ရှင်တောင့်ပုံ စေတီတော်သမိုင်း
သာဂရမြို့တည်ခြင်း
သမန္တရာဇာမင်းလက်ထက်တိုင်ရောက်လတ်သော် သက္ကရာဇ် ၁၁၃-ခုနှစ်တွင် ကလိန်အောင်မြို့မှ ရွေ့ပြောင်းကာ သာဂရမြို့ကိုတည်ထောင်အုပ်စိုးလေသည်။ (ယင်းသာဂရမြို့ကားထားဝယ်မြို့မှအနောက်မြောက်ဘက်ထားဝယ်မြစ် အနောက်ဘက်ကမ်းခရီး ၇မိုင်ခန့်အကွာတွင်ရှိ၍ယခုအခါမြို့ဟောင်းရွာ ပင်တည်း။)
၁။ဘူမိဒေဝနဂရမြို့
ယခုထားဝယ်မြို့မှ အရှေ့ဘက် ၁၀-မိုင်ခရီးအကွာ မှိုင်းကာရီမြို့(ယခုပကာရီသတ္တုတွင်းရွာ) အနီးရှိ ဘူမိဒေဝနဂရမြို့ကိုရန်တပိုမငိးခေါ် ရာဇာတဗိုလ်မင်း တည်ထောင်၍ မင်းပြု၏။ ထိုမင်းသည် ဘုန်းသမ္ဘာတောက်ပဆင်ဖြူတော်ရသောကြောင့် ပဌမဘွဲ့တော်ပျောက်၍ ဆင်ဖြူရှင် မဟာနရိန္ဒ ဟူသောဘွဲ့သစ်ဖြင့်သောင်းခတ်
ကြေညာတေဇာလွှမ်းမိုးတန်ခိုးစွမ်းရည် စမ်းအကြည်ကဲ့သို့ နန်းတည်လျက်ရှိလေ၏ ။
၂။ ဥဒေါင်းရာဇာတောသာယာ
တစ်နေ့သ၌ ဆင်ဖြူရှင်မဟာနရိန္ဒမင်းမြတ်သည် (မိစုမ)ခေါ် စုမဒ္ဒီဒေဝီမိဖုရားကြီးနှင့်တစ်ကွ စစ်သည် ဗိုလ်ပါ မောင်းမမိဿံအခြွေအရံတို့ပါ တောသာယာမြိုင်စခန်း
သို့ ကြွမြန်းလှည့်လည် ရှုစားတော်မူသည်တွင် အခြံအရံများစွာနှင့် ကျက်စားနေသည့် ရွှေအဆင်းရှိသောဥဒေါင်းမင်းကိုမြင်လတ်သော် မိဖုရားကြီးက နှစ်သက်တော်မူလှရကား –
ဤရွှေဥဒေါင်းကိုထောင်ဖမ်းယူပြီးနန်းတော်အတွင်းရွှေချိုင့်နှင့်ထည့်၍ မွေးမြူထားလိုပါကြောင်း ဘုရင်မင်းမြတ်ထံပူဆာလေ၏ ။
၃။ မောင်နွားမည်ရလုဒ္ဒက
နန်းတော်သို့ပြန်ရောက်လတ်သော် ဘုရင်မင်းမြတ်သည် မိဖုရား၏ အလိုဆန္ဒ ပြည့်ဝစေကြောင်းဖြင့် ရွှေဥဒေါင်းမင်းကိုဖမ်းရန်အတွက်လုဒ္ဒကမုဆိုးကျော်များကိုစုံစမ်း
စေရာဆင်ဖြူကျွန်းရွာမှ ဆင်ဝန် မောင်မဲ ဝန်ကတော် မမင်းဖြူ တို့၏သားမုဆိုး မောင်နွား အားဘုရင့်ရှေ့တော်သို့ သွင်းစေ၏ ။ ဘုရင်မင်းမြတ်ကမိန့်တော်မူသည်မှာ အမောင်
