လုံးနဂါးပတ် စေတီတော်

ဂေါတမမြတ်စွာဘုရား သုဝဏ္ဏဘူမိ သထုံသို့ ကြွရောက်တော်မူခြင်း
တီဿသီဟဘုရင်မင်းမြတ် မင်းပြုစိုးစံတော်မူစဉ် အချိန်ကာလ၌ ဂဝမ္ပတိမထေရ် ပင့်လျှောက်တော်မူသဖြင့် ဂေါတမမြတ်စွာဘုရား ဝါတော်(၈)ဝါအရတွင် နောက်ပါသံဃာတော် (၅၀၀) ပါးနှင့်အတူ ရာမညရဌ (သုဝဏ္ဏဘူမိ-သထုံမြို့)သို့ ကြွရောက်တော်မူ၍ တိဿသီဟမင်းနှင့်တကွ တိုင်းသူပြည်သား လူအများတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးဟောကြားတော်မူခဲ့ ၏။ လူအပေါင်းတို့ကို သရဏဂုံတည်စေပြီးလျှင် ခြောက်ဆူကုန်သော ဆံတော်မြတ်ကိုလည်း ပူဇော် စိမ့်သောငှာ ပေးတော်မူ၏။

ဂဝမ္ပတိမထေရ်က တိဿသီဟမင်းကြီးအား မြတ်စွာဘုရား၏
သွားတော်(၃၃)ဆူကို ပေးအပ်ခြင်း
မြတ်စွာဘုရား သုဝဏ္ဏဘူမိသထုံမြို့သို့ ကြွရောက်တော်မူလာပြီးနောက်၊ နှစ်ပေါင်း(၃၇)နှစ် ကြာလွန်လေပြီးသောအခါ ဂေါတမမြတ်စွာဘုရားသည် မဟာသက္ကရာဇ် (၁၄၈)ခု ၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်တော်၌ ပရိနိဗ္ဗာန်ဝင်စံတော်မူလေ၏။ ကဆုန်လ ပြည့်ကျော်(၁၂)ရက်၊ တနင်္ဂနွေနေ့တွင် အလောင်းတော်ကို တေဇောဓာတ်လောင်တော်မူ၏။ မြတ်စွာ ဘုရား၏ အဓိဌာန်တော်ဖြင့် တေဇောဓာတ်လောင်တော်မူသောအခါ မီးလောင်ခြင်းမရှိဘဲ ကျန်ရှိသော သွားတော်မြတ် (၃၃)ဆူကို ဂဝမ္ပတိမထေရ်သည် သုဓမ္မပူရမြို့ (သုဝဏ္ဏဘူမိ-သထုံမြို့)သို့ ပင့်ဆောင်၍ တိဿသီဟမင်းကြီးအား ပေးအပ်တော်မူလျက် (၃၃)ဆူကုန်သော စေတီတော်မြတ်ကို တည်ထားစေ ၏။

တိဿမင်းကြီး စေတီတော် (၃၃)ဆူကို တည်ထားတော်မူခြင်း
တိဿသီဟမင်းကြီးသည် မိမိ၏မယ်တော် နဂါးဒေဝီ၏ ကျေးဇူးကို ပြန်ဆပ်လိုသော ကြောင့် မယ်တော်တည်ထားဌာပနာခဲ့သည့် စေတီတော်များအပါအဝင် (၃၃)ဆူကုန်သော စေတီတော် မြတ်ကို ရတနာ(၇)ပါးဖြင့် ဌာပနာတော်မြတ် ထပ်မံသွတ်သွင်း၍ တည်ထားတော်မူလေ၏။ တိဿ သီဟမင်းကြီး တည်ထားတော်မူခဲ့သော စေတီတော် (၃၃)ဆူတွင်
၁။ လုံးနဂါးပတ်စေတီတော် ၊
၂။ ဝိဇ္ဇာကတူး စေတီတော် ၊
၃။ ဝိဇ္ဇာကုံး (ဝိဇ္ဇာဦးထုပ်) စေတီတော်တို့လည်း ပါဝင်ကြောင်း (ပေစာမူ ရာဇဝင်)မှ
သိရှိရသည်။

သုဝဏ္ဏဘူမိ – သထုံပြည်ကြီး ပျက်စီးတော်မူခြင်း
အခါတစ်ပါး၌ ရှင်အရဟံသည် အနော်ရထာမင်းကြီးအား မိန့်ကြားတော်မူသည်မှာ မြတ်သောမင်းကြီး မြတ်စွာဘုရားသာသနာတော်မြတ်ကြီးသည် (၁) ပရိယတ္တိသာသနာ ၊ (၂) ပဋိပတ္တိ သာသနာ (၃) ပဋိဝေဓ သာသနာတည်းဟူသော သာသနာတော်သုံးရပ်ရှိရာတွင် ပရိယတ္တိသာသနာ သည် အခြေခံမူလဖြစ်၍ သင်အံ့ပို့ချမှု ပရိယတ္တိသာသနာဟု ဆိုအပ်သော ပိဋကတ်သုံးပုံသည် ဤပုဂံ ပြည်ကြီး၌ မရှိသေးချေ ၊ ဓာတ်တော် မွေတော် ပိဋကတ်တော်များ တည်ရှိမှသာလျှင် သာသနာတော် မြတ်ကြီး အရှည်တည်တံ့နိုင်မည်ဖြစ်သည်။ သို့ဖြစ်ပါသောကြောင့် ပိဋကတ်တော်နှင့် ဓာတ်တော် မွေတော်များ တည်ရှိရာတိုင်းပြည်သို့ လက်ဆောင်ပဏ္ဏာများနှင့်တကွ အမတ်တော်ကို စေလွှတ်၍ ဓာတ်တော် မွေတော် ပိဋကတ်တော်များကို ပင့်ဆောင်စေလော့ .. ဟု ရှင်အရဟံ မိန့်တော်မူလေသည်။
