(၃၁) ဘုံ

၁ ။ အပါယ်‌လေးဘုံ
ငရဲ ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ် ။

( က) ငရဲဘုံဟာ ဒီကမ္ဘာမြေပြင်‌အောက် ယူဇနာ ( ၁၅၀၀ဝ ) တစ်ယူဇနာ ၈-မိုင်ထားတွက်ရင် မိုင်‌ပေါင်း (၁၂၀၀၀၀) အရပ်မှာတည်ရှိတယ်လို့ ဆိုပါတယ် ။

ငရဲက ရှစ်ထပ်ရှိပါတယ် ။ တစ်ထပ်နဲ့ တစ်ထပ် ဒီ အကွာအ‌ဝေးအတိုင်း ‌အောက်ဘက်ကို ကွာ‌ဝေးသွားပြီး ကမ္ဘာမြေကြီးရဲ့. ‌အောက်မှာ တည်ရှိတယ်လို့ ဆိုပါတယ် ။

၃၁ ဘုံ တွင် ငရဲကြီးရှစ်ထပ်သည် ဒုက္ခဆင်းရဲတို့ခံစားရာ အနိမ့်ဆုံးဘုံများ ဖြစ်သည်။

  • သဉ္စိုဝ်း ငရဲ
  • ကာလသုတ် ငရဲ
  • သင်္ဃာတ ငရဲ
  • ရောရုဝ ငရဲ
  • မဟာရောရုဝ ငရဲ
  • တာပန ငရဲ
  • မဟာတာပန ငရဲ
  • အဝီဇိ ငရဲ

သဉ္စိုဝ်း ငရဲ

သဉ္စိုဝ်း ငရဲ – အကုလိုလ်ကံ မကုန်သေးသမျှတစ်ခါတည်း သေကြေပျောက်ပျက်မသွားဘဲ ထပ်ခါထပ်ခါ အသက်ရှင်လျှက် ငရဲထိန်းတို့၏ ခုတ်ဖြတ်မှုကိုသာ ပြင်းစွာခံကြရရှာသော ငရဲ

လူ့ဘုံ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။

ကာလသုတ် ငရဲ

ကာလသုတ် ငရဲ – ငရဲသားတို့ကို ငရဲထိန်းတို့က သားကောင်ကို ခွေးတွေ လိုက်သလို အတင်းလိုက်ကြပြီး မောဟိုက်သွားသည့်အခါ သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့ ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တစ်မျိုး၊ မှောက်လျက်တစ်မျိုး၊ ဝဲယာတစ်မျိုး၊ ရှေ့နောက်တစ်မျိုးအားဖြင့် အကုလိုလ်ကံ မကုန်သေးသ၍ လွတ်ခွင့်မရနိုင်ကြဘဲ အမျိုးမျိုးခုတ်ရွေခံကြရသော ငရဲ

သဉ္စိုဝ်း ငရဲ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။

သင်္ဃာတ ငရဲ

သင်္ဃာတ ငရဲ – အောက်မြေအပြင်တွင် မီးလျှံများထလျှက် အထု (၉) ယူဇနာရှိသော သံမြေပြင်ကြီးဖြစ်၌ ငရဲသားတို့သည် ထန်းပင်ငုတ်လေးတွေစိုက်ထားသကဲ့သို့ ခါးထိအောင်စိုက်ထားခြင်းခံရပြီး အရှေ့အရပ်မှလာသော သံတောင်ကြီးက စားမည်ဝါးမည်ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်းမြည်ဟီးလျက် ကြိတ်ကာကြိတ်ကာ အနောက်အရပ်သို့သွားပြီး နောက်တောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာကြိတ်ကာမြောက်အရပ်သို့ သွားပြီးလျှင် အနောက်အရပ်သို့ ရောက်ပြီးသော သံတောင်ကြီးကလည်း အရှေ့အရပ်သို့ ကြိတ်ကာကြိတ်ကာ ပြန်၍လာခြင်းဖြင့် အရပ်လေးမျက်နှာမှသံတောင်တွေ သန်းဥတုတ်သလို ဖိနှိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံ မကုန်သမျှငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာဆက်ကာ အကြိတ်ခံရရှာသော ငရဲ

ကာလသုတ် ငရဲ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။

ရောရုဝ ငရဲ

ရောရုဝ ငရဲ – မီးတောက်တို့သည် တဝုန်းဝုန်းထလျက် ငရဲသို့ကျရောက်သူတို့၏ ဒွါရ (၉) ပေါက်မှ အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာ တစာစာအော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့် မီးတောက်မီးလျှံ အလောင်ခံနေကြရသော ငရဲ

သင်္ဃာတ ငရဲ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။

မဟာရောရုဝ ငရဲ

မဟာရောရုဝ ငရဲ – မီးခိုးများ ငရဲတစ်လုံးခုံး ဖုံးလွမ်းနေပြီး ငရဲသို့ကျရောက်သူတို့ကို မီးခိုးများက အတွင်းအပြင်အတင်းဝင်၍ နှူးနှပ်ကြသောကြောင့် ငရဲသူ ငရဲသားတို့မှာ ဘာမှမတတ်နိုင်ကြတော့ပဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာသော ငရဲ

ရောရုဝ ငရဲ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။

တာပန ငရဲ

တာပန ငရဲ – ငရဲသို့ကျရောက်သော သတ္တဝါများကို ထန်းလုံးလောက်ကြီးမား၍ မီးလျှံထသော သံတံကျင်၌ မလှုပ်နိုင်အောင် စိုက်ထားပြီးလျှင် ထိုသံတံမှ ထွက်သော မီးလျှံတို့က အမြဲပူလောင်စေတတ်သော ငရဲ

မဟာရောရုဝ ငရဲ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။

မဟာတာပန ငရဲ

မဟာတာပန ငရဲ – မီးလျှံထနေသော သံတောင်ကြီးနှင့် ထိုသံတောင်၏အောက်ခြေ၌ သံတံကျင်များ စိုက်ထူထားပြီး ငရဲသူ ငရဲသားများကို ငရဲထိန်းများက သံတောင်ပေါ်သို့ မတက်တက်အောင် ရိုက်နှက်၍ တင်ကြပြီး သံတောင်ပေါ်သို့ ရောက်သောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင်ခြေ၌ရှိသော တံကျင်ပေါ်ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကားခနဲ စူးဝင်ခြင်းခံကြရရှာသော ငရဲ

တာပန ငရဲ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။

အဝီဇိ ငရဲ

အဝီဇိ ငရဲ – အဝီဇိ ဆိုသည်မှာ `အကြားမရှိ´ ဟုအဓိပွါယ်ရသည်။ အဝီဇိမှာ ငရဲခံနေရတဲ့ ငရဲသားတွေဟာ အလွန်များသဖြင့် တစ်ဦးနှင့် တစ်ဦး အကြားမရှိအောင် ပူးကပ်နေကြရသည်။ မီးတောက်မီးလျှံများ အကြားမရှိပဲ ငရဲတစ်ခုလုံး မီးလျှံများ ဆက်နေပြီး ငရဲသားချင်းလည်း ဝါးကျည်တောက်အတွင်း မုန်ညှင်းစေ့ကလေးတွေ ပြည့်ကျပ်နေသကဲ့သို့ အကြားမရှိ ပြည့်ကျပ်နေအောင် ဆင်းရဲဒုက္ခ အကြားအရှိ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ၊ သတ္တဝါ၊ ဆင်းရဲခြင်း ဒုက္ခဤသုံးမျိုးတို့ဆက်စပ်နေသော အဝီစိငရဲ ဖြစ်သည်။ ငရဲကျရာတွင် အဝီစိကိုတန်းကျသူ နည်း၏။ ကံကြီးထိုက်သူတွေလောက်သာ တန်းကျသည်။

