အမ္ဗသက္ကရပေတဝတ္ထု(တံကျင်လျှိုခံရသော ယောက်ျား)

အမ္ဗသက္ကရပေတဝတ္ထု(တံကျင်လျှိုခံရသော ယောက်ျား)

ဝေသာလီပြည် အမ္ဗ္ဗသက္ကရမည်သော လိစ္ဆဝီမင်း, တံကျင်လျှိုခံရသော ယောကျ်ား, ထိုယောကျ်ားအားလာရောက်၍ အားပေးစကားပြောဆိုသော နတ်ပြိတ္တာ, ကပ္ပိတကရဟန်း၊ ဤပုဂ္ဂိုလ်တို့အချင်းချင်းပြောဟောကြပုံ ကုသိုလ်, အကုသိုလ်ကံဆန်းကြယ်ပုံ အလုံးစုံပါဝင် သောဝတ္ထု

ဝဇ္ဇီတိုင်းသားတို့၏ ဝေသာလီမြို့၌ အမ္ဗသက္ကရမည်သော လိစ္ဆဝီမင်းသည် မြို့ပြင်ပ၌ နေသော ပြိတ္တာကို မြင်သောကြောင့် ထိုမြင်ရာအရပ်၌ပင် (အချင်း အသက်ရှင်ပါလော့၊ အသက် ရှင်ခြင်းသည်သာမြတ်၏ဟု) ပြောဆိုသော စကား၏ အဓိပ္ပာယ်ကို သိလိုသည်ဖြစ်၍ ထိုပြိတ္တာ အား (ဤသို့) မေးမြန်းလေပြီ။

ဤတံကျင်လျှိုထားသော ပုဂ္ဂိုလ်အား အိပ်ရခြင်း ထိုင်ရခြင်းသည်လည်း မရှိခဲ့၊ ရှေ့သို့တက်ခြင်းနောက်သို့ဆုတ်ခြင်းသည်လည်း မရှိခဲ့၊ ဤပုဂ္ဂိုလ်အား စားဖွယ်,သောက်ဖွယ်, ခဲဖွယ်, အဝတ်အရုံတို့ကို သုံးဆောင်ခြင်းဟု ဆိုအပ်သော ခံစားခြင်းသည်လည်း မရှိခဲ့။

ရှေးက ရှိကြသည့် သနားစောင့်ရှောက်တတ်သော အဆွေအမျိုးတို့သည် လည်း ကောင်း၊ မြင်ဖူး, ကြားဖူးသော အဆွေခင်ပွန်း သူငယ်ချင်းတို့သည်လည်းကောင်း၊ ချစ်ကျွမ်းဝင်သော အဆွေခင်ပွန်းတို့သည်လည်းကောင်း ထိုတံကျင်လျှိုသော ပုဂ္ဂိုလ်ကို ယခုအခါ တွေ့မြင် ခြင်းငှါလည်းမရကြကုန်၊ ဤတံကျင်လျှိုထားသော ပုဂ္ဂိုလ်သည် ထိုဆွေမျိုးစသော လူအပေါင်း က စွန့်ပစ်ထားသော သဘောရှိတော့သည်သာတည်း။

အသက်ဝိညာဉ်ကင်းပြီးသောသူအား အဆွေခင်ပွန်းတို့ မရှိကုန်၊ (သေသူကို ထား လိုက်ပါဦး) အဆွေခင်ပွန်းတို့သည် ပစ္စည်းဥစ္စာချို့တဲ့သူကို (ဤသူထံမှ ဘာတစ်ခုမျှ ရတော့ မည် မဟုတ်ဟု) သိရသည်ရှိသော် (အသက်ရှင်သော်လည်း) စွန့်ပစ်တတ်ကြကုန်သေး၏၊ မိမိ အကျိုးစီးပွားကို မြင်ရသော်သာ ခြံရံကြကုန်၏၊ စည်းစိမ်ဥစ္စာနှင့်ပြည့်စုံသောသူအားသာလျှင် အဆွေခင်ပွန်း များကုန်၏။

(ဤတံကျင်လျှိုထားသော ယောက်ျားသည်) စည်းစိမ်ချမ်းသာ အားလုံးတို့မှ ယုတ်သော သဘောရှိသည်ဖြစ်၍ သွေးတို့ဖြင့် လိမ်းကျံသော ကိုယ် တံကျင်ထိုးလျှိုသဖြင့် ပေါက်ကွဲသော ကိုယ်ရှိလျက် ဆင်းရဲငြိုငြင် ပင်ပန်းလှ၏၊ ဤယောက်ျားအား မြက်ဖျား၌ လိမ်း ကျံသော ဆီးနှင်းပေါက်အတူယနေ့သော်လည်းကောင်း၊ နက်ဖြန်သော်လည်းကောင်း အသက် ချုပ်ပျောက်ခြင်း ဖြစ်တော့လတ္တံ့။

နတ်သား ထိုသို့ဖြစ်လျက် တမာသားတံကျင်၌ ထိုးတင်အပ်သည်ဖြစ်၍ အလွန် ပင်ပန်းခြင်းသို့ရောက်သော ဤသို့သောသူကို ‘အချင်း အသက်ရှင်ပါလော့၊ အသက်ရှင်ခြင်း သည်သာလျှင် မြတ်၏’ဟုအဘယ့်ကြောင့် သင် ဆိုဘိသနည်း (ဟု လိစ္ဆဝီမင်းက မေး၏)။

လိစ္ဆဝီမင်း ဤသူသည် ရှေးဘဝက အကျွန်ုပ်၏ သွေးသားတော်စပ်သောသူ ဖြစ်၏ဟု အကျွန်ုပ်အမှတ်ရပါသည်၊ ဤသူကို မြင်ရ၍ အကျွန်ုပ် သနားခြင်း ဖြစ်မိပါ၏၊ ယုတ်မာသော သဘောရှိသော ဤသူသည် ငရဲသို့ မကျပါစေလင့်။

လိစ္ဆဝီမင်း ဤယောက်ျားသည် မကောင်းမှုကို ပြုလေ့ရှိသည်ဖြစ်၍ ဤဘဝမှ စုတေ သော်မကောင်းမှုပြုသူ သတ္တဝါတို့ဖြင့် ရောပြွမ်း၍ ကြမ်းတမ်းသော သဘောရှိသော အလွန့် အလွန်ပူလောင်ခါးစပ်သော ကြောက်ဖွယ်ကို ဖြစ်စေတတ်သော ငရဲသို့ ကပ်ရောက်ရလတ္တံ့။

ဤသူသည် စင်စစ် ဆင်းရဲသော ခါးစပ်၍ ကြောက်ဖွယ်ကို ဖြစ်စေတတ်သော စင်စစ်ထက်မြက်သော အကြင်ငရဲသို့ ကျရာ၏၊ ထိုထိုကျရမည့် ငရဲထက် ဤတံကျင်သည် သာလျှင်များစွာသော ဂုဏ်အဖို့အစုအားဖြင့် မြတ်သေး၏။

ဤသတ္တဝါသည် အကျွန်ုပ်၏ ဤစကားကို ကြားရသော် ဆင်းရဲသို့ ကပ်ရောက် ရသကဲ့သို့ ဖြစ်၍ မိမိအသက်ကို စွန့်ရာ၏၊ ထို့ကြောင့် အကျွန်ုပ်သည် တစ်ပြိုင်နက် အသက် ချုပ်ပျောက်ခြင်းမဖြစ်ပါစေလင့်ဟု နှလုံးပိုက်၍ ဤသတ္တဝါ၏ အနီး၌ ဤစကားကို ဆိုသည် မဟုတ်ပါဟု (ပြိတ္တာကပြောဆို၏)။