ထိုအခါ ပုဂံပြည်ကြီးကို အုပ်စိုးတော်မူသော အနော်ရထာ ဘုရင်မင်းစောသည် ဘယ်တိုင်းပြည်၌ ဓာတ်တော် မွေတော် ပိဋကတ်တော်များရှိပါသနည်း .. ဟု မေးလျှောက်လေသော အခါသုဝဏ္ဏဘူမိ သထုံပြည်၌ ရှိပါကြောင်း မိန့်ကြားတော်မူပါသဖြင့် အနော်ရထာမင်းစောလည်း များစွာသော လက်ဆောင်ပဏ္ဏာများဖြင့် စီမံ၍ မင်းကြီး၏ စာသဝဏ်လွှာနှင့်အတူ ပိဋကတ်သုံးပုံနှင့် တကွ ဓာတ်တော် မွေတော်များ ပင့်ဆောင်ရန် အမတ်တို့ကို စေလွှတ်လိုက်၏။
ထိုအခါ သထုံပြည်ကြီးကို အုပ်စိုးတော်မူသော မနောဟရီမည်သော မနူဟာမင်းကြီးသည် သင်တို့ကဲ့သို့သော မိစ္ဆာဒိဌိတို့၏ တိုင်းနိုင်ငံ၌ ဘုရားရှင်၏ ပိဋကတ်သုံးပုံ ဓာတ်တော် ၊ မွေတော်များ ကို ပေးလိုက်ရန် မသင့်လျော် ၊ လောကသုံးပါးထက် မြတ်တော်မူသော မြတ်စွာဘုရား၏ သာသနာ တော်သည် သမ္မာဒိဌိတို့၏ တိုင်းနိုင်ငံ၌သာ တည်တော်မူ၏။ ဥပမာဆိုရသော် ခြင်္သေ့ဆီသည် ရွှေခွက် ၌သာတည်၏။ မြေခွက် ၊ ကြွေခွက်တို့၌မတည်၊ ထို့အတူ ခြင်္သေ့ဆီနှင့်တူသော ဘုရားရှင်၏ သာသနာ တော်သည် မြေခွက် ကြွေခွက်နှင့်တူသော မိစ္ဆာဒိဋ္ဌိတို့၏ နေရာဖြစ်သည့် သင်တို့၏ ပုဂံပြည်၌ တည်မည်မဟုတ်လေဟု .. မချေမငံပြောလိုက်၏။ (ဤစကားသည်ကား သာသနာဝံ သပ္မဒီပိကာ ကျမ်းလာစကားတည်း။)
ပုဂံရာဇဝင်တွင်မူကား (ပိဋကတ်တော် ၊ ဓာတ်တော် ၊ မွေတော်များသည် လူရိုင်းတို့၏ အရာလော ..)ဟု ကြမ်းတမ်းသောစကားကို ဆိုလိုက်သည်ဟုလာ၏။
ထိုအခါ စေလွှတ်လိုက်သောအမတ်လည်း ပြန်လာခဲ့ပြီးလျှင် ပိဋကတ်တော်များ၊ ဓာတ် တော်များ မရခဲ့ကြောင်း ၊ မနော်ဟရီမင်းက မည်သို့မည်ပုံ ပြောဆိုလိုက်ကြောင်းများကို အစုံအလင် အနော်ရထာမင်းကြီးအား သံတော်ဦးတင်လတ်သော် အနော်ရထာမင်းကြီးသည် ပြင်းစွာအမျက်ထွက် တော်မူသဖြင့် သာသနာတော် ၁၆၀၁-ခုနှစ် ၊ ကောဇာသက္ကရာဇ် (၄၁၉)ခုနှစ်တွင် ရေကြောင်း ကုန်း ကြောင်းဖြင့် သထုံ မနုဟာမင်းကြီးကို သွားရောက် စစ်ချီတက်တိုက်ခိုက်ရာ မနုဟာမင်းကို စစ်အောင်တော်မူ၍ သထုံပြည် မင်းအဆက်ဆက် ရတနာဖြင့်ပြီးသော ကြုတ်၌ထား၍ ကိုးကွယ်သော နန်းစဉ် ဓာတ်တော်များနှင့်တကွ ပိဋကတ်သုံးပုံ အစုံသုံးဆယ်ကျမ်းစာများကို မနုဟာမင်းကြီး၏ ဆင်အစီး သုံးဆယ်ပေါ်တွင် တင်ဆောင်၍ သထုံပြည် ပိဋကတ်သုံးပုံကို သင်ကြားပို့ချတော်မူကြကုန်သော အရိယာ သံဃာတော် (၁၀၀၀) တစ်ထောင်နှင့် မနုဟာမင်းကြီးအပါအဝင် လူပညာရှိများ ၊ နန်းတွင်း သူ/နန်းတွင်းသား မှူးတော် မတ်တော်များအားလုံး ပစ္စည်းဥစ္စာပါမကျန် ပုဂံပြည်သို့ ခေါ်ဆောင်သွား သည်ဟူ၏။
ထိုအချိန်မှစ၍ သုဝဏ္ဏဘူမိ သထုံပြည်ကြီးလည်း အုပ်ချုပ်သူ ကင်းမဲ့လေသောကြောင့် ဝါး အစည်းပြေသကဲ့သို့ အရာအားလုံး ညှိုးနွမ်းဆုတ်ယုတ်ကာ တိုင်းပြည်လည်း ပျက်စီးလေတော့၏။
တိုင်းသူပြည်သားတို့သည် အုပ်စု(၉)စုခွဲ၍ ကမ္ဘောဇပြည်သို့ပြောင်း၍ အခြေချနေထိုင်ကြခြင်း