မဟာတာပန ငရဲ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။

( ခ ) တိရစ္ဆာန်ဘုံ

ဆင် မြင်း ကျွဲ နွား စသည်ဖြင့် ဘုံသီးခြားမရှိ တိရစ္ဆာန်အမျိုးမျိုး အလိုက် စု‌ပေါင်း ‌နေထိုင်ရာ အရပ်ကို တိရစ္ဆာန်ဘုံလို့ ‌ခေါ်သည်။

( ဂ ) ပြိတ္တာဘုံ

အစိမ်းသရဲ ဘီလူးသဘက်၊ တ‌စ္ဆေမြေဘုတ်၊ မှင်စာ အစရှိတဲ့ မ‌ကောင်းဆိုးရွား သတ္တဝါ အမျိုးမျိုးကို ပြိတ္တာဟုခေါ်သည်။ ဘုံသီးခြားမရှိ ‌တောကြီး ‌တောင်ကြီးချိုင့်ဝှမ်း ကန္နား ‌ချောင်း‌မြောင်း အင်းအိုင် အိမ်ကြို အိမ်ကြား စသည်တို့သည် ထိုသူတို့ခို‌အောင်း‌နေထိုင်ရာ‌ဘုံဖြစ်သည် ။

( ဃ )အသူရကာယ်ဘုံ

အသူရကာယ်ဆိုတာ ပြိတ္တာ အကြီးစား ဖြစ်သည်။ သမုဒ္ဒယာ မြစ်ကမ်းအစပ်‌တွေမှာ ‌နေထိုင်တတ်သည်။ ‌ရေ‌ဘေးမှာ‌နေ‌သော်လဲ ‌ရေမ‌သောက်ရ. ‌ရေထဲဆင်းသွားရင် ‌ရေ‌တွေ‌ပျောက်ပြီး သဲပူ‌တွေသာ ‌တွေ့ရပါတယ် စားစရာ အလွန်ဆင်းရဲသည်။ ထိုအသူရကာယ် ( ပြိတ္တာအကြီးစား ) အ‌ပေါင်းတို့ ‌နေရာကို အသူရကာယ်ဘုံဟု ‌ခေါ်သည် ။

၂ ။ လူ့ဘုံ

မြတ်စွာဘုရား ‌ဟောကြားထား‌သော နခသိခသုတ်ကို‌ထောက်ရှုခြင်းအားဖြင့် လူ့ဘုံမှစု‌တေ၍ ‌သေလွန်ကြကုန်‌သောသူတို့တွင် လူ့ဘုံသို့‌ရောက်ရှိ‌သောသူမှာ မြတ်စွာဘုရား၏ လက်သည်းခွံ‌ပေါ်၌ရှိ‌သော ‌မြေမှုန့် ပမာဏမျှသာရှိ၍ အပါယ်‌လေးဘုံသို့ကျ‌ရောက် ‌သောသူတို့မှာ ဂင်္ဂါမြစ်လွင်ပြင်ရှိ ‌မြေမှုန့်ပမာဏ ရှိသည်။

လူ့ဘဝမှစု‌တေ၍ လူပြန်ဖြစ်‌သော ပမာဏ နှင့် အပါယ်‌လေးဘုံသို့ကျ‌ရောက်‌သောသူတို့၏ ပမာဏ နှိုင်းဆ၍မရ‌အောင် ကွာခြားလှပါသည်။ လူတစ်‌ထောင်‌သေ၍ တစ်‌ယောက်မျှ‌လောက်ပင် လူပြန်ဖြစ်ဖို့ရာ မလွယ်ကူ‌ချေ။

၃ ။ နတ်ပြည် ၆- ထပ်

  • စတုမဟာရာဇ္ဘုံ
  • တာဝတိံသာ
  • ယာမာ
  • တုသိတာ
  • နိမ္မာနရတိ
  • ပရနိမ္မိတဝသဝတ္တီဘုံ တို့ဖြစ်သည် ။

စတုမဟာရာဇ်ဘုံသည် မြင့်မိုရ်‌တောင်ခါးပန်း နံပါး‌လေးဘက်မှာ တည်ရှိသည်။ တာဝတိံသာဘုံသည်မြင့်မိုရ်‌တောင်ထိပ်တွင် တည်ရှိသည်။

ယာမာအစရှိသော နတ်ပြည်‌လေးထပ်သည် တာဝတိံသာအထက် ‌ကောင်းကင်‌ပေါ်တွင် အဆင့်ဆင့် တည်ရှိသည်။

လူ့ဘုံ နတ်ပြည် ‌ခြောက်ထပ်ဘုံ‌ပေါင်း ( ၇ ) ဘုံကို ကာမသုဂတိ ၇ ဘုံလို့‌ခေါ်သည်။

အပါယ်‌လေးဘုံ ကာမသုဂတိ ၇-ဘုံ‌ပေါင်း ၁၁ ဘုံကို ကာမ ၁၁ ဘုံလို့‌ခေါ်သည်။

၄။ ဗြဟ္မာ့ဘုံနှစ်ဆယ်

( က ) ပဌမဈာန်သုံးဘုံ

၁ ။ ဗြဟ္မပါရိသဇ္ဇာ ဘုံ
၂ ။ ဗြဟ္မပု‌ရောဟိတာ ဘုံ
၃ ။ မဟာဗြဟ္မာ ဘုံ
( ခ ) ဒုတိယဈာန်သုံးဘုံ

၄ ။ ပရိတ္တာဘာ ဘုံ
၅ ။ အပ္ပမာဏာဘာဘုံ
၆ ။ အာဘဿ ရာဘုံ
( ဂ ) တတိယဈာန် သုံးဘုံ

၇ ။ ပရိတ္တသုဘာ ဘုံ
၈ ။ အပ္ပမာဏသုဘာ ဘုံ
၉ ။ သုဘကိဏွာ ဘုံ
( ဃ ) စတုတ္ထဈာန် ၇ ဘုံ

ဝဟပ္ဖိုလ္ဘုံ

အသညသတ္ဘုံ

သုဒ္ဓါဝါသ ၅ ဘုံ ( အဝိဟာ အတပ္ပါသုဒဿာသုဒဿီ အကနိဋ္ဌာ ) ‌ပေါင်း ၇ ဘုံ

ပဌမဈာန် ၃ ဘုံ

ဒုတိယဈာန် ၃ ဘုံ

တတိယဈာန် ၃ ဘုံ

စတုတ္ထဈာန် ၇ ဘုံ

ဒီ ၁၆ ဘုံကို- ရူပါဝါစရ = ရူပ ၁၆ ဘုံလို့‌ခေါ်သည်။

အာကာသာန ဉ္စာယတနဘုံ ဝိညာန ဉ္စာယတနဘုံ အာကိဉ္စညာယတနဘုံ ‌နေဝသညာနာသညာယတနဘုံ ဒီ‌လေးဘုံကို အရူပါဝစရ အရူပဘုံလို့‌ခေါ်တယ် ။

ရူပ ၁၆ ဘုံနှင့် အရူပ ၄ ဘုံ‌ပေါင်းလိုက်လျင် ဗြဟ္မာဘုံ ၂ဝ ဖြစ်တယ် ။

ဗြဟ္မာဘုံ

မြင့်မြတ်‌သော ဈာန် စသည့် ဂုဏ်တို့ဖြင့် ကြီးပွားကြသူများကို “ဗြဟ္မာ” ဟု‌ခေါ်သည်။
ကာမဂုဏ်ဝတ္တု မွဲနိုင်သမျှမွဲမှသာ ဈာန်စသည့်တရားများ ကြွယ်ဝပြီး ကြီးပွားကြကုန်သည်။

