ဗောဓိညောင်ပင်

‘ဗောဓိ’ ဆိုသည်မှာ ပါဠိစကားဖြစ်သည်။ အဓိပ္ပါယ်မှာ မြတ်စွာဘုရားရှင်၏ သဗ္ဗညုတဉာဏ်၊ အရိယမဂ်ဉာဏ်၊ ဗောဓိမင်းသား စသောအမည်နှင့် မြတ်စွာဘုရားရှင်တို့၏ အမှီပြုပွင့်ရာ တို့ဖြစ်သည်။ ဗောဓိပင်သည် မြတ်စွာဘုရားရှင်၏ ဖွားဖက်တော်ဖြစ်သည်။ မြတ်စွာဘုရားရှင်သည် ဗောဓိပင်နှင့် ရွှေပလ္လင်တွင် သဗ္ဗညုတဉာဏ်တော်ကို ရရှိပြီး သစ္စာလေးပါးကို သိမြင်ကာ ဘုရားအဖြစ်သို့ ရောက်တော်မူသော နေရာဖြစ်သည်။ ထို့ပြင် မာရ်ငါးပါးကို အောင်မြင်တော်မူရာ နေရာလည်း ဖြစ်သည်။ ပရိဘောဂစေတီလည်း ထိုက်သည်။ ဖွားဖက်တော် ခုနှစ်ဦးတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

ရှေးရှေးသော ဘုရားရှင်တို့ မစွန့်ပယ်အပ်သော မြဲသော အရပ်ဌာနကို “အဝိဇဟိတဌာန” ဟုခေါ်သည်။ လေးမျိုးရှိသည်။

  • အလုံးစုံသော ဘုရားရှင်တို့၏ မာရ်ငါးပါးကို အောင်မြင်ရာ မဟာဗောဓိပင် အပရာဇိတပလ္လင်တော် ပေါက်ရာဌာန၊
  • ဣတိပတနမိဂတာဝုန်တော၌ ဓမ္မစကြာတရားဦးကို ဟောတော်မူရာနေရာ၊
  • အဘိဓမ္မာတရား ဟောကြားတော်မူပြီး၍ တာဝတိံတာနတ်ပြည်မှ လူ့ပြည်သို့ ဆင်းသက်တော်မူသောအခါ သင်္ကဿမြို့တံခါးဝ၌ ပထမဆုံး လက်ယာခြေတော်ချရာ နေရာ၊
  • ဇေတဝန်ကျောင်းတော် ဂန္ဓကုဋိကျောင်းတော်အတွင်း မြတ်စွာဘုရား၏ အသုံးအဆောင် ညောင်စောင်းတော် အခြေလေးခုတို့၏ တည်ရာဌာန တို့ဖြစ်သည်။

ဗောဓိပင်သည် မြတ်စွာဘုရားရှင်၏ ကိုယ်ပွားတော်ဖြစ်သည်။ မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးတောမူစဥ် ခွင့်ပြုခဲ့သည်။ မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်တွင် ဝါတွင်းသုံးလပတ်လုံး သီတင်းသုံးတော်မူပြီး ဝါကျွတ်သောအခါ ကိုးလပတ်လုံး မဇ္ဈိမဒေသရှိ တိုင်း၊ မြို့၊ ရွာ အသီးသီးသို့ ဒေသစာရီ ကြွချီတော်မူ လေ့ရှိသည်။ တစ်နေ့တွင် သာဝတ္ထိ မြို့သူမြို့သားများသည် မြတ်စွာဘုရားရှင်အား လှူဒါန်းပူဇော်ရန် ပန်းနံ့သာများကို ယူဆောင်ပြီး ဇေတဝန်ကျောင်းတော်သို့ လာကြသည်။ မြတ်စွာဘုရားရှင် ဒေသစာရီ ကြွချီတော် မူတော်အချိန်ဖြစ်၍ မဖူးတွေ့ရသောကြောင့်  လှူဒါန်းပူဇော်ရန် ယူဆောင်လာသော ပန်း၊ နံ့သာများကို ဇေတဝန်ကျောင်း၏ တံခါးဝတွင် စွန့်ပြစ်ထားကြသည်။ ထိုအကြောင်းကို အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်အား လျှောက်ထားသည်။ မြတ်စွာဘုရားရှင်သည် မိမိ၏ ကိုယ်စား ဗောဓိပင်ကို လှူဒါန်းပူဇော်ကြရန် ခွင့်ပြုတော်မူသည်။ အရှင်အာနန္ဒာသည် ဗုဒ္ဓဂယာရှိ ဗောဓိပင်မှ ဗောဓိမျိုးစေ့ကို ယူဆောင်ပြီး ဇေတဝန်ကျောင်း၏ တံခါးဝတွင် စိုက်ပျိုးခဲ့သည်။ထိုဗောဓိပင်ကို အာနန္ဒာဗောဓိပင် ဟုခေါ်သည်။ ထိုအချိန်မှစ၍ ဗောဓိပင်ကို မြတ်စွာဘုရားရှင်၏ ကိုယ်စား၊ ကိုယ်ပွား အဖြစ် လှူဒါန်းပူဇော်ကြသည်။