လုဒ္ဒကတောသာယာအရပ်၌ ယခုတလောပေါ်ပေါက်ကျက်စားနေသည့် ရွှေဥဒေါင်းငှက်ကိုအရှင်ဖမ်းယူဆက်သနိုင်ပါမူဆုလာဘ်များစွာနှင့် ရွာလေးရွာကိုအပိုင်စားပေးမည် ဟုမိန့်
တော်မူ၏ ။ အရှင်မင်းမြတ် အလိုဆန္ဒတော်ရှိသည့်အတိုင်းရွှေဥဒေါင်းငှက်ကိုလက်တော်ရောက် ကျွန်တော်မျိုးဆက်ပါမည်ဘုရား ဟု ရဲဝံ့စွာဝန်ခံပြီလျှင် နန်းတာ်မှထွက်ခဲ့၍ မိမိ ၏တပည့် ကွာစိနှင့် တိုင်ပင်ညီညွှတ်ကာလေး၊ မြား၊ လက်နက်၊ ကောင်းကင်ပိုက်၊ ညွှတ်ကြီး၊ ညွှတ်ငယ်၊ ဒေါင်းလှောင်အိမ်၊ ဓေါင်းမငယ်တစ်ကောင်နှင့်တကွ အစား ရိက္ခာ စ သည် တို့ကို ရှာဖွေစုဆောင်းထားရှိလေ၏ ။
၄။ မုဆိုးမောင်နွားဒေါင်းဖမ်းထွက်ခြင်း
နောက်တစ်နေ့ ကျရောက်လတ်သော် –
လက်နက်စုံမောင်ထမ်းလို့
ဒေါင်းဖမ်းကွဲ့ ထွက်တော့မယ်။
ကြောင်းစန်းတဲ့ မက်စဖွယ်၊
တစ်သက်ဝယ် ကြုံဘူး။
ဘုရင်မြတ် ဆုလာဘ်တော်မှာ၊
တုမှတ်သော် နှိုင်းမဲ့ဂုဏ်ထူး။
မုဆိုးမောင်နွားသည် ဝမ်းသာအားရစွာဖြင့် အထက်ပါဗုံထောက်သံသီချင်းကိုရှေ့ကသီဆိုလျက် သွားကာတပည့်ကွာစိက နောက်ကလိုက်၍ တောသာယာမြိုင်စခန်း
သို့ဆရာတပည့်နှစ်ဖော် ရွှင်ပျော်ပျော် ဒေါင်းဖန်းရန် ထွက်သွားကြလေတော့၏ ။ တောသာယာသို့ ရောက်ရှိလတ်သော် ညွှတ်ကြီး၊ ညွှတ်ငယ် အသွယ်သွယ်တို့ကို ချယ်လှယ်ချ ထားပြီးလျှင် လှပချောမွေ့စွာသောဒေါင်းမငယ်ကိုအလယ်ကလှောင်အိမ်နှင့်သွင်း၍ ကောင်းကင်ပိုက်အုပ်လျက် စီရင်ထားပြီးဆရာတပည့်နှစ်ယောက် တောင်ထိပ်တစ်နေရာမှ တက်၍ကြည့်ရှုနေကြလေ၏ ။
ယင်းအခါ ရွှေဥဒေါင်းမင်းနှင့်တကွ များစွာသောဒေါင်းငှက်တို့သည် ဘာသာဘာဝ တွန်ကျူးကြွေးကြော်ကြကာ တောင်ခြေမှ လှည့်လည်ကြရာလှောင်အိမ် အတွင်းမှ
ဒေါင်းမငယ်ကို မြင်လတ်သော် တပ်မက်သောစိတ်ဖြင့် တိုးဝင်ချည်းကပ်လာကြရာအချို့သောဒေါင်းငှက်များမှာညွှတ်ကြီး၊ ညွှတ်ငယ်တို့၌ ငြိကပ်ကုန်ကြ၏ ။ အချို့မှာလည်း ကောင်းကင်ပိုက်၌ ငြိကြကုန်၏ ။