ဗြဟ္မာဘုံ(၂၀)တွင်

ရူပဗြဟ္မာဘုံ(၁၆)ဘုံ၊
အရူပဗြဟ္မာဘုံ(၄)ဘုံ ရှိသည်။

ရူပဗြဟ္မာဘုံ(၁၆)

ဗြဟ္မာပါရိသဇ္ဇာဘုံမှ အကနိဋ္ဌအထိ (၁၆)ဘုံကို ရူပဗြဟ္မာဘုံ(၁၆)ဟု ‌ခေါ်သည်။ ၎င်းတို့အနက် အသညသတ်ဘုံတွင် ရုပ်တရား သက်သက်သာ ရှိသည်။ကျန်(၁၅)ဘုံ မှာ ရုပ်တရား နာမ်တရား ၂ပါးလုံး ရှိကြသည်။

ဤရူပဗြဟ္မာဘုံများသည် နတ်ပြည်ထက် ကြီးကျယ်ခမ်းနားကြသည်။ ‌ယောင်္ကျား မိန်းမ(ဖိုမ) အင်္ဂါများမရှိ‌ပေ။ သို့‌သော် ပုံသဏ္ဍာန်မှာ ‌ယောင်္ကျားပုံ ဖြစ်သည်။ ဗြဟ္မာများ ‌နေထိုင်ပုံမှာ ‌ယောကီကြီးများ‌နေထိုင်ပုံကဲ့သို့ သန့်ရှင်းစင်ကြယ်လှသည်။

အချို့မှာ ‌မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥ‌ပေက္ခာ ဟူ‌သောဗြဟ္မဝိဟာရတရား‌လေးပါးကို ပွားများ‌နေကြသည်။ အချို့ကား ဈာန်သမာပတ် ဝင်စားလျက် ချမ်းသာ‌အေးမြစွာ ‌နေထိုင်ကြသည်။

ဗြဟ္မပါရိသဇ္ဖာ ဘုံ
ဗြဟ္မပု‌ရောဟိတာ ဘုံ
မဟာဗြဟ္မာ ဘုံ
ပရိတ္တာဘာ ဘုံ
အပ္ပမာဏာဘာ ဘုံ
အာဘဿရာ ဘုံ
ပရိတ္တာသုဘာ ဘုံ
အပ္မမာဏာသုဘာ ဘုံ
သုဘကိဏှာ ဘုံ
‌ဝေဟပ္ဖိုလ် ဘုံ
အသညသတ် ဘုံ
အဝိဟာ ဘုံ
အတပ္ပါ ဘုံ
သုဒဿာ ဘုံ
သုဒဿီ ဘုံ

အကနိဋ္ဌ ဘုံအရူပဗြဟ္မာ (၄)ဘုံ

ရူပဗြဟ္မာ (၁၆)ဘုံအထက်တွင် အရူပဗြဟ္မာ (၄)ဘုံ ရှိသည်။ ဘုံဆို‌သော်လည်း တကယ့်ဘုံဗိမာန် ရှိသည်မဟုတ်။ အာကာသ နဥ္စာယတနဝိပါက်
စိတ်‌စေတသိက်ဖြင့် ပဋိသ‌န္ဓေတည်‌နေလျက် အဆက်ဆက်ဖြစ်ပွား‌သော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ‌ကောင်းကင်အပြင်ကို

အာကာသာနဥ္စာယတနဘုံ

ကမ္ဘာနှစ်‌သောင်းအသက်ရှည်‌သော ဗြဟ္မာကြီးတို့၏ ‌နေရာဘုံ၊

ဝိညာဏဥစ္စာယတနဘုံ

ကမ္ဘာလေး‌သောင်းအသက်ရှည်‌သော
ဗြဟ္မာကြီးတို့၏ ‌နေရာဘုံ၊

အာကိဥ္စာညာယတနဘုံ

ကမ္ဘာခြောက်‌သောင်းအသက်ရှည်‌သော ဗြဟ္မာကြီးတို့၏ ‌နေရာဘုံ၊

‌နေဝသညာနာသညာယတနဘုံ

ကမ္ဘာရှစ်‌သောင်းအသက်ရှည်‌သော ဗြဟ္မာကြီးတို့၏ ‌နေရာဘုံ ဟု‌ခေါ်သည်။

မှတ်ချက်။ ။ဤ ၄-ခု‌မြောက်ဘုံကိုပင် ဘဝဂ်ဟု‌ခေါ်သည်။

ဈာန်

ပထမဈာန်

အထက်ပါ ဗြဟ္မာပါရိသဇ္ဇာ၊ ဗြဟ္မပု‌ရောဟိတာ၊ မဟာဗြဟ္မာ သုံးဘုံကို ပထမဈာန်ရ ဗြဟ္မာတို့ ‌နေထိုင်ရာဘုံ ဖြစ်‌သော‌ကြောင့် ပထမဈာန်ဘုံ ဟု‌ခေါ်သည်။ အဆင့်ဆင့် မဟုတ်ဘဲ တစ်ပြင်တည်း တည်‌နေကြ‌သော်လည်း အသက် အရှည်အတို၊ ဘုံနိဗ္ဗာန်တို့၏ ခမ်းနားကြီးကျယ်ပုံ၊ ဘုန်းတန်ခိုး စသည်တို့တွင် ၎င်းတို့အားထုတ်ခဲ့‌သော အဓိပတိအား‌လျော်စွာ ကွာခြားကြသည်။

ဒုတိယဈာန်

ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ တို့ကို ဒုတိယဈာန် သုံးဘုံဟု‌ခေါ်သည်။ ၎င်းသုံးဘုံသည်လည်း ‌ကောင်းကင်တစ်ပြင်တည်း၌ပင် တည်ရှိကြသည်။ ထိုဗြဟ္မာတို့တွင် အာဘဿရဗြဟ္မာတို့သည် ဗြဟ္မာမင်း(မဟာဗြဟ္မာ) ဖြစ်သည်။

တတိယဈာန်

ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာ ဤတတိယဈာန် သုံးဘုံသည် ဒုတိယဈာန် သုံးဘုံထက် မြင့်‌သော အထက်‌ကောင်းကင်ဝယ် တစ်ပြင်တည်း၌ပင် တည်ရှိကြသည်။

ဗြဟ္မာဘုံ နှစ်ဆယ်

ဗြဟ္မပါရိသဇ္ဖာ၊ ဗြဟ္မပု‌ရောဟိတာ၊ မဟာဗြဟ္မာ၊ ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ၊ ပရိတ္တာသုဘာ၊ အပ္မမာဏာသုဘာ၊ သုဘကိဏှာ ၊ ‌ဝေဟပ္ဖိုလ် ၊ အသညသတ် ၊ အဝိဟာ ၊ အတပ္ပါ ၊သုဒဿာ၊သုဒဿီ၊အကနိဋ္ဌ၊ အာကာသာနဉ်စာယတန၊ဝိညာဏဥစ္စာယတန၊အာကိဉ်စာညာယတန၊‌နေဝသညာနာသညာယတန

(၁) ဗြဟ္မပါရိသဇ္ဖာ ဘုံ

မဟာဗြဟ္မာမင်း၏ ‌ကျေးကျွန်အ‌စေအပါးပရိသတ် ဖြစ်ကြ‌သောဗြဟ္မာငယ်များ ဖြစ်ကြသည်။ ၎င်းဗြဟ္မာငယ်တို့ဖြစ်ရာဘုံသည် ဗြဟ္မာပါရိသဇ္ဇာ ဘုံ မည်၏။

