ပစ္စယုဒ္ဒေသပါဠိ

  • ဟေတုပစ္စယော

  • အာရမ္မဏပစ္စယော

  • အဓိပတိပစ္စယော

  • အနန္တရပစ္စယော

  • သမနန္တရပစ္စယော

  • သဟဇာတပစ္စယော

  • အညမညပစ္စယော

  • နိဿယပစ္စယော

  • ဥပနိဿယပစ္စယော

  • ပုရေဇာတပစ္စယော

  • ပစ္ဆာဇာတပစ္စယော

  • အာသေဝနပစ္စယော

  • ကမ္မပစ္စယော

  • ဝိပါကပစ္စယော

  • အာဟာရပစ္စယော

  • ဣန္ဒြိယပစ္စယော

  • ဈာနပစ္စယော

  • မဂ္ဂပစ္စယော

  • သမ္ပယုတ္တပစ္စယော

  • ဝိပ္ပယုတ္တပစ္စယော

  • အတ္တိပစ္စယော

  • နတ္ထိပစ္စယော

  • ဝိဂတပစ္စယော

  • အဝိဂတပစ္စယောတိ

မြန်မာပြန်
၁။ ဟေတုပစ္စယော- အရင်းခံအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား (လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ)
၂။ အာရမ္မဏပစ္စယော- အာရုံဖြစ်၍ ကျေးဇူးပြုတတ်သော တရား (ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံ)
၃။ အဓိပတိပစ္စယော- အကြီးအမှူးခေါင်းဆောင်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား (ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသ(ပညာ))
၄။ အနန္တရပစ္စယော- အခြားမဲ့ဆက်တိုက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား
၅။သမနန္တရပစ္စယော-ကောင်းစွာအခြားမဲ့ဆက်တိုက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား
၆။ သဟဇာတပစ္စယော- အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သော တရား
၇။ အညမညပစ္စယော- အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သော တရား
၈။ နိဿယပစ္စယော- မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား
၉။ ဥပနိဿယပစ္စယော- အားကြီးသော မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား
၁၀။ ပုရေဇာတပစ္စယော- ရှေ့မှဖြစ်၍ ကျေးဇူးပြုတတ်သော တရား
၁၁။ ပစ္ဆာဇာတပစ္စယော- နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သော တရား
၁၂။ အာသေ၀နပစ္စယော- မှီဝဲထုံရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား
၁၃။ ကမ္မပစ္စယော- ကုသိုလ်ကံ၊ အကုသိုလ်ကံ စေတနာဖြစ်၍ ကျေးဇူးပြုတတ်သော တရား
၁၄။ ဝိပါကပစ္စယော- အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရား
၁၅။ အာဟာရပစ္စယော- ရုပ်နာမ်အာဟာရအဖြစ် ထောက်ပံ့၍ ကျေးဇူးပြုတတ်သော တရား
၁၆။ ဣန္ဒြိယပစ္စယော- ဆိုင်ရာကိစ္စများ၌ အစိုးရခြင်းဖြင့် ကျေးဇူးပြုတတ်သော တရား
၁၇။ ဈာနပစ္စယော- စူးစူးစိုက်စိုက်နှင့် ဆန့်ကျင်ဘက်ကို ဖျက်ဆီး၍ ကျေးဇူးပြုတတ်သော တရား
၁၈။ မဂ္ဂပစ္စယော- လမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား
၁၉။ သမ္ပယုတ္တပစ္စယော- တစ်သားတည်း ယှဉ်ဘက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား
၂၀။ ဝိပ္ပယုတ္တပစ္စယော- မယှဉ်ဘဲ ကျေးဇူးပြုတတ်သော တရား
၂၁။ အတ္ထိပစ္စယော- ရှိပြီးဖြစ်၍ ကျေးဇူးပြုတတ်သော တရား
၂၂။ နတ္ထိပစ္စယော- မရှိဘဲ ကျေးဇူးပြုတတ်သော တရား
၂၃။ ဝိဂတပစ္စယော- ကင်း၍ ကျေးဇူးပြုတတ်သော တရား
၂၄။ အဝိဂတပစ္စယော- မကင်းဘဲ ကျေးဇူးပြုတတ်သော တရား