သထုံပြည်၌ နေကုန်ကြသော တိုင်းသူပြည်သား တိုင်းရင်းသားတို့သည် မိမိတို့ အစဉ် ထာဝရနေထိုင်လာခဲ့ကြသော သထုံပြည်ကြီးမှာ သာသနာကွယ်ပ ထီးနန်းကျ၍ အားကိုးမှီခိုစရာ မရှိ တော့လေသောကြောင့် အုပ်စု(၉)စုထက်မနည်းခွဲကာ ကမ္ဘောဇပြည်သို့ အသီးသီးပြောင်း၍ နေထိုင် အခြေချခဲ့ကြ၏။
(အင်းလေး-မောင်ခွန်နွယ် ရေးသားပြုစုသည့် ပအိုဝ်းစာအုပ် ၊ စာမျက်နှာ (၇၈)တွင် ပအိုဝ်းလူမျိုးတို့၏ မျိုးနွယ်စုနှင့် ပျံ့နှံ့နေထိုင်ရာ ဒေသများကို အောက်ပါအတိုင်း ဖော်ပြထားသည်) ။
မျိုးနွယ်စု ပျံ့နှံ့နေထိုင်ရာဒေသ
၁။ ပအိုဝ်းခွန်လုံ ဟိုပုံးမြို့နယ်ရှိ – မဲနယ်တောင်ဒေသ၊
ပင်လုံမြို့နယ် – ကျန်းစန်းတောင်ဒေသ၊
၂။ ပအိုဝ်းခရိုင်း တောင်ကြီးမြို့နယ်ရှိ နောင်ပစ်၊ ထီရီး ၊ နားရီ ၊
ဝါးလ၊ ဟမ်းဆီး၊ နောင်ပစ်နှင့် ပင်လောင်းဒေသ။
၃။ ပအိုဝ်းတတောက် ဟဲဟိုးနယ် ၊ ပင်လောင်းမြို့နယ်။
၄။ ပအိုဝ်းဝါးဖရဲ့ ဟိုဝမ် ၊ မိုးနဲ ။
၅။ ပအိုဝ်းလွယ်အုင်း ဟွေးလုံ၊ ကျောက်တန်းအနောက်ဘက် ဟိုပုံးမြို့ နယ်။
၆။ ပအိုဝ်းကျန်းစန်း မိုင်းပွန်ချောင်း အရှေ့ဘက် ၊ ပင်လုံအနောက် ဘက်။

၇။ ပအိုဝ်းတယန် လွယ်လံနယ် ၊ ပင်လောင်းမြို့နယ် ။
၈။ ပအိုဝ်းဓနု ရွာငံ ၊ ရပ်စောက်မြို့နယ်။
၉။ ပအိုဝ်းပန်နင် အင်းယားရွာ ၊ ညောင်ရွှေမြို့နယ် ၊
နောင်မွန် အနောက်ဘက် ။
၁၀။ ပအိုဝ်းပဒေါင် လွိုင်ကော်အနောက်ဘက် ၊ မိုးဗြဲမြို့နယ် ၊
ဖယ်ခုံမြို့နယ် ။
၁၁။ ပအိုဝ်းတရိုင် ပင်လောင်းမြို့နယ် ။
၁၂။ ပအိုဝ်းတောင်ရိုး ယိုးဒယားနယ်စပ်နှင့် ကရင်ပြည်နယ်ကြားဒေသ။
၁၃။ ပအိုဝ်းပထုံ ကယားပြည်နယ် ။
၁၄။ ပအိုဝ်းတကွာ မိုင်းပန်မြို့နယ် ။
၁၅။ ပအိုဝ်းကွန်စံ နမ်းဟတ် ၊ နမ်းပိုဟွန် ၊ ဟိုပန်မြို့နယ် ။
ဟူ၍ မျိုးနွယ်စို (၁၅)စု ဖော်ပြထား၏။ ကမ္ဘောဇဌာနေသို့ ရောက်သည့်အခါ ရေကြည်ရာ မြက်နုရာ မြေကောင်းရာ အရပ်ဒေသကိုရှာ၍ အနှံ့အပြား နေထိုင်လုပ်ကိုင် စားသောက်ကြ၏။

ပအိုဝ်းတယန်မျိုးနွယ်စု လွယ်လုံနယ် ဆောင်ခမ့်ရွာကို တည်ထောင်၍ အခြေချနေထိုင်ခြင်း
ပအိုဝ်းတယန်မျိုးနွယ်စုတို့သည် လွယ်လုံနယ်အတွင်း၌ ရွာတည်ထောင်၍ နေထိုင်ခဲ့ကြကုန် ၏။ ရှေးအခါ အဂ္ဂိရတ်ဖိုထိုးနေကြသော ပုဂ္ဂိုလ်တို့သည် ကျောက်ဆောင်အတွင်း၌ရှိသော ကျောက် ပြုန်း၊ သဲပြုန်းများကိုယူ၍ အဂ္ဂိရတ်ပညာဖြင့် ဖိုထိုးလိုက်သောအခါ ရွှေဖြစ်သည်ဟူ၏။ ရွှေထွက်သော ကျောက်ဆောင်ကို ဆောင်းခမ့်ဟု ခေါ်၏။ ရွှေထွက်သော ကျောက်ဆောင်ကို အစွဲပြု၍ ရွာအမည်ကို လည်း (ဒုံဆောင်းခမ့်) ဆောင်းခမ့်ရွာဟု မှည့်ခေါ်လေသည် ။
အဆိုပါ ဒုံဆောင်းခမ့်ရွာသည် ရှေးယခင် လွယ်လုံနယ် ၊ ယခုအခါ ပင်လောင်းမြို့နယ် ၊ ဘန်း ဘာကျေးရွာအုပ်စု ၊ ပင်ခွန်ရွာနှင့် (၉)မိုင်ခန့် အကွာတွင်ရှိသည်။ လုံးနဂါးပတ်စေတီတော်၏ တောင်ဘက်တည့်တည့်တွင် တည်ရှိပြီး လုံးနဂါးပတ်ဘုရားနှင့် (၁)နာရီခန့် လမ်းလျှောက်ရသည်။ အဆိုပါ ဒုံဆောင်းခမ့်ရွာသည် လွန်ခဲ့သော ၁၃၄၁- ခုနှစ်တွင် ရွာရွှေ့ပြောင်းခဲ့သဖြင့် ရွဟောင်းနေရာမျှ သာ ကျန်ရှိတော့သည်။