(၂) ဗြဟ္မပု‌ရောဟိတာဘုံ

မဟာဗြဟ္မာမင်း၏ မှူးမတ်ကြီးများ ပု‌ရောဟိတ်ကြီးများသဖွယ်ဖြစ်‌သော ဗြဟ္မာလတ်များ ဖြစ်ကြသည်။

(၃)မဟာဗြဟ္မာဘုံ

ပါရိသဇ္ဖာ၊ ပု‌ရောဟိတာဗြဟ္မာတို့ထက် မြင့်မြတ်‌သော ဗြဟ္မာကြီးဖြစ်သည်။ စကြဝဠာတစ်‌ထောင်၊ နှစ်‌ထောင်၊ သုံး‌ထောင်ကို အစိုးရကြ၍ မြင့်မြတ်သာလွန်‌သော အဓိပတိဗြဟ္မာပင် ဖြစ်သည်။ ကမ္ဘာတည်စကတည်းကရှိ‌သော ဤမဟာဗြဟ္မာကြီးကိုပင် အခြား‌သော ဘာသာဝင်များက `ထာဝရဘုရား´ဟု‌ခေါ်ကြသည်။

(၄)ပရိတ္တာဘာဘုံ

အပ္ပမာဏာနှင့် အာဘဿရာ ဗြဟ္မာတို့ကဲ့သို့ ကိုယ်‌ရောင်မ‌တောက်ဘဲ နည်း‌သော ကိုယ်‌ရောင်ကိုယ်ဝါရှိ‌သော ဗြဟ္မာတို့ကို ပရိတ္တာဘ´ ဟု‌ခေါ်ပြီး ၎င်းတို့‌နေထိုင်ရာဘုံကိုပရိတ္တာဘာဘုံ´ ဟု‌ခေါ်သည်။

(၅) အပ္ပမာဏာဘာဘုံ

အတိုင်းအရှည် ပမာဏကို မ‌ပြောပြနိုင်‌လောက်‌အောင်ပင် များလှစွာ‌သော ကိုယ်‌ရောင် ကိုယ်ဝါရှိ‌သော ဗြဟ္မာကို အပ္ပမာဏာဘာ´ ဟု‌ခေါ်ပြီး ၎င်းတို့‌နေထိုင်ရာဘုံကိုအပ္ပမာဏာဘာ´ ဘုံဟု ‌ခေါ်သည်။

(၆) အာဘဿရာဘုံ

တိမ်တိုက်မှ လျှပ်စီးများ ကွန့်မြူး၍‌နေသကဲ့သို့ ကိုယ်‌ရောင်ကိုယ်ဝါများသည်လည်း စိတ်ကြည်လင်သည်နှင့်အမျှ ခန္ဓာကိုယ်မှ တလျှပ်လျှပ် ထွက်‌ပေါ်‌နေကြ‌သော ဗြဟ္မာများဖြစ်သည်။

(၇) ပရိတ္တာသုဘာဘုံ

‌အောက်ဘုံများမှ ဗြဟ္မာများထက် ကိုယ်‌ရောင်ကိုယ်ဝါ သာလွန်‌သော်လည်း အထက်ဗြဟ္မာများကဲ့သို့ မ‌တောက်ပ‌သော ဗြဟ္မာများဖြစ်သည်။

(၈) အပ္မမာဏာသုဘာဘုံ

အတိုင်းမသိ၊ ပမာဏမရှိ၊ တင့်တယ်သည့် ကိုယ်‌ရောင်ကိုယ်ဝါရှိ‌သော ဗြဟ္မာများဖြစ်သည်။

(၉) သုဘကိဏှာဘုံ

တင့်တယ်သည့် ကိုယ်‌ရောင်ကိုယ်ဝါဖြင့် ‌ရောပြွန်း‌သော ဗြဟ္မာများဖြစ်သည်။ (မှတ်ချက်။ ။ ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာ ဤတတိယဈာန် သုံးဘုံသည် ဒုတိယဈာန် သုံးဘုံထက် မြင့်‌သော အထက်‌ကောင်းကင်ဝယ် တစ်ပြင်တည်း၌ပင် တည်ရှိကြသည်။)

(၁၀) ‌ဝေဟပ္ဖိုလ်ဘုံ

ပြန့်‌ပြောကြီးမား ခိုင်ခန့်‌သော အကျိုးရှိသည့် ဗြဟ္မာများဖြစ်သည်။ ကမ္ဘာ ပျက်ရာတွင် ပထမဈာန်သုံးဘုံ၊ ဒုတိယဈာန် သုံးဘုံ၊ တတိယဈာန် သုံးဘုံတို့ ပါဝင်ပြီး ဤဘုံမပါဝင်‌ချေ။

(၁၁) အသညသတ်ဘုံ

အသညသတ် ဘုံသည် ‌ဝေဟပ္ဖိုလ်ဘုံနှင့် တပြင်တည်းမှာ တည်ရှိသည်။ အသညသတ် ဘုံသို့ ပထမဈာန်ရ‌သော ပုဂ္ဂိုလ်များ ‌ရောက်ကြသည်။ ပထမဈာန်ရ‌သော ပုဂ္ဂိုလ်များဆို‌သော်လည်း တခြားပထမဈာန်ရ‌သော ပုဂ္ဂိုလ်များနှင့် မတူကြပါ။

သာသနာ‌တော်မှ တပါး‌သော အယူအကျင့်ရှိသည့် တိတ္ထိ‌ကျောင်းများတွင် ရဟန်းပြုခဲ့ကြ‌သော တိတ္ထိကြီးများ ဖြစ်သည်။ သူတို့သည် နာမ်တရားကို ရွံမုန်းကြသည်၊ အပြစ်မြင်ကြသည်။ နာမ်တရားကို ရွံမုန်း‌သော‌ကြောင့် ကသိုဏ်း ဆယ်ပါးထဲမှ ဝါ‌ယောကသိုဏ်းကို စီးဖြန်းအားထုတ်ကြ၍ ပထမဈာန်သို့ ‌ရောက်လာကြသည်။

ထို့‌ကြောင့် နာမ်မရှိ‌သော အသညသတ်ဘုံကို ‌ရောက်လာခြင်း ဖြစ်သည်။
အသညသတ်ဘုံတွင် ရှိ‌သော ဗြဟ္မာကြီးများသည် မလှုတ်မယှက် ‌ကျောက်ရုပ်‌တွေလိုဘဲ‌နေသည်။ တချို့ဗြဟ္မာများသည် ရပ်၍၊ တချို့ဗြဟ္မာများသည် လဲ‌လျောင်း၍၊ တချို့ဗြဟ္မာများသည် ထိုင်၍ ဣရိယာပုတ်အမျိုးမျိုးနှင့် ‌နေထိုင်ကြသည်။

ထိုသို့ ဖြစ်ခြင်းမှာ အသညသတ် ဗြဟ္မာကြီးများသည် အသညသတ်ဘုံသို့ မ‌ရောက်ခင်က မိမိတို့ ‌တောင်းတလာခဲ့‌သော ဣရိယာပုတ်‌ကြောင့် ဖြစ်သည်။ (ဥပမာ။ ။လဲ‌လျောင်း‌သော ဣရိယာပုတ်ကို ‌တောင်းတလာခဲ့‌သော ပုဂ္ဂိုလ်သည် အသညသတ်ဘုံသို့ ‌ရောက်‌သောအခါ လဲ‌လျောင်း၍ မလှုတ်မယှက် ‌ကျောက်ရုပ်ကဲ့သို့ ဖြစ်‌နေသည်။)