မြန်မာပြန် အကျယ်
ဟေတုပစ္စယော
ဟိတ်ခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ ညောင်ပင်မြစ်သည် ညောင်ပင်အားမြဲမြံခိုင်ခံ့စွာ တည်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ လောကီအာရုံ ကာမဂုဏ်တို့၌ လိုချင်မှုရှိသော လောဘ၊ ကြမ်းတမ်းသောခက်ထန်ခြင်း အမျက်ထွက်ခြင်းရှိသော ဒေါသ၊ မကောင်းသော အယူဝါဒကို မစွန့်ဘဲ ငိုက်မြည်းတွေဝေ ခြင်းရှိသော မောဟ၊ လောကီအာရုံ ကာမဂုဏ်တို့၌ လိုချင်မှုမရှိသော အလောဘ၊ နူးညံ့စွာ ယဉ်ကျေးလိမ္မာ၍ ကြမ်းတမ်းခက်ထန်ခြင်း၊ အမျက်ထွက်ခြင်းမရှိသော အဒေါသ၊ ကောင်းသောအယူဝါဒကို လက်ကိုင်ထားပြီးယုံမှားသံသယများဖြင့် ငိုက်မြည်းတွေဝေခြင်း မရှိသော အမောဟတရားတို့သည် စိတ်၊ စေတသိတ်တရားတို့အား အလိုသို့လိုက်၍ဖြစ်စေခြင်းဖြင် ကျေးဇူးပြုခြင်းငှာ ဟေတုပစ္စည်းတရားကို ဟောတော်မူသည်။

အာရမ္မဏပစ္စယော
အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား တောင်ဝှေးသည် မသန်မစွမ်းသူတို့အားအလိုရှိရာသို့ ရောက်စေ၍အထောက်အကူပေးသကဲ့သို့ အဆင်း(ရူပါရုံ)၊ အသံ(သဒ္ဓါရုံ)၊ အနံ့(ဂန္ဓာရုံ)၊အရသာ(ရသာရုံ)၊ အတွေ့အထိ(ဖောဋ္ဌဗ္ဗာရုံ)၊ စိတ်ခံစားမှု(ဓမ္မာရုံ) ဟူသောအာရုံခြောက်ပါးတို့သည် ကုသိုလ်၊ အကုသိုလ်တရားတို့ကို အကျိုးအကြောင်းများဖြင့် မိမိစိတ်ကို အထောက်အကူပြုပေးသကဲ့သို့ ကျေးဇူးပြုခြင်းငှာ အာရမ္မဏပစ္စည်း တရားကိုဟောတော်မူသည်။

အဓိပတိပစ္စယော
အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ စကြဝတေးမင်းသည် ပြိုင်ရဲသူပြိုင်သူမရှိလောက်အောင် ဇွဲ၊ လုံ့လအပြည့်ဖြင့် အုပ်ချုပ်သကဲ့သို့ အလိုဆန္ဒအလွန်ပြင်းပြခြင်းဟူသော ဆန္ဓာဓိပတိ၊ အားထုတ်ခြင်းလုံ့လဟူသော ဝီရိယာဓိပတိ၊ လွန်စွာညွတ်ခြင်း ကိုင်းရှိုင်းခြင်း စိတ်ဓာတ်ပြင်းထန်ခြင်းဟူသော စိတ္တာဓိပတိ၊ အသိဉာဏ်ပညာဖြင့် အသင့်ဆင်ခြင်ခြင်းဟူသော ဝီမံသာဓိပတိဟူသော အဓိပတိ တရားများသည် အားကောင်းရာသို့လိုက်၍ ကျေးဇူးပြုခြင်းငှာ အဓိပတိပစ္စည်းတရားကို ဟောတော်မူသည်။

