ)မိမိစိတ်ကို ဖြူစင်အောင်ပြုလုပ်ရမည်။

မကောင်းမှုမှန်သမျှ မပြုလုပ်ရ

မကောင်းမှုဆိုသည်မှာ ဒုစရိုက်ဆယ်ပါးကို ဆိုလိုရင်းဖြစ်ပါသည်။ ကာယဒုစရိုက်(၃)ပါး၊ ဝစီဒုစရိုက် (၄)ပါး၊ မနောဒုစရိုက် (၃)ပါး အားဖြင့် ဒုစရိုက်(၁ဝ)ပါးရှိပါသည်။

ကာယဒုစရိုက်သုံးပါး – (၁)သူတစ်ပါး အသက်ကို သတ်ဖြတ်ခြင်း၊ (၂)သူတစ်ပါး ပစ္စည်းဥစ္စာကိုခိုးယူခြင်း၊ (၃)သူတစ်ပါး သားမယားကို ပြစ်မှားကျူးလွန်ခြင်း တို့ဖြစ်ပါသည်။

ဝစီဒုစရိုက်(၄)ပါး – (၁)မဟုတ်မမှန် လိမ်ညာပြောဆိုခြင်း၊ (၂)သူတစ်ပါးတို့၏ ချစ်ခင်မှုပျက်စီးစေရန် သွေးထိုးကုန်းတိုက်စကားဆိုခြင်း၊ (၃)ကြမ်းတမ်းယုတ်မာသော စကားကိုပြောဆိုခြင်း၊ (၄)အကျိုးမဲ့သော စကား ကိုပြောဆိုခြင်းတို့ဖြစ်ပါသည်။

မနောဒုစရိုက်(၃)ပါး – သူတစ်ပါး ပစ္စည်းဥစ္စာများကို ကိုယ့်ပစ္စည်းဥစ္စာဖြစ်လျှင်ကောင်းလေစွာ့-ဟု သူ တစ်ပါးပစ္စည်းဥစ္စာကို မတရားကြံစည်ခြင်း၊ (၂)သူတစ်ပါးတွေ ဆင်းရဲဒုက္ခရောက်စေရန် မကောင်းကြံခြင်း၊ (၃)မှားယွင်းသော အယူဝါဒကို စွဲယူခြင်းတို့ ဖြစ်ပါသည်။

ယင်းဒုစရိုက်များကို ကျူးလွန်ပါက လက်ရှိဘဝမှာပင် မင်းပြစ်မင်းဒဏ်ခံရခြင်း၊ သူတစ်ပါးတို့ ကိုယ့် အပေါ် အထင်သေးပြီး စွပ်စွဲပုတ်ခတ်သည်ကို ခံရခြင်း၊ ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်လောက်အောင် စိတ်ဆင်း ရဲခြင်း၊ သေသည့်အခါမှာ စိတ်ဆင်းဆင်းရဲရဲ ပူပင်သောကများနှင့် သေရသည့်အတွက် ငရဲသို့ရောက်ရ ခြင်းဆိုသည့် မကောင်းကျိုးများကို ခံစားရပါသည်။ ထို့ကြောင့် မြတ်စွာဘုရားက လူသားအားလုံးအတွက် ကောင်းကျိုးချမ်းသာဖြစ်စေရန် မကောင်းမှုမှန်သမျှ မပြုလုပ်ကြရန် မိန့်ကြားတော်မူပါသည်။

ကောင်းမှုမှန်သမျှ ပြည့်စုံအောင်ပြုလုပ်ရာ၏

ကောင်းမှုကုသိုလ်-ဟုဆိုရာတွင် ကောင်းမှုကုသိုလ်အမျိုးမျိုးရှိပါသည်။ ကောင်းမှုတစ်ခု နေ့စဉ်ပြု-ဆိုသည့်စကားအတိုင်း မိမိတို့အဆင်ပြေသော ကုသိုလ်ကောင်းမှုများကို အချိန်ရယင် ရသလို ကြိုးစားပြုလုပ် ပေးရပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ကျွနု်ပ်တို့ဘဝသည် သံသရာတစ်လျှောက်လုံး အာရုံငါးပါး ကာမဂုဏ်တရားတည်းဟူသော အကုသိုလ်များနှင့်သာ အချိန်ကုန်ခဲ့ကြရပါသည်။ ကုသိုလ်စိတ်ဖြစ်သောအချိန် အကုသိုလ် စိတ်ဖြစ်သောအချိန်များကို ချိန်ထိုးကြည့်လျှင် အကုသိုလ်စိတ်ဖြစ်သောအချိန်ကသာ အဆမတန် များပြားနေသည်ကို တွေ့ကြရ၏။