အသညသတ်ဘုံ၏ ပဋိသ‌န္ဓေစိတ်သည် ဇီဝိတနဝကကလပ် ‌ခေါ်‌သော ရုပ်ပဋိသ‌န္ဓေစိတ်ဖြစ်သည်။ ထိုအသညသတ်ဗြဟ္မာဘုံတွင် သုဂတိအဟိတ် ပုထုဇဉ် တစ်‌ယောက်ဘဲရသည်။ အသညသတ်ဗြဟ္မာဘုံသည် ရပ်ပြစ်ရှစ်ပါးထဲ၌ ပါဝင်သည်။ သက်တမ်းအားဖြင့် ကမ္ဘာပေါင်း ၅၀၀-အထိ အသက်ရှည်သည်။

(၁၂) အဝိဟာဘုံ

အဝိဟာဘုံဆိုသည်မှာ အချိန်ကာလ အနည်းငယ်နှင့် မိမိ‌ရောက်‌နေ‌သော‌နေရာဘုံကို မစွန့်လွှတ်‌သော ဗြဟ္မာများ၏ ‌နေရာဘုံဖြစ်သည်။ အဝိဟာဘုံသည် ‌ဝေဟပ္ဖိုလ်ဘုံနှင့် အသညသတ်ဘုံတို့မှ ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်‌ထောင်ကွာ‌ဝေးသည်။

အဝိဟာဘုံသို့ ကသိုဏ်း(၁၀)ပါး၊ အာနာပါနဿတိ၊ ဥ‌ပေက္ခာ ဗြဟ္မဝိဟာရ စ‌သောကမ္မဌာန်းတရား
(၁၂)ပါးထဲမှ တစ်ပါးပါးကို အားထုတ်၍ ပထမဈာန်ကိုရလာ‌သော အနာဂါမိဖလဋ္ဌာန်၊ အရိယာပုဂ္ဂိုလ်များမှ ‌ရောက်နိုင်သည်။

ထိုပုဂ္ဂိုလ်များသည် မိမိတို့ရရှိထား‌သော ပထမဈာန်ကို ပွားများ‌သောအခါ သဒ္ဓိ‌န္ဒြေလွန်ကဲသူများ ဖြစ်ကြသည်။ ထို့‌ကြောင့် အဝိဟာဘုံကို ‌ရောက်လာခြင်း ဖြစ်သည်။ အဝိဟာဘုံ၏ ပဋိသ‌န္ဓေစိတ်သည် ရူပပဥ္စမဈာဉ် ဝိပါက်စိတ်ဖြစ်သည်။ ထိုဘုံတွင် အနာဂါမိဖလဋ္ဌာန်၊ အရဟတ္တဖလဋ္ဌာန်၊ အရဟတ္တမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်(၃)‌ယောက်ရသည်။

သက်တမ်းအားဖြင့် ကမ္ဘာပေါင်း တစ်‌ထောင် အသက်ရှည်သည်။ အဝိဟာဘုံသည် ကမ္ဘာကြီးပျက်သည့် အထဲတွင် မပါဝင်‌ပေ။

(၁၃) အတပ္ပါဘုံ

အတပ္ပါဘုံဆိုသည် ချမ်းချမ်းသာသာ ဖိုလ်ချမ်းသာများကို ခံစား၍ မ‌ရောင့်ရဲနိုင်‌သော ဗြဟ္မာများ၏ ‌နေရာဘုံဖြစ်သည်။ အတပ္ပါဘုံသည် အဝိဟာဘုံနှင့် ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်‌ထောင်ကွာ‌ဝေးသည်။

အတပ္ပါဘုံသို့ ကသိုဏ်း(၁၀)ပါး၊ အာနာပါနဿတိ၊ ဥ‌ပေက္ခာ ဗြဟ္မဝိဟာရ စ‌သောကမ္မဌာန်းတရား (၁၂)ပါးထဲမှ တစ်ပါးပါးကို အားထုတ်၍ ပထမဈာန်ကိုရလာ‌သော အနာဂါမိဖလဋ္ဌာန်၊ အရိယာပုဂ္ဂိုလ်များမှ ‌ရောက်နိုင်သည်။

ထိုပုဂ္ဂိုလ်များသည် မိမိတို့ရရှိထား‌သော ပထမဈာန်ကို ပွားများ‌သောအခါ ဝီရိယိ‌န္ဒြေလွန်ကဲသူများ ဖြစ်ကြသည်။ ထို့‌ကြောင့် အတပ္ပါဘုံကို ‌ရောက်လာခြင်း ဖြစ်သည်။ အတပ္ပါဘုံ၏ ပဋိသ‌န္ဓေစိတ်သည် ရူပပဥ္စမဈာဉ် ဝိပါက်စိတ်ဖြစ်သည်။

ထိုဘုံတွင် အနာဂါမိဖလဋ္ဌာန်၊ အရဟတ္တဖလဋ္ဌာန်၊ အရဟတ္တမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်(၃)‌ယောက်ရသည်။ သက်တမ်းအားဖြင့် ကမ္ဘာပေါင်း နှစ်‌ထောင် အသက်ရှည်သည်။ အတပ္ပါဘုံသည်လည်း ကမ္ဘာကြီးပျက်သည့် အထဲတွင် မပါဝင်‌ပေ။

(၁၄) သုဒဿီဘုံ

သုဒဿီဘုံသည် ထိုထိုတရားတို့ကို ‌ကောင်းစွာရှုမြင်‌လေ့ရှိ‌သော ဗြဟ္မာများ၏ ‌နေရာဘုံဖြစ်သည်။ သုဒဿီဘုံသည် သုဒဿာဘုံနှင့် ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်‌ထောင် ကွာ‌ဝေးသည်။

သုဒဿီဘုံသို့ ကသိုဏ်း(၁၀)ပါး၊ အာနာပါနဿတိ၊ ဥ‌ပေက္ခာ ဗြဟ္မဝိဟာရ စ‌သောကမ္မဌာန်းတရား (၁၂)ပါးထဲမှ တစ်ပါးပါးကို အားထုတ်၍ ပထမဈာန်ကိုရလာ‌သော အနာဂါမိဖလဋ္ဌာန်၊ အရိယာပုဂ္ဂိုလ်များမှ ‌ရောက်နိုင်သည်။ ထိုပုဂ္ဂိုလ်များသည် မိမိတို့ရရှိထား‌သော ပထမဈာန်ကို ပွားများ‌သောအခါ သမာဓိ‌န္ဒြေလွန်ကဲသူများ ဖြစ်ကြသည်။

ထို့‌ကြောင့် သုဒဿီဘုံကို ‌ရောက်လာခြင်း ဖြစ်သည်။ သုဒဿီ၏ ပဋိသ‌န္ဓေစိတ်သည် ရူပပဉ်ဖမဈာဉ် ဝိပါက်စိတ်ဖြစ်သည်။ ထိုဘုံတွင် အနာဂါမိဖလဋ္ဌာန်၊ အရဟတ္တဖလဋ္ဌာန်၊ အရဟတ္တမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်(၃) ‌ယောက်ရသည်။ သက်တမ်းအားဖြင့် ကမ္ဘာပေါင်း ‌လေး‌ထောင် အသက်ရှည်သည်။ သုဒဿီဘုံသည်လည်း ကမ္ဘာကြီးပျက်သည့် အထဲတွင် မပါဝင်‌ပေ။

(၁၅) အကနိဋ္ဌဘုံ

အကနိဋ္ဌဘုံဆိုသည်မှာ ယုတ်နိမ့်သည့် သ‌ဘောအလျင်းမရှိ၊ အထွတ်အမြတ်အဖြစ်ကို ‌ရောက်‌နေကြ‌သော ဗြဟ္မာများ၏ ‌နေရာဘုံဖြစ်သည်။ အကနိဋ္ဌဘုံသည် သုဒဿီဘုံနှင့် ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်‌ထောင် ကွာ‌ဝေးသည်။