ဒုံဆောင်းခမ့်ရွာတွင် မုဆိုးညီနောင်လေးဦးရှိခြင်း
လွန်ခဲ့သော နှစ်ပေါင်း (၉၀၀)ကျော်ခန့် သက္ကရာဇ်အားဖြင့် (၄၂၄)ခု ခန့်တွင် သထုံမှ ပြောင်းရွှေ့လာခဲ့ပြီး သက္ကရာဇ်(၁၁၀၀)ခန့်တွင် အဆိုပါ ဒုံဆောင်းခမ့်ရွာ၌ မုဆိုးညီနောင် (၄)ဦး ပေါ်ခဲ့ ဖူးသည်။ မုဆိုးညီနောင်(၄)ဦးတို့သည် သစ္စာစောင့်ထိန်း၍ တောလိုက်ခြင်းဖြင့် အသက်မွေးကြကုန် ၏။ မုဆိုးညီနောင် (၄)ဦးတို့မှာ –
၁။ တခဲင် ၂။ တကာင် ၃။ တမါင် ၄။ တတွီ တို့ဖြစ်လေသည်။ အသက်အရွယ်ကြီး၍ အဘိုး အရွယ်ရှိလေသောအခါ အများတို့က –
၁။ တခဲင်ကို ခဲင်ဖြား (ခဲင်ဖရား) ဟူ၌လည်းကောင်း ၊
၂။ တကာင် ကို ကါင်ဖြား (ကင်ဖရား) ဟူ၍လည်းကောင်း ၊
၃။ တမါင် ကို မါင်ဖြား (မါင်ဖရား) ဟူ၍လည်းကောင်း ၊
၄။ တတွီ ကို တွီဖြား (တွီဖရား) ဟူ၍လည်းကောင်း
တလေးတစား ခေါ်ဆိုကြကုန်၏။ အဘိုးအရွယ်ရှိသော သက်ကြီးပုဂ္ဂိုလ်များကို ဖြား (ဖရား)ဟူ၍ ပအိုဝ်းတို့က ယနေ့ထိ ခေါ်ဝေါ်သုံးစွဲလျက် ရှိကြ၏။
ဥပမာ-အားဖြင့် ဆိုရသော် ကိုရွှေ ဟု အမည်ရှိသောသူကို အဘိုးအရွယ် ရောက်ရှိလာပါက တလေးတစားဖြင့် အဘိုးရွှေ ဟု ခေါ်ဆိုသကဲ့သို့ ပအိုဝ်းလူမျိုးတို့မှာလည်း အဘိုးကို တလေးတစား ဖြင့် ဖြား(ဖရား)ဟူ၍ ခေါ်ဆိုလေ့ရှိကြသည်။

မုဆိုးညီနောင် (၄)ဦး တောလိုက်ရာမှ ကျားဖြင့်ရင်ဆိုင်တွေ့ရှိခြင်း
တစ်နေ့သောအခါ မုဆိုးညီနောင် (၄)ဦးတို့သည် တောလိုက်ရာတွင် သားကောင်များ မရရှိလေ သောကြောင့် ရေချောင်းတစ်ခုအတွင်းမှ ခရုကောင်များကို ချက်ပြုတ်စားသောက်ရန်အတွက် ကောက်ယူကြကုန်၏။ ခရုကောင်၏အရေခွံ (အကာခွံ)ကို ဓားဖြင့်ခုတ်၍ ချက်ပြုတ်ရန်ပြင်ဆင်ကြ ကုန်၏။ ချက်ပြုတ်ရန်ပြင်ဆင်နေခိုက်အချိန်တွင် အလွန်ကြီးမားသော ကျားကြီးတစ်ကောင် အပြေး အလွှားဖြင့် ရောက်ရှိလာသေကြောင့် ကျားကြီးကို မြှားဖြင့် ခုခံပစ်ခတ်ကြကုန်၏။ ခုခံကာကွယ်ပစ် ခတ်ပါသော်လည်း ကျားကြီးအား ထိမှန်ခြင်းမရှိ ၊ ဓားဖြင့်ခုတ်သော်လည်း အရာမရောက်ဖြစ်လေ သောကြောင့် ကြောက်စိတ်များဝင်ကာ မိမိတို့ပါလာသော ပစ္စည်းများကို ကမန်းကတန်း လွယ်အိတ် အတွင်း ကောက်ထည့်၍ ကျားကြီ၏အန္တရာယ်မှ လွတ်မြောက်အောင် ထွက်ပြေးကြကုန်၏။
ထွက်ပြေးရာနောက်သို့ အစဉ်မပြတ် ကျားကြီးကပ်ပါလာသောကြောင့် အသက်အန္တရာယ် လွတ်မြောက်ဖို့အရေး အားသွန်ပြေးရလေတော့၏။ ထိုကဲ့သို့ ထွက်ပြေးလာခဲ့ကြရာ လုံးနဂါးကျောက် ကြီးသို့ အရောက် ကျားကြီးလည်း အလိုလိုပျောက်ကွယ်သွားသည်ဟူ၏။ ကျားကြီးကို ရင်ဆိုင်တွေ့ ကြသောနေရာမှာ ပင်ခွန်ရွာမှ လုံးနဂါးပတ်ဘုရားသို့သွားရာ လမ်း၏ညာဘက်လမ်းဘေးတွင်ရှိ၏။ ကျားကြီးတစ်ကောင် ဝပ်နေသည့်အလား ကျားရုပ်ကြွင်း ကျောက်တုံးကြီးမှာ ယနေ့အထိ တွေ့မြင်နိုင် သေး၏။ အဆိုပါကျောက်တုံးကြီးပေါ်တွင် မန်ကျည်းစေ့အရွယ်ခန့်ရှိသော သဘာဝအက္ခရာစာလုံးများ ကျောက်တုံးပေါ်တွင် အထင်အရှားပါရှိ၏။ ကျောက်တုံးပေါ်တွင် စာလုံးများ ပါရှိသောကြောင့် ပတ်ဝန်းကျင် ရွာသူရွာသားများက (လုံးလိတ်)ဟု ခေါ်ဆိုကြကုန်၏။ ထို(လုံးလိတ်) ကျောက်တုံးကြီး သည် ပင်ခွန်ရွာနှင့် လုံးနဂါးပတ်ဘုရား၏အကြား လုံးနဂါးပတ်ဘုရားနှင့် (၂)မိုင်ခွဲခန့် အကွာတွင်ရှိ ၏။