လူတိုင်းက ဆေးကိုမသောက်ချင်ကြပါ။ သို့သော်လည်း ရောဂါပျောက်စေရန် ဆေးကို သောက်ကြရ ပါ၏။ ထို့အတူပင် ဆေးနှင့်တူသော ကုသိုလ်ကောင်းမှုများကို မပြုလုပ်ချင်သော်လည်း ဇွဲတင်း၍ ပြုလုပ်ကြရ ပါသည်။ ပြုရင်းပြုရင်းနှင့်ပင် စိတ်အားထက်သန်လာပါသည်။ အကုသိုလ်မှာသာ ပျော်တတ်သော မိမိ၏စိတ်ကို ပြုပြင်ဆုံးမ၍ ကုသိုလ်လမ်းကြောင်းပေါ်သို့ တင်ပေးကြရပါသည်။

ကုသိုလ်တရားဟူသည် အပြစ်မရှိခြင်း၊ ချမ်းသာသောအကျိုးကိုပေးခြင်း သဘောရှိ၏။ အကုသိုလ် သည်ကား အပြစ်နှင့်တကွဖြစ်ခြင်း၊ ဆင်းရဲသော အကျိုးကိုပေးခြင်းသဘောရှိ၏။ ကုသိုလ်တရားသည် ကောင်းရာသုဂတိသို့ တင်ပေးတတ်၏။ အကုသိုလ်တရားကတော့ မကောင်းသော ဒုဂ္ဂတိအပါယ်ဘုံသို့ ဆွဲချ တတ်၏။ ထို့ကြောင့် ကောင်းမှုကုသိုလ်မှန်သမျှ ပြုလုပ်ကြရန် မိန့်ကြားတော်မူခြင်း ဖြစ်ပါသည်။ ကောင်းမှု ကုသိုလ်သည် ပါရမီ(၁ဝ)ပါး၊ ပုညကိရိယာဝတ္ထု(၁ဝ)ပါး၊ သုစရိုက် (၁ဝ) ပါးဟူ၍ သုံးမျိုးရှိပါသည်။

ပါရမီ(၁ဝ)ပါး – (၁)ဒါနပါရမီ – အလှူပေးခြင်း၊ (၂)သီလပါရမီ – ကိုယ်ကျင့်သီလစောင့်ထိန်းခြင်း၊ (၃)နေက္ခမ္မပါရမီ – တောထွက်ခြင်း (ဝါ)စည်းစိမ် ဥစ္စာစသည်တို့ကို စွန့်လွှတ်အနစ်နာခံခြင်း၊ (၄)ပညာပါရမီ – အသိအလိမ္မာဉာဏ်ပညာဖြင့် လောကကောင်းကျိုး ဓမ္မကောင်းကျိုးကို ဆောင်ရွက်ခြင်း၊ (၅)ဝီရိယပါရမီ – ကြီးမားရဲရင့်သော ဇွဲလုံ့လဖြင့် လောကကောင်းကျိုး ဓမ္မကောင်းကျိုးကို  ဆောင်ရွက်ခြင်း၊ (၆)ခန္တီပါရမီ – သည်းခံခြင်းဖြင့် လောကကောင်းကျိုး ဓမ္မကောင်းကျိုးကိုဆောင်ရွက်ခြင်း။ (၇)သစ္စာပါရမီ – မှန်ကန်သောသစ္စာ တရားဖြင့် လောကကောင်းကျိုးကိုဆောင်ရွက်ခြင်း၊ (၈)အဓိဋ္ဌာနပါရမီ – ခိုင်မြဲသော အဓိဋ္ဌာန်ဖြင့် လောက ကောင်းကျိုး ဓမ္မကောင်းကျိုးကို ဆောင်ရွက်ခြင်း၊ (၉)မေတ္တာပါရမီ – သတ္တဝါအနန္တအပေါ်၌ အညီအမျှ ချစ်ခင်ခြင်းဖြင့် လောကကောင်းကျိုးကို ဆောင်ရွက်ခြင်း၊ (၁ဝ)ဥပေက္ခာပါရမီ – ချစ်ခြင်း၊ မုန်းခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်းစသည်တို့၌ အညီအမျှထားခြင်းဖြင့် လောကကောင်းကျိုးကို ဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။