ဥဒေါင်းမင်းမှာမူသတိ၊ ဝီရိယနှင့် ပြည့်စုံသောကြောင့် ညွှတ်ပိုက်အန္တရာယ် မငြိတွယ်ဘဲများစွာသောဒေါင်းငှက်တို့ကိုသာအားစိုက်ကာရုန်းစေရာညွှတ်တိုင်ပြုတ်၍ ရွေ့
လျားပြီးလျှင် ဒေါင်းနှင့်ညွှတ် ထွေးယှက်လျက် နေလေတော့၏ ။
၅။ ဒေါင်းဖမ်းတွင်ထွန်း ရွာမော်ကွန်း
ဆရာတပည့် နှစ်ယောက်တို့သည် တောင်ထိပ်မှဆင်းသက်ကာ ညွှတ်မိနေသော ဒေါင်းငှက်ကိုဖမ်းရန် အတင်းလိုက်လေရာ ခြေမှာ ညွှတ်ထွေးလျက်နှင့် ပြေးကြရလေ
၏ ။ ယင်းနေရာကို ညွှတ်ထွေး တွင်ခဲ့စေ၏ ။ ယခုအခါ ကာလရှည်လျား၍ အခေါ်ပျက်ပြားသဖြင့် ညင်းထွေးရွာ ဟု ထင်ရှားခေါ်ကြလေသည်။ ယင်းမှတဖန် လိုက်ကြပြန်ရာ
တစ်နေရာ၌ ဒေါင်းများကို လှောင်မိပြီဟု ထင်မှတ်ကာ တွေ့သောနေရာကို ဒေါင်းလှောင် ယခုအခါ၌ကား ဒေါက်လောက်ရွာ ဟု ထင်ရှားခေါ်ကြလေသည်။
ယင်းနေရာမှတဖန် ဥဒေါင်းမင်းသည် မိမိ၏ အဖော်ပါ ဒေါင်းငှက်အပေါင်းတို့ကို ရှေ့ဦးစွာပျံစေလျက် မိမိမှာမူ မုဆိုးနှင့် မနီး၊ မဝေး ပျံဝဲကာ အသွားတွင် ဆရာတပည့်
နှစ်ယောက်တို့ အသာလိုက်ကြရာ သာဂရမြို့ အနောက်ဖက် ကမ်းနဖူး သောင်စပ်သို့ ပျံကူးသွားလေတော့သည်။ ယင်းသို့ ပျံကူးသွားပြီး နားနေရာဒေသကို ဒေါင်းကူးရွာ ယခု
အခါ * ဒေါင်းငူ* (ဝါ)ဒေါင်းငူရပ် ခေါ်ဝေါ်ကြလေသည်။
ဆရာတပည့်နှစ်ယောက်တို့ တစ်ဖက်ကမ်းသို့ကူးရန် လှေရှာ၍မတွေ့သဖြင့် သစ်ပင်ဝါးပင်များကို ဖောင်ဖွဲ့၍ ကူးကြရလေသည်။ ဒေါင်းမင်းကို မေတွေ့ရ၍ စိတ်ဆိုးကာ
မြားနှင့်လေးကို ဒူးပေါ်တွင်ချိန်လျက် တစ်တောလုံး သိမ့်သိမ့်ညံအောင် အရမ်းပစ်ခတ်လေရာ ယင်းနေရာ၌ ကျက်စားနေကြသော ဇရက်(ဆက်ရက်)ငှက်ကလေးများ ပျံပြေးကြ
လေသည်။ ယင်းဒေသ ဇရက်ငှက်ကို အစွဲပြု၍ ဇရက်ရွာ တွင်ခဲ့စေသည်။ ယခုအခါ ဇရစ်ရွာ (ဝါ) ဇရစ်ရပ် ဟူ၍ ထင်ရှားခေါ်ကြလေသည်။ ထိုမှတဖန် ဒေါင်းပျံသွားရာသို့