လုံးနဂါးပတ်စေတီတော်ကို အားကိုးမှီခိုရာအစစ်ဟု ယုံကြည်ကြခြင်း
မကြုံစဖူး အလွန်ထူးဆန်းသောဖြစ်ရပ်ကို တွေ့ကြုံကြရသဖြင့် မုဆိုးညီနောင် (၄)ဦးတို့သည် စဉ်းစား၍မရနိုင်လောက်အောင် ဖြစ်နေကြ၏။ ထိတ်လန့်ခြင်းများစွာဖြင့် ကြုံတွေ့ခဲ့၍ ပြန်လည် သုံးသပ် ဆင်ခြင်ကြ၏။ ကျွန်ုပ်တို့ သားငှက်တိရစ္ဆာန်များ သတ်ဖြတ်ခြင်းအလုပ်ကို နတ်တွေမကြိုက် မနှစ်သက်ခြင်းကြောင့် ငါတို့ကိုကျားလိုက်ခြင်း ဖြစ်နိုင်ရာ၏။ ဤကျောက်တုံးထံရောက်လာသည့် အခါကျားအလိုလို ပျောက်ကွယ်သွားခြင်းမှာလည်း အံ့သြဖွယ်အလွန်ကောင်း၏။ ဤကျောက်တုံး ကြီးသည် သာမန်ကျောက်တုံး မဖြစ်နိုင် ၊ ထူးခြားသော ကျောက်တုံးဖြစ်၍ နတ်တို့က ကျွန်ုပ်တို့ကို ဤကျောက်တုံးထံ ပို့ဆောင်ပေးလိုက်ခြင်း ဖြစ်ဖွယ်ရှိ၏။ ဤကျောက်တုံးသည် အခြားသော ကျောက် တုံးများနှင့်မတူဘဲ အောက်ခြေတိုင် သေးငယ်ခြင်းဖြင့် တည်ရှိသည်ကိုပင် ထူးဆန်းမှုတစ်ခုဖြစ်၏။ ကျောက်တုံးပေါ်တွင် ကြည့်လိုက်သောအခါ ကျောက်ဖြင့်ပြီးသော စေတီတစ်ဆူ တွေ့မြင်ရသော ကြောင့် မုဆိုးညီနောင် (၄)ဦးတို့သည် အံ့သြခြင်းများစွာ ဖြစ်ခဲ့ရပြန်လေ၏။

ငါးပါးသီလကို အသက်ထက်ဆုံးကျင့်ကြံဆောက်တည်ပါမည်ဟု သန္နိဌာန်ပြုခြင်း
ကျွန်ုပ်တို့မှာ ရတနာမြတ်သုံးပါးနှင့်ကင်းကွာကြပြီး မေ့မေ့လျော့လျော့နှင့်နေလာခဲ့ကြ၏။ သတိတရားရအံ့သောငှါ သမ္မာဒေဝ နတ်ကောင်းနတ်မြတ်တို့က ကျွန်ုပ်တို့ကို တိုက်တွန်းပေးခြင်းပင် ဖြစ်သည်ဟု ယုံကြည်ကြကုန်၏။ ကျွန်ုပ်တို့သည် ဤနေ့မှစ၍ (၁) သူတစ်ပါး၏အသက်ကို သတ်ဖြတ်
စားသောက်ခြင်းမှ ရှောင်ကြဉ်ကြပါကုန်၏။ (၂) သူတစ်ပါး၏ ပစ္စည်းကို ခိုးယူခြင်းမှ ရှောင်ကြဉ်ကြ ပါကုန်၏။ (၃) သူတစ်ပါး၏ သားမယားကို ပြစ်မှားခြင်းကို ရှောင်ကြဉ်ကြပါကုန်၏။ (၄) လိမ်လည် လှည့်ဖြား မုသားစကားကို ပြောဆိုခြင်းမှ ရှောင်ကြည်ကြပါကုန်၏။ (၅) သေရည်အရက်ကို သောက် စားခြင်းမှ ရှောင်ကြဉ်ကြပါကုန်၏ ဟု သီလတော်မြတ်ကို အသက်ရှင်သမျှကာလပါတ်လုံး ခံယူ ဆောက်တည်ပါမည်ဟု သန္နိဌာန်ပြုကြကုန်၏။
ခရုကို ရေကန်အတွင်း၌ ပြန်လည်လွှတ်ပေးခြင်း