ပုညကိရိယာဝတ္ထုဆယ်ပါး – (၁)ဒါန – အလှူပေး ခြင်း၊ (၂)သီလ – ကိုယ့်ကျင့်သီလစောင့်ထိန်းခြင်း၊ (၃)ဘာဝနာ – သမထဘာဝနာ ဝိပဿနာဘာဝနာ တို့ကို ကျင့်ကြံအားထုတ်ခြင်း၊ (၄)အပစာယန – ရတနာသုံးပါး ဆရာမိဘ ကြီးသူတို့အား ရိုသေလေးစားခြင်း၊ (၅)ဝေယျာဝစ္စ – အများကောင်းကျိုးများကိုဆောင်ရွက်ခြင်း၊ (၆)ပတ္တိဒါန – မိမိ၏ကုသိုလ်ကောင်းမှုများကို သတ္တဝါတို့အား အမျှပေးဝေခြင်း၊ (၇)ပတ္တာနုမောဒန – သူတစ်ပါးတို့ ပေးဝေ သော ကုသိုလ်ကောင်းမှုကို မိမိက သာဓုခေါ်ခြင်း၊ (၈) ဓမ္မဿဝန – တရားတော်ကို နာယူမှတ်သားခြင်း၊ (၉)ဓမ္မဒေသနာ – တရားတော်ကိုဟောကြားခြင်း၊ (၁ဝ)ဒိဋ္ဌိဇုကမ္မ – မှန်ကန်သော အယူကိုယူခြင်းတို့ ဖြစ်ပါ သည်။

သုစရိုက်ဆယ်ပါး – ဒုစရိုက်ဆယ်ပါးကို မပြုလုပ်ဘဲ ရှောင်ကြဉ်ခြင်းသည်ပင် သုစရိုက်ဆယ်ပါးမည်ပါသည်။ ထိုသီလသည် ပါရမီဆယ်ပါး၊ ပုညကိရိယာ ဝတ္ထုဆယ်ပါး၌လည်း ပါဝင်ပြီးဖြစ်ပါသည်။

ဖော်ပြပါ ကုသိုလ်ကောင်းမှုများ သည် အချို့ကောင်းမှုကုသိုလ်သည်ကား အမည်သာ ကွဲ သော်လည်း အဓိပ္ပါယ်တူပါသည်။ ထိုကုသိုလ် ကောင်းမှုအားလုံးကို အကျဉ်းချုပ်အားဖြင့်ပြဆိုရ လျှင် ဒါန,သီလ,ဘာဝနာ သာလျှင်ဖြစ်ပါသည်။