အနန္တရပစ္စယော
အခြားမဲ့တဆက်တည်းအကြားမရှိဖြစ်၍ ကျေးဇူးပြုတတ်သောတရား စကြာဝတေးမင်းနတ်ရွာစံခြင်း(သေခြင်း)သည် အကြီးဆုံးသား ရတနာအား အလိုလို မင်း(ဘုရင်)ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ရုပ်ဝတ္ထုကို မြင်သည်နှင့် အသိစိတ်သည် အာရုံတွင် တဆက်တည်းဖြစ်ခြင်း၊ နောက်နောက် စိတ်အစဉ်တွေ ဆက်တိုက်ဖြစ်ရန်အတွက် ရှေ့ရှေ့စိတ် အစဉ်တွေပျက်ပျက်ပေး၍ ကျေးဇူးပြုခြင်းငှာ အနန္တရပစ္စည်းတရားကိုဟောတော်မူသည်။

သမနန္တရပစ္စယော
ကောင်းစွာ(အခြားမဲ့)တဆက်တည်း အကြားမရှိ အတားအဆီးမရှိ၍ကျေးဇူးပြုတတ်သောတရား။ စကြာဝတေးမင်းတောထွက်၍ ရဟန်းပြုခြင်းသည် အကြီးဆုံးသော သားရတနာအား တဆက်တည်းအကြားမရှိကောင်းစွာ မင်း(ဘုရင်)ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ မြင်စိတ် သိစိတ် ကောင်းလျှင်ကောင်းသည်ဟုဝန်ခံခြင်း၊ မကောင်းလျှင် မကောင်းဟု ဝန်ခံခြင်းတို့သည် စိတ်များ ဆက်ကာဆက်ကာ ဖြစ်ပေါ်လာအောင် အခြားမရှိ ဆက်၍ဖြစ်ခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သမနန္တရ ပစ္စည်းတရားကို ဟောတော်မူသည်။

သဟဇာတပစ္စယော
တပြိုင်နက် အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ ဆီမီးသည် ညှိထွန်းသည်နှင် တပြိုင်နက် အလင်းရောင်နှင့်အတူတကွ ဖြစ်ပေါ်စေသကဲ့သို့ ခံစားမှုဝေဒနာ ဖြစ်သည်နှင့်တပြိုင်နက် မှတ်သားမှုသညာ၊ ပြုပြခြင်းသင်္ခါရ၊ အသိရှိမှု ဝိဉာဏ်ဟူသော နမ်ခန္ဓာလေးပါးတို့ကို တစ်ပေါင်းတည်းအတူတကွ ဖြစ်စေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သဟဇာတ ပစ္စည်းတရားကို ဟောတော်မူသည်။

အညမညပစ္စယော
အချင်းချင်းအပြန်အလှန်မှီ၍ ကျေးဇူးပြုတတ်သောတရား။ သစ်သားသုံးချောင်းသည် မလဲမပြိုရအောင် ခိုင်မြဲစွာ တစ်ချောင်းနှင့်တစ်ချောင်း အမှီပြုသကဲ့သို့သိမှု၊ ခံစားမှုဟူသော ရုပ်တရား၊ နာမ်တရားတို့သည်လည်း အချင်းချင်း အပြန်အလှန်ကျေးဇူးပြုခြင်းငှာ အညမညပစ္စည်းတရားကို ဟောတော်မူသည်။

နိဿယပစ္စယော
မှီရာတည်ရာဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ နောက်ဖြစ်ပေါ်လာသော သစ်ပင်စသည်တို့ကိုမှီ၍ ဖြစ်ထွန်းရန်အတွက် မြေကြီးသည် ပထမဆုံးအရင် ထောက်ပံ့ပေး၍ ရပ်တည်ရာဖြစ်စေသကဲ့သို့ ရုပ်တရားသည် အာဟာရကိုမှီ၍ ကျေးဇူးပြုခြင်းငှာ နိဿယပစ္စည်းတရားကို ဟောတော်မူသည်။

