ဓာတုဝိဝဏ္ဏပေတဝတ္ထု(စေတီပုထိုးကို ပူဇော်သူတို့အား အပြစ်ပြောပြ၍ ထားမြစ်ခဲ့သူ)

ဓာတုဝိဝဏ္ဏပေတဝတ္ထု

(စေတီပုထိုးကို ပူဇော်သူတို့အား အပြစ်ပြောပြ၍ ထားမြစ်ခဲ့သူ)

ဓာတ်တော်ထားရာစေတီပုထိုးကို ပူဇော်သူတို့အား အပြစ်ပြောပြ၍ ထားမြစ်ခဲ့သောကြောင့် သေလွန်သောအခါ ရှစ်သောင်းခြောက်ထောင်မျှသော ဆွေမျိုးတို့နှင့်တကွ အပုပ်နံ့ လှိုင်သော ခံတွင်းပိုးလောက်တို့စားခြင်းကို ခံနေကြရသော ပြိတ္တာများ

ကောင်းကင်၌ တည်နေသော သင်၏ (ကိုယ်၌) မကောင်းသော အပုပ်နံ့သည် လှိုင်၏၊ အပုပ်နံ့လှိုင်သော သင်၏ ခံတွင်းကိုလည်း ပိုးလောက်တို့သည် ခဲစားကုန်၏၊ သင်သည် ရှေးဘဝကအဘယ်ကံကို ပြုခဲ့သနည်း။

ထို့ထက်အလွန်မူကား (ကံနှိုးဆော်အပ်သောသူတို့က) လက်နက်ယူလျက် သင့်ကို အဖန်ဖန်လှီးဖြတ်ကုန်၏၊ ဆားငန်ရေဖြင့် လောင်းဆွတ်၍ အဖန်ဖန် လှီးဖြတ်ကုန်၏။

သင်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကို ပြုခဲ့သပါနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤဆင်းရဲသို့ ရောက်ရပါသနည်းဟု (အသျှင်မဟာကဿပက မေး၏)။

အရှင်ဘုရား အကျွန်ုပ်သည် ပျော်မွေ့ဖွယ်ကောင်းသော နှလုံးမွေ့လျော်ဖွယ်ရှိသော တောင်တို့ဖြင့်ကာရံအပ်သော ရာဇဂြိုဟ်မြို့၌ အလွန်များသော ဥစ္စာစပါးကို အစိုးရသူ ဖြစ်ခဲ့ပါ၏။

ထိုအကျွန်ုပ်၏ (ရှေးဘဝက) ဤမယားသည်လည်းကောင်း၊ ဤသမီးသည်လည်း ကောင်း၊ ဤချွေးမသည်လည်းကောင်း ထိုအိမ်သူအိမ်သားတို့သည် ပန်းကိုလည်းကောင်း၊ ကြာ ကိုလည်းကောင်း၊ အသစ်ဖြစ်သော နံ့သာပျောင်းကိုလည်းကောင်း ပုထိုးသို့ (ပူဇော်ရန်) ဆောင်ယူသည်တို့ကို တားမြစ်မိခဲ့ပါ၏၊ အကျွန်ုပ်သည် ထိုမကောင်းမှုကံကို ပြုခဲ့ပါ၏။

(အရှင်ဘုရား) အသီးအသီး ခံစားအပ်သော ဆင်းရဲသော ဝေဒနာရှိကုန်သော ရှစ်သောင်းခြောက်ထောင် အတိုင်းအရှည်ရှိကုန်သော အကျွန်ုပ်တို့သည် ဓာတ်တော်ထားရာ ပုထိုးကို ပူဇော်ခြင်းကို ကဲ့ရဲ့မိကြကုန်၍ ပြင်းစွာ ဆင်းရဲသည်၏ အဖြစ်ကြောင့် ငရဲနှင့်တူသော ပြိတ္တာဘုံ၌ပြင်းထန်စွာ ခံနေရပါကုန်၏။

ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား၏ ဓာတ်တော်ထားရာ ပုထိုးကို (ရည်မှတ်၍) ပူဇော်ခြင်းငှါ ပွဲလမ်းသဘင် ဖြစ်သည်ရှိသော် (အကျွန်ုပ်ကဲ့သို့သော) အကြင် ပုဂ္ဂိုလ်တို့သည် ဓာတ်တော်ထားရာ ပုထိုးကို ပူဇော်ခြင်း၌ အပြစ်ဒေါသကို ပြကုန်၏၊ ထို ပုဂ္ဂိုလ်တို့ကို ထိုမကောင်းမှုမှရှောင်ကြဉ်ကြပါစေကုန်လော့။

နတ်ပန်းတို့ကို ပန်ဆင်ကုန်၍ နတ်ဝတ်တန်ဆာဝတ်ဆင်ကြကာ ပုထိုး၌ ပန်း ပူဇော်သော ကံ၏အကျိုးကို ခံစားကြကုန်လျက် လာကြကုန်သော ဤနတ်သမီးတို့ကို ကြည့်ရှု တော်မူပါလော့၊ ထိုနတ်သမီးတို့သည် များသော အခြံအရံ အကျော်အစောရှိကုန်လျက် နတ် စည်းစိမ်နှင့် ပြည့်စုံကြပါကုန်၏။

ပညာရှိကုန်သော အကျွန်ုပ်၏ မယား, သမီး, ချွေးမတို့သည် အံ့ဩဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ကြက်သီးမွေးညှင်းထဖွယ် ဖြစ်သော ထိုအကျိုးထူးကို မြင်ကြကုန်သောကြောင့် ရှိခိုးခြင်းကို ပြုခဲ့ပါကုန်၏၊ ထိုမြတ်စွာဘုရား၏ ဓာတ်တော်ထားရာ ပုထိုးကို ရှိခိုးခဲ့ကြ ပါကုန်၏။

ထိုအကျွန်ုပ်သည် စင်စစ် ဤပြိတ္တာဘုံမှ လွတ်သွား၍ လူအမျိုးဇာတ်ကို ရသည်ရှိ သော် ပုထိုးအားပူဇော်ခြင်းကို မမေ့မလျော့မူ၍ အဖန်ဖန် ပြုပါတော့အံ့ဟု ကြံစည်အောက် မေ့မိပါ၏ဟု (လျှောက်၏)။