မုဆိုးတို့ညီနောင်(၄)ဦးတို့သည် မိမိတို့ချက်ပြုတ်ရန် ကောက်လာခဲ့ကြသော အခွံ(အကာခွံ) ဓားဖြင့်ခုတ်ဖြတ်ပြီးဖြစ်သည့် ခရုကောင်များကို ကိုယ်စီလက်ဖဝါးအတွင်း၌ထည့်၍ ဤကဲ့သို့ သစ္စာပြု ကြကုန်၏။ ကျွန်ုပ်တို့သည် အသက်ရှင်သမျှကာလပတ်လုံး ဤစေတီတော်ကို ပြန်လည်ပြုပြင် ထိန်းသိမ်းစောင့်ရှောက်လိုသော စိတ်ဆန္ဒကိုယ်စီရှိကြပါကုန်၏။ စေတီတော်ကို ပြုပြင်ထိန်းသိမ်းခြင်း ငှါ ဘုရားဒါယကာ မည်ထိုက်ပေငြားအံ့ ၊ ကျွန်ုပ်တို့၏ လက်ဝယ်၌ရှိသော ဤခရုကောင်သည် အသက် ရှင်သန်ခြင်းသို့ ရောက်စေသတည်းဟု သစ္စာပြု၍ ခရုကောင်များကို ရေကန်တွင်းသို့ ပြန်လည်လွတ် ပေးကြကုန်၏။ အဆိုပါရေကန်သည် လုံးနဂါးပတ်စေတီတော်၏ အနောက်ဖက် (၁)ဖာလုံခန့်အကွာ တွင် ရှိသည်။ ရေကန်၏အနီးတွင် ဘုန်းတော်ကြီးကျောင်း ဆောက်လုပ်ထား၍ သံဃာတော်များ သောက်သုံးရန်ရေကို အဆိုပါရေကန်မှ ရေပိုက်ဖြင့် သွယ်ယူထား၏။ ရေကန်အလျားမှာ ပေ(၃၀)ခန့် အနံမှာ (၁၅)ပေခန့်ရှိ၏။ ထူးခြားသည်မှာ ရေကန်အတွင်း၌ရှိသော ခရုကောင်အားလုံးသည် အခွံ၏ ထိပ်ပိုင်းမှာ ဓားဖြင့်ခုတ်ထားသကဲ့သို့ ထိပ်အချွန်ပိုင်းမရှိတော့ဘဲ ဝိုင်းနေခြင်းဖြစ်သည်။ ထိပ်ပိုင်းတွင် အခွံမာမရှိ ကျိုးပေါက်နေပါသော်လည်း အသက်မသေကြဘဲ အသက်ရှင်နေကြသည်မှာ ထူးဆန်းမှု တစ်ခုပင်ဖြစ်နေပါသည်။ အခြားတစ်နေရာမှရှိသော ခရုကောင်များကို ဖမ်းယူပြီး အဆိုပါရေကန် အတွင်း၌ လွတ်ထည့်ပါက ထိုရေကန်အတွင်း၌ရှိသော ခရုများနည်းတူ အခွံပိုင်းကုန်သည်ဟုဆို၏။ ခရုကောင်တို့၏ သဘာဝမှာ အလွန်မာကျောသည့်အခွံဖြင့် အကာအကွယ်ပြုကာ အခွံအတွင်းမှနေ၍ အသက်ရှင်သန်ခြင်းကို ပြုကြသော ရေပျော်သတ္တဝါမျိုးဖြစ်သည်။ အခွံပေါက်ပြဲပါက ရေရှည်အသက် ရှင်သန်မှု မဖြစ်နိုင်တော့ချေ။ မုဆိုး(၄)ဦးတို့၏ သစ္စာအဓိဌာန်ချက်သည် ဟုတ်မှန်လေသလော- ဟု စဉ်းစားစရာပင်ဖြစ်လေတော့၏။ ထိုရေကန်ကို နတ်ရေကန်ဟူ၍ ခေါ်ဆိုကြ၏။ နွေ ၊ မိုး ၊ ​ဆောင်း ပြောင်းသော်လည်း ရေမတိုး မလျော့ ရေအမြဲတမ်း တည်ရှိနေသည်ဟု ဆို၏။ ထိုရေကန်အတွင်း၌ရှိ သော ရေကို မူးယစ်သေရည်ချက်ရာ၌ အသုံးပြုသည်ဖြစ်စေ ၊ သေရည်နှင့်ရော၍ အသုံးပြုသည်ဖြစ်စေ ကျန်ရှိသောရေကို ထမင်းချက်ပါက ထမင်းအရောင် မည်းပြာသွားသည်ဟူ၍လည်းကောင်း၊ ရေကန်တစ်ခုလုံး ရေအလိုလို နောက်ကျိသွားကာ ငန်သောရေအဖြစ် ပြောင်းလဲသွားသည်ဟူ၍လည်းကောင်း ပြေဆိုလျက်ရှိကြ၏။

လုံးနဂါးပတ်စေတီတော်ကို ပထမအကြိမ် ထီးတော်မြတ် တင်လှူပူဇော်ခြင်း
ရှေးအခါနဂါးတို့က အလွန်ထူးခြားကြီးမားလှသော နဂါးဦးခေါင်းနှင့်တူသည့် ကျောက်တုံး ကြီးကို နဂါးတို့၏ ဣဒ္ဓိတန်ခိုးဖြင့် ရှာဖွေ၍ ဖန်ဆင်းခဲ့ကြသည်။ နဂါးပြည်မှ နဂါးတို့ အမြဲထာဝရ ကိုးကွယ်ကြသည့် မြတ်စွာဘုရား၏ ဓာတ်တော် ၊ မွေတော် ၊ စွယ်တော်များကို ပင့်ဆောင်၍ ကျောက် တုံးကြီးအတွင်း၌ သွတ်သွင်းကာ နဂါးတို့က ပထမဦးစွာ ဌာပနာထားခြင်း ပြုကြကုန်၏။
ထိုမှတဖန် ဂဝမ္ပတိမထေရ်မှ စေတီတော် တည်ထားကိုးကွယ်ရန်အလို့ငှါ မြတ်စွာဘုရား၏ သွားတော်မြတ် (၃၃)ဆူကို တိဿသီဟမင်းကြီးသို့ ပေးအပ်ခဲ့၏။ တိဿသီဟမင်းကြီး တည်ထား ​ေဂါးတို့က ပထမဦးစွာ ဌာပနာထားခြင်း ပြုကြကုန်၏။