ဥပနိဿယပစ္စယော
အားကြီးသော မှီရာအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ မိုးတွင်းအခါရွာသောမိုးကြီးသည် ထိုမိုးကို အမှီပြုကုန်သော သစ်ပင် သတ္တဝါ၊ လယ်ယာမြေ၊ တော၊ တောင်အစရှိသည်တို့ အားကောင်းလာအောင် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ သဒ္ဓါတရားကို အခြေခံ၍ အမှီပြုကုန်သော ပုဂ္ဂိုလ်တို့သည် ဥပုသ်သီလစောင့်ထိန်းခြင်း၊ သမထ၊ ဝိပဿနာ၊ ဘာဝနာများ အားထုတ်ခြင်းကြောင့် မဂ်တရား၊ ဖိုလ်တရားများနှင့် နိဗ္ဗာန်ရောက်အောင် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူသော အကြောင်းတရားတို့သည် အားကြီးသော မှီရာဖြစ်၍ ပုဂ္ဂိုလ်သတ္တဝါတို့အား ချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဥပနိဿယပစ္စည်းတရားကို ဟောတော်မူသည်။

ပုရေဇာတပစ္စယော
ရှေ့၌ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရား။ ကမ္ဘာဦး၌ပထမဆုံး အရင်ဖြစ်နှင့်သော နေ၊ လတို့သည် နောက်မှဖြစ်သည့် သတ္တဝါအပေါင်းတို့အား အလင်းရောင်ပေး၍ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ မိဘတိုင်းသည် သားသမီးများထက် အရင်ဖြစ်နှင့်၍ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ရှေ့မှဖြစ်နှင့်သော လျှာသည် အရသာအား နောက်မှဖြစ်၍ ကျေးဇူးပြုခြင်းငှာ ပုရေဇာတပစ္စည်းတရားကို ဟောတော်မူသည်။

ပစ္ဆာဇာတပစ္စယော
နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ သားကောင်း၊ သမီးကောင်းများသည် ဥစ္စာပညာပြည့်စုံ၍ မိဘတို့အား နောက်မှပြန်၍ လုပ်ကျွေးစောင့်ရှောက်ခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ အရှင်ဗာကုလ ရဟန္တာမထေရ် အလောင်းတော်သည် မွေးပြီးစ နို့စို့အရွယ်တွင် သမုဒ္ဒရာအလယ်၌ ရေထဲသို့ ကျသွားရာ ရေနစ်၍ မသေခဲ့ပါ။ ထို့သို့မသေခြင်းသည် နောင်အခါ ရဟန္တာဖြစ်မည့်သတ္တိက အရှင်ဗာကုလမထေရ်အားမသေစေရန် အကျိုးပြုသကဲ့သို့လည်းကောင်း၊ ရုပ်တရားတွေ လန်းဆန်းတည်တံ့နေအောင် စိတ်တရားများက ထက်သန်မှုအပြည့်ဖြင့် နောက်မှနေ၍ ကျေးဇူးပြုခြင်းငှာ ပစ္ဆာဇာတပစ္စည်းတရားကို ဟောတော်မူသည်။

အာသေဝနပစ္စယော
အဖန်တလဲလဲ မှီဝဲအပ် ထုံမွှမ်းအပ်သည့်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ ရှေးရှေး၌ပန်းပေါင်းစုံတို့ဖြင့် စီမံရောပြွမ်းထားသော နံ့သာအား အမွှေးနံ့ အလွန်တိုးပွား ခိုင်မြဲစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ရှေးရှေးက သင်ယူတတ်မြောက်ထားခဲ့သည့် စာပေကျမ်းဂန်များသည် နောက်နောင်မှ သင်ယူရသည့် စာပေးကျမ်းဂန်တို့ကို လေ့လာမှတ်သားခြင်းငှာ ထောက်ပံ့ကာ အခြေခံအတွက်အားကောင်း၍ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ရှေးရှေးက အဖန်ဖန်ပြုလုပ်ခဲ့သောကုသိုလ်၊ အကုသိုလ်တရားများသည် နောက်နောင်မှ ပြုလုပ်သည့် ကုသိုလ်၊ အကုသိုလ်တရားများအတွက် ကောင်းကျိုး၊ မကောင်းကျိုးတို့ကို တိုးပွားစေ၍ ကျေးဇူးပြုခြင်းငှာ အာသေဝနပစ္စည်းတရားကို ဟောတော်မူသည်။