တံကျင်လျှိုထားသော ယောက်ျား၏ ဤအကြောင်းအရာကို ငါတို့ သိရပါပြီ၊ တစ်ပါးသော အကြောင်းအရာကိုလည်း သင့်အား မေးလိုကုန်၏၊ ငါတို့အား အကယ်၍ အခွင့်ပြုပါမူ သင့်ကို မေးပါကုန်အံ့၊ ငါတို့အားမူ အမျက်မထွက်သင့်ပါဟု (လိစ္ဆဝီမင်းက ဆို၏)။

လိစ္ဆဝီမင်း (ရှေးဦးစွာ မြင်သော) ထိုအခါကပင် အကျွန်ုပ်အား စင်စစ် မေးလော့ဟု ဝန်ခံခြင်းဖြစ်ပါ၏၊ မကြည်ညိုသူအား မဖြေကြားလိုခြင်း ဖြစ်ပါ၏၊ ယခုအခါ အလိုမရှိစေကာမူ သင်သည်ယုံကြည်ထိုက်သော စကားရှိသူ ဖြစ်သောကြောင့် ငါ့အား အလိုရှိရာ မေးလော့၊ စွမ်းအားရှိသလောက်ဖြေပါအံ့ဟု (ပြိတ္တာက ဖြေ၏)။

နတ်မင်း ငါသည် မျက်စိဖြင့် မြင်ရသည့် အရာဟူသမျှ အားလုံးကိုလည်း ထို မြင်သည့်အတိုင်းပင်လျှင် ယုံကြည်ရာပါ၏၊ ထိုအလုံးစုံကို မြင်ရ၍ လည်း အကယ်၍ မယုံကြည် ခဲ့ပါမူ သင်သည်ငါ့အား နှိပ်နင်းမှုကို ပြုမည်လောဟု (လိစ္ဆဝီမင်းက ပြော၏)။

လိစ္ဆဝီမင်း သင်၏ ဤဝန်ခံခြင်းသည် အကျွန်ုပ်အား မှန်ကန်သောဝန်ခံခြင်း ဖြစ် ပါစေ၊ အကျွန်ုပ်သည် သင်ကြားဖူးသည်လည်းဖြစ်သော မကြားဖူးသည်လည်းဖြစ်သော တရား အားလုံးကို သင့်အား သိသမျှ ဟောကြားပါအံ့၊ သင်သည် သိခြင်းငှါ အလိုရှိသည်ဖြစ်၍ လည်းကောင်း,ပြစ်မှားလိုသော စိတ် မရှိသည်ဖြစ်၍ လည်းကောင်း အကျွန်ုပ်ဟောမည့် တရား ကို ကြားနာရ၍ ကောင်းသော ကြည်ညိုမှုကို ရပါစေသတည်းဟု (ပြိတ္တာက ပြော၏)။

သင်သည် တန်ဆာဆင်အပ်သော မြင်းဖြူ ဖြင့် တံကျင်လျှိုထားသူ၏ အထံသို့ သွား ဘိ၏၊ ဤမြင်းယာဉ်သည် မဖြစ်စဖူး ဖြစ်၍ ရှုချင်ဖွယ် ရှိလှပါပေ၏၊ ဤမြင်းယာဉ်ကို ရခြင်း သည် အဘယ်ကံ၏အကျိုးနည်းဟု (လိစ္ဆဝီမင်းက မေး၏)။

လိစ္ဆဝီမင်း ဝေသာလီမြို့၏ အလယ် ရွှံ့ညွန်ရှိသော ခရီးလမ်း၌ (ရွှံ့ညွန်) တွင်း ရှိခဲ့ပါ၏၊ အကျွန်ုပ်သည် ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ဖြူသော နွားဦးခေါင်းရိုးတစ်ခုကို ယူ၍ ရွှံ့ညွန်တွင်း၌ချထားခဲ့ပါ၏။

အကျွန်ုပ်သည်လည်းကောင်း, တစ်ပါးသောသူတို့သည်လည်းကောင်း ဤနွားဦး ခေါင်းရိုးတံတား၌ခြေတို့ကို ချနင်း၍ ရွှံ့ညွန်ကို လွန်မြောက်ကြရပါကုန်၏၊ ထိုကံကြောင့် မဖြစ်ဖူးမြဲဖြစ်၍ ရှုချင်ဖွယ်ရှိသော ဤမြင်းယာဉ်ကို ရအပ်ပါ၏၊ ဤမြင်းယာဉ်ကို ရခြင်းသည် ထိုကံ၏ အကျိုးပါတည်းဟု (ပြိတ္တာက ဖြေ၏)။

သင်၏ အဆင်းသည်လည်း အလုံးစုံ အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပ၏၊ သင်၏ကိုယ်ရနံ့သည်လည်း အလုံးစုံသော အရပ်မျက်နှာတို့၌ ကြိုင်လှိုင်ဘိ၏၊ သင်သည်ကြီးသော အာနုဘော်ရှိ၍ နတ်တန်ခိုးသို့ ရောက်သူ ဖြစ်ခဲ့၏၊သို့သော်လည်း အဝတ် မဆီးအချည်းနှီးနေရသူ ဖြစ်ခဲ့၏၊ ဤအကျိုးသည် အဘယ်ကံ၏ အကျိုးနည်းဟု (လိစ္ဆဝီ မင်းက မေး၏)။

လိစ္ဆဝီမင်း အကျွန်ုပ်သည် အမျက်မထွက်မူ၍ အမြဲကြည်လင်သော စိတ် ရှိပါ၏၊ သိမ် မွေ့သော စကားတို့ဖြင့် လူအပေါင်းသို့ ချဉ်းကပ်ခဲ့ပါ၏၊ အကျွန်ုပ်၏ အမြဲတောက်ပသော နတ်၌ဖြစ်သော ဤအဆင်းသည် ထိုကံ၏ အကျိုးပါတည်း။

လိစ္ဆဝီမင်း အကျွန်ုပ်သည် တရား၌တည်သူတို့၏ ကျော်စောခြင်းကိုလည်းကောင်း ချီးမွမ်းသံကိုလည်းကောင်း သိမြင်၍ ကြည်ညိုသော စိတ်ရှိသည်ဖြစ်လျက် ပြောကြားတတ် ပါ၏၊ အကျွန်ုပ်၏အမြဲလှိုင်သော နတ်၌ဖြစ်သော ဤရနံ့သည် ထိုကံ၏ အကျိုးပါတည်း။

သူငယ်ချင်းတို့ ရေချိုးဆိပ်၌ ရေချိုးနေကြကုန်စဉ် ကုန်း၌ ထားသောသူငယ်ချင်း တစ်ယောက်၏ပုဆိုးကို ရယ်မြူးလိုသည်ဖြစ်၍ ပြစ်မှားလိုစိတ်မရှိဘဲ ဆောင်ယူ ဝှက်ထား မိခဲ့ပါ၏၊ ထို့ကြောင့်အဝတ်မဝတ်ရသူလည်း ဖြစ်ရပါ၏၊ ပင်ပန်းသော အသက်မွေးခြင်းရှိသူလည်း ဖြစ်ရပါ၏ဟု (ပြိတ္တာကဖြေ၏)။