လိုက်ကြပြန်လေရာ နေရတစ်ခု၌ အမှန်မိနေပြီဟု ထင်မှတ်ကာ ဝမ်းသာအားရစွာဖြင့် ဖမ်းမည်အပြုတွင် ဒေါင်းလွတ်၍ ပျံလေ၏ ။ ယင်းနေရာကို * ဒေါင်းလွတ်ရွာ* တွင်စေခဲ့ရာမှ
ယခုအခါ * ဇလွတ်ရွာ* ဟု ခေါ်ကြလေသည်။
ထိုမှတဖန် ဆက်လက်၍ လိုက်ကြပြန်ရာ မြစ်ကမ်းပါးအနီးရှိ ကျေက်လုံးတို့အကြား၌ ဒေါင်းမင်း – ၂ ကြိမ်ဝပ်သည့် နေရာကိုအထက်ကျောက်ဝပ်ရွာနှင ့်* အောက်
ကျောက်ဝပ်ရွာ* ဟူ၍ ခေါ်ကြလေသည်။ ယင်းနေရာမှတဖန် မြစ်အရှေ့ဘက်သို့ ဒေါင်းမင်း ပျံကူးသွားသဖြင့် ဆရာတပည့်နှစ်ယောက်တို့ လှေနှင့်ကူး၍ လိုက်ကြပြန်လေသော်
ဒေါင်းမင်းပင်ပန်း၍ ဝပ်သောနေရာကို * ပန်းဝပ်ရွာ* ယခုမှာမူ ပဝပ်ရွာ ဟု ခေါ်ကြလေသည်။ ဒေါင်းမင်း ပင်ပန်း၍နားသော တောချုံနေရာကိုကား * ပန်းတောရွာ* ယခုမှာမူ
ပတောရွာ ဟု ခေါ်ကြလေသည်။
ယင်းနေရာ၌ မုဆိုးအမျက်ထွက်၍ ဒေါင်းမင်းအား လေးနှင့်ပစ်ပြန်ရာ ဒေါင်းမင်းကို မမှန်ဘဲ အနီးအပါးတွင် ကျက်စားနေကြသည့် တီတွက်ငှက်များ လန့်၍ ပျံကြသည့်
နေရာကို * တီတွတ်ပျံရွာ* ယခုအခါ၌မူကား ပျံ မှ ပြင် သို့ ပြောင်းလဲပြီး တီတွတ်ပြင်ရွာ ဟု ခေါ်ကြလေသည်။ ယင်းနောက် ဒေါင်းမင်း ကွယ်ပျောက် သွားသောကြောင့်
ထိုနေရာကို ဒေါင်းပျောက်ရွာ ယခုအခါ တောင်ပျောက်ရွာ ဟုခေါ်ကြလသည်။ (၎င်းနေရာ၌ တောနတ်ရဲတို့ ပေါများသဖြင့် ထိုနေရာသို့ ရောက်ရှိကြသူတို့၏စိတ်တွင် မြင်ပြီး
သော တောင်တို့သည် တဖန်ထပ်မံ၍ကြည့်လျှင် ပျောက်ဘိသကဲ့သို့ မှတ်ထင်ရသောကြောင့်လည်း တောင်ပျောက်ရွာ ဟု ခေါ်ကြောင်းအဆိုရှိလသည်။)
၆။ သရက်ချောင်းမြို့
ယင်းသို့ ဒေါင်းမင်းကွယ်ပျောက်လေလျှင် မုဆိုးမောင်နွားက တပည့် ကွာစိအား စိတ်ပျက်၍ ပြောဆိုသည်မှာ – – – – – – –
တပည့်ရေ – ငါ့မှာ ဘုရင်မင်းမြတ်ထံ ရွှေဥဒေါင်းမင်းကို ရပါစိမ့်မည်ဟု ပရိတ်သတ်ဗိုလ်ထုအလယ်၌ ရဲဝံ့စွာ ဝန်ခံခဲ့ပြီး ယခုမှာ လက်ဆောင်တော် ရွှေဥဒေါင်းမပါဘဲ တိုင်းပြည်သို့
