နိရောဓသမာပတ် ဝင်စားခြင်း

စျာန်သမာပတ် ရှစ်ပါးကို ရရှိသော အနာဂါမ်ပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်များသာ ဝင်စားနိုင်ကြသည်။ ပုထုဇဉ်ပုဂ္ဂိုလ်၊ သောတာပန်၊ သကဒါဂါမ်ပုဂ္ဂိုလ်၊ စျာန်မရရှိသေးသော အနာဂါမ်ဂါမ် ပုဂ္ဂိုလ်(သုက္ခဝိပဿက)၊ ရဟန္တာများအနေနှင့် နိရောဓသမာပတ်ကို မဝင်စားနိုင်ကြပေ။ နိရောဓသမာပတ်သည် ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ စသည့် ခန္ဓာငါးပါးရှိသော ကာမဘုံနှင့် ရူပဘုံတို့၌သာ သမာပတ်ဝင်းစားနိုင်သည်။ ရုပ်ခန္ဓာမရှိသော အရူပဘုံ၌ ဝင်စား၍မရပေ။

သင်္ခတတရားတို့၏ ခဏခဏဖြစ်ခြင်း၊ ပျက်ခြင်းအပေါ် ငြီးငွေ့ခြင်းဖြစ်ပြီး မျက်မှောက်ဘဝ ပစ္စက္ခ အတ္တဘော အပေါ်တွင် စိတ်စေတသိက်၊ စိတ္တဇရုပ်များ ဖြစ်ခြင်းမရှိပဲ သညာ၊ ဝေဒနာ ချုပ်ရာ အနုပါဒိသေသ နိဗ္ဗာနဓါတ်ရောက်သကဲ့သို့ ချမ်းသာစွာနေလိုသောကြောင့် နိရောဓသမာပတ်ကို ဝင်စားကြသည်။

နိရောဓသမာပတ်ကို ဝင်စားပုံမှာ ထွက်သက်ဝင်သက်ချုပ်ခြင်း၊ စိတ်စေတသိက်များချုပ်ခြင်း၊ စိတ္တဇရုပ်များချုပ်ခြင်း စသည်ဖြင့် ပိုင်းခြားထားသော အချိန်ကာလ အပိုင်းအခြား တစ်ခုအတွင်း ခန္ဓာကိုယ် မလှုပ်မယှက် ငြိမ်သက်စွာ တည်နေခြင်း ဖြစ်သည်။

နိရောဓသမာပတ်ကို ဝင်စားရန် အကြောင်းအရာငါးပါး ပြည့်စုံရန် လိုအပ်သည်။

ထိုအကြောင်းအရာ ငါးပါးတို့မှာ –

၁။  ဗလသမ္ပဒါ – သမထအစွမ်း၊ ဝိပဿနာအစွမ်း နှစ်ပါးနှင့် ပြည့်စုံခြင်း။

၂။  သင်္ခါရပဋိပဿဒ္ဓိ – သင်္ခါရတို့၏ ငြိမ်းခြင်း။

ဒုတိယစျာန်ဝင်စားသော ပုဂ္ဂိုလ်အား ဝိတက်၊ ဝိစာရဟူသော ဝစီသင်္ခါရ၏ငြိမ်းခြင်း၊ စတုတ္ထစျာန်ဝင်စားသော ပုဂ္ဂိုလ်အား ထွန်စက် ဝင်သက်ဟူသော ကာယသင်္ခါရ၏ ငြိမ်းခြင်း၊ သညာ၊ ဝေဒနာဟုဆိုအပ်သော စိတ္တသင်္ခါရတို့၏ ငြိမ်းခြင်းတို့ဖြစ်သည်။

၃။ ဉာဏစရိယ – ဉာဏ် ၁၆ ပါးတို့ဖြစ်ခြင်း။

  • အနိစ္စာနုပဿနာဉာဏ် – မမြဲခြင်းကို ရှုသောဉာဏ်။
  • ဒုက္ခာနုပဿနာဉာဏ် – ဆင်းရဲခညင်းကို ရှုသောဉာဏ်။
  • အနတ္တာနုပဿနာဉာဏ် – အစိုးမရခြင်းကို ရှုသောဉာဏ်။
  • နိဗ္ဗိဒါနုပဿနာဉာဏ် – ငြီးငွေ့ဖွယ်ဟု ရှုသောဉာဏ်။
  • ဝိရာဂါနုပဿနာဉာဏ် – တပ်မက်မှု ကင်းခြင်းကို ရှုသောဉာဏ်။
  • နိရောဓါနုပဿနာဉာဏ် – ချုပ်ငြိမ်းခြင်းကို ရှုသောဉာဏ်။
  • ပဋိနိဿဂ္ဂါနုပဿနာဉာဏ် – စွန့်လွှတ်ခြင်းကို ရှုသောဉာဏ်။
  • ဝိဝဋာနုပဿနာ – ဝဋ်မှထွက်မြောက်ခြင်းကို ရှုသောဉာဏ်။

မဂ်ဉာဏ်ေလးပါး၊ ဖိုလ်ဉာဏ်လေးပါး ပေါင်း ၁၆ ပါးတို့ဖြစ်သည်။

၄။ သမာဓိစရိယ – သမာဓိ ကိုးပါးဖြစ်ခြင်း။ သမာဓိကိုးပါးဆိုသည်မှာ ဈာန်သမာပတ် ရှစ်ပါးနှင့် ဥပစာရသမာဓိ တစ်ပါးတို့ဖြစ်သည်။