အကြင်သူသည် ကစားရယ်မြူးလို၍ မကောင်းမှုကို ပြု၏၊ ထိုသူ၏ အကုသိုလ်ကံ အကျိုးသည်ပင်ဤသို့သဘော ရှိသေး၏၊ အကြင်သူသည်ကား ကစားရယ်မြူးလိုစိတ်မရှိဘဲ မကောင်းမှုကို ပြု၏၊ ထိုသူ၏ အကုသိုလ်ကံအကျိုးကို (ပညာရှိတို့) အဘယ်သို့ ဆိုကုန်အံ့ နည်းဟု (လိစ္ဆဝီမင်းက မေး၏)။

အကြင်သူတို့သည် ကာမဂုဏ်ကို ကြံခြင်းအစရှိသည်တို့၏ အစွမ်းဖြင့် ဖျက်ဆီးအပ်သော စိတ်ရှိကုန်၏၊ ကိုယ်ဖြင့်လည်းကောင်း, နှုတ်ဖြင့်လည်းကောင်း ညစ်ညူးကြကုန်၏၊ ထို သူတို့သည် ကိုယ်ခန္ဓာပျက်စီးသည့်နောက် တမလွန်ဘဝ၌ ယုံမှားမရှိ ငရဲသို့ ကပ်ရောက်ရ ကုန်၏။

တစ်ပါးသော လူတို့သည် ကား သုဂတိဘုံသို့ တောင့်တကုန်လျက် အလှူပေးခြင်း၌မွေ့လျော်ကုန်၏၊ ချီးမြှောက်လိုသော သဘော ရှိကုန်၏၊ ထိုသူတို့သည် ကိုယ်ခန္ဓာ ပျက်စီး သည့်နောက်တမလွန်ဘဝ၌ ယုံမှားမရှိ, ကောင်းသော လားရာ ‘သုဂတိ’သို့ ကပ်ရောက်ရ ကုန်၏ဟု (ပြိတ္တာကဖြေ၏)။

သင်သည် ကောင်းမှု မကောင်းမှု၏ ဤကောင်းကျိုး မကောင်းကျိုးကို ခွဲဝေ၍ ဆိုအပ်ပြီ၊ ထိုကောင်းကျိုး မကောင်းကျိုးကို အဘယ်သို့ သက်ဝင်၍ ငါ သိရပါအံ့နည်း၊ အဘယ်သို့သော သက်သေအထောက်အထားကို မူလည်း တွေ့မြင်၍ ငါ ယုံကြည်ရပါအံ့နည်း၊ အဘယ် ပညာရှိသည်မူလည်းထိုကောင်းကျိုး မကောင်းကျိုးကို ယုံကြည်စေနိုင်ပါအံ့နည်းဟု (လိစ္ဆဝီမင်း က မေး၏)။

လိစ္ဆဝီမင်း ကောင်းမှု မကောင်းမှု၏ ဤကောင်းကျိုး မကောင်းကျိုးကို (ခွဲဝေ၍ ငါ ဆိုအပ်ခဲ့ပြီ) ထိုကောင်းကျိုး မကောင်းကျိုးကို မြင်၍ လည်းကောင်း၊ ကြား၍ လည်းကောင်း ယုံကြည်ပါလေလော့၊ ကောင်းမှု မကောင်းမှု နှစ်ပါးစုံ မရှိမူ သတ္တဝါတို့သည် ကောင်းသော လားရာ ‘သုဂတိ’သို့လားရောက်ရကုန်၏၊ မကောင်းသော လားရာ ‘ဒုဂ္ဂတိ’သို့ လားရောက် ရကုန်၏ဟု အဘယ်သို့လျှင်ဖြစ်နိုင်ပါအံ့နည်း။

လိစ္ဆဝီမင်း ဤလူ့ပြည်လောက၌ သတ္တဝါတို့သည် ကောင်းမှု မကောင်းမှုတို့ကို အကယ်၍ မပြုကြကုန်မူ လူ့ပြည်၌ ကောင်းသော လားရာ ‘သုဂတိ’, မကောင်းသော လားရာ ‘ဒုဂ္ဂတိ’သို့ရောက်ကုန်သော သတ္တဝါတို့သည်လည်းကောင်း၊ အယုတ်အမြတ်ဖြစ်သော သတ္တဝါ တို့သည်လည်းကောင်းရှိသည် မဖြစ်ကုန်ရာ။

သတ္တဝါတို့သည် လူ့ပြည်လောက၌ ကောင်းမှု မကောင်းမှုတို့ကို အကြင့်ကြောင့် ပြုကုန်၏၊ ထို့ကြောင့် လူ့ပြည်လောက၌ ကောင်းသော လားရာ ‘သုဂတိ’, မကောင်းသော လားရာ ‘ဒုဂ္ဂတိ’သို့ရောက်ကုန်သော သတ္တဝါတို့သည်လည်းကောင်း အယုတ်အမြတ်ဖြစ်သော သတ္တဝါတို့သည်လည်းကောင်းရှိကုန်၏။

ယခုအခါ ကောင်းမှု မကောင်းမှုတို့၏ ချမ်းသာကိုလည်းကောင်း၊ ဆင်းရဲကိုလည်း ကောင်းခံစားခြင်းငှါ လျောက်ပတ်သော နှစ်ပါးသော ကောင်းကျိုး မကောင်းကျိုးကို (ပညာရှိ တို့) ဆိုကုန်၏၊ အကြင်သူတို့သည် အလွန်အကဲအားဖြင့် ချမ်းသာသုခကို ခံစားခြင်းငှါ လျောက် ပတ်သော အကျိုးကို ရကုန်၏၊ ထိုသူတို့သည် နတ်ပြည်၌ နတ်ဖြစ်ကြ၍ ချမ်းသာသုခကို ခံစားကြရကုန်၏၊ လူမိုက်တို့သည် ကံ ကံ၏ အကျိုးနှစ်ပါးကို မမြင်ကုန်သည်ဖြစ်၍ ငရဲစသည်တို့၌ ကျက်ကြရကုန်၏။

လိစ္ဆဝီမင်း အကြင်ကံတို့ကြောင့် ယခုအခါ အဝတ်ပုဆိုးကိုလည်းကောင်း၊ အိပ်ရာနေရာတို့ကိုလည်းကောင်း၊ ထမင်းအဖျော်ကိုလည်းကောင်း ရရာ၏၊ ရှေးက ကိုယ်တိုင်ပြုခဲ့သော ထိုကံတို့သည် အကျွန်ုပ်အား မရှိပါကုန်၊ (သမဏဗြာဟ္မဏတို့အား အလှူကို) ပေးလှူ ၍ အကျွန်ုပ်အားရည်ညွှန်း အမျှဝေသောသူလည်း မရှိပါ၊ ထို့ကြောင့် ယခုအဝတ်မဝတ်ရသူ ပင်ပန်းသော အသက်မွေးခြင်းရှိသူ ဖြစ်နေရပါ၏ဟု (ပြိတ္တာက ဖြေ၏)။