အကနိဋ္ဌဘုံသို့ ကသိုဏ်း(၁၀)ပါး၊ အာနာပါနဿတိ၊ ဥ‌ပေက္ခာ ဗြဟ္မဝိဟာရ စ‌သောကမ္မဌာန်းတရား (၁၂)ပါးထဲမှ တစ်ပါးပါးကို အားထုတ်၍ ပထမဈာန်ကိုရလာ‌သော အနာဂါမိဖလဋ္ဌာန်၊ အရိယာပုဂ္ဂိုလ်များမှ ‌ရောက်နိုင်သည်။ ထိုပုဂ္ဂိုလ်များသည် မိမိတို့ရရှိထား‌သော ပထမဈာန်ကို ပွားများ‌သောအခါ ပညိ‌န္ဒြေလွန်ကဲသူများ ဖြစ်ကြသည်။

ထို့‌ကြောင့် အကနိဋ္ဌဘုံကို ‌ရောက်လာခြင်း ဖြစ်သည်။ အကနိဋ္ဌ၏ ပဋိသ‌န္ဓေစိတ်သည် ရူပပဉ္စမဈာဉ် ဝိပါက်စိတ်ဖြစ်သည်။ ထိုဘုံတွင် အနာဂါမိဖလဋ္ဌာန်၊ အရဟတ္တဖလဋ္ဌာန်၊ အရဟတ္တမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်(၃) ‌ယောက်ရသည်။ ထိုဘုံကို အရိယာဘဝဂ်ဟုလည်း ‌ခေါ်သည်။

အကနိဋ္ဌဘုံသို့ ‌ရောက်ရှိ‌သော ဗြဟ္မာများသည် တခြားဘုံသို့ မ‌ပြောင်း‌တော့ဘဲ ထိုဘုံမှာဘဲ ပရိနိဗ္ဗာန်စံသည်။ သက်တမ်းအားဖြင့် ကမ္ဘာပေါင်း တစ်‌သောင်း‌ခြောက်‌ထောင် အသက်ရှည်သည်။ အကနိဋ္ဌဘုံသည်လည်း ကမ္ဘာကြီးပျက်သည့် အထဲတွင် မပါဝင်‌ပေ။

(၁၆) ‌နေဝသညာနာသညာယတနဘုံ

‌နေဝသညာနာသညာယတနဘုံ ဆိုသည် ‌နေဝသညာနာသညာယတန ဝိပါက် နာမက္ခန္ဓာတရား‌လေးပါး၊ ထို ဝိပါက် နာမက္ခန္ဓာတရား‌လေးပါးနှင့် ပိုင်းခြားထားသည့် ‌ကောင်းကင်အရပ်ကို ‌ခေါ်သည်။

အာကိဥ္စာညာယတနဘုံနှင့် ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်‌ထောင် ကွာ‌ဝေးသည်။ ‌နေဝသညာနာသညာယတနဘုံဟု ဆို‌သော်လည်း ပုံသဏ္ဍာန်အထင်အရှားမရှိ‌ပေ။ ‌နေဝသညာနာသညာယတနဘုံကို သိလွယ်‌အောင် ပုံသဏ္ဍာန်ဖြင့် ‌ဖေါ်ပြရလျှင် ဝိုင်းဝိုင်းဝန်းဝန်း ဝ-အက္ခရာ ကွင်းပြီး‌ရေးသား‌ဖေါ်ပြသင့်သည်။

သဒ္ဒါကျမ်းပြုဆရာ အရှင်အနုရုဒ္ဓါ‌ထေရ်က `အရူပဘူမိ´ဟု ဘူမိသဒ္ဒါနှင့် အသုံးပြုထားသည်ကို ‌တွေ့ရသည်။ အာကာသာနဥ္စာယတနဘုံတွင် ရူပက္ခန္ဓာ မရှိ၊ နာမ်ခန္ဓာ သက်သက်ဘဲရှိ၍ ဘုံမ‌ခေါ်ဆိုနိုင်၊ ဘုံမမည်နိုင်ဘူးဟု အယူမှားများ မဝင်ရ‌အောင် ဘူမိသဒ္ဒါကို ထည့်သုံးထားခြင်း ဖြစ်သည်။ ဘုံဗိမာန်‌တွေမရှိ၍ ဘူမိသဒ္ဒါကို ထည့်သုံးထားခြင်း မဟုတ်‌ပေ။

(၁၇) အာကာသာနဥ္စာယတနဘုံ

အာကာသာနဥ္စာယတနဘုံ ဆိုသည် အာကာသာနဥ္စာယတန ဝိပါက် နာမက္ခန္ဓာတရား‌လေးပါး၊ ထို ဝိပါက် နာမက္ခန္ဓာတရား‌လေးပါးနှင့် ပိုင်းခြားထားသည့် ‌ကောင်းကင်အရပ်ကို ‌ခေါ်သည်။ အကနိဋ္ဌဘုံနှင့် ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်‌ထောင် ကွာ‌ဝေးသည်။ အာကာသာနဉ်စာယတနဘုံဟု ဆို‌သော်လည်း ပုံသဏ္ဍာန်အထင်အရှားမရှိ‌ပေ။

အာကာသာနဥ္စာယတနဘုံကို သိလွယ်‌အောင် ပုံသဏ္ဍာန်ဖြင့် ‌ဖေါ်ပြရလျှင် ဝိုင်းဝိုင်းဝန်းဝန်း ဝ-အက္ခရာ ကွင်းပြီး‌ရေးသား‌ဖေါ်ပြသင့်သည်။
သဒ္ဒါကျမ်းပြုဆရာ အရှင်အနုရုဒ္ဓါ‌ထေရ်က `အရူပဘူမိ´ဟု ဘူမိသဒ္ဒါနှင့် အသုံးပြုထားသည်ကို ‌တွေ့ရသည်။ အာကာသာနဉ်စာယတနဘုံတွင် ရူပက္ခန္ဓာ မရှိ၊ နာမ်ခန္ဓာ သက်သက်ဘဲရှိ၍ ဘုံမ‌ခေါ်ဆိုနိုင်၊ ဘုံမမည်နိုင်ဘူးဟု အယူမှားများ မဝင်ရ‌အောင် ဘူမိသဒ္ဒါကို ထည့်သုံးထားခြင်း ဖြစ်သည်။

ဘုံဗိမာန်‌တွေမရှိ၍ ဘူမိသဒ္ဒါကို ထည့်သုံးထားခြင်း မဟုတ်‌ပေ။
အာကာသာနဥ္စာယတနဘုံတွင် တိဟိတ်ပုထုဇဉ်တစ်‌ယောက်နှင့် ‌သောတာပတ္ထိမဂ္ဂဌာန် ပုဂ္ဂိုလ်ကြဉ်တဲ့ အရိယာပုဂ္ဂိုလ် (၇)‌ယောက်ရသည်။

အာကာသာနဥ္စာယတနဘုံကို ‌ရောက်လာ‌သော ပုဂ္ဂိုလ်များသည် အာကာသာနဥ္စာယတနဈာန်ကို ရကြသည်။ ထိုဈာဉ်ကို ရရန်အတွက် ကသိဏုဂ ္ဃာဒိမာကာသ ‌ခေါ်‌သော ‌ကောင်းကင်ပညတ်ကို အန‌န္တေအာကာ‌သော၊ အန‌န္တောအာကာ‌သော ဟု ကမ္မဋ္ဌာန်း စီးဖြန်းကြရသည်။
အာကာသာနဥ္စာယတနဘုံ၏ ပဋိသ‌န္ဓေစိတ်သည် အာကာသာနဥ္စာယတန ဝိပါက်စိတ်ဖြစ်သည်။ အာကာသာနဥ္စာယတနဘုံရှိ ဗြဟ္မာများသည် သက်တမ်းအားဖြင့် ကမ္ဘာနှစ်‌သောင်း အသက်ရှည်သည်။