မြတ်စွာဘုရားရှင် မရှိသော်လည်း မြတ်စွာဘုရားရှင် ရှိသကဲ့သို့ ပူဇော်သင့် ပူဇော်ထိုက်သော စေတီသုံးမျိုးရှိသည်။ ၎င်းတို့မှာ ပရိဘောဂစေတီ၊ ဓာတုစေတီ နှင့် ဓမ္မစေတီ တို့ဖြစ်သည်။ ဗောဓိပင်သည် မြတ်စွာဘုရားရှင်၏ အသုံးအဆောင်များထဲမှ တစ်ခုဖြစ်သောကြောင့် ပရိဘောဂစေတီ ဖြစ်သည်။

ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူခဲ့ကြသော ဘုရားရှင်တို့တိုင်းပင် ပွင့်တော်မူသည့် အခါတိုင်း ဗောဓိပင်ကို အမှီပြု၍ ပွင့်တော်မူကြသည်။ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း အထက်တွင် ပွင့်တော်မူခဲ့ကြသော ဘုရားလေးဆူ၊ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း အတွင်း ပွင့်တော်မူခဲ့ကြသော ဘုရားနှစ်ကျိပ်သုံးဆူ၊ ဂေါတမဘုရား အပါအဝင် နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့၏ ဗောဓိပင်များမှာ –

  1. တဏှင်္ကရာ ဘုရား ကံ့ကော် ဗောဓိပင်
  2. မေဓင်္ကရာ ဘုရား သရက်ဖြူ ဗောဓိပင်
  3. သရဏင်္ကရာ ဘုရား ညောင်ကြတ်ပင် ဗောဓိပင်
  4. ဒီပင်္ကရာ ဘုရား ညောင်ကြတ် ဗောဓိပင်
  5. ကောဏ္ဍည ဘုရား ကြောင်လျှာ ဗောဓိပင်
  6. မင်္ဂလ ဘုရား ကံ့ကော် ဗောဓိပင်
  7. သုမန ဘုရား ကံ့ကော် ဗောဓိပင်
  8. ရေဝတ ဘုရား ကံ့ကော် ဗောဓိပင်
  9. သောဘိတ ဘုရား ကံ့ကော် ဗောဓိပင်
  10. အနောမဒဿီ ဘုရား ထောက်ကြံ့ ဗောဓိပင်
  11. ပဒုမ ဘုရား ကြောင်လျှာ ဗောဓိပင်
  12. နာရဒ ဘုရား ကြောင်လျှာ ဗောဓိပင်
  13. ပဒုမုတ္တရဘုရား ထင်းရှူး ဗောဓိပင်
  14. သုမေဓ ဘုရား တမာ(ကျည်း) ဗောဓိပင်
  15. သုဇာတ ဘုရား ကြခတ်ဝါး ဗောဓိပင်
  16. ပိယဒဿီ ဘုရား ရေခံတက် ဗောဓိပင်
  17. အတ္ထဒဿီ ဘုရား စံကား ဗောဓိပင်
  18. ဓမ္မဒဿီ ဘုရား သံသတ် ဗောဓိပင်
  19. သိဒ္ဓတ္ထ ဘုရား မဟာလှေကား ဗောဓိပင်
  20. တိဿ ဘုရား ပိတောက် ဗောဓိပင်
  21. ဖုဿ ဘုရား သျှိသျှား ဗောဓိပင်
  22. ဝိပဿီ ဘုရား သခွတ် ဗောဓိပင်
  23. သိခီ ဘုရား သရက်ဖြူ ဗောဓိပင်
  24. ဝေဿဘူ ဘုရား အင်ကြင်း ဗောဓိပင်
  25. ကကုသန္ဓ ဘုရား ကုက္ကို ဗောဓိပင်
  26. ကောဏာဂုမန ဘုရား ရေသဖန်း ဗောဓိပင်
  27. ကဿပ ဘုရား ပင်ညောင် ဗောဓိပင်
  28. ဂေါတမ ဘုရား ညောင်ဗုဒ္ဓဟေ ဗောဓိပင်

စသည်တို့ ဖြစ်သည်။
ရှေးရှေးဘုရားရှင်တို့၏ ဗော ဓိပင်ကို ပူဇော်ခြင်း အကျိုးတရားများကို ပိဋကတ်စာပေတွင် ဖော်ပြထားသည်။ စေတီထိုက်သော ဗောဓိပင်ကို ပြစ်မှားဖျက်ဆီးလျှင်လည်း ဘုရားစေတီကို ပြစ်မှားဖျက်ဆီးသည်နှင့် အတူတူပင် ဖြစ်သည်။
ကိုးကား။ ။မဟာဓမ္မာစရိယ ဦးသိန်းထွန်း