သံဝေဂ လင်္ကာ

၁။ သန္ဓေဇာတိ၊ ရွဲလာဘိက၊ ဗျာဓိလက်နက်၊ သူ့ဒဏ်ချက်ကို၊ တစ်ရက်ရက်တွင်၊ တွေ့မြဲပင်တည်း၊ ငြိုငြင်ပင်ပန်း၊ လွန်ညှိုးနွမ်းလျှက်၊ မကျန်းမမာ၊ ငါ့ခန္ဓာသည်၊ ဦးစွာဇာတိ ရှိသောကြောင့်။


၂။ မြေ၊ ရေ၊ လေ၊ မီး သူဦးစီးလျှက်၊ ဓါတ်ကြီးလေးခု၊ ညီညွှတ်မှုကြောင့်၊ ပြုလုပ်သွားလာ၊ ဤခန္ဓာကား၊ လေးဖြာဓါတ်ချက်၊ တစ်ခုပျက်က၊ ခြေလက်မသယ်၊ စက်ခန်းလယ်၌၊ ညှိုးငယ်လှိုက်ဖို၊ လွန်ငြင်ငြိုသည်၊ ငါ့အလို မလိုက်ပါတကား။


၃။ ဓါတ်ကြီးလေးတန်၊ အမာခံ၍၊ အရံရုပ်သေး၊ နှစ်ဆယ့်လေးတို့၊ ရောထွေးပေါင်းချုပ်၊ ဤကိုယ်ရုပ်ကား၊ သမုဋ္ဌာန၊ သဘာဝဖြင့်၊ စိတ်က ပြုစု၊ ဥတု စီမံ၊ ကံ အမိန့်ပေး၊ အစေး အာဟာရ၊ ပြုသမျှကို၊ လုံးဝလိုက်ကာ၊ ခံရ ရှာ၍၊ ရောဂါထိုထို၊ ဝင်လာခိုသည်၊ ငါ့ကိုယ် မဟုတ်ပါတကား။


၄။ ငါ့ကိုယ် ငါ့ဟာ၊ ငါ့ဥစ္စာဟု၊ သက္ကာယငြိ၊ စွဲထင်မိလည်း၊ ဗျာဓိဆိုက်လာ၊ ခုအခါ၌၊ မနာစေသား၊ မဖျားစေလို၊ မငြိုငြင်ရေး၊ အမိန့်ပေးလည်း၊ အလေးဂရု၊ ဘိတ်မပြုခဲ့၊ သူ့ဘာသာပင်၊ သူစိတ်ထင်တိုင်း၊ ဖျားချင်ဖျားကာ၊ နာချင်နာလျှက်၊ ရောဂါ အမျိုးမျိုး၊ ထသ်တိုင်းတိုးသည်၊ အစိုးမရ ပါတကား။


၅။ တပည့် တပန်း ရဟန်း သာမဏေ၊ ချစ်မိတ်ဆွေလည်း၊ မထေရ် ဘုန်းရှင်၊ ရောဂါဝင်က၊ ချစ်ခင်သည့်လျောက်၊ ဘယ်နှစ်ယောက်မျှ၊ ဝင်ရောက်ကူကာ၊ မခံလာရှင့်၊ ခန္ဓာကိုယ်များ၊ သီးအခြားမို့၊ ကိုယ်ဖျားကိုယ်ခံ၊ သူဆက်ဆံဘူ့၊ ရုပ်နာမ်နှစ်ခိုင်၊ ကိုယ်လက်ကိုင်သည်၊ ကိုယ်ပိုင်ဒုက္ခ ပါတကား။


၆။ အားအင်ပြည့်ကြောင်း၊ လူတိုင်းတောင်းသည့်၊ စားကောင်းသောက်ဖွယ်၊ အသွယ်သွယ်ကား၊ မတွယ်ရောဂါ၊ မာစဥ်ခါက၊ ခန္ဓာမိတ်ဖက်၊ အသက်သခင်၊ အားအင်ပြည့်ဖြိုး၊ သွေးသားတိုး၍၊ အားကိုးစရာ၊ ဖြစ်ခဲ့ပါလည်း၊ ရောဂါပြောထူ၊ ခုတစ်မူကား၊ ရန်သူစင်စစ်၊ ဖြစ်ကြီးဖြစ်၍၊ ရေနစ်သည့်သူ၊ ဝါးနှိပ်ကူသို့၊ ကိုယ့်လူမဟုတ်ပါတကား။

—-***—

*သံဝေဂဝတ္ထု (၈) ပါး*
၁။ ဇာတိ= ပဋိသန္ဓေနေရခြင်း။
၂။ ဇရာ= အိုရခြင်း။
၃။ ဗျာဓိ= နာရခြင်း။
၄။ မရဏ= သေရခြင်း။
၅။ အပါယဒုက္ခ= အပါယ်လေးပါးဒုက္ခ။
၆။ အတီတဝဋ္ဋမူလကဒုက္ခ= အတိတ်၌ဝဋ်လျှင် အကြောင်းရင်းရှိသောဒုက္ခ။(ပြိတ္တာဘုံ၌ခံရခြင်း ဆင်းရဲ)
၇။ အနာဂတဝဋ္ဋမူလကဒုက္ခ= အနာဂတ်၌ ဝဋ်လျှင် အကြောင်းရင်းရှိသောဒုက္ခ။(အသူရကာယ်ဘုံ၌ ခံရခြင်းဆင်းရဲ)
၈။ ပရိယေသနဒုက္ခ= စားဝတ်နေရေးအတွက် ရှာမှီးရသောဒုက္ခ။(တိရစ္ဆာန်ဘုံ၌ ခံရခြင်းဆင်းရဲ)

၁။နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊ အိုမင်းနောက်ဆုံး ရှိချေ၏။
၂။ ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံး ရှိချေ၏။
၃။ ဝိညာဏ်တင်းလင်း၊ သက်ရှင်ခြင်းကား၊ သေမင်းနောက်ဆုံး ရှိချေ၏။
၄။ ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံး ရှိချေ၏။
၅။ တက်ကြွားကြွကြွ၊ မြင့်သမျှကား၊ လျှောကျနောက်ဆုံး ရှိချေ၏။
၆။ ခုံမင်ခယ၊ ချစ်သမျှကား၊ သောကနောက်ဆုံး ရှိချေ၏။
၇။ ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံး ရှိချေ၏။
၈။ ကြည်သာရွှင်ပြ၊ ချမ်းသာလှလည်း၊ ဒုက္ခနောက်ဆုံး ရှိချေ၏။
(လယ်တီ ဆရာတော်)