နတ်သား အကြင်အကြောင်းကြောင့် သင်သည် အဝတ်ပုဆိုးကို ရရာ၏၊ တစ်စုံ တစ်ခုသော ထိုအကြောင်းသည် ရှိရာအံ့လော၊ အကယ်၍ အကြောင်းရှိမူ ထိုအကြောင်းကို ပြောကြားပါလော့၊ ယုံကြည်ထိုက်၍ အကြောင်းနှင့်တကွသော စကားကို နားထောင်ပါကုန်အံ့ (ဟု လိစ္ဆဝီမင်းက မေး၏)။

ဤဝေသာလီပြည်အနီး၌ ကပ္ပိတကမည်သော ရဟန်းသည် ရှိ၏၊ ထိုရဟန်းသည်အရဟတ္တဖိုလ်ဈာန် ရှိ၏၊ ကောင်းသော သီလ ရှိ၏၊ ပူဇော်အထူးကို ခံထိုက်၏၊ ကိလေသာမှလွတ်မြောက်၏၊ လုံခြုံသော ဣန္ဒြေရှိ၏၊ စောင့်စည်းပြီးသော ပါတိမောက္ခသီလ ရှိ၏၊ ငြိမ်း အေးသည်အဖြစ်သို့ ရောက်၏၊ မြတ်သော အရဟတ္တဖိုလ် သမ္မာဒိဋ္ဌိသို့ ရောက်၏။

နူးညံ့၏၊ တရားအားလုံးကို သိ၏၊ ကောင်းသော စကား ရှိ၏၊ ကောင်းသော မျက်နှာရှိ၏၊ ကောင်းစွာ နှုတ်တက် အာဂုံဆောင်ထားသော ပါဠိပိဋက ရှိ၏၊ လွတ်လွတ် ဆိုတတ်သော စကား ရှိ၏၊ ကောင်းမှု၏ စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူ၏၊ မေတ္တာဖြင့် နေတော်မူလေ့ရှိ၏၊ နတ်လူတို့၏ မြတ်သော အလှူကိုလည်း ခံတော်မူထိုက်၏။

ကိလေသာငြိမ်းပြီး ဖြစ်၏၊ မိစ္ဆာဝိတက်တည်းဟူသော အခိုးကင်းတော်မူ၏၊ ဆင်းရဲခြင်း မရှိ၊ တဏှာ မရှိ၊ ဘဝခပ်သိမ်းတို့မှ လွတ်၏၊ ရာဂစသော ငြောင့်တံသင်းတို့မှ ကင်း၏၊ ငါဟူသော မာန်မာန မရှိ၊ (ကိုယ်နှုတ်နှလုံးတို့ဖြင့်) ကောက်ကျစ်ခြင်းမှ ကင်း၏၊ ကိလေသာသင်္ခါရစသော ဥပဓိတို့ကို ပယ်ပြီးဖြစ်၏၊ ပပဉ္စတရားအားလုံး ကုန်ပြီးဖြစ်၏၊ ဝိဇ္ဇာ သုံးပါးသို့ ရောက်ပြီ၊ လောကုတ္တရာဉာဏ်ရောင်ဖြင့် ထွန်းပသော အရောင် ရှိ၏။

အလွန် အလိုနည်းသည်၏ အဖြစ်ကြောင့် မိမိ၏ သီလစသော ဂုဏ်ကို မထင်ရှားစေ၊ မြင်၍ လည်း (ဤသို့ သီလ သမာဓိ ပညာ ရှိ၏ဟု) သိခြင်းငှါ မလွယ်ကူပါ၊ ဝဇ္ဇီတိုင်းတို့၌ လူတို့သည် ထိုအသျှင်ကို ရဟန်းဟူ၍ ခေါ်ဝေါ်ကြကုန်၏၊ သတ္တလောက၌ ကျင်လည်သော ကောင်းမြတ်သော သီလစသော ကျေးဇူးရှိသော ထိုကပ္ပိတကရဟန်းကို တဏှာမြူကင်းသော ရဟန်းဟူ၍ နတ်တို့ သိကြပါကုန်၏။

သင်သည် ထိုကပ္ပိတကမထေရ်အား ပုဆိုးတစ်စုံဖြစ်စေ, နှစ်စုံဖြစ်စေ အကျွန်ုပ်ကို ရည်ညွှန်း၍ လှူခဲ့ပါမူ ထိုပုဆိုးအစုံတို့ကို မထေရ်ကလည်း ခံယူအပ်ကုန်မူ ပုဆိုးအဝတ် ဝတ်ရသော အကျွန်ုပ်ကို သင် တွေ့မြင်နိုင်ရာပါ၏ဟု (ပြိတ္တာက ဖြေ၏)။

အကြင် ကပ္ပိတကရဟန်းမြတ်သည် ငါတို့၏သို့လောသို့လော တွေးတောမှုဝိစိကိစ္ဆာကိုလည်းကောင်း၊ မှားသော မိစ္ဆာအမြင်တည်းဟူသော ငြောင့်တံသင်းတို့ကိုလည်း ကောင်းပယ်ဖျောက် နိုင်ရာ၏၊ ယခု အဘယ်အရပ်၌ သီတင်းသုံးနေသော ထိုကပ္ပိတကရဟန်း မြတ်ကို ငါတို့သွား၍ ဖူးမြင်ရကုန်အံ့နည်းဟု (လိစ္ဆဝီမင်းက မေး၏)။

ကပိနစ္စနခေါ်သော အရပ်၌ များစွာသော နတ်တို့ခြံရံလျက် သီတင်းသုံးနေတော် မူသော ဂုဏ်ကြောင့်ဖြစ်သော အမည်တို့ဖြင့် မှန်သော အမည်ရှိတော်မူသော ထိုကပ္ပိတက ရဟန်းမြတ်သည်မိမိဆရာ မြတ်စွာဘုရား၏ ဥစ္စာဖြစ်သော တရား၌ မမေ့မလျော့သည်ဖြစ်၍ တရားစကားကို ပြောဟော၏ဟု (ပြိတ္တာက ဖြေ၏)။

ယခုအခါ သင်ပြောဆိုသည့် အတိုင်း သွား၍ ငါ ပြုလုပ်ပါအံ့၊ ကပ္ပိတကရဟန်းကို အဝတ်အစုံဖြင့်လှူဒါန်းပါအံ့၊ ထိုအဝတ်အစုံတို့ကိုလည်း ထိုရဟန်းမြတ်က ခံယူအပ်သည် ဖြစ်ကုန်ရာ၏၊ ပုဆိုးအဝတ်ဝတ်ရသော သင့်ကိုလည်း ငါတို့ တွေ့မြင်လိုပါကုန်၏ဟု (လိစ္ဆဝီ မင်းက ဆို၏)။

လိစ္ဆဝီမင်း တောင်းပန်ပါ၏၊ အခါမဟုတ်သည်၌ ကပ္ပိတကရဟန်းမြတ်သို့ မချဉ်း ကပ်ပါလေနှင့်၊ ဤအခါမဟုတ်သည်၌ ချဉ်းကပ်ခြင်းသည် သင်ကဲ့သို့သော မင်းတို့၏ သဘော မဟုတ်၊ ထို့ကြောင့်နံနက်အခါ၌သာ ချဉ်းကပ်၍ ထိုကပိနစ္စနခေါ်သော အရပ်၌သာလျှင် ဆိတ်ငြိမ်ရာ အရပ်ဝယ် ထိုင်နေသော ရဟန်းမြတ်ကို ဖူးမြင်ပါလော့ဟု (ပြိတ္တာက ဆို၏)။