ထိုမှတဖန် ဂဝမ္ပတိမထေရ်မှ စေတီတော် တည်ထားကိုးကွယ်ရန်အလို့ငှါ မြတ်စွာဘုရား၏ သွားတော်မြတ် (၃၃)ဆူကို တိဿသီဟမင်းကြီးသို့ ပေးအပ်ခဲ့၏။ တိဿသီဟမင်းကြီး တည်ထား ​တော်မူခဲ့သော စေတီတော်မြတ် (၃၃)ဆူတွင် ဤလုံးနဂါးပတ်စေတီတော်မြတ်လည်း တစ်ဆူအပါ အဝင်ဖြစ်၏။ တိဿသီဟမင်းကြီးသည် မယ်တော်နဂါးမအား အမှူးထား၍ မြတ်စွာဘုရား၏ သွား တော်မြတ်ကို ရတနာ(၇)ပါးဖြင့် စီခြယ်ထားသော ရွှေကြုတ်ဖြင့်ထည့်ကာ ဒုတိယအကြိမ်အဖြစ် ဌာပနာထားတော်မူလေ၏။
(တိဿသီဟမင်းကြီး တည်ထားတော်မူခဲ့သော စေတီတော်မှာ ကျောက်ပုံစေတီမျှသာဖြစ်ပြီး ဉာဏ်တော်အမြင့် (၆)တောင်မျှသာရှိ၏။)
မုဆိုးညီနောင် (၄)ဦးတို့သည် ထိုကဲ့သို့ သစ္စာဆိုကြပြီးလျှင် တောလိုက်ခြင်းအလုပ်ကို စွန့်လွှတ်ကြကာ လုံးနဂါးပတ်ကျောက်တုံးကြီးအပေါ်၌ သန့်ရှင်းရေးပြုလုပ်၍ နှစ်ပေါင်းရှည်ကြာ ဝါ တော်ကြီးရင့်လေပြီဖြစ်သော တိဿသီဟမင်းကြီး၏ ကုသိုလ်တော်စေတီမြတ်ကို ပြန်လည်ပြုပြင် မွမ်းမံပြီး အုတ်ထီးတော်ဖြင့်သာလျှင် ပထမအကြိမ် ထီးတော်မြတ် တင်လှူပူဇော်ခဲ့လေ၏။ ခဲင်ဖြား (ခင်ဖရား) ဦးဆောင်၍ ပြုပြင်တည်ထားသောကြောင့် ခဲင်ဖြားဘုရားဟူ၍ လည်းကောင်း ၊ လုံးနဂါး ပတ်ဘုရားဟူ၍လည်းကောင်း ခေါ်ဆိုခြင်းရှိကြကုန်၏။

စေတီတော် ထပ်မံတည်ထားကိုးကွယ်ရန် ဆန္ဒကိုယ်စီရှိကြခြင်း
လုံးနဂါးပတ်ကျောက်တုံးကြီးပေါ်တွင် စေတီတော် တည်ထားခြင်းကိစ္စ အောင်မြင်ပြီးစီးခြင်း သို့ ရောက်လေသောအခါ မုဆိုးညီနောင် (၄)ဦးတို့သည် ဆက်လက်သာသနာပြုလိုကြသည့် စိတ်ဆန္ဒ ထက်သန်ကြသဖြင့် ဤကဲ့သို့ အကြံဖြစ်ပေါ်ကြကုန်၏။ ကျွန်ုပ်တို့ညီနောင် (၄)ဦးတို့သည် ပါရမီဆက် ပဌာန်းဆက်များ ကိုယ်စီရှိကြပါသဖြင့် တောလိုက်မုဆိုးဘ၀မှ လွတ်မြောက်ကြကုန်လျက် သူတော် ကောင်းစိတ်ဖြစ်အောင် ကျင့်ကြံဆောက်တည်ခွင့်ရကြကုန်၏။ ကျွန်ုပ်တို့အသက်ရှင်စွာဖြင့် နေရစဉ် ခိုက် ဘုရားပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းနှင့် ကုသိုလ်ပြုလုပ် အားထုတ်ကြပါလျှင် ကောင်းပေစွ ကျွန်ုပ်တို့ သစ္စာပြုကြကုန်လော့။ အာရုံထင်ရှားအရပ်၌ စေတီတော် ထပ်မံတည်ထားကိုးကွယ်ကြမည် သာသနာတော်မြတ်ကြီးကို စောင့်ရှောက်ကြကုန်သော သမ္မာဒေဝ နတ်မြတ်နတ်ကောင်း နတ်အပေါင်း တို့သည် ဘုရားတည်ရန် သင့်လျော်လျောက်ပတ်ကောင်းမြတ်သော နေရာဌာနကို နမိတ်ထင်စေလျက် ကျွန်ုပ်တို့ကို ကူညီစောင့်ရှောက်မှု ပြုကြကုန်လောဟု သစ္စာအဓိဌာန်ပြုကြပြီးလျှင် မိမိတို့အာရုံပေါ်ရာ ဌာနအသီးသီးသို့ စေတီတော် ထပ်မံတည်ထားကိုးကွယ်ကြကုန်၏။

ဝိဇ္ဇာကတူးစေတီတော်မြတ်တည်ထားတော်မူခြင်း