အာကာသာနဥ္စာယတနဘုံသည် ကမ္ဘာကြီးပျက်သည့် အထဲတွင် မပါဝင်‌ပေ။

(၁၈) ဝိညာဏဥစ္စာယတနဘုံ
ဝိညာဏဥစ္စာယတနဘုံ ဆိုသည် ဝိညာဏဥစ္စာယတန ဝိပါက် နာမက္ခန္ဓာတရား‌လေးပါး၊ ထို ဝိပါက် နာမက္ခန္ဓာတရာရား‌လေးပါး၊ ထို ဝိပါက် နာမက္ခန္ဓာတရား‌လေးပါးနှင့် ပိုင်းခြားထားသည့် ‌ကောင်းကင်အရပ်ကို ‌ခေါ်သည်။

အာကာသာနဥ္စာယတနဘုံနှင့် ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်‌ထောင် ကွာ‌ဝေးသည်။ ဝိညာဏဥစ္စာယတနဘုံဟု ဆို‌သော်လည်း ပုံသဏ္ဍာန်အထင်အရှားမရှိ‌ပေ။ ဝိညာဏဥစ္စာယတနဘုံကို သိလွယ်‌အောင် ပုံသဏ္ဍာန်ဖြင့် ‌ဖေါ်ပြရလျှင် ဝိုင်းဝိုင်းဝန်းဝန်း ဝ-အက္ခရာ ကွင်းပြီး‌ရေးသား‌ဖေါ်ပြသင့်သည်။

သဒ္ဒါကျမ်းပြုဆရာ အရှင်အနုရုဒ္ဓါ‌ထေရ်က `အရူပဘူမိ´ဟု ဘူမိသဒ္ဒါနှင့် အသုံးပြုထားသည်ကို ‌တွေ့ရသည်။ ဝိညာဏဥစ္စာယတနဘုံတွင် ရူပက္ခန္ဓာ မရှိ၊ နာမ်ခန္ဓာ သက်သက်ဘဲရှိ၍ ဘုံမ‌ခေါ်ဆိုနိုင်၊ ဘုံမမည်နိုင်ဘူးဟု အယူမှားများ မဝင်ရ‌အောင် ဘူမိသဒ္ဒါကို ထည့်သုံးထားခြင်း ဖြစ်သည်။ ဘုံဗိမာန်‌တွေမရှိ၍ ဘူမိသဒ္ဒါကို ထည့်သုံးထားခြင်း မဟုတ်‌ပေ။

ဝိညာဏဥစ္စာယတနဘုံတွင် တိဟိတ်ပုထုဇဉ်တစ်‌ယောက်နှင့် ‌သောတာပတ္ထိမဂ္ဂဌာန် ပုဂ္ဂိုလ်ကြဉ်တဲ့ အရိယာပုဂ္ဂိုလ် (၇)‌ယောက်ရသည်။ ဝိညာဏဥစ္စာယတနဘုံကို ‌ရောက်လာ‌သော ပုဂ္ဂိုလ်များသည် ဝိညာဏဥစ္စာယတနဈာန်ကို ရကြသည်။

ထိုဈာဉ်ကို ရရန်အတွက် အာကာသာနဉ်စာယတန ကုသိုလ် ဝိညာဏ်ကို ဝိညာဏံအနန္တံ ၊ ဝိညာဏံအနန္တံ ဟု အဖန်ဖန် ကမ္မဋ္ဌာန်း စီးဖြန်းကြရသည်။
ဝိညာဏဥစ္စာယတနဘုံ၏ ပဋိသ‌န္ဓေစိတ်သည် ဝိညာဏဥစ္စာယတန ဝိပါက်စိတ်ဖြစ်သည်။ ဝိညာဏဥစ္စာယတနဘုံရှိ ဗြဟ္မာများသည် သက်တမ်းအားဖြင့် ကမ္ဘာ ‌လေး‌သောင်း အသက်ရှည်သည်။ ဝိညာဏဥစ္စာယတနဘုံသည် ကမ္ဘာကြီးပျက်သည့် အထဲတွင် မပါဝင်‌ပေ။

(၁၉) အာကိဥ္စာညာယတနဘုံ

အာကိဥ္စာညာယတနဘုံ ဆိုသည် အာကိဥ္စာညာယတန ဝိပါက် နာမက္ခန္ဓာတရား‌လေးပါး၊ ထို ဝိပါက် နာမက္ခန္ဓာတရား‌လေးပါးနှင့် ပိုင်းခြားထားသည့် ‌ကောင်းကင်အရပ်ကို ‌ခေါ်သည်။ ဝိညာဏဥစ္စာယတနဘုံနှင့် ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်‌ထောင် ကွာ‌ဝေးသည်။ အာကိဥ္စာညာယတနဘုံဟု ဆို‌သော်လည်း ပုံသဏ္ဍာန်အထင်အရှားမရှိ‌ပေ။

အာကိဥ္စာညာယတနဘုံကို သိလွယ်‌အောင် ပုံသဏ္ဍာန်ဖြင့် ‌ဖေါ်ပြရလျှင် ဝိုင်းဝိုင်းဝန်းဝန်း ဝ-အက္ခရာ ကွင်းပြီး‌ရေးသား‌ဖေါ်ပြသင့်သည်။
သဒ္ဒါကျမ်းပြုဆရာ အရှင်အနုရုဒ္ဓါ‌ထေရ်က `အရူပဘူမိ´ဟု ဘူမိသဒ္ဒါနှင့် အသုံးပြုထားသည်ကို ‌တွေ့ရသည်။

ထိုဘုံတွင် ရူပက္ခန္ဓာ မရှိ၊ နာမ်ခန္ဓာ သက်သက်ဘဲရှိ၍ ဘုံမ‌ခေါ်ဆိုနိုင်၊ ဘုံမမည်နိုင်ဘူးဟု အယူမှားများ မဝင်ရ‌အောင် ဘူမိသဒ္ဒါကို ထည့်သုံးထားခြင်း ဖြစ်သည်။ ဘုံဗိမာန်‌တွေမရှိ၍ ဘူမိသဒ္ဒါကို ထည့်သုံးထားခြင်း မဟုတ်‌ပေ။

အာကိဉ္စာညာယတနဘုံတွင် တိဟိတ်ပုထုဇဉ်တစ်‌ယောက်နှင့် ‌သောတာပတ္ထိမဂ္ဂဌာန် ပုဂ္ဂိုလ်ကြဉ်တဲ့ အရိယာပုဂ္ဂိုလ် (၇)‌ယောက်ရသည်။ အာကိဥ္စာညာယတနဘုံကို ‌ရောက်လာ‌သော ပုဂ္ဂိုလ်များသည် အာကိဥ္စာညာယတနဈာန်ကို ရကြသည်။

ထိုဈာဉ်ကို ရရန်အတွက် အာကာသာနဉ္စာယတန ပထမာရုပ္ပဝိညာဏ်၏ စိုးစဉ်းမျှ အကြွင်းမရှိ‌သော နတ္ထိ‌ဘောပညတ်ကို အာရုံပြု၍ နတ္ထိကိဥ္စိ၊ နတ္ထိကိဥ္စိ ဟု အဖန်ဖန် ကမ္မဋ္ဌာန်း စီးဖြန်းကြရသည်။
အာကိဥ္စာညာယတနဘုံ၏ ပဋိသ‌န္ဓေစိတ်သည် အာကိဥ္စာညာယတန ဝိပါက်စိတ်ဖြစ်သည်။ အာကိဥ္စာညာယတနဘုံရှိ ဗြဟ္မာများသည် သက်တမ်းအားဖြင့် ကမ္ဘာ ‌ခြောက်‌သောင်း အသက်ရှည်သည်။