လိစ္ဆဝီမင်းသည် ကောင်းပြီဟု ဆို၍ ကျွန်အပေါင်းခြံရံလျက် ထိုမိမိအရပ်သို့ သွား လေ၏၊ ထိုလိစ္ဆဝီမင်းသည် ထိုဝေသာလီမြို့သို့ ချဉ်းကပ်ပြီးလျှင် မိမိနန်းတော်၌ နေလေ၏။

ထိုလိစ္ဆဝီမင်းသည် ထိုနေ့ကုန်ဆုံးပြီးသည့်နောက် နံနက်မိုးသောက် ရောက်သောအခါလူမှုကိစ္စတို့ကို ပြုလုပ်ပြီးသော် ရေချိုး ရေသောက်ပြီးလျှင် သွားခွင့်ခဏကို ရသဖြင့် ကျွန် အပေါင်းတို့ကို သေတ္တာမှ ပုဆိုးရှစ်စုံ ရွေးချယ်ယူစေပြီ။

ထိုလိစ္ဆဝီမင်းသည် ထိုရဟန်းမြတ် ရှိရာအရပ်သို့ ချဉ်းကပ်သည်ရှိသော် ဆွမ်းခံရွာမှဖဲကြွပြန်နစ်သော ကိလေသာငြိမ်းချမ်းခြင်းသို့ ရောက်ပြီးဖြစ်၍ သစ်ပင်ရင်း၌ ထိုင်နေသော ငြိမ်သက်သော စိတ်ရှိတော်မူသော ထိုရဟန်းမြတ်ကို မြင်လေ၏။

(ထို့နောက်) ထိုရဟန်းမြတ်သို့ ချဉ်းကပ်၍ လျှောက်ထား၏၊ အနာကင်းသည့်အဖြစ်ကိုလည်းကောင်း, ချမ်းသာစွာနေရသည်အဖြစ်ကိုလည်းကောင်း မေး၏၊ အရှင်ဘုရား အကျွန်ုပ်သည် ဝေသာလီပြည်က လိစ္ဆဝီမင်းပါတည်း၊ အကျွန်ုပ်ကို အမ္ဗသက္ကရလိစ္ဆဝီမင်းဟု လူအပေါင်းတို့ သိကြပါကုန်၏။

အရှင်ဘုရား အရှင်ဘုရားသည် အကျွန်ုပ်၏ ဤပုဆိုးရှစ်စုံတို့ကို အလှူခံတော်မူပါ၊ အရှင်ဘုရားအား လှူဒါန်းပါ၏၊ ထိုသို့ပေးလှူလိုသောကြောင့် ဤအရပ်သို့ အကျွန်ုပ်လာ ရောက်ပါ၏၊ အရှင်ဘုရားသည် အကျွန်ုပ်ကို နှစ်သက်ဝမ်းမြောက်ခြင်းဖြစ်လောက်အောင် ပြု တော်မူပါဟု (လျှောက်၏)။

သမဏတို့သည်လည်းကောင်း၊ ဗြာဟ္မဏတို့သည်လည်းကောင်း သင်၏ နန်းတော်ကို အဝေးမှပင်ကြဉ်ရှောင်ကြကုန်၏၊ သင်၏ အိမ်၌ သပိတ်တို့သည် လည်း ကွဲကုန်၏၊ ဒုကုဋ် သင်္ကန်းတို့သည် ကွဲပြတ်စုတ်ပြဲကြကုန်၏။

ထိုမှတစ်ပါး သင်၏ခြေဟူသော ရဲတင်းပုဆိန်တို့ကြောင့် တစ်ပါးကုန်သော ရဟန်း တို့သည် ဦးခေါင်းငိုက်စိုက် လဲကျကြကုန်၏၊ ပဗ္ဗဇိတအမည်ရသော သမဏတို့သည် သင်ပြု အပ်သော ဤသို့သဘောရှိသော အညှဉ်းဆဲခံရခြင်းသို့ ရောက်ကြရကုန်၏။

သင်သည် မြက်ဖျားဖြင့် ဆီကို သော်လည်း မပေးလှူစဖူး၊ ခရီးမှားသူအား လမ်း ခရီးကို မျှလည်းမညွှန်းပြ မပြောဆိုစဖူး၊ သူကန်း၏ (လက်မှ) တောင်ဝှေးကို ကိုယ်တိုင်ပင် လုယူ၏၊ သင်ကားဤသို့သဘောရှိသော စဉ်းလဲသူ မစောင့်စည်းသူ ဖြစ်ခဲ့၏၊သို့ပါလျက် သင်သည်အဘယ်အကြောင်းကြောင့် အဘယ်အကျိုးကို မြင်၍သာလျှင် ငါတို့နှင့်တကွ ခွဲခြမ်း ဝေဖန်မှုကို ပြုဘိသနည်းဟု (ရဟန်းမြတ်က မေး၏)။

အရှင်ဘုရား အရှင်ဘုရားဆိုသော စကားကို အကျွန်ုပ် ဝန်ခံပါ၏၊ အကျွန်ုပ်သည် သမဏတို့ကိုလည်းကောင်း၊ ဗြာဟ္မဏတို့ကိုလည်းကောင်း ရယ်မြူးလိုသည်ဖြစ်၍သာ ညှဉ်းဆဲ မိခဲ့ပါ၏၊ ပြစ်မှားလိုသော စိတ်ရှိ၍ ကား မဟုတ်ပါ၊ အရှင်ဘုရား ထိုရယ်မြူးလိုသည့်အဖြစ် သည်လည်း အကျွန်ုပ်၏မကောင်းမှုပင် ဖြစ်ပါ၏။

အရှင်ဘုရား နတ်သားသည် ရယ်မြူးလိုသည်ဖြစ်၍ မကောင်းမှု ဆည်းပူးမိသောကြောင့် မပြည့်စုံသော စည်းစိမ်ချမ်းသာရှိသည်ဖြစ်၍ ဆင်းရဲကို ခံစားရပါ၏၊ ပျိုမျစ်နုနယ် အရွယ်အဆင်းနှင့်ပြည့်စုံသော နတ်သားသည် အဝတ်မရှိခြင်းအဖို့ ရှိ၏၊ ထိုနတ်သားအား ထို အဝတ်မရှိခြင်းထက် ပိုလွန်၍ ဆင်းရဲခြင်းသည် အဘယ်မှာ ရှိပါတော့အံ့နည်း။

အရှင်ဘုရား အကျွန်ုပ်သည် ထိုနတ်သား (ပြိတ္တာ) ကို မြင်ရ၍ ထိတ်လန့်ခြင်း သံဝေဂ ရခဲ့ပါ၏၊ ထိုသို့သံဝေဂရသောကြောင့် လည်း အလှူဒါနကို ပေးလှူပါ၏၊ အရှင်ဘုရား အဝတ်ပုဆိုး ရှစ်စုံတို့ကို အလှူခံတော်မူပါ၊ ဤအဝတ်အလှူတို့သည် နတ်ပြိတ္တာအား ရောက်ပါ စေကုန်သတည်းဟု (လိစ္ဆဝီမင်းကလျှောက်၏)။