ပြန်ရန်အတွက် ရှက်စရာကောင်းလှပါတကား ကွာစိရေ ဟု မသက်မသာ ညှိုးငယ်သော မျက်နှာနှင့် ညည်းညူမြည်တမ်းကာ တစ်ခုသောချောင်းကိုကူးလေရာ ယင်းချောင်း
ကို ရှက်ချောင်း ဟူ၍ တွင်စေခဲ့၏ ။ ယခုအခါ သရက်ချောင်းမြို့ ခေါ်ကြလေသည်။
(ယင်းသရက်ချောင်းမြို့ကား ထားဝယ်ခရို်င်တွင် မြို့ပိုင်ရုံးစိုက်သော မြို့ကလေးတစ်မြို့ဖြစ်၍ ထားဝယ်မြို့မှ အရှေ့တောင်ဘက်ခရီး ၁၆ – မိုင်အကွာ ထားဝယ်နှင့်မြိတ်မြို့သွား
မော်တော်ကားလမ်းပေါ်တွင် တည်ရှိလေသည်။)
ယင်းနောက် မုဆိုး မောင်နွားသည် တပည့် ကွာစိအား ပြောဆိုပြန်သည်မှာ – – – –
တပည့်ရေ – ငါ့မှာ တိုင်းပြည်သို့ပြန်ဖို့ ရှက်တာထက် ကြောက်စရာအချက်တစ်ခုက အရေးကြီးနေ ပြန်ပေါ့။ ဒီလိုကွဲ့ တပည့်ရဲ့ – * ဘုရင်တို့ မျက်စောင်း အကြောင်း
သုံးပါးမရွေးဘူး တဲ့၊ အသင်မုဆိုး ငါ့အား ရွှေဥဒေါင်း ရပါစိမ့်မည်ဟု ရဲဝံ့စွာ ဝန်ခံပြီးမှ ယခုဘယ်အတွက်မရတာလဲ၊ အသင်လိန်ဉာဏ်နှောပြီး ပြောဆိုတင်လျှောက်ရမလားလို့ ရာ
ဇမာန်ပွားကာ ရွှေဓါးနဲ့ လတ်လတ် အသေသတ်ချင်လည်း သတ်လိမ့်မည်။ သို့အတွက် * ဘယာတွေ့မှ ဓမ္မာမွေ့* ဆိုသလို ဘုရင်မင်းမြတ်၏ အပြစ်ဘယာဘေးမှ ကင်းဝေးစေရန်
ငါတို့ ဆရာတပည့်နှစ်ဦး အေး အတူ ပူ အမျှ ဤတောင်ပေါ်တက်ကြပြီး သူတော်သူမြတ်လုပ်ကာ တရားဓမ္မ အာထုတ်ကြစို့ရဲ့* ဆိုပြီး ဒေဝပဗ္ဗတ (နတ်တောင်) ပေါ်သို့ ဆရာ
တပည့် ၂ ဖော် တက်ကြလေ၏ ။
ရှင်တောင့်ပုံ စေတီတော်သမိုင်း
တောင်ပေါ်တွင် * ဂိရိပစ္စယ * ရှင်သေ့ကြီးနှင့်တွေ့၍ အောကာင်းကိုမေးမြန်းရာ မောင်နွားက မိမိ၏ ဖြစ်ကြောင်းကုန်စင် စုံအလင်ကို လျှောက်တင်လေလျှင် တရားဓမ္မ
ဟောပြ၍ စိတ်နှစ်လုံးနူးညံ့စေ၏ ။ မုဆိုးမောင်နွားလည်း တရားနှစ်သက်သဖြင့် လေး၊ မြား၊ ပိုက်ကွန် လက်နက်ကိရိယာထည့်သော မုဆိုးတို့အသုံး တောင့်၊ ပလုံးတို့ကိုစုပုံ၍ မီးရှို့