အာကိဥ္စာညာယတနဘုံသည် ကမ္ဘာကြီးပျက်သည့် အထဲတွင် မပါဝင်‌ပေ။
(၂၀) ‌နေဝသညာနာသညာယတနဘုံ
‌နေဝသညာနာသညာယတနဘုံ ဆိုသည် ‌နေဝသညာနာသညာယတန ဝိပါက် နာမက္ခန္ဓာတရား‌လေးပါး၊ ထို ဝိပါက် နာမက္ခန္ဓာတရား‌လေးပါးနှင့် ပိုင်းခြားထားသည့် ‌ကောင်းကင်အရပ်ကို ‌ခေါ်သည်။

အာကိဥ္စာညာယတနဘုံနှင့် ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်‌ထောင် ကွာ‌ဝေးသည်။ ‌နေဝသညာနာသညာယတနဘုံဟု ဆို‌သော်လည်း ပုံသဏ္ဍာန်အထင်အရှားမရှိ‌ပေ။ ‌နေဝသညာနာသညာယတနဘုံကို သိလွယ်‌အောင် ပုံသဏ္ဍာန်ဖြင့် ‌ဖေါ်ပြရလျှင် ဝိုင်းဝိုင်းဝန်းဝန်း ဝ-အက္ခရာ ကွင်းပြီး‌ရေးသား‌ဖေါ်ပြသင့်သည်။

သဒ္ဒါကျမ်းပြုဆရာ အရှင်အနုရုဒ္ဓါ‌ထေရ်က `အရူပဘူမိ´ဟု ဘူမိသဒ္ဒါနှင့် အသုံးပြုထားသည်ကို ‌တွေ့ရသည်။ ‌နေဝသညာနာသညာယတနဘုံတွင် ရူပက္ခန္ဓာ မရှိ၊ နာမ်ခန္ဓာ သက်သက်ဘဲရှိ၍ ဘုံမ‌ခေါ်ဆိုနိုင်၊ ဘုံမမည်နိုင်ဘူးဟု အယူမှားများ မဝင်ရ‌အောင် ဘူမိသဒ္ဒါကို ထည့်သုံးထားခြင်း ဖြစ်သည်။ ဘုံဗိမာန်‌တွေမရှိ၍ ဘူမိသဒ္ဒါကို ထည့်သုံးထားခြင်း မဟုတ်‌ပေ။

‌နေဝသညာနာသညာယတနဘုံတွင် တိဟိတ်ပုထုဇဉ်တစ်‌ယောက်နှင့် ‌သောတာပတ္ထိမဂ္ဂဌာန် ပုဂ္ဂိုလ်ကြဉ်တဲ့ အရိယာပုဂ္ဂိုလ် (၇)‌ယောက်ရသည်။ ထိုဘုံသို့ ‌ရောက်လာ‌သော ပုဂ္ဂိုလ်များသည် တခြားဘုံသို့ မ‌ပြောင်း‌တော့ဘဲ ထိုဘုံမှာပင် ပရိနိဗ္ဗာန်စံသည်။

‌နေဝသညာနာသညာယတနဘုံကို ‌ရောက်လာ‌သော ပုဂ္ဂိုလ်များသည် ‌နေဝသညာနာသညာယတနဈာန်ကို ရကြသည်။ ထိုဈာဉ်ကို ရရန်အတွက် အာကိဥ္စညာယတန ‌ခေါ်‌သော ဈာန်စိတ်ကို သန္တ‌မေတံ၊ ပဏီတ‌မေတံ ဟု အဖန်ဖန် ကမ္မဋ္ဌာန်း စီးဖြန်းကြရသည်။

‌နေဝသညာနာသညာယတနဘုံ၏ ပဋိသ‌န္ဓေစိတ်သည် ‌နေဝသညာနာသညာယတန ဝိပါက်စိတ်ဖြစ်သည်။ ဝိညာဏဥစ္စာယတနဘုံရှိ ဗြဟ္မာများသည် သက်တမ်းအားဖြင့် ကမ္ဘာ ရှစ်‌သောင်း အသက်ရှည်သည်။ ဝိညာဏဥစ္စာယတနဘုံသည် ကမ္ဘာကြီးပျက်သည့် အထဲတွင် မပါဝင်‌ပေ။

‌နေဝသညာနာသညာယတနဘုံသည် ၃၁-ဘုံ၏ ‌နောက်ဆုံးဘုံဖြစ်သည်။ အမြင့်ဆုံး ဘုံဖြစ်သည်။ လူပြည်မှ ယူဇနာ ၇-ကု‌ဋေ၊ ၁သန်း၊ ၈သိန်း၊ ၅‌သောင်း၊ ၆‌ထောင် ‌ဝေးကွာသည်။(“နေဝနှင့်လူ၊ သုံးဆူသုံည၊ သောပဉ္စ၊ အဋ္ဌဧသတ္တာ”)

အဝီစိမှ နေဝသညာနာသညာယတနဘုံအထိ ယူဇနာ ခုနှစ်ကုဋေ နှစ်သန်း ခြောက်သောင်း ကွာဝေးသည်။ (“ ဝီစိ,နေဝ၊ သတ္တ ကောဋိ၊ နှစ်သန်းရှိ၊ စွန်းဘိ ခြောက်သောင်းသာ”)

ဘဝဂ်တွင် ဘုံအနေဖြင့် သုံးဘုံပါဝင်ပါသည်။ ဝေဟပ္ဖိုလ်ဘုံ၊ အကနိဋ္ဌဘုံ၊ နေဝသညာနာသညာယတနဘုံ တို့ဖြစ်သည်။ထိုဘုံသုံးဘုံကို “သေဋ္ဌ ဘဝ = မြင့်မြတ်သောဘုံ” ဟုခေါ်သည်။ ဘဝဂ်သုံးဘုံတွင်

ဝေဟပ္ဖိုလ်ဘုံသည် တိဟိတ်ပုထုဇဥ်နှင့် အရိယပုဂ္ဂိုလ်တို့ ရှိကြသည်။

အကနိဋ္ဌဘုံသည် သုဒ္ဓဝါသငါးဘုံတွင် အမြင့်ဆုံးဘုံဖြစ်ပြီး ပုထုဇဥ်ပုဂ္ဂိုလ် မရှိပေ။ အနာဂါမိဖလဋ္ဌာန် ပုဂ္ဂိုလ်၊ အရဟတ္တမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်၊ အရဟတ္တဖလဋ္ဌာန် ပုဂ္ဂိုလ် တို့သာရှိသည်။ ထို့ကြောင့် အကနိဋ္ဌဘုံကို အရိယာဘဝဂ် ဟုခေါ်သည်။

နေဝသညာနာသညာယတနဘုံသည် အရူပဘုံတို့၏ အမြင့်ဆုံဘုံဖြစ်သကဲ့သို့ ဘုံအားလုံး၏ အမြင့်ဆုံး ဘုံလည်းဖြစ်သည်။ ထို့ကြောင့် နေဝသညာနာသညာယတနဘုံကို သဗ္ဗဘဝဂ်ဟုခေါ်သည်။ ထိုဘုံတွင် တိဟိတ်ပုဂ္ဂိုလ် ပုထုဇဥ်လည်းရှိသည်။ သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်ကလွဲ၍ ကျန်အရိယာပုဂ္ဂိုလ် ခုနှစ်ယောက်လည်း ရှိသည်။

ကာမ ၁၁ ဘုံ

ဗြဟ္မာဘုံ ၂ဝ ‌ပေါင်း

ဘုံ ၃၁ ဘုံ ဖြစ်ပါသည် ။