မိမိစိတ်ကို ဖြူစင်အောင်ပြုလုပ်ရမည်

လောကီအာရုံ ကာမဂုဏ်တို့၌သာ ပျော်မွေ့တတ်သော မိမိစိတ်ကလေး အမြဲတမ်းလို ညစ်ပတ် ပေကျံနေတတ်ပါသည်။ ယင်းစိတ်ကလေးကို ဘုရားရှိခိုးခြင်း၊ တရားအားထုတ်ခြင်း၊ တရားနာယူခြင်းစသော ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းဓမ္မရေစင် ဖြင့် ဖြူစင်အောင် ဆေးကြောသုတ်သင်ရမည်။ ကုသိုလ်ကောင်းမှုပြုစဉ် တဒင်္ဂအခိုက်အတန့်လေးမှာပင် ကိလေသာအညစ်အကြေး ကင်းဝေးစင်ကြယ်မှု၊ စိတ်ထားဖြူစင် အေးချမ်း မှုများကို ချက်ချင်းပေးစွမ်းနိုင်ပါသည်။ တရားဓမ္မကို အချိန်ကြာမြင့်စွာ အားထုတ်နိုင်လေလေ အချိန်ကြာမြင့်စွာ စိတ်ထားဖြူစင် အေးချမ်းလေလေဖြစ်ပါသည်။ တရားထူး တရားမြတ်ကို ထိုးထွင်းသိမြင်လာ သောအခါတွင် စိတ်ကိုအမြဲညစ်ပတ်ပူလောင် အောင်ပြုလုပ်တတ်သော ကိလေသာများ လုံးဝ ကင်းစင်သွားပါတော့သည်။ စိတ်ကလေး ပကတိ အတိုင်း ဖြူစင်သွားပါတော့သည်။

အဘယ့်ကြောင့် မကောင်းမှုရှောင်၊ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထားရပါသနည်း။ မကောင်းမှုကို ပြုလုပ်သည့်အတွက် မိမိတို့ ဘဝအဆက်ဆက် သံသရာအဆက်ဆက် မလိုချင်ပဲနှင့် ရနေတတ်သော ဆင်းရဲ ဒုက္ခများကို ကြုံတွေ့ခဲ့ရပါသည်။ “လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေ”ဟု လူတိုင်း ငြီးတွားနေကြသော ဆင်းရဲဒုက္ခ ဘေးဆိုးကပ် ဆိုးမှန်သမျှသည် မကောင်းမှုကို ပြုလုပ်ခဲ့သောကြောင့်ဖြစ်ပါသည်။ ထိုမကောင်းကျိုးများသည် မိမိတို့ မလိုချင်ပဲနှင့် ရလာသော ဆင်းရဲဒုက္ခများပင်ဖြစ်ပါသည်။ ထိုဆင်းရဲဒုက္ခများသည် မိမိကိုယ်တိုင် မကောင်းမှုကို ပြုခဲ့သည့်အတွက်ကြောင့် မကောင်းကျိုးကို ပြန်လည်ခံစားနေရခြင်းဖြစ်ပါသည်။ ထိုကြောင့် မလိုချင်သည့်အရာများကို မရရှိအောင် မကောင်းမှုမှန်သမျှ မပြုလုပ်ရပါ။

ဘဝတစ်ခုမှာ မလိုချင်တာကိုမရယုံနှင့် ပြီးပြည့်စုံပြီလား မေးစရာရှိပါသည်။ မပြည့်စုံသေးပါ၊ လိုချင်တာကိုလည်း ရနေမှ ပြည့်စုံပါသည်။ နိဗ္ဗာန်မရမှီ ဘဝတွေမှာ လိုတာမရသည့် ဆင်းရဲမှလွတ် မြောက် စေရန် ဒါနကောင်းမှုစသည်ကို ပြုရပါမည်။ ဘဝသံသရာတွင် ဆင်းရဲနုံချာ ငတ်ပြတ်မွဲတေမှုတို့သည် ဒါနစသော ကုသိုလ်ကောင်းမှု မပြုသည့်အတွက်ကြောင့်ဖြစ်ပါသည်။ သို့ဆိုလျှင် မလိုချင်တာကို ရတတ်သည့် ဆင်းရဲ ဒုက္ခနှင့် လိုချင်တာကို မရတတ်သည်ဆင်းရဲဒုက္ခနှစ်မျိုးတွင် မည်သည့်ဆင်းရဲ ဒုက္ခက ပို၍ဆင်းရဲသနည်း-ဟု မေးစရာရှိပါသည်။ မလိုချင်တာကို ရတတ်သည့် ဆင်းရဲက ပို၍ဆင်းရဲပါသည်။ အဘယ့်ကြောင့်နည်း? မလို ချင်ပါပဲနှင့် ရခဲ့ကြရသော ရောဂါဝေဒနာဆိုး၊ ဘေးဆိုးကပ်ဆိုးတွေကို လိုချင်လို့ရထားတဲ့ စည်းစိမ်ချမ်းသာတွေနဲ့ လဲလှယ်၍(အစားထိုး၍) မရနိုင်သောကြောင့်ဖြစ်ပါသည်။