ပြီး ရသေ့လုပ်လေ၏ ။ တပည့်ကွာစိကား ဖိုးသူတော် လုပ်လေ၏ ။
ဂိရိပစ္စယရသေ့က မုဆိုးအားငယ်နာမည်ကိုမေးရာ မောင်နွားအမည်တွင်ကြောင်း လျှောက်လတ်သော် သင်၏ငယ်နာမည်နှင့် မကင်းစကောင်းဟုဆိုပြီး * ဂေါဝိန္ဒ* ဟူ
သော ဘွဲ့အမည် မှည့်လေ၏ ။
(မုဆိုး၏ အသုံးအဆောင် လက်နက်ကိရိယာထည့်သော တောင့်၊ ပလုံးတို့ကို ပုံ၍ မီးတိုက်ရှိုကသောနေရာ၌ အထိမ်းအမှတ်ဖြင့် စေတီတည်၏ ။ ယင်းစေတီတော်ကို
* ရှင်တောင့်ပုံစေတီ * ဟု ရှေးအခေါ်မပျက် ယခုတိုင်ထင်ရှားလေသည်။
တောင့် (ပေါရာဏ) = မြားပုံး ၊ မြားပလုံး၊ မြားကျည်တောက်အိတ်၊ မြားထည့်သောပလုံးကို ရှေးသူဟောင်းတို့သည် * တောင့် * ဟု၍ ခေါ်ကြ၏ ။ မြားပုံး၊ မြားပလုံး၊ မြားကျည်
တောက်၊ မြားအိတ် ခေါ်ကြသည်မှာ နောက်မှဖြစ်သော စကားတည်း။)
တောင်ခြေရင်း၌ သရက်ချောင်းမြို့တည်ရှိသည့် * ရှင်တောင့်ပုံတောင် * ကား အမြင့်ပေပေါင်း ၂၀၀ဝ ကျော်ခန့်ရှိ၍ ရှေးအခါကတောင်တက်လမ်း တစ်မိုင်ခန့်မှာလမ်း
၏ ၃ ပုံ ၁ ပုံခန့်မျှသာ ပြေပြစ်၍ ကျန် ၂ ပုံမှာ မတ်စောက်သဖြင့် အဖိုးကြီး၊ အဖွားကြီးများနှင့် တက်နိုင်စွမ်းမရှိသူတို့အတွက် တောင်ပေါ်ရှိ တောင်စောင့်နတ်ကြီးအား ကိုးကွယ်ပူ ဇော်ကာ ဆုတောင်းဆုယူပြုကြစေရန် ထိုလမ်း၏ ၃ ပုံ ၁ ပုံ ခန့်နေရာ၌ ယာယီနတ်ကွန်း ဆောက်လုပ်ထားရှိလေသည်။ (ထိုယာယီနတ်ကွန်း နေရာကွက်လပ်မှာ ယခုတိုင်ရှိလေ
သည်)ယခုအခါ နတ်ကွန်းမှာ တောင်ပေါ်တွင်ဖြစ်လေသည်။ ယင်းယာယီနတ်ကွန်း၌ ကန်တော့ပွဲ၊ ပန်း၊ ဆီမီးများနှင့် ရွှေပြားများကပ်ကာ တင်ကာ ပူဇော်ကြရသည့်အကြောင်းကို
ယင်းခေတ်စာဆိုသူ ပညာရှိတစ်ဦးက ဖွဲ့စပ်သီဆိုထားရှိသည့် * ထားဝယ်ဒိန်းသံ သီချင်းကား * ကား –
၁။ ရှင်တောင့်ပုံ ထားဝယ် ဒိန်းသံသီချင်း
တောန်ပေါင် တောန်ပေါင် ရှင်တောန်ပေါင်
တောန်ပေါင် မတ်စော့က်။ တတ်မရော့က်၊