လိစ္ဆဝီမင်း မချွတ်ဧကန်သာလျှင် ဒါနကို ဘုရားအစရှိသည်တို့သည် များစွာသော အပြားတို့ဖြင့်ချီးမွမ်းအပ်၏၊ ပေးလှူသော သင့်အားလည်း မကုန်ခန်းနိုင်သော သဘောရှိ သည် ဖြစ်ပါစေ၊ သင်၏အဝတ်ပုဆိုးရှစ်စုံတို့ကို အလှူခံပါ၏၊ ဤအဝတ်အလှူတို့သည် နတ် (ပြိတ္တာ)သို့ရောက်ပါစေကုန်သတည်းဟု (ရဟန်းမြတ်က မိန့်၏)။

ထို့နောက် ထိုလိစ္ဆဝီမင်းသည် လက် ခြေ ခံတွင်းကို ဆေးကြောပြီး၍ မထေရ်အား အဝတ်ရှစ်စုံတို့ကို ပေးလှူသောကြောင့် ထိုအဝတ်ရှစ်စုံတို့ကိုလည်း မထေရ်မြတ်သည် ခံယူအပ် ကုန်၏၊ အဝတ်ပုဆိုးဝတ်ရုံလျက် နေသော နတ်သား (ပြိတ္တာ) ကိုလည်း တွေ့မြင်ရ၏။

စန္ဒကူးနှစ်ဖြင့် လိမ်းကျံလျက် အာဇာနည်မြင်းကို တက်စီးကာ နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ တန်ဆာဆင်ပြီးလျှင် ကောင်းသော အဝတ်ပုဆိုးကို ဝတ်ရုံလျက် လျောက် ပတ်သော အခြံအရံဖြင့် ခြံရံအပ်သော ကြီးသော နတ်တန်ခိုးသို့ ရောက်၍ တည်သော ထိုနတ် (ပြိတ္တာ) ကို မြင်ရပြီ။

ထိုလိစ္ဆဝီမင်းသည် ထိုနတ် (ပြိတ္တာ) ကို မြင်၍ နှစ်သက်သော စိတ် တက်ကြွသော စိတ်ရွှင်လန်းသော စိတ်ရှိသည့်အပြင် တင့်တယ်သော ရုပ်အသွင်လည်း ရှိ၏၊ ကံကိုလည်း ဉာဏ် မျက်စိဖြင့်မြင်၍ မျက်မှောက်ဖြစ်သော ကြီးမြတ်သော အကျိုးကိုလည်း မျက်စိဖြင့် မျက်မှောက် ပြု၍ –

ထိုနတ် (ပြိတ္တာ) ထံသို့ ချဉ်းကပ်ပြောဆို၏၊ နတ်သား ငါသည် သမဏဗြာဟ္မဏ တို့အား အလှူကို ပေးလှူပါတော့အံ့၊ ငါ့အား မပေးလှူအပ်သော တစ်စုံတစ်ခုသော အရာ မည်သည်လည်း မရှိတော့ပါ၊ နတ်သား သင်သည် ငါ့အား များသော ကျေဇူးရှိလှပါပေ၏ဟု (လိစ္ဆဝီမင်းက ပြောဆို၏)။

လိစ္ဆဝီမင်း သင်သည်လည်း အကျွန်ုပ်အား ရည်စူး၍ အဝတ်အလှူတို့ကို တစ်စိတ် တစ်ဒေသပေးလှူခဲ့၏။ ဤအဝတ်အလှူသည် အချည်းနှီးမဟုတ်၊ နတ်ဖြစ်သော ထိုအကျွန်ုပ် သည် လူဖြစ်သော သင်နှင့်အတူတကွ သက်သေအဖြစ်ကို ပြုပါအံ့ဟု (နတ်ပြိတ္တာက ပြော၏)။

(နတ်သား သင်သည်) ငါ၏ လားရာသည်လည်းကောင်း၊ ဆွေမျိုးသည်လည်း ကောင်း၊ လဲလျောင်းရာသည်လည်းကောင်း၊ အဆွေခင်ပွန်းသည်လည်းကောင်း၊ ထို့ပြင် ငါ၏ ကိုးကွယ်ရာနတ်သည်လည်းကောင်း ဖြစ်ပေ၏၊ သင့်ကို လက်အုပ်ချီသည်ဖြစ်၍ တောင်းပန် ပါ၏၊ နတ်သား သင့်ကို နောက်ထပ် တစ်ဖန် တွေ့မြင်နိုင်ရန် အလိုရှိပါ၏ဟု (လိစ္ဆဝီမင်းက ပြော၏)။

လိစ္ဆဝီမင်း သင်သည် ယုံကြည်မှု ‘သဒ္ဓါ’ မရှိသူ, ဝန်တိုမှု ‘မစ္ဆရိယ’ သဘောရှိသူ မှားသောအားဖြင့် ကျင့်လိုသော သဘောရှိသူ အကယ်၍ ဖြစ်ပြန်အံ့၊ အကျွန်ုပ်ကို သင်တွေ့ မြင်နိုင်ရန် ရရှိလိမ့်မည်မဟုတ်၊ တွေ့မြင်ရသော်လည်း သင့်ကို ငါ စကားပြောတော့မည် မဟုတ်။

သင်သည် တရား၌ ရိုသေခြင်းရှိသူ အလှူပေးခြင်း၌ မွေ့လျော်သော စိတ်နှလုံးရှိသူ ချီးမြှောက်ခြင်းသဘောရှိသူ သမဏဗြာဟ္မဏတို့၏ ရေတွင်းရေကန်သဖွယ်ဖြစ်သူ အကယ်၍ ဖြစ်ခဲ့မူ ငါ့ကို တွေ့မြင်ရလိမ့်မည်။

အရှင်လိစ္ဆဝီမင်း တွေ့မြင်ရသော် သင့်ကို စကားပြောပါအံ့၊ တံကျင်လျှိုအပ်သော ယောက်ျားဟူသော အကြင်သူ၏ ထံသို့ လာခြင်းဟူသော အကြောင်းကြောင့် အကျွန်ုပ်တို့သည် သက်သေအဖြစ်ကို ပြုကြရကုန်၏၊ ဤတံကျင်လျှိုထားသူကိုလည်း တံကျင်မှ လျင်စွာ လွှတ် သင့်၏ဟုအကျွန်ုပ် မှတ်ထင်မိပါ၏။

ထိုငါတို့သည် အချင်းချင်း သက်သေအဖြစ်ကို ပြုကြရကုန်၏၊ ဤသူသည်လည်း တံကျင်မှ လျင်စွာလွတ်သည်ဖြစ်အံ့၊ ထိုသူသည် တရားတို့ကို ကောင်းစွာ ကျင့်သည်ဖြစ်၍ ထိုငရဲမှ လွတ်ရာ၏၊ ထိုသူ၏အပရာပရိယကံမှ တစ်ပါးသော ဥပပဇ္ဇဝေဒနီယကံသည် အဟောသိကံ ဖြစ်ရာ၏။

လိစ္ဆဝီမင်းမြတ် လျောက်ပတ်သောအခါ၌ ကပ္ပိတက ရဟန်းမြတ်သို့ ချဉ်းကပ်၍ ထိုကပ္ပိတကရဟန်းမြတ်နှင့် အတူတကွသာလျှင် လှူဒါန်းဝေဖန်ခြင်းကို ပြုပြီးလျှင် အနီးသို့ ကပ်၍ ကိုယ်တိုင် နှုတ်ဖြင့် မေးလျှောက်လော့၊ ထိုရဟန်းမြတ်သည် ဤအကြောင်းကို သင့်အား ဖြေကြား လတ္တံ့။