ကမ္မပစ္စယော
ပြုလုပ်စီရင်ခြင်းဖြင့် ဗီဇမျိုးစေ့ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ သစ်ပင်အပေါင်းတို့သည် ကောင်းစွာပြုပြင်စီမံအပ်သော မျိုးစေ့၊ အညွန့်၊ အညှောက်၏အမူအရာသို့လိုက်၍ ကောင်းမကောင်း ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ကောင်းသောအမှုကိစ္စကို ပြုလုပ်ဆောင်ရွက်သူအား ထိုအတိုင်းပင် ကောင်းကျိုးချမ်းသာများကို ရရှိခံစားပြီး မကောင်းသော အမှုကိစ္စကို ပြုလုပ်ဆောင်ရွက်သူအား မကောင်းသော ဒုက္ခ၏ဆိုးကျိုးများကို ရရှိခံစားရမှာ ဖြစ်စေသကဲ့သို့ ကျေးဇူးပြုခြင်းငှာ ကမ္မပစ္စည်းတရားကို ဟောတော်မူသည်။

ဝိပါကပစ္စယော
အကျိုးရလဒ်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တိုက်ခတ်လာသော လေပြေ၊ လေညှင်း၊ လေနုအေးသည် သစ်ပင်ကြီးများ၏အရိပ်အောက်၌ နေသောသူအား ကိုယ်ရောစိတ်ပါ ချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ကုသိုလ်ကံတရားကြောင့် ကုသိုလ်၏အကျိုးကို ဖြစ်စေတတ်သော လူဘုံ၊ နတ်ဘုံတို့၌ခံစားရမည့် အကုသိုလ်ကံတရားကြောင့် အကုသိုလ်၏အကျိုးကို ဖြစ်စေတတ်သော ငရဲဘုံ၊ တိရိစ္ဆာန်ဘုံတို့၌ ခံစားစေသကဲ့သို့ ကျေးဇူးပြုခြင်းငှာ ဝိပါကပစ္စည်းတရားကို ဟောတော်မူသည်။

အာဟာရပစ္စယော
ထောက်ပံ့ခိုင်ခံ့စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ ထောက်ကန်ထားသော အကူဒေါက်တိုင်သစ်သားသည် အိမ်အို၊ အိမ်ဟောင်းအား လေဒဏ်၊ မိုးဒဏ်ကြောင့် မလဲမပြိုစေရန် မြဲမြဲခိုင်ခံ့စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ထို့အတူပင် သုံးဆယ့်တစ်ဘုံ၌ရှိသော သတ္တဝါအားလုံးမှာ အသက်ဆက်၍ ရှင်သန်နိုင်ရန်အတွက် ရုပ်အာဟာရ၊ နာမ်အာဟာရနှစ်ပါးက ပံ့ပိုးထောက်ကူပေးခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ အာဟာရပစ္စည်းတရားကို ဟောတော်မူသည်။

ဣန္ဒြိယပစ္စယော
အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တိုင်းပြည်တစ်ပြည်အတွင်း၌ အသီးသီး ဆိုင်ရာကိစ္စ တာဝန်များကို ပေးအပ်ခြင်းခံရသော မင်း၊ မှူးမတ်တို့သည် မိမိ၏တာဝန်များကို အသီးသီးခွဲဝေ၍ ပိုင်ပိုင်နိုင်နိုင် ဆောင်ရွတ်သကဲ့သို့ ဣန္ဒြေ(၂၂)ပါးရှိရာတွင် စက္ခုဣန္ဒြေဟူသော မြင်သိစိတ်သည် မြင်သိစိတ် အားသာသောတိန္ဒြေဟူသော ကြားသိစိတ်သည် ကြားသိစိတ်အားသာ အစိုးရခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဣန္ဒြိယပစ္စည်းတရားကို ဟောတော်မူသည်။