ဘယ်လောက်ပင် ချမ်းသာနေနေ ကျန်းမာခြင်းကို ဝယ်ယူ၍မရပါ။ ထို့အပြင် ကိုယ်လိုချင်လို့ မက်မက် မောမော ရှာဖွေစုဆောင်းထားတဲ့ စည်းစိမ်ချမ်းသာဟူသမျှသည် မလိုချင်ပါပဲ ရခဲ့တဲ့ရောဂါ ဝေဒနာဆိုး ကြောင့်၎င်း၊ ဘေးဆိုးကပ်ဆိုးကြောင့်၎င်း ခဏလေးအတွင်းမှာပင် ကုန်ခမ်းသွားနိုင်ပါသည်။ ဟိုတုန်းက ဘုရင်ကြီးတစ်ပါးဆိုလျှင် သူ၏နူနာရောဂါ ပျောက်ကင်းချင်လွန်းလို့ သူပိုင်မင်း စည်းစိမ်နှင့်ပင် လဲလှယ်ခဲ့ဘူး ပါသည်။ မလိုချင်တာ ကိုရတတ်သောဆင်းရဲဒုက္ခနှင့် လိုချင်တာကို မရတတ်သော ဆင်းရဲဒုက္ခတို့မှ ကင်းလွတ် စေရန် မြတ်စွာဘုရားက မကောင်းမှုမှန်မသမျှ မပြုလုပ်ရန်၊ ကောင်းမှုမှန်သမျှပြုလုပ်ရန် ညွှန် ကြားတော်မူခြင်း ဖြစ်ပါသည်။

အဘယ့်ကြောင့် မိမိ၏စိတ်ကလေး ဖြူဖွေး စင်ကြယ်အောင်ထားရပါသနည်း? လူတို့သည် များ သောအားဖြင့် တစ်သံသရာလုံး စိတ်ရိုင်းစိတ်မိုက် စိတ်ဆိုးစိတ်ယုတ်များဖြင့်သာ အချိန်ကုန်ခဲ့ကြပါသည်။ စိတ်ကလေး ဖြူဖွေးစင်ကြယ်နေသော အချိန်ကား အလွန်နည်းလှပါသည်။ စိတ်ဆိုးစိတ်မိုက် များကြောင့် ဘဝသံသရာအဆက်ဆက် ဆင်းရဲမျိုးစုံနှင့် လုံးထွေးရစ်ပတ်ကာ ရှည်လျှားလှသော သံသရာခရီးကို ဆက်ခဲ့ ကြရပါသည်။

ထို့ကြောင့်လူမိုက်အမိုက်အဖို့ သံသရာခရီးသည် ရှည်လျှားလှ၏ – ဟု မြတ်စွာဘုရားက မိန့်ကြား တော်မူခြင်းဖြစ်ပါသည်။ လူမိုက်အဖို့ သံသရာခရီးရှည်ရာတွင် အဆိုးဆုံးသံသရာသည်သာတည်း။ ကောင်းရာ သုဂတိသံသရာကတော့ အလွန်ကို နည်းပါးလှပါ၏။ ကောင်းရာသုဂတိ သံသရာ၌ လည်ပတ်နေရသော်ငြား လည်း အမှန်တကယ်ကောင်းသည်ဟု မြတ်စွာဘုရား ချီးမွမ်းတော်မမူပါ။ အိုနာသေဆင်းရဲမျိုးစုံတို့ဖြင့် လုံးထွေးရစ်ပတ်နေသောကြောင့် ချမ်းသာစစ်မဟုတ်။ အမြဲတမ်း ဖောက်ပြန်ပြောင်းလဲ ဆင်းရဲနေရသည်သာ။ အိုနာသေကင်း၍ အလုံးစုံသော ဘုံဘဝတို့မှလွတ်သော နိဗ္ဗာန်ချမ်းသာသည်သာ အကောင်းဆုံး အမြတ်ဆုံး ဖြစ်သည်။ မိမိစိတ်ကလေးကို ဖြူဖွေးစင်ကြယ်အောင် ကြိုးစားလေ့ကျင့်လျှင် တစ်ဆင့်ထက်တစ်ဆင့် မြင့်သည် ထက်မြင့်သော မဂ်ချမ်းသာဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာကို ဧကန်မုချရနိုင်ပါသည်။ ထို့ကြောင့် မိမိ၏စိတ် ကလေး ဖြူဖွေးစင်ကြယ်အောင် ပြုလုပ်ရခြင်းဖြစ်ပါသည်။

