ခေတ္တူပမပေတဝတ္ထု(အလှူအကျိုး)

ခေတ္တူပမပေတဝတ္ထု(အလှူအကျိုး)

လယ်မြေကောင်းနှင့် တူသော ရဟန္တာတို့၌ အလှူဒါယကာ လယ်သမားက လှူဖွယ်ဝတ္တု မျိုးစေ့ကို လှူဒါန်းပျိုးချခြင်းဖြင့် ကောင်းသော အကျိုးကို ပြိတ္တာတို့ပင် ခံစားရကြောင်း

ရဟန္တာအရှင်တို့သည် လယ်မြေကောင်းနှင့် တူကုန်၏၊ ပေးလှူတတ်သူတို့သည် လယ်လုပ်သားနှင့်တူကုန်၏၊ လှူဖွယ်ဝတ္ထုသည် မျိုးစေ့နှင့် တူ၏၊ ဤ (ပေးတတ်သူ, အလှူခံ ပုဂ္ဂိုလ်, လှူဖွယ်ဝတ္ထုကို စွန့်ကြဲပေးကမ်းခြင်း) ဟူသော အကြောင်းသုံးပါးမှ အကျိုးတရား ဖြစ်ပေါ်လာ၏။

(လှူဖွယ်ဝတ္ထုဟူသော) မျိုးစေ့၊ (စွန့်ကြဲပေးကမ်းခြင်းဟူသော) လယ်ထွန်ခြင်း၊ (ရဟန္တာအရှင်ဟူသော) လယ်မြေ၊ ဤသုံးမျိုးသည် ပြိတ္တာတို့အားလည်းကောင်း, ပေးလှူတတ်သူဒါယကာအားလည်းကောင်း (ကျေးဇူးများ၏။) ထိုဒါနအကျိုးကို ပြိတ္တာတို့ သုံးဆောင်ခံစားရကုန်၏၊ ပေးလှူတတ်သူ ဒါယကာသည် ကောင်းမှု (အကျိုး) ဖြင့် တိုးပွား၏။

ဤလူ့ပြည်၌ပင်လျှင် ကုသိုလ်ကို ပြုခြင်းကြောင့် ပြိတ္တာတို့ကိုလည်း ပူဇော်ရ၍ ကောင်း မြတ်သော (ဒါနကုသိုလ်) ကံကို ပြုခြင်းကြောင့် နတ်ပြည်လောကသို့လည်း ရောက်ရ၏ဟုဟောတော်မူ၏။