ဈာနပစ္စယော
ကပ်၍စူးစူးစိုက်စိုက် ရှု့တတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တောင်ထိပ်ဖျား၊ သစ်ပင်ဖျားသို့ တက်၍ကြည့်သောသူသည် အနီးအဝေး အရပ်မျက်နှာတို့ကို ထင်ရှားတပ်အပ်မြင်ခြင်း၊ ထိုမြင်ခြင်း၌ အလိုရှိသောသူအား ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ဈာန်ငါးပါး၊ ကုသိုလ်ဈာန်စသည်တို့ကို စူးစူးစိုက်စိုက်အာရုံပြုလျှင် အမြင်မှန်တရားများရကာ နောက်ဆုံးနိဗ္ဗာန်ရောက်သည်အထိ အကျိုးပြုသကဲ့သို့လည်းကောင်း၊ အဖန်ဖန်သုံးသပ်ခြင်းစသော တရားတို့သည် အတူဖြစ်ဖက် စိတ်တရား၊ ရုပ်တရားတို့အား ထင်ရှားစွာ အောင်မြင်မှုကို ဖြစ်စေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဈာနပစ္စည်းတရားကို ဟောတော်မူသည်။

မဂ္ဂပစ္စယော
ကျွတ်လွတ်ထွက်မြောက်သော နည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ ဤမှာဖက်ကမ်းစပ်မှ ဟိုမှာကမ်းစပ်သို့ ကူးပြောင်းသွားသော ဖောင်၊ ကူးတို့သမားသည် ဤမှာဘက်ကမ်းစပ်မှ လွတ်မြောက်သွားသကဲ့သို့လည်းကောင်း၊ သမ္မာဒိဋ္ဌိ(ကောင်းစွာသိမြင်ခြင်း)။ သမ္မာသင်္ကပ္ပ(ကောင်းစွာကြံခြင်း)၊ သမ္မာဝါစာ(ကောင်းစွာပြောဆိုခြင်း)၊ သမ္မာကမ္မန္တ(ကောင်းစွာလုပ်ဆောင်ခြင်း)၊ သမ္မာအာဇီဝ(ကောင်းစွာအသက်မွေးခြင်း)၊ သမ္မဝါယမ(ကောင်းစွာအားထုတ်ခြင်း)၊ သမ္မာသတိ(ကောင်းစွာအောက်မေ့သတိရှိခြင်း)၊ သမ္မာသမာဓိ (ကောင်းစွာတည်ကြည်ခြင်း)ဟူသော ကုသိုလ်မဂ္ဂင်တရား(၈)ပါးတို့သည် ကောင်းသည့်အရာဝတ္ထုမှန်သမျှကို သယ်ယူပို့ဆောင် ခေါ်ငင်သည်၏ အဖြစ်ကြောင့် ကုသိုလ်တရားများဖြစ်ပွားပြီး သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်းဖြစ်သော ဟိုမှာဘက်ကမ်းရှိ ချမ်းသာစစ်ချမ်းသာမှန် လှမ်းရောက်နိုင်သကဲ့သို့ ကျေးဇူးပြုခြင်းငှာ မဂ္ဂပစ္စည်းတရားကို ဟောတော်မူသည်။

သမ္ပယုတ္တပစ္စယော
အတူတကွယှဉ်ပြီး ရောစပ်နေသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ နှင်းဆီ၊ ထောပတ်၊ ပျားရည်၊ သကာရည်၊ (နို့ရည်)ဟူသော စတုမဓူသည် အရသာလေးမျိုးကို တစ်ခုစီခွဲခြား၍မရအောင် ရောစပ်ခြင်းဖြင့် စိတ်၊ ဖဿ၊ ဝေဒနာ၊ သညာ ဟူသောခံစားမှု၊ မှတ်သားမှုစသော နာမ်တရားများသည် အာရုံတစ်ခုကို ခံစားလျှင် အတူတူယှဉ်ပြီး တစ်ပြိုင်နက်တည်းဖြစ်ကြကာ တစ်ခုစီခွဲခြား၍မရနိုင်အောင် ရောနှောပေါင်းစပ်ခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သမ္ပယုတ္တပစ္စည်းတရားကို ဟောတော်မူသည်။