ထိုရဟန်းမြတ်သို့လျှင် ချဉ်းကပ်၍ သိလိုသည်ဖြစ်၍သာလျှင် မေးလျှောက်ပါလော့၊ ပြစ်မှားလိုသော စိတ်ရှိသည်ဖြစ်၍ မမေးလျှောက်ပါလင့်၊ ထိုရဟန်းမြတ်သည် သင့်အား ကြားဖူးသော တရား,မကြားဖူးသော တရား အားလုံးကိုလည်း သိသည့်အတိုင်း ဟောကြား လတ္တံ့ဟု (ပြိတ္တာက ပြော၏)။

ထိုလိစ္ဆဝီမင်းသည် ထိုအရပ်၌ နတ် (ပြိတ္တာ) နှင့် လျှို့ဝှက်စွာ စကားပြောဆို၍ သက်သေအဖြစ်ကိုလည်း ပြုပြီးနောက် လိစ္ဆဝီမင်းတို့၏ အစည်းအဝေးပြောဆိုရာ နေရာသို့ ဖဲသွား ပြီးနောက်စုဝေးနေထိုင်သော ပရိသတ်ကို ပြောဆို၏။

ပရိသတ်တို့ အကျွန်ုပ်၏ တစ်ခွန်းသော စကားကို နားထောင်ကြကုန်လော့၊ အကျွန်ုပ်သည် ဆုတစ်ခုကို ယူလိုပါ၏၊ အကျိုးရပါလိမ့်မည်၊ ကြမ်းကြုတ်သော အမှုရှိ၍ ဒဏ်ထားခံနေရသော လိစ္ဆဝီမင်းအပေါင်းက ကွပ်ညှပ်ဆုံးမအပ်သော သဘောရှိသော တံကျင် လျှိုခံနေရသော ယောက်ျားသည်ဤမျှဖြင့် ညဉ့်ပေါင်းနှစ်ဆယ် ရှိပြီ၊ ပရိသတ်တို့ အကြင့် ကြောင့် တံကျင်လျှိုခံရသူသည်အသက်ရှည်သည်လည်း မမည်၊ သေသည်လည်း မမည်၊ ထို့ ကြောင့် ယခုအခါ၌ ထိုသူကို ငါလွှတ်လိုက်တော့အံ့၊ ငါ့အလိုအတိုင်း မင်းအပေါင်းသည် ခွင့်ပြု ပါလော့ဟု (ပြောဆို၏)။

အမ္ဗသက္ကရလိစ္ဆဝီမင်းမြတ် ဤသူကိုလည်းကောင်း၊ တစ်ပါးသူကိုလည်းကောင်း လျင်စွာ လွှတ်လော့၊ ထိုတရားနှင့် လျော်သော အမှုကို ပြုသော သင့်ကို အဘယ်သူသည် ပြောဆိုရာပါအံ့နည်း၊ အကြင်အခြင်းအရာဖြင့် သင် သိ၏၊ ထိုအခြင်းအရာဖြင့် ပြုလော့ဟု မင်း အပေါင်းသည်အမ္ဗသက္ကရလိစ္ဆဝီမင်း အလိုအတိုင်း ခွင့်ပြု၏။

ထိုအမ္ဗသက္ကရလိစ္ဆဝီမင်းသည် ထိုအရပ်သို့ ချဉ်းကပ်၍ တံကျင်လျှိုခံရသူကို လျင်စွာ သာလျှင်လွှတ်၏၊ အချင်းယောက်ျား မကြောက်လင့်ဟုလည်း ထိုသူကို ပြောဆို၏၊ ဆေး သမားတို့ကိုလည်းလုပ်ကျွေးပြုစုစေ၏။

ထိုအမ္ဗသက္ကရလိစ္ဆဝီမင်းသည် လျောက်ပတ်သောအခါ၌ ကပ္ပိတက ရဟန်းမြတ်သို့ ချဉ်းကပ်၍ ထိုရဟန်းမြတ်နှင့် အတူတကွသာလျှင် လှူဒါန်းဝေဖန်ခြင်းကို ပြု၍ သုံးဆောင်၏၊ ထိုရဟန်းမြတ်၏အကျိုးကို အလိုရှိသော လိစ္ဆဝီမင်းသည် အနီးသို့ကပ်၍ ကိုယ်တိုင် နှုတ်ဖြင့် မေးလျှောက်၏။

ကြမ်းကြုတ်သော အမှုရှိ၍ ဒဏ်ထားခံနေရသော လိစ္ဆဝီမင်းအပေါင်းက ကွပ်ညှပ် ဆုံးမအပ်သော သဘောရှိသော တံကျင်လျှိုခံနေရသော ယောက်ျားသည် ဤမျှဖြင့် ညဉ့်ပေါင်း နှစ်ဆယ် ရှိပါပြီ၊ အရှင်ဘုရား တံကျင်လျှိုခံရသူသည် အကြင့်ကြောင့် အသက်ရှည်သည်လည်း မမည်၊ သေသည်လည်း မမည်ပါ။

ယခုအခါ၌ အကျွန်ုပ်သည် သွား၍ ထိုယောက်ျားကို လွှတ်အပ်ပါပြီ၊ အရှင်ဘုရား ထိုနတ် (ပြိတ္တာ)၏စကားကို သာလျှင် (လိုက်နာ၍ ဤသို့ ပြုလုပ်ပါ၏)၊ ထိုတံကျင်လျှိုခံရသော ယောက်ျားသည်အကြင်အကြောင်းကြောင့် ငရဲသို့ မရောက်ရာ၊ ငရဲသို့ မရောက်ရာသော အကြောင်း တစ်စုံတစ်ရာရှိရာပါအံ့လော။

အရှင်ဘုရား အကယ်၍ အကြောင်းရှိမူ ပြောကြားပါလော့၊ ယုံကြည်ထိုက်သော အကြောင်းနှင့်တကွသော စကားကို လိုက်နာပါကုန်အံ့၊ ဤလောက၌ အကျိုးကို မခံစားရမူ၍ ထိုကံတို့၏ပျက်စီးခြင်းသည် မရှိပါသလော၊သို့မဟုတ် ကံတို့၏ ကင်းပြတ်ပျက်စီးသော အဖြစ်သည် ရှိပါသလောဟု (လိစ္ဆဝီမင်းက လျှောက်၏)။

ထိုသူသည် နေ့ညဉ့်ပတ်လုံး မမေ့လျော့ဘဲ တရားတို့ကို ရိုရိုသေသေ ကောင်းမွန်စွာ ကျင့်ငြားအံ့၊ ထိုသူသည် ထိုငရဲမှ လွတ်ရာ၏၊ အပရာပရိယကံမှ တစ်ပါးသော ဥပပဇ္ဇဝေဒနီယ ကံသည် အဟောသိကံဖြစ်ရာ၏ဟု (ရဟန်းမြတ်က ဆို၏)။