၅။ ဝသီဘာဝတာ – ဝသီဘော်နိုင်နင်းခြင်း။ ဝသီဘော်နိုင်နင်းခြင်းဆိုသည်မှာ သမာပတ်ရှစ်ပါးကို ဝသီဘော်ငါးပါးနှင့် အပြန်အလှန်ဝင်စားခြင်းဖြင့် ကျွမ်းကျင်နိုင်နင်းခြင်းကို ဆိုလိုပါသည်။

နိရောဓသမာပတ်ဝင်းစားသော ပုဂ္ဂိုလ်သည် ပထမဈာန်အစရှိသော ဈာန်တို့ကို အစဥ်အတိုင်းဝင်စား၍ ဈာန်မှထလာသောအခါ ဈာန်အင်္ဂါတို့ကို ဝိပဿနာ ရှုရသည်။ ထို့နောက် ဝိညာနဥ္စာယတနဈာန်မှထ၍ ဈာန်စိတ္ထုပ္ပါဒ်သည် သင်္ခါရတို့ကို မနုံ့လွန်း၊ မထက်လွန်း ဝိပဿနာ ရှုရသည်။ ထိုသို့ ဝိပဿနာရှုပြီးသောအခါ အာကိဥ္စညာယတနဈာန်မှထ၍ နိရောဓသမာပတ်၏ ပုဗ္ဗကိစ္စ ( ရှေးဦးစွာ ပြုလုပ်ရသောအမှု ) လေးပါးကို ပြုလုက်ရသည်။ ထိုလေးပါးမှာ –

  • နာနာဗဒ္ဓအဝိကောပန – မိမိကိုယ်နှင့်ကင်းကွာနေသော သင်္ကန်းသပိတ်စသော ပရိက္ခရာများ မပျက်စီးစေရန် အဓိဋ္ဌာန်ခြင်း။
  • သံဃပ္ပဋိမာန – သံဃာတော်များ အလိုရှိပါက ထနိုင်ရန် အဓိဋ္ဌာန်ခြင်း။
  • သတ္ထုပက္ကောသန – ဘုရားရှင် ခေါ်တော်မူလျှင် ထနိုင်ရန် အဓိဋ္ဌာန်ခြင်း။
  • အဒ္ဓါနပရိစ္ဆေဒ – ခုနှစ်ရက်အတွင်း မိမိ၏ အသက်အပိုင်းအခြား တည်တံ့နိုင်မည်လားဟု ဆင်ခြင်ခြင်းတို့ဖြစ်သည်။

ရှေးဦးစွာပြုလုပ်အပ်သော လေးပါးထဲတွင် ရှေ့ကသုံးပါးသည် မဆင်ခြင်ပဲ နေ၍ရသော်လည်း နောက်ဆုံးအသက်အပိုင်းအခြား တည်တံ့မှု ရှိမရှိကိုမူ မဖြစ်မနေဆင်ခြင်ရသည်။

နိရောဓသမာပတ် ဝင်စားပုံမှာ –

ပထမဦးစွာ ပထမဈာန် ဝင်စားရသည်။ ၎င်းဈာန်မှထသောအခါ ဈာန်၌ရှိသောအင်္ဂါများကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုမှတ်ရသည်။ ထိုသို့ရှုမှတ်ရာတွင် မထက်လွန်း၊ မနုလွန်း အလယ်အလတ်မျှသာ ဖြစ်ရမည်။ ထိုမှတဆင့် ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပထမ အရူပဈာန်၊ ဒုတိယ အရူပဈာန်၊ တတိယ အရူပဈာန်တို့ကို ဈာန်တစ်ပါးစီ ဝင်စားရသည်။ ဈာန်တစ်ပါး ဝင်စားပြီးတိုင်း ဈာန်၏အင်္ဂါတရားများကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ဝိပဿနာ ရှုမှတ်ရသည်။ ထိုသို့ရှုမှတ်ပြီး စတုတ္ထ အရူပဈာန် မဝင်စားမှီ ပုဗ္ဗကိစ္စလေးပါးကို ပြုလုပ်ရသည်။ ဈာန်စိတ် နှစ်ကြိမ်ဖြစ်ပြီးနောက် စိတ်စေတသိက်ဖြစ်သော နာမ်ခန္ဓာဖြစ်စဥ်သည် အဓိဋ္ဌာန်ပြု သတ်မှတ်ထားသော ကာလအထိတိုင်အောင် ရပ်ဆိုင်းသွားသည်။ စိတ် စေတသိက်နှင့် စိတ်ကြောင့်ဖြစ်သော ရုပ်များ မဖြစ်တော့ပေ။ ထိုသို့ စိတ်မရှိ၊ စိတ်ကြောင့်ဖြစ်သော ရုပ်များ မရှိသော်လည်း သမာပတ်၏ အစွမ်းကြောင့် ထိုင်လျက်အနေအထားဖြင့် လဲပြိုကျခြင်းမရှိပေ။ ကျောက်ဆင်းတုကဲ့သို့ ခိုင်မြဲစွာ မလှုပ်မယှက် တည်ရှိနေသည်။

သမာပတ်ဝင်စားချိန်တွင် ထိုပုဂ္ဂိုလ်၏ ကိုယ်ခန္ဓာ၊ သင်္ကန်းစသည့်ပစ္စည်းများသည် မီးလောင်ခြင်း၊ စုတ်ပြဲခြင်း၊ ကွဲပျက်ခြင်း မရှိပေ။ ရွှေ့ပြောင်း၍လည်း မရပေ။ မည်သူ တစ်ဦးတစ်ေယာက်မျှ ဖျက်စီး၍မရပေ။