ဝိပယုတ္တပစ္စယော
အတူတကွ မရောစပ် မယှဉ်စပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ ချို၊ ချဉ်၊ စပ်၊ ဖန်၊ ခါးဟူသော ခြောက်ပါးသော အရသာသည် ရောထားသော်လည်း အချင်းချင်းမနှီးမနှော မရောမပြွမ်းသောအားဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ နေမင်းသည် သမုဒ္ဒရာနှင့်မရောမစပ်သော်လည်း မိုးရွာခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ နှလုံးအိမ်ဟူသော ရုပ်တရားတို့သည် နာမ်တရားများနှင့် မရောစပ်ဘဲ တစ်မျိုးစီသာ အာရုံပြုခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဝိပ္ပယုတ္တပစ္စည်းတရားကို ဟောတော်မူသည်။

အတ္ထိပစ္စယော
ပစ္စုပ္ပန်၌ထင်ရှားစွာရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ မြင်းမိုရ်တောင်မင်းသည် မိမိထင်ရှားရှိခိုက် မိမိကို အမှီပြုနေသော မြက်၊ သစ်ပင်စသည်တို့အား ပြန့်ပွားစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ အစားအသောက်အာဟာရကို ဗိုက်ပြည့်ဝအောင်သုံးဆောင်ခြင်းသည် လောလောလတ်လတ် ထင်ရှားရှိဆဲ ခန္ဓာကိုယ်ကို တည်တံ့တိုးပွားအောင် အကျိုးပြုစေသကဲ့သို့ မြေ၊ ရေ၊ မီး၊ လေ ဟူသော မဟာဘုတ်တရားတို့သည် ထိုတရားကို ချယ်လှယ်သော ရုပ်တရားတို့အား ထင်ရှားရှိခိုက် ကျေးဇူးပြုခြင်းငှာ အတ္ထိပစ္စည်းတရားကို ဟောတော်မူသည်။

နတ္ထိပစ္စယော
မရှိသည်ဖြစ်၍ မရှိမှ ကျေးဇူးပြုတတ်သောတရား။ ဆီမီးငြိမ်းသွားခြင်းသည် အမိုက်အမှောင်ကိုရခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ညအခါကုန်လွန်သွားခြင်းသည် နေ့အခါ ရောက်ဖို့ရန် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ရှေးရှေးစိတ်တို့ ချုပ်ငြိမ်း၍မရှိခြင်းသည် နောက်နောက်စိတ်ဖြစ်ဖို့ရန်အတွက် မရှိသောအဖြစ်ဖြင့် ကျေးဇူးပြုခြင်းငှာ နတ္ထိပစ္စည်းတရားကို ဟောတော်မူသည်။

ဝိဂတပစ္စယော
ကင်းမဲ့ချုပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ နေမင်းအရောင် ကွယ်ပျောက်သွားခြင်းသည် လမင်း၏ အရောင်ကို ထွန်းလင်းစေသကဲ့သို့ လောဘ၊ ဒေါသ၊ မောဟတရားများ ကင်းပျောက်သွားလျှင် အမှားနှင့်အမှန်ကို ခွဲခြားသိစေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဝိဂတပစ္စည်းတရားကို ဟောတော်မူသည်။

အဝိဂတပစ္စယော
မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ မဟာသမုဒ္ဒရာရေသည် မိမိကိုမှီကုန်သောငါး၊ လိပ်တို့နှင့်မကင်း၊ မကွာခင် ချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့ အာဟာရသည် ဥပါဒ်၊ဌီ၊ဘင်ဟူသော လက္ခဏာငယ်သုံးချက် ချုပ်ပျောက်ခါနီးထိ အသက်ရှင်စဉ် ကာလ၌သာ ကျေးဇူးပြုခြင်းငှာ အဝိဂတပစ္စည်းတရားကို ဟောတော်မူသည်။