အရှင်ဘုရား ယောက်ျား၏ ဤအကျိုးတရားကို သိရပါပြီ၊ ယခုအခါ အကျွန်ုပ်ကိုလည်းအစဉ်စောင့်ရှောက်တော်မူပါ၊ မြေကြီးအထုနှင့်တူသော ပညာရှိသော အရှင်ဘုရား အကြင်အခြင်းအရာဖြင့်ဆုံးမသည်ရှိသော် အကျွန်ုပ်သည် ငရဲသို့ မရောက်ရာ၊ ထိုအခြင်းအရာ ဖြင့် အကျွန်ုပ်ကို ဆုံးမတော်မူပါ၊ သွန်သင်တော်မူပါဟု (လိစ္ဆဝီမင်းက လျှောက်၏)။

လိစ္ဆဝီမင်း ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ဘုရားကိုလည်းကောင်း၊ တရားကိုလည်း ကောင်း၊ သံဃာကိုလည်းကောင်း ယနေ့ပင်လျှင် ကိုးကွယ်ရာဟူ၍ ဆည်းကပ်လေလော့၊ ထို့အတူပင် ငါးပါးသော သိက္ခာပုဒ်တို့ကို မကျိုးမပျက်သည်တို့ကို ပြု၍ ဆောက်တည်လော့။

လောက၌ သူ့အသက်သတ်ခြင်းမှ လျင်စွာ ရှောင်ကြဉ်လော့၊ မပေးသည်ကို ခိုးယူ ခြင်းမှရှောင်ကြဉ်လော့၊ သေရည်သေရက် မသောက်လေနှင့်၊ မမှန်သော စကားကို မပြော ဆိုနှင့်၊ မိမိမယားဖြင့်သာ ရောင့်ရဲလော့၊ မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံ၍ အပြစ်မရှိသော ကောင်းသော အကျိုးကို ပွားစေတတ်သော ဤဥပုသ်သီလကိုလည်း ဆောက်တည်လော့။

လိစ္ဆဝီမင်း သင်သည် ဖြောင့်မတ်သော အဖြစ်သို့ ရောက်ကုန်သော သမဏဗြာဟ္မဏ တို့အားသင်္ကန်းကိုလည်းကောင်း၊ ဆွမ်းကိုလည်းကောင်း၊ ဆေးကိုလည်းကောင်း၊ အိပ်ရာ နေရာကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ အဝတ်ပုဆိုးနှင့် ကျောင်းတို့ကိုလည်းကောင်းအထူးကြည်လင်သော စိတ်ဖြင့် ပေးလှူလော့။

သီလနှင့်ပြည့်စုံကုန်သော ရာဂကင်းကုန်သော အကြားအမြင်များကုန်သော ရဟန်း တို့ကိုလည်းထမင်းအဖျော်ဖြင့် ရောင့်ရဲစေလော့၊ ဤသို့ ပြုသည်ရှိသော် သင့်အား အခါခပ် သိမ်းကုသိုလ်ကောင်းမှုသည် ပွားများ၏။

ဤသို့လျှင် ရိုသေစွာ နေ့ညဉ့်ပတ်လုံး မမေ့လျော့ဘဲ ရိုသေစွာ တရားတို့ကို ကျင့်သော သင်သည် ထိုငရဲမှ လွတ်ရာ၏၊ ခံစားအပ်သော အကျိုးရှိသော အပရာပရိယကံကို ကြဉ်ထား၍ ဥပပဇ္ဇဝေဒနီယကံသည် အကျိုးမပေးသည့် အဟောသိကံ ဖြစ်ရာ၏ (ဟု ရဟန်း မြတ်က ဖြေ၏)။

အရှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်း ကောင်း၊ သံဃာတော်ကိုလည်းကောင်း ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ယခုပင်လျှင် ကိုးကွယ် ရာဟူ၍ ဆည်းကပ်ပါ၏၊ ထို့ပြင်လည်း သိက္ခာပုဒ်ငါးပါးတို့ကို မကျိုးမပျက်သည်ကို ပြု၍ ဆောက်တည်ပါ၏။

လောက၌ သူ့အသက်သတ်ခြင်းမှ လျင်စွာ ရှောင်ကြဉ်ပါအံ့၊ မပေးသည်ကို ခိုးယူ ခြင်းမှရှောင်ကြဉ်ပါအံ့၊ သေရည်သေရက် မသောက်ပါအံ့၊ မမှန်စကားကို မဆိုပါအံ့၊ မိမိ မယားဖြင့်သာ့ရောင့်ရဲပါအံ့၊ ဖြူစင်သော မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အပြစ်မရှိသော ကောင်းသော အကျိုးကို ပွားစေတတ်သော ဤဥပုသ်သီလကို ဆောက်တည်ပါအံ့။

သင်္ကန်းကိုလည်းကောင်း၊ ဆွမ်းကိုလည်းကောင်း၊ ဆေးကိုလည်းကောင်း၊ အိပ်ရာနေရာကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ ခဲဖွယ်ကိုလည်းကောင်း၊ အဝတ်ပုဆိုးနှင့်ကျောင်းတို့ကိုလည်းကောင်း သီလနှင့်ပြည့်စုံကုန်သော (ရာဂ) ကင်းကုန်သော အကြားအမြင် များကုန်သော ရဟန်းတို့အား ပေးလှူပါအံ့၊ မတုန်လှုပ်တော့ပါ၊ မြတ်စွာဘုရားတို့၏သာသနာတော်၌ မွေ့လျော်ပါအံ့ဟု (လိစ္ဆဝီမင်းက လျှောက်၏)။

ဤသို့ ဆိုအပ်ပြီးသော သဘောရှိသော အမ္ဗသက္ကရလိစ္ဆဝီမင်းသည် ဝေသာလီပြည်၌ရတနာသုံးပါးကို ဆည်းကပ်သူတို့တွင် တစ်ယောက်အပါအဝင်ဖြစ်သော ဥပါသကာ ဖြစ်၏၊ ထိုအခါဝယ်အမ္ဗသက္ကရလိစ္ဆဝီမင်းသည် သဒ္ဓါတရားရှိသူ, နူးညံ့သိမ်မွေ့သူ, ကျေးဇူးဥပကာရ ကို ပြတတ်သူဖြစ်၍ ရဟန်းသံဃာကိုလည်း ရိုသေစွာ ဆည်းကပ်လုပ်ကျွေးပြီ။

တံကျင်လျှိုခံရသော ယောက်ျားသည်လည်း အနာရောဂါကင်းသူ, မိမိ အလိုအတိုင်း နေရသူ,ချမ်းသာရှိသူ ဖြစ်၍ ရဟန်းအဖြစ်သို့ ကပ်ရောက်၏။ ကပ္ပိတကရဟန်းမြတ်ကို စွဲ၍ နှစ်ယောက်သော လိစ္ဆဝီမင်းနှင့် တံကျင်လျှိုခံရသူတို့သည် လည်း သောတာပတ္တိဖိုလ်ဟူသော အကျိုးတို့ကို ရကြကုန်၏။

ကိလေသာငြိမ်းအေးပြီးကုန်သော လောကီ လောကုတ္တရာ အသိဉာဏ် ပညာ ရှိကုန်သောသူတော်ကောင်းတို့ကို မှီဝဲခြင်းသည် ဤသို့သော အကျိုးရှိ၏၊ တံကျင်လျှိုခံရသော ယောက်ျားသည်အရဟတ္တဖိုလ်သို့ ရောက်၏၊ အမ္ဗသက္ကရလိစ္ဆဝီမင်းသည်ကား သောတာပတ္တိ ဖိုလ်သို့ ရောက်၏။