သြဝါဒပါတိမောက် တတိယဂါထာ

အနုပဝါဒေါ အနုပဃာတော၊

ပါတိမောက္ခေ စ သံဝရော၊

မတ္တညုတာ စ ဘတ္တသ္မိံ၊ ပန္တဉ္စ သယနာသနံ၊

အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါန သာသနံ။

အဓိပ္ပါယ် – (က)သူတစ်ပါးကို မကဲ့ရဲ့မစွပ်စွဲရာ။ (ခ)သူတစ်ပါးကို မနှိပ်စက် မညှင်းဆဲရာ။ (ဂ)ပါတိမောက္ခ သံဝရသီလကို လုံခြုံအောင် စောင့်ထိန်းရာ၏။ (ဃ)အစားအစာ၌ အတိုင်းအရှည်ကို သိရာ၏။ (င)တောကျောင်း ၌ နေရာ၏။ (စ)လွန်မြတ်သော မဂ်ဉာဏ်၏ရှေ့သွားဖြစ်သော စိတ်ကို ဖြစ်စေရာ၏-ဤသည်ကား ဗုဒ္ဓဘုရား တိုင်းညွှန်ကြားဆုံးမ သြဝါဒတည်း။

သူတစ်ပါးကို မကဲ့ရဲ့ မစွပ်စွဲရာ

ရဟန်းဆိုသည်မှာ သူတစ်ပါးကို ကဲ့ရဲ့စွပ်စွဲမှုကို မပြုရပါ။ တည့်တိုးဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မကဲ့ရဲ့ မစွပ်စွဲရပါ။ အပြောမတတ် ဆဲသလို-ဆိုသကဲ့သို့ မိမိ၏ ကဲ့ရဲ့စွပ်စွဲမှုက လူတစ်ဖက်သားကို ဆဲ သည်ထက်အောင် ပို၍နစ်နာစေပါသည်။ အမျိုးကို ထိခိုက်၍၎င်း၊ ရောဂါကိုထိခိုင်၍၎င်း၊ ချွတ်ယွင်းချက် ကို ထိခိုက်၍၎င်း ကဲ့ရဲ့စွပ်စွဲလိုက်သည်နှင့် သူတစ် ဖက်သားမှာ အရှက်တရားရ ဒေါသအာဃာတဖြစ် သွားစေနိုင်ပါသည်။ ထို့ကြောင့် မကဲ့ရဲ့မစွပ်စွဲမိဖို့ အထူးသတိထားရပါမည်။ အကယ်၍ ကိုယ်ကဲ့ရဲ့ စွပ်စွဲမိသူက ရဟန္တာဖြစ်နေခဲ့မည်ဆိုလျှင် အပြစ် ကြီးလေးရုံမက ကိုယ်ရမည့်ဈာန်မဂ်ဖိုလ်များကိုပင် ကိုယ့်ဘာသာ ပိတ်ပင်လိုက်ခြင်းဖြစ်ပါသည်။ သောတာပန်ဖြစ်ပြီးသူများပင် သကဒါဂါမ် အနာဂါမ် အဆင့်မတက်နိုင်တော့ပေ။ ပဉ္စာနန္တရိယကံကြီးနှင့် အလားတူပါသည်။ သို့သော် ပဉ္စာနန္တရိယကံကြီးက တော့ ဝန်ချတောင်းပန်သော်လည်း ဈာန်မဂ်ဖိုလ်မရ နိုင်ပါ။ ရဟန္တာကို ကဲ့ရဲ့မိသောအပြစ်သည် ဝန်ချ တောင်းပန်ရှိခိုးလျှင် ကျေအေးနိုင်ပါသည်။ ဈာန်မဂ် ဖိုလ်ကိုလည်း ရနိုင်ပါသေးသည်။