နဂါးမသည် လုံးနဂါးပတ်ကျောက်တုံးကြီးကို ဖန်ဆင်းပြီးသည့်နောက် လင်တော်မောင် ဝိဇ္ဇာဓိုရ်အပေါ် မေတ္တာပျက်ပြယ်မှုမရှိကြောင်း သက်သေပြုလိုသဖြင့် ဝိဇ္ဇာကတူး ကျောက်တုံးကြီးကို ထူးခြားအံ့သြဖွယ်ဖြစ်အောင် ထပ်မံဖန်တီးတော်မူလေ၏။ ဝိဇ္ဇာကတူးကျောက်တုံးကြီးကို ဖန်ဆင်းပြီး လျှင် မြတ်စွာဘုရား၏ သရီရဓာတ်တော် ၊ မွေတော်များကိုလည်း ကျောက်တုံးအတွင်း၌ သွတ်သွင်း၍ ဌာပနာထားတော်မူလေ၏။ မြတ်စွာဘုရား၏ ဓာတ်တော်မြတ် ကိန်းဝပ်စံပယ်တော်မူသည့် ဝိဇ္ဇာ ကတူး ကျောက်တုံးကြီးပေါ်တွင် ဂဝမ္ပတိမထေရ်မှ တိဿသီဟမင်းကြီးလက်သို့ ဘုရားတည်ရန် အတွက် ပေးအပ်ခဲ့သော မြတ်စွာဘုရား၏ သွားတော်မြတ်ကို ရတနာ(၇)ပါးဖြင့် စီခြယ်ထားသည့် ရွှေကြုတ်တော်အတွင်း၌ ထည့်ကာ တိဿသီဟမင်းကြီးကိုယ်တိုင် (ဒုတိယအကြိမ်) ထပ်မံ၍ ဌာပနာ တော် မူခဲ့လေ၏။ တိဿသီဟမင်းကြီး ဌာပနာတော်မူခဲ့သော ဝိဇ္ဇာကတူးစေတီတော်မြတ်ကို ခဲင်ဖြား (ခင်ဖုရား) မှ ပြန်လည်ပြုပြင်တည်ထားတော်မူလေ၏။ ခဲင်ဖြားပြန်လည် ပြုပြင်တည်ထားတော်မူ သော စေတီတော်သည် ကျောက်ပုံစေတီတော်မျှသာဖြစ်သည်။ ဝိဇ္ဇာကတူးစေတီတော်သည် လုံးနဂါး စေတီတော်မြတ်၏ အနောက်ဖက် ပေ(၄၀)အကွာတွင်ရှိသည်။ အဆိုပါ ဝိဇ္ဇာကတူးစေတီတော်သည်
ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်မြတ်ကဲ့သို့ သဘာဝကျောက်တုံးပေါ်တွင် သီးခြားကျောက်တုံး တစ်တုံး တင်နေခြင်းဖြစ်၍ ထူးဆန်းအံ့သြဖွယ် ကောင်းသည့် စေတီတော်ဖြစ်သည်။
ဝိဇ္ဇာကတူးစေတီတော်မြတ်ကို ပင်လောင်းမြို့နယ် ၊ ပင်ခွန်ကျောင်း၊ ဆရာတော် ဘဒ္ဒန္တတိမလ အရှင်သူမြတ်က ကမကထပြုကာ အများပြည်သူ လှူဒါန်းမှုကုသိုလ်ဖြင့် အသစ်တဖန် ပြန်လည် ပြုပြင် တည်ဆောက်တော်မူခဲ့သည်။ ထီးတော်မြတ်ကို သက္ကရာဇ် ၁၃၂၉ ခုနှစ် ၊ တပေါင်းလပြည့်နေ့ တွင် တင်လှူပူဇော်ခဲ့ကြသည်။

ဝိဇ္ဇာကုံးစေတီတော်မြတ်ကို တည်ထားတော်မူခြင်း
နဂါးမသည် ဝိဇ္ဇာ၏ အမှတ်တရ ဖြစ်စေခြင်းအလို့ငှါ ဝိဇ္ဇာမကိုဋ်နှင့်တူသော (ဝိဇ္ဇာကုံး) ကျောက်တုံးကြီးကိုရှာကြံ၍ နဂါးတို့၏ ဣန္ဓိတန်ခိုးဖြင့် ကျောက်တုံးပေါ်တွင် ဝိဇ္ဇာကျောက်တုံးကြီး ကို တင်ထားလေ၏။ ကျောက်တုံးကြီးအတွင်း၌ မြတ်စွာဘုရား၏ ဓာတ်တော်များကို သွတ်သွင်း ဌာပနာထားတော်မူ၏။
နဂါးမတည်ထားဌာပနာခဲ့သော ဝိဇ္ဇာကုံး(ဝိဇ္ဇာဦးထုပ်) စေတီတော်မြတ်ကြီးကို တိဿသီဟ မင်းကြီးမှ ဂဝမ္ပတိမထေရ် ပေးအပ်ခဲ့သော မြတ်စွာဘုရား၏ ဓာတော် သွားတော်မြတ်ကို ရတနာ (၇) ပါးဖြင့် မွမ်းမံထားသော ကြုတ်အတွင်း၌ထည့်ကာ ဒုတိယအကြိမ် ဌာပနာ သွတ်သွင်းတော်မူခဲ့၏။ မြတ်စွာဘုရား၏ ဓာတ်တော် ၊ သွားတော်များ ကိန်းဝပ်စံပယ်တော်မူသည့် ဝိဇ္ဇာကုံးစေတီတော်မြတ် ကို မါင်ဖြား(မင်ဖရား) ဟု အမည်ရှိသော မုဆိုကြီးမှ ထပ်မံပြုပြင်၍ အုတ်ထီးတော်မြတ်ဖြင့် တင်လှူ ပူဇော်ခဲ့၏။
ရှေးအစဉ်အဆက် တည်ထားကိုးကွယ်ခဲ့ကြသော ဝိဇ္ဇာကုံးစေတီတော်မြတ်ကြီးသည် နှစ်ပရိ စ္ဆေဒကြာညောင်း၍ ယိုယွင်းပျက်စီးခြင်းသို့ ရောက်လေသောကြောင့် ပင်လောင်းမြို့နယ် ၊ ပင်ခွန် ကျောင်းဆရာတော် ဘဒ္ဒန္တဝိမလ အရှင်သူမြတ်က ဦးဆောင်ညွှန်ကြားလျက် အသစ်တစ်ဖန် ပြန်လည် တည်ထားတော်မူခဲ့ကြရာ အောင်မြင်ပြီးစီးခြင်းသို့ ရောက်သဖြင့် သက္ကရာဇ် ၁၃၂၉-ခုနှစ် ၊ တပေါင်း လပြည့်နေ့ကပင် ထီးတော်မြတ် တင်လှူခဲ့ကြသည်။