အော့က်က ကွန်းယာ။ ရွှေ ပါလေးန် ပူဇော်ပါကိုလေး၊
အို့ မယ်ဝေး မဝါလွမ်းစလေး။
ဟူ၍ ဖြစ်ပေသည်။
မှတ်ချက် ။ တောန်ပေါင် = တောင်းပုံ၊
မတ်စော့က် = မတ်စောက်၊
တက်မရော့က် = တက်မရောက်၊
အော့က်က ကွန်းယာ = အောက်က ယာယီနတ်ကွန်း၊
ရွှေ ပါ္လးန = ရွှေပြားနှင့်၊
အို့မယ်ဝေး = အို အမရေ၊
မဝါလွမ်းစလေး = ကျွန်မတို့ရွာကို လွမ်းလှသည်။
ယင်း ဒိန်းသံသီချင်းကို မြန်မာလိုပြန်ဆိုရမူ –
*တောင်းပုံ တောင်းပုံ ရှင်တောင်းပုံ၊
တောင်းပုံမတ်စောက်။ တက်မရောက်၊
အောက်က ကွန်းယာ၊ ရွှေပြားနှင့် ပူဇော်ပါကိုလေး၊
အို အမရေ = ကျွန်မတို့ ရွာကို လွမ်းလှသလေး။
ဟူ၍ ဖြစ်ပေသည်။
ယင်းရှင်တောင်းပုံတောင်ကို ရှေးအခါက ဒေဝပဗ္ဗတ(နတ်တောင်) ဟုခေါ်တွင်ကြသည့်အတိုင်း နတ်များအထူးစောင့်လျှောက်နေကြရာ တောင်ပေါ်တောင်တန်း၊ တောင်ခါးပန်း၊ တောင်တက်လမ်းစသည် နေရာများ၌ ယုတ်မာညစ်ညမ်း ကြမ်းတမ်းသမှု ပြုလုပ်ကြသူ လူကြီးလူငယ် ကျားမများအား နတ်များဖမ်းစား အပြစ်အန္တရာယ် ပေးလေ့
ရှိကြောင်း ဒိဌကြုံဖူးသူများရှိကြသဖြင့် ယနေ့တိုင် တောင်ပေါ်ဘုရားဖူးတက်ကြသူများ အထူးအလေးမူကြရလေသည်။
ယခုခေတ်အခါ တောင်တက်လမ်းများကို ပြေပြစ်စွာ တက်ဆင်းနိုင်ကြစေရန် ပြင်ဆင်ပြုလုပ်ကြသဖြင့် လူတိုင်းလိုလိုပင် တက်နိုင်၊ဆင်းနိုင်ကြသည့်အပြင် သရက်
ချောင်းမြို့ဘက်မှ တစ်လမ်း၊ ကျောက်မြောင်းရွာ ဘက်မှတစ်လမ်းအားဖြင့် တောင်တက်လမ်း ၂ လမ်းရှိလေသည်။ ယင်းလမ်း ၂ လမ်း၏ အစအကွာအဝေးမှာ မိုင်ဝက်ခန့် ရှိလေ
သည်။ ယခုအခါ ရှင်တောင်းပုံတောင်ပေါ်၌ ဂေါဝိန္ဒရသေ့ (မုဆိုးမောင်နွား) တည်ထားခဲ့သည့် စေတီကြီးတစ်ဆူနှင့် စေတီငယ်တစ်ဆူ၊ ဘုရားသိမ်၊ ကျောင်း၊ ဇရပ်၊ နတ်ကွန်း၊ ရေ
ကန်များ ရှိလေသည်။ ဘုရားဖူးလာကြသူတို့လည်း အများအပြားပင် ရှိကြလေသည်။
စာရေးဆရာကြီး ရွှေဝယ်ဧ
ထားဝယ်ရာဇဝင်သမိုင်း စာအုပ်