သူတစ်ပါးကို မညှင်းဆဲရာ

ရဟန်းဆိုသည်မှာ သူတစ်ပါးကို ညှင်းဆဲ နှိပ်စက်မှုမပြုရာ။  သူတစ်ပါးတို့ကို သတ္တဝါအနန္တ အပေါ်မှာ သနားညှာတာကရုဏာကြီးမားကြောင်း တရားများကို ဟောကြားနေသည့်အတွက် ကိုယ် တိုင်ကလည်း သနားညှာတာ ကရုဏာကြီးမားနေ ရပါမည်။ “မလုပ်မပြော လုပ်မှပြော သဘောစင်လှ စေ၊ အပြောသာချဲ့ အလုပ်မဲ့ ကဲ့ရဲ့မလွတ်ချေ”ဟု ဆရာတော်ကြီးများ ဆုံးမခဲ့ကြပါသည်။ သူတစ်ပါး ကို ညှင်းဆဲနှိပ်စက်လျှင် ဖြစ်လေရာရာ ဘဝ သံသရာ၌ အနာရောဂါထူပြော တတ်ပါသည်။ နာတာရှည်ရောဂါသည်ကြီးများသည် အတိတ်ဘဝ က သူတစ်ပါးကို ညှင်းဆဲနှိပ်စက်ခဲ့သောကြောင့် ဖြစ်ပါသည်။ ရောဂါဝေဒနာခံစားနေရပြီးဆိုလျှင် ပိုင် ဆိုင်သမျှ စည်းစိမ်ချမ်းသာများကိုလည်း ကောင်း ကောင်းမခံစားနိုင်တော့ပါ။ နိဗ္ဗာန်ရောက်ကြောင်း တရားအားထုတ်ခြင်း အလုပ်ကိုလည်း စိတ်အေး ချမ်းသာ မပြုလုပ်နိုင်တော့ပါ။

ပါတိမောက္ခသံဝရသီလကို လုံခြုံအောင် ထိန်းရာ၏

မြတ်စွာဘုရားက မပြုလုပ်ဖို့ရန် တားမြစ် ထားသော ဝိနည်းစည်းကမ်းချက်များကို မကျူးလွန် ရပါ။ အလွန်သေးငယ်သော ဒုက္ကဋ်အာပတ်ကလေးကပင်လျှင် ဈာန်မဂ်ဖိုလ်ကို တားဆီးတတ်ပါသည်။ ထို့ကြောင့် မြတ်စွာဘုရားက သေးငယ်သောအပြစ်ကလေးများကိုပင် ဘေးကဲ့သို့ရှု၍ ပါတိမောက္ခ သံဝရသီလကို လုံခြုံ အောင်စောင့်ထိန်းဖို့ မိန့်ကြားခဲ့ ခြင်းဖြစ်ပါသည်။

အစာအာဟာရ၌ အတိုင်းအရှည်ကို သိရာ၏

အစာအဟာရကို ဘုဉ်းပေးသုန်းဆောင်ရာ၌ မိမိခန္ဓာကိုယ်နှင့် သင့်တင့်မျှတရုံ အတိုင်းအရှည် ပမာဏနှင့်ဘုဉ်းပေးရပါမည်။ မေတ္တာပို့သ၍၎င်း၊ တရားရှုမှတ်၍၎င်း ဘုဉ်းပေးသုန်းဆောင်ရပါမည်။ အတိုင်း ထက်အလွန် ဘုဉ်းပေးမိလျှင် ခန္ဓာကိုယ် လေးလံထိုင်းမှိုင်း၍ တရားအလုပ် အားမထုတ်နိုင်တော့ပါ။ တရား လက်လွတ် ဘုဉ်းပေးမိလျှင်လည်း ဣဏပရိဘောဂ(ကြွေးယူ၍ သုန်းဆောင်ခြင်း)ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ဘုရားရှင်က မိမိတို့သုန်း ဆောင်နေသော အဟာရတို့သည် ရဲရဲတောက်သော သံတွေသံခဲကဲ့သို့ မဖြစ်စေဖို့ လေးလေးနက် နက် သတိပေးတော်မူပါသည်။ “စတ္တာရော ပဉ္စ အာလောပေ အဘုတွာ ဥဒကံ ပိဝေ” ဟု အရှင် မဟာသာရိပုတ္တရာက မိန့်ကြားခဲ့ပါသည်။ အဓိပ္ပါယ်ကတော့ ကိုယ်စားနိုင်သည့် ဆွမ်းပမာဏထဲက လေးလုပ် ငါးလုပ်စာလောက်ကို မစားဘဲချန်ထားပြီး ရေသောက်ရမည်-ဟူ၍ ဖြစ်ပါသည်။

မြို့ရွာမနီး တောကျောင်း၌ နေထိုင်ရာ၏

မြို့ရွာနှင့်နီးနီး နေရလျှင် ပြင်ပအာရုံမျိုးစုံ ဝင်ရောက်လာနိုင်ပါသည်။ တရားအလုပ်ကို အားထုတ်ရာ၌ စိတ်တည်ကြည်မှုရနိုင်ဖို့ မလွယ်ကူပါ။ တောကျောင်း၌ နေထိုင်သီတင်းသုံးလျှက် တရားအားထုတ်ခြင်းကြောင့် ဆိတ်ငြိမ်အေးချမ်းပြီး တရားထူးတရားမြတ်များကို လျှင်လျှင်မြန်မြန်ထိုးထွင်း သိမြင်နိုင်ပါသည်။ မြို့ရွာနှင့်နီးနေ လျှင် လူမှုဒုက္ခသောကပရိဒေဝများကိုတွေ့မြင်နေရလျှင် စိတ်ဆင်းရဲမှုများ ကူးစက်နိုင်သည်။ သာယာတပ်မက် ဘွယ် အာရုံများကို မြင်တွေ့ရသည့်အခါတွင်လည်း စိတ်ကိုမထိန်းနိုင်လျှင် သီလပျက်စီးနိုင်ပါသည်။

မဂ်၏ရှေ့သွားဖြစ်သောစိတ်ကို ဖြစ်စေရာ၏

မဂ်ဉာဏ်၏ရှေ့သွားဖြစ်သောစိတ်၊ မဂ်နှင့်ယှဉ်သောစိတ်ဖြစ်စေခြင်းငှါ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်ကြံပွားများရပါမည်။ မဂ္ဂင်ရှစ်ပါးသည် နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းအစစ် အမှန်ပင်ဖြစ်ပါသည်။ မဂ္ဂင်ရှစ်ပါးနှင့်အညီကျင့်ကြံမှ နိဗ္ဗာန်ကိုလျှင်မြန်စွာ မျက်မှောက်ပြုမည်။ နိဗ္ဗာန်ကို မျက်မှောက်ပြုမှသာ သံသရာ ဝဋ်ဆင်းရဲကနေ လွတ်မြောက်မည်။ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်မှု ဝိမုတ္တိသုခသည်သာ ဗုဒ္ဓဘာသာဝင် သူတော်စင်အားလုံး၏ ပန်းတိုင်ဖြစ်၍ သာသနာတော်မြတ်ကြီး၏ အနှစ်သာရဖြစ်ပါသည်။

ထို့ကြောင့် သူတော်ကောင်းတရားကို မြတ်နိုးသူတိုင်းက မြတ်ဗုဒ္ဓဟောကြား အကျဉ်းချုပ် သြဝါဒ ပါတိမောက်မြတ်တရားတို့ကို လိုက်နာကျင့် ကြံပွားများ၍ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာကို လျှင်မြန် စွာ ရရှိနိုင်ကြပါစေ။

အရှင်ဇဝန (ကုန